မျက်လုံး မှိတ်ပြီး ဖတ်ကြည့်ပါ…။
ကျွန်တော့် အဖေ က အခြားအဆင့် စစ်သားကြီး တစ်ယောက်ပါ။
ကျွန်တော်တို့ မောင်နှမ တွေ ကလည်း အဖေ တာဝန်ကျရာ တပ်တွေလိုက်ပြောင်းပြီး
နေခဲ့ရသူတွေပါ။
ကျွန်တော့်ကို ပုသိမ် ကင်မလင်းကျွန်းမှာ မွေးပါသည်…။
ကျောင်းစတက်တဲ့ အချိန်အထိ ပုသိမ်မှာပဲ နေခဲ့ရပါ၏…။
သူငယ်တန်း နှစ်ဝက်လောက်မှာ အဖေ တပ်ပြောင်းရပါသည်…။
ခ.လ.ရ (၈၀) အင်းမမြို့ ကိုပါ…။
အဖေ နဲ့ အမေ က အင်းမ တပ်ကို အရင်သွားနှင့်ကြပြီး
ကျွန်တော် က အမေ့အစ်ကို အိမ်ရှိတဲ့ ကြည့်မြင်တိုင် သာဓုလမ်းထဲက
အ.မ.က ကျောင်း မှာ သူငယ်တန်း ဆက်တက်ပါသည်…။
သူငယ်တန်းအောင်တော့မှ အင်းမကို လိုက်ပြောင်းပြီး
တပ်တွင်းအ.မ.က မှာ ပထမတန်း စတက်ပါသည်…။
ကျွန်တော်တို့ မောင်နှမ ၄ ယောက်…။
ယောက်ျားလေး ၂ ယောက်…၊ မိန်းကလေး ၂ ယောက်…။
ကျွန်တော်က အငယ်ဆုံး…။
အဖေ ရယ် အမေရယ် ကျွန်တော်တို့ မောင်နှမ ၄ ယောက်ရယ်
မိသားစု ၆ ယောက်ရဲ့ စားအိုးက သေးလှတယ်တော့ မဟုတ်ပါ…။
ဒီကြားထဲ အစ်ကို နဲ့ အစ်မငယ်ကို ရန်ကုန်တက္ကသိုလ် မှာ ကျောင်းထားရတဲ့
စားရိတ်ပါပေါင်းလိုက်လျှင် အဖေ ထမ်းရသော ဝန်က လေးလံလွန်းလှပါသည်။
ဒုအရာခံဗိုလ် တစ်ယောက်ရဲ့ လစာလေး နဲ့ လောက်ငှအောင် စားရင်း
ကုန်စုံဆိုင်မှာ အငယ်ဆုံး ကျွန်တော်က မျက်နှာငယ်လေးနဲ့ အကြွေးယူရတဲ့
တာဝန်ကိုယူရပါ၏။
ဘဲဥဟင်းချက်ရင် တစ်ယောက် တစ်ခြမ်း…။
အစ်မကြီးဖြစ်သူက အနှစ် ကို ကြိုက်သည်…။
ကျွန်တော်က အကာ ကို ကြိုက်သည်…။
မောင်နှမ နှစ်ယောက် ဘဲဥဟင်းချက်ရင် ကျွန်တော်က အကာ
အစ်မကြီးက အနှစ်…၊
စာချုပ်…ချုပ်နေစရာ…မလို…။
အကျယ်အကျယ် အငြင်းပွားစရာ မလို…။
မနက်ခင်းတွေတိုင်းမှာ ကျွန်တော်က အိမ်ရဲ့ ဈေးအဝယ်တော်…။
မှတ်မိပါသေးတယ်…။
ကျွန်တော့် လက်ထဲမှာ ဈေးခြင်းလေး ကိုင်ပြီး လက်ထဲမှာ ပါတာက
ကျပ်တန်နွမ်းနွမ်း လေး နှစ်ရွက်…။
အမဲသား တစ်ပိသာ ၁၂ ကျပ်…ဈေး…။
အမဲသားသည် ဆီက အမဲသား ၁ဝ ကျပ်သား ၁ ကျပ် ပြား ၂ဝ ဖိုး ဝယ်ဖို့
အမေက အမိန့်ချထားပြီးဖြစ်သည်…။
ကျန်တဲ့ ပြား ၈ဝ က အားလူး…ငပိရည် နှင့် တို့စရာ ဝယ်ရန်…။
ဒါ…ကျွန်တော့် ရဲ့ မနက်ခင်း တိုင်း နီးပါး ထမ်းဆောင်ရတဲ့ တာဝန်…။
ဈေးက ပြန်လာရင် ရ နာရီ ၁၅ ခန့် ရှိပြီ…။
အိမ်နောက်က အုတ်ကန်မှာ တပ်ရင်း ရေစက်က ရေလာပြီ…။
ပုံး ကိုယ်စီဖြင့် ကျွန်တော်တို့ ရေခံကြသည်…။
အိမ်က တိုင်ကီ ရေပြည့်လျှင် ရေကပိတ်သွားပြီ…။
အစ်မကြီး တို့ မိန်းကလေးတွေ ရေချိုးဖို့ ကျွန်တော်တို့က ငဲ့ညှာရပါသည်…။
တပ်ရင်းရုံး အုတ်ကန်မှာ ရေ အလွန်ပေါပါသည်…။
ကျွန်တော်တို့ သူငယ်ချင်းတွေ မနီးမဝေးလေးမှာ ရှိနေတဲ့
တပ်ရင်းရုံးအုတ်ကန်မှာပဲ ရေသွားချိုး ကြပါသည်။
ရေချိုးပြီး ကျောင်းဝတ်စုံ ဝတ်…၊ အမေ ကြော်ပေးသည့်
ထမင်းကြမ်းကြော် ကို ရေနွေးကြမ်းဖြင့် မျှောချ…။
အဲဒီတုန်းက ကော်ဖီမစ် ဆိုတာ မပေါ်သေးပါ…။
ရိက္ခာရသည့် အချိုခြောက်နှင့် လဖက်ရည်လေးတော့
တစ်လ တစ်ခါ လောက်တော့ သောက်ရပါသည် ခင်ဗျား…။
အမေထည့်ပေးသည့် ထမင်းချိုင့် လေး ဆွဲ…လွယ်အိတ်လေး လွယ်ပြီး
ကျောင်းကားရပ်မည့် တပ်ရင်းဆေးခန်း နားမှာ ကျောင်းကားစောင့်…။
ဒါက ကျွန်တော့် ရဲ့ ငယ်ဘဝ နံနက်ခင်းပါ ဗျာ…။
ကျောင်းက တပ်နှင့် ၂ မိုင်ခန့်ဝေးသော အင်းမမြို့မှာ တည်ရှိပါသည်။
ညနေ ၃ နာရီ ကျောင်းဆင်းလျှင် တပ်မှ လာကြိုပေးသော ကျောင်းကားဖြင့်
ပြန်ကြရပါသည်။
အိမ်ရောက်သည်နှင့် အဝတ်အစားလဲ ပြီး
ဘောလုံး သို့မဟုတ် ဘော်လီဘော တစ်ခုခုတော့ အမြဲ ကစားဖြစ်ကြသည်။
ကျွန်တော်တို့ အင်းမမြို့မှာ အဲဒီတုန်းက တပ်ရင်း ၃ ရင်း ရှိပါသည်။
ခ.မ.ရ (၄)…၊ ခ.မ.ရ (၅)…၊ ခ.လ.ရ (၈၀)…။
တစ်တပ် နှင့် တစ်တပ် ဘောလုံး ချိန်းကန်ကြ…ရတာ အတော်ပျော်စရာ ကောင်းခဲ့ပါသည်။
ဘောလုံးကန် ရေမိုးချိုးပြီး သည်နှင့် မိသားစု ထမင်းဝိုင်း…။
ကျွန်တော်တို့ ငယ်ငယ် က ထမင်းကို မိသားစု အားလုံး တပြိုင်တည်းသာ
စားရလေ့ရှိပါသည်။
တပြိုင်တည်း စားမှလည်း အဆင်ပြေနိုင်မည့် အခြေအနေမျိုး ကြောင့်လည်း ဖြစ်မည်…။
ထမင်းစားပြီး ခဏတဖြုတ် နားပြီး စာကျက်ရပါသည်။
အနည်းဆုံးတော့ ၄၅ မိနစ်လောက် ရ အိမ်ကြား ၈ အိမ်ကြား
အသံပြဲ ကြီးဖြင့် အော်ကျက်လိုက်လျှင် အဖေ နဲ့ အမေ ကျေနပ်သွားပြီ…။
၈ နာရီ လောက်ဆို တပ်ရင်း တီဗီရုံမှာ သတင်းနားထောင်ပါသည်…။
သတင်းအပြီး မှာ အစီအစဉ်ကောင်းလျှင်လည်း ဆက်ကြည့်လို့ ရပါသည်…။
Hard To Hard တို့ Six Million Dollars Man တို့ Bionic Woman တို့
Little House on The Prairie (စာလုံးပေါင်းမှားရင် ဆောရီး)
တို့လို ဇာတ်လမ်းတွဲများ နှင့်
ဗုဒ္ဓဟူးညများတွင် အငြိမ့် အစီအစဉ်…။
ပြီးလျှင်အိပ်…။
ဒါပဲ…။ ဒါပါပဲ…။
ကျွန်တော်တို့ ငယ်ဘဝ ရဲ့ တစ်နေ့တာ အစီအစဉ် က ဒါပါပဲဗျာ…။
ဖျော်ဖြေရေး ဆိုတာကလည်း တပ်ရင်းတီဗီရုံ မှာ ပြတဲ့ မြန်မာ့ရုပ်သံ တစ်ခုတည်း…။
အဲ…တစ်ခုတော့ ရှိတာပေါ့လေ။
တစ်လ တစ်ခါလောက်တော့ နယ်လှည့်ဆက်ဆံရေးတပ်က လာပြတဲ့
ရုပ်ရှင်တွေတော့ ကြည့်ရပါတယ်ခင်ဗျာ…။
ပြောစရာ တစ်ခု ကျန်သွားပါတယ်…။
အဲဒါကလည်း အတော် အရေးကြီးတဲ့ ကိစ္စပါ…။
တပ်ရင်းမှူး က (ဗိုလ်မှူးကြီး အမ်မ်ဇော်ယော ထင်ပါရဲ့)
တပ်ထဲက မိသားစုတွေဆီက စာအုပ်တွေ အလှူခံပြီး
စာကြည့်တိုက်လေး ဖွင့်ပေးထားပါတယ်ဗျာ…။
လစဉ်ထုတ် စာအုပ်တွေကိုလည်း ပုံမှန်ဝယ်ထည့်ပေးထားတော့
ကျွန်တော့် အကြိုက်ပါပဲ ခင်ဗျာ…။
ပေဖူးလွှာ…၊ သွေးသောက်…၊ မြဝတီ…၊ ငွေတာရီ…၊ သပြေ…၊ စာပေလုပ်သား…၊
ရုပ်ရှင်မျက်မှန် မဂ္ဂဇင်း တွေကို ကျွန်တော် ငယ်ငယ်က လစဉ်ဖတ်ခဲ့ရပါတယ်ဗျာ…။
စာကြည့်တိုက် မှူး လို့ ပြောရမယ့် သူက ကျွန်တော့် ကို အလွန်ချစ်ပါသည်။
အစ်မကြီး မျက်နှာလည်း ပါပါတယ် ခင်ဗျာ…။
မဂ္ဂဇင်းတွေ ဝယ်လာပြီ ဆိုရင်… ကျွန်တော်တို့ မောင်နှမ က အရင်ဖတ်ခွင့်ရပါသည်။
အဖုံးတောင် မဖုံးရသေး…။
ကျောင်းကအပြန် မဂ္ဂဇင်း အသစ်များ အိမ်မှာတွေ့ရတဲ့ အရသာက
ဘာနှင့်မှ လဲနိုင်လိမ့်မည် မထင်ပါ…။
အခု ပြန်ရေးနေရင်းတောင် လွမ်းမိပါတယ်ခင်ဗျာ…။
၂ ရက် ၃ ရက်လောက် စိမ်ပြေနပြေ ဖတ်ပြီးမှ
စာကြည့်တိုက် ကို စာအုပ်ရောက်ပါသည်…။
ဒါက…လစဉ်ပါခင်ဗျာ…။
စာကြည့်တိုက် နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာပါဗျာ…။
ရန်ကုန်ရောက်တော့လည်း အစ်မ အငယ်က ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက်မှာ
အလုပ်ဝင်နေသည့်အချိန်…။
အို…ဘာပြောကောင်းမလဲ…။ တက္ကသိုလ်မတက်ခင်ကတည်းက
ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်ကို အမြဲရောက်ဖြစ်နေခဲ့တာပါဗျာ…။
အခု အထိလည်း အားသည့်အချိန် စာကြည့်တိုက်ထဲသွားပြီး
ဟိုစာအုပ်ရှာ ဒီစာအုပ်ရှာ လုပ်နေတုန်းပါ…။
ရုံးပိတ်ရက်တွေမှာတော့ စာကြည့်တိုက်မှာ ရှိတဲ့ စားပွဲတင် တင်းနစ်စ် ရိုက်ကြပါသည်။
တခါတလေ အိမ်နီးခြင်း အစ်ကိုကြီး တစ်ယောက် နှင့် စစ်တုရင် ထိုး…။
တခါတလေ တပ်ရင်း UA ကြီး တို့နှင့် Scrabble ဝင်ကစား…။
ငယ်ငယ်က စစ်တုရင် လည်းစွဲဖူးပါတယ်…။
Scrabble လည်း စွဲဖူးပါတယ်ဗျာ…။
27 comments
မြစပဲရိုး
July 30, 2016 at 9:41 pm
ကိုချော စာလေး တွေ မဖတ်ရတာကြာပေါ့။
ဈေးတွေ မှတ်မိနေသေးတာ အံ့ရော။
ကျွန်မ တော့ အဲဒီတုန်းက ကုန်ဈေးနှုန်းတွေ သိပ်မမှတ်မိချင်တော့ဘူး။
အဖွားပြောတဲ့ သူတို့ခေတ်က ဆီတစ်ပုံး ၃မူး ဆိုတာဘဲ မှတ်မိတော့တယ်။
မျက်စိမှိတ် ဖတ်ပြီး အရုပ်ထင် ကြည့်သွားပါတယ်။
ဆက်ဖတ်နေပါရစေ။ :-)))
BTW – မိဘ ရဲ့ လမ်းရိုး ဝန်ထမ်း ကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်း နဲ့ ရပ်တည်ပြီး အောင်မြင်နေ တဲ့ သူ လက်တွေ့သမား တစ်ယောက် ဒီမှာ ရှိနေပါသေးတယ် နင်းနင်း ရေ။
အင်တာဗျူး သမား ကို ပြန်ပြီး အင်တာဗျူးကြည့်ပါ။
black chaw
July 31, 2016 at 1:46 pm
@ မြစပဲရိုး ;
ကွန်းမန့်လေး အတွက် ကျေးဇူးပါ အစ်မရေ…။
ကျွန်တော်က အောင်မြင်နေတဲ့ လက်တွေ့သမားတစ်ယောက်တော့ဖြင့်
လုံး…ဝ မဟုတ်ရပါဘူး ခင်ဗျာ…။
ဟိုမရောက် ဒီမရောက် နဲ့ လမ်းရဲ့သယ်ဆောင်ရာကို
အလိုက်သင့် မျှောလိုက်နေမိသူ တစ်ဦးပါ ခင်ဗျာ…။
မျက်စိပိတ်…၊ နားပိတ်…၊ ခံထားရတဲ့ တပ်မိသားစုတွေရဲ့ ဘဝကို
ရေးပြချင်ပါသေးတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ဂျစ်စူ
July 30, 2016 at 10:04 pm
အခုကော
ဘာဆွဲနေသေးလဲ အူးလေး
black chaw
July 31, 2016 at 1:47 pm
@ ဂျစ်စူ ;
လူတွေအားလုံးဟာ
တစ်ချိန်ချိန်မှာ
တစ်ခုခုကိုတော့
စွဲနေကြတာပါပဲ ကိုဂျစ်စူ ရယ်…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
uncle gyi
July 31, 2016 at 4:24 pm
အခုခေတ်တော့ဖုန်းတလုံးနဲ့ပွတ်နေကြတာမြင်မကောင်းဖူး
sorrow
July 31, 2016 at 10:09 pm
ချစ်ခင်လေးစားရပါသော အစ်ကိုခင်ဗျာ .မရိုမသေ ..ဆက်သွယ်ပါခင်ဗျ …သတိရလွန်းလို့ ..ထမင်းစားလေးဘာလေးလာရောက်ချီးမြင့်ပါခင်ဗျ…
black chaw
August 1, 2016 at 6:48 am
@ Uncle Gyi ;
အချိန်တန်ရင် နောက်တစ်မျိုး ပြောင်းပြီး
စွဲလမ်းကြပါလိမ့်မယ် အန်ကယ်ကြီးရေ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော… ။
black chaw
August 1, 2016 at 7:00 am
@ Sorrow ;
ကိုယ်လည်း သတိရ ပါတယ်ဗျာ။
အခု အချိန်ကတော့
မားသားကြီးကျန်းမာရေး ကိစ္စ နဲ ့
မအားသေးလို ့ပါဗျာ။
ကြုံတဲ့အခါ စားကြသေးတာပေါ့ ညီလေးရာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော… ။
weiwei
August 1, 2016 at 10:43 am
ဒီလိုစာလေးတွေဖတ်ရတော့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးမိရင်း ..
သေချာတာတစ်ခုကတော့ ငယ်ငယ်ဘဝခံစားချက်တွေကို အတိအကျမမှတ်မိတော့ပေမယ့် အခုအချိန်မှာတွေးလိုက်တိုင်း ငြိမ်းချမ်းသလိုပဲ .. ခေတ်စနစ်တွေကြောင့်များလားလို့ပါ .. အရင်ခေတ်တွေမှာ မပြည့်စုံခဲ့ပေမယ့် အရာရာပြည့်စုံနေသလို ခံစားလို့ရပြီး အခုတော့ အတော်လေးပြည့်စုံနေပါလျက်နဲ့ အမြဲတမ်းလိုအပ်နေသလိုဖြစ်နေတဲ့ ခံစားချက်မျိုးနဲ့ ..
black chaw
August 1, 2016 at 2:05 pm
@ weiwei ;
ဟုတ်တယ်ဗျ။
ဟိုတုန်းက မပြည့်စုံပေမယ့်
ပျော်ရွှင်ငြိမ်းချမ်း ခဲ့ပါတယ်။
အခုကတော့
ပြည့်စုံလာတယ်ထင်ရပေမယ့်
မပျော်ရွှင် မငြိမ်းချမ်း ပါဘူး။
ကိုထီးသီချင်း လိုများ ဖြစ်နေတာလား မသိ။
အပူအပင် ကင်းတဲ့ ကလေးလေး ဘဝ မို ့
များလား။
ကွန်းမန် ့လေးအတွက်
ကျေးဇူး ပါ မဝေ ရေ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
အောင် မိုးသူ
August 1, 2016 at 11:27 am
အဲ့သည်ခေတ်တွေကို မီခဲ့သေးလို့ ပြန်လည်ကြည်နူးမိ
black chaw
August 1, 2016 at 2:12 pm
@ အောင်မိုးသူ ;
ကွန်းမန် ့လေး ဝင်ရေးပေးသွားတာ
ကျေးဇူး ပါ ညီလေးရေ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
မမချွိ
August 1, 2016 at 3:00 pm
အမှန်ပါပဲ။
အဲဒီလိုအချိန်က ရခဲ့တဲ့ ပျော်ရွှင်မှုမျိုးတွေကို
ခု ဘာရရ သိပ် ဝမ်းသာစရာမဖြစ်တော့တဲ့ အရွယ်မှာတော့ ပြန်တွေးစရာရှိတာတောင် ရတနာတစ်ပါးပါပဲဗျာ။
🙂
black chaw
August 1, 2016 at 4:21 pm
@ မမခွျိ ;
မူလတန်းကျောင်းသားဘဝက
ကျောင်းမှာ အဒေါ်ကြီးတစ်ယောက်လာ ရောင်းတယ်ဗျ…။
အမဲသား အကြောချက်ဆိုတာလေ…။
တစ်ပွဲကို တစ်မတ်…။
၁၅ ပြားပါလည်း ၁၅ ပြားဖိုး ရောင်းပေးပါတယ်…။
တော်တော် အရသာရှိတယ်ဗျ…။
အဲဒီလို အရသာ ရှိတာမျိုး ခုအရွယ်မှာ ပြန် ရချင်တာ…။
အဲဒီ အကြောချက် ဆိုတာကြီးကို
ဟိုတုန်းက အရသာ အတိုင်း ပြန်လာကျွေးရင်တောင်
ဟိုတုန်းက ရခဲ့တဲ့ အရသာမျိုး ပြန်ရတော့မှာ မဟုတ်ဘူး ထင်ပါရဲ့ဗျာ…။
ကွန်းမန့်လေးအတွက် ကျေးဇူး ပါဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
may july
August 2, 2016 at 2:03 pm
ဒီဈေးနှုုံန်းတွေ အရဆို ဦးဘလက်နဲ့ အနော်နဲ့က သက်တမ်းသိပ်မကွာဘူးဗျ ..
အလွန်ဆုံးကွာ နှစ်နှစ် သုံးနှစ်ပဲ .. အိမ်မှု့ကိစ္စတွေတော့သိပ်မမှတ်မိတော့ပါဘူးး .. အငယ်ဆိုတော့ …
ကျောင်းမှာ မာမီပေးတဲ့ တစ်နေ့မုန့်ဖိုး ပိုက်ဆံ ဆယ့်ငါးပြားကို ကပ်စေးနဲ ငါးပြားဖိုးစား ပြီးရင် အသုတ် ငါးပြား ဖိုးဝယ် ကျန်တဲ့ ငါးပြားကို ရေခဲချောင်းစားရတဲ့ အရွယ်လေးကို ပြန်သတိ ရမိနေတယ်ဗျ ..
black chaw
August 2, 2016 at 7:52 pm
@ may july ;
ဒါဆို မေဂျူလိုင်က ၄ဝ ကျော်ပြီပေါ့..နော် ့…။
ပြန်မရတော့တဲ့ လွမ်းစရာ ့ ငယ်ဘဝပေါ့ မေဂျူလိုင်ရေ…။
ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူး အထူးပါ နော်…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
may july
August 3, 2016 at 10:43 am
ဟုတ် ထိပ်စီးးပြောင်းသွားပီ ….
ရှုုးးးတိုးတိုလုပ်ပါဗျ သူများတွေမြင်ကုန်မယ် ..ခိေိ
kai
August 2, 2016 at 2:58 pm
သူ့အကြောင်းဖတ်ပြီး မျက်လုံးမှိတ်လိုက်တော့… ကိုယ့်ငယ်ကအကြောင်းတွေ ပြန်ပေါ်လာတယ်..။
ဓာတ်ကူးသွားတယ်ထင်ပါ့…။
ငယ်ငယ်က.. မုန့်ဟင်းခါးတပွဲတမတ်နဲ့.. မေမေ့အတွက်ပြေးဝယ်ပေးတာက.. အမှတ်တရ..
ခုတော့.. မေမေလည်းမရှိတော့ပြီ…။ ပြီး ခဲ့တဲ့ ဇူလိုင်၂၆မှာ.. ဘာလိုလိုနဲ့.. ၄နှစ်ပြည့်ခဲ့ပြီလေ….။
black chaw
August 2, 2016 at 7:50 pm
@ kai ;
ငယ်ဘဝ ကိုယ်စီ နှင့် လူသားကြီးများ ပေါ့ သူကြီးရယ်…။
သူကြီး အမေ ဆုံးတာတောင် ၄ နှစ်ရှိသွားပြီ ဆိုတော့
ခဏလေးလိုပါပဲ ဗျာ…။
ကွန်းမန့်လေး အတွက် ကျေးဇူး အထူးပါ သူကြီးရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ဝင့်ပြုံးမြင့်
August 2, 2016 at 10:35 pm
မျှစ်ကြော် ငယ်ဘဝကိုများ ရေးပြသလား အောက်မေ့ရတယ်။ ငယ်ငယ်က အဲဒီအတိုင်း။
black chaw
August 3, 2016 at 12:37 pm
@ ဝင့်ပြုံးမြင့် ;
ဖြတ်သန်းမှု တွေ တူကြတယ်ပေါ့ မပြုံး ရေ…။
ကွန်းမန့်လေး ဝင်ချီးမြှင့် ပေးတာ ကျေးဇူးပါ ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
Thint Aye Yeik
August 4, 2016 at 6:11 pm
ကျနော်ကတော့ စာကြည့်တိုက်တွေဘက် မရောက်ဖြစ်တာ ကြာပြီ။
တနင်္ဂနွေနေ့လို ရုံးပိတ်ရက် ဖွင့်တဲ့ စာကြည့်တိုက်တွေ သိထားရင် ပြောပြကြပါအုန်းဗျိုးးးးး
black chaw
August 5, 2016 at 8:09 pm
@ Thint Aye Yeik ;
တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဖွင့်တဲ့ စာကြည့်တိုက်ကတော့
ရပ်ကွက် စာကြည့်တိုက်တွေပဲ ရှိလိမ့်မယ် ဗျ…။
ကိုယ်တော့ တကယ် မသိပါဘူး ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
လုံမလေးမွန်မွန်
August 8, 2016 at 1:00 am
ကိုယ့်အကြောင်းပြန်စဉ်းးးစားရင် . . .ပဲဆီ ၃ဝ သား ၆၅ ကျပ်ဆိုတာ ပြန်ပေါ်လာတယ် . . . မုန့်ဟင်းခါးတစ်ပွဲ ၅ ကျပ်လား မသိ . . ဟီး
black chaw
August 8, 2016 at 3:46 pm
@ လုံမလေးမွန်မွန် ;
ဆိုတော့…
ပဲဆီ တစ်ပိသာ ၂၀ဝ ကျော်ကျော်လေးပဲ ရှိသေးတဲ့ အချိန်ပေါ့လေ…။
ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ မွန်မွန် ရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
Ko chogyi
August 14, 2016 at 9:22 pm
ဟေ့ လူဂျီး မျက်လုံးမှိတ်ပြီး ဖတ်ကြည့်တာ ဘာမှ မမြင်ရဘူး
Comment ရေးတာတော့ မျက်လုံးမှိတ်ပြီး ရိုက်တာဗျ
Foolish Girl
August 18, 2016 at 5:28 pm
မျက်လုံးမှိတ်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်…..အဲ
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်