သတို့သမီး ၏ ရာဇဝင်…။
အတ္တပုံဆောင်ခဲများ စီးရီးစ်မထွက်ခင် ၁၉၉ဝ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့
ဆောင်းပါးရှင် “မောင်” နှင့် ထူးအိမ်သင် တို့ရဲ့ အင်တာဗျူး အစီအစဉ်ပါ…။
ကိုငှက် တစ်ယောက် ရာဇဝင်များ ရဲ့ သတို့သမီး သီချင်းကို
ဘယ်လို ဖန်တီးရေးသားခဲ့သလဲ ဆိုတာကို သိခွင့် ရပါလိမ့်မယ် ဗျာ…။
————————————————-
၁၉၇ဝ ပြည့်နှစ် တုန်းက မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ် မှာ
လွှင့်တဲ့ Pussy Cats ရဲ့ Missisipi ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို
အရမ်းစွဲလမ်းခဲ့ဖူးပါတယ်။
Missisipi မြစ်ဝှမ်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများ ရင်ခုန်ခဲ့ပါသလဲ။
ကျွန်တော်လည်း ဒီသီချင်းလေးကို နားထောင်ရင်း…
လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင်
မမြင်ဖူး…မတွေ့ဖူးတဲ့ Missisipi မြစ်ကြီးကို ရင်ခုန်ခဲ့ရတယ်။
ကျွန်တော် သီချင်းစရေးတဲ့ အချိန်ကတည်းက တစ်နေ့နေ့ကျရင်
ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကို
သီချင်းတစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့မယ်လို့ အမြဲ အိပ်မက် မက်ခဲ့ပါတယ်။
ဒါပေမယ့် လို့ ဧရာဝတီရဲ့ ရင်ခုန်သံကို ပီပီပြင်ပြင် ဖမ်းဆုပ်နိုင်စွမ်း
ကျွန်တော့်မှာ မရှိခဲ့တဲ့ အတွက် ဧရာဝတီဟာ ကျွန်တော့် ရင်ထဲမှာပဲ
တိုးတိုးတိတ်တိတ် စီးဆင်းနေခဲ့ရပါတယ်။
အဲဒီ ရင်ခုန်သံဟာ တစ်ခါတလေ တိုးတိုးသဲ့သဲ့၊
တစ်ခါတလေ ကျတော့လည်း ကျယ်ကျယ်လောင်လောင် နဲ့…။
ဒီလိုနဲ့ပဲ အချိန်တွေ အများကြီး ကျွန်တော် ဖြတ်သန်းခဲ့ရပေါ့…။
၁၉၈၆ ခုနှစ်မှာ ကျွန်တော် ပုဂံမြို့ဟောင်းကို ရောက်ခဲ့ရပြန်တော့
အာနန္ဒာ စေတီ ပုထိုးပေါ်က မြင်ခဲ့ရတဲ့ ဧရာဝတီ ရဲ့ ညနေခင်းကို ကြည့်ရင်း
ကျွန်တော့် ရင်တွေ အရမ်းခုန်တယ်။ တကယ့်ကို အိပ်မက်ပါပဲ။
အဲဒီည မှာပဲ ကျွန်တော် ဂေါတော့ပလ္လင် ဘုရားပေါ်တက်ပြီး တစ်ခါ
ဧရာဝတီကို ကြည့်ရင်း ရင်ခုန်ရပြန်တယ်။
ညအမှောင်အောက်မှာ ကမ်းနှဖူးက မီးရောင်တွေ ရောင်ပြန်ဟပ်လို့
တလက်လက်တောက်ပနေတဲ့ ဧရာဝတီ မြစ်ရေပြင်ရယ်…၊
ဟိုတစ်စ သည်တစ်စ ကျဲပြန့်နေတဲ့ မီးရောင် အစက်အပြောက်တွေကြားက
မြို့ဟောင်းကြီးရယ်…၊
နောက်…ဘုရား စေတီ ပုထိုး အဆောက်အအုံတွေရဲ့
ဝိုးတဝါး အရိပ်အရောင်တွေရယ်…၊
ကျွန်တော် အကြာကြီးပဲ စဉ်းစားတယ်။
ဒီ ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှမ်းမှာ
ကျွန်တော်တို့ ဘိုးဘေးတွေ၊ ရှေးမျိုးဆက်ဟောင်းကြီးတွေ
ဘယ်လိုများ တောက်ပတဲ့ ယဉ်ကျေးမှုမျိုးတွေ ထူထောင်ခဲ့ကြပါသလဲ၊
ဘယ်လိုများ ရွှေရောင်တောက်စားတဲ့ မြို့ပြ အဆောက်အအုံတွေပါလိမ့်။
ဘယ်လိုများ ခိုင်ခံ့တဲ့ နိုင်ငံတော် တွေ ပါလိမ့်။
ဘယ်လို ကြံ့ခိုင်သန်မာတဲ့ အင်အားတွေ ပါလိမ့်။
နောက်ပြီးတော့ ဒီရွှေအိပ်မက်တွေ ဘယ်လိုများ ပြိုပျက်ခဲ့ရပါလိမ့်။
သေချာတာ တစ်ခုကို ကျွန်တော် ရုတ်တရက် ပြက်ခနဲ
မြင်သိလိုက်ရတယ်။
“ဧရာဝတီ မှာ ရာဇဝင် ရှိတယ်” ဆိုတာပါပဲ…။
ကျွန်တော့်ထက် အရင်လူတွေ ဧရာဝတီ ကို ရင်ခုန်ခဲ့ကြဖူးပါပြီ…။
မြန်မာ့အသံက မြစ်ကြီး ဧရာဝတီ တို့၊
ကိုခင်ဝမ်း ရဲ့ ဧရာဝတီ တို့
ကျွန်တော်တို့ ခံစားဖူး ကြပါပြီ။
ဒါပေမယ့်…ကျွန်တော့် ဧရာဝတီ ရဲ့ ရင်ခုန်သံက သူတို့နဲ့ မတူဘူး။
ကျွန်တော်က ဧရာဝတီကို အရင်လူတွေနဲ့ မတူ ခြားနားပြီး မြင်ရတယ်။
ဧရာဝတီ ဟာ ကျွန်တော်တို့ရဲ့ ဝိညဉ်ပါ…။
ကျွန်တော်တို့ရဲ့ သွေးကြောကြီးပါ…။
ဒီ ဧရာဝတီ မြစ်ဝှမ်းမှာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေး မိဘ တွေ…၊
ရှေးမြန်မာကြီးတွေ…၊
သူတို့ရဲ့ ကြမ်းတမ်း မောက်မာသလောက်
သိမ်မွေ့နူးညံ့တဲ့ နှလုံးသားနဲ့
သန်မာကြံ့ခိုင်သလောက် ပြောင်းညွတ်တဲ့ လက်ရုံးတွေနဲ့
တောက်ပတဲ့ ယဉ်ကျေးမှု တွေ…၊
ခမ်းနားတဲ့ မြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြတယ်…၊
ဒီမြေ ဒီရေ ကို ပိုင်ဆိုင်ဖို့အတွက်…ကာကွယ်ဖို့အတွက်
သွေးမြေကျ စစ်ပွဲကြီးတွေ ဒီမြစ်ဝှမ်းမှာ ခင်းကျင်းခဲ့ပါတယ်…။
ဧရာဝတီ ရဲ့ သူရဲကောင်းတွေ ဒီမှာပဲ မွေးဖွား…၊
ဒီမှာပဲ စတေးပြီး ဧရာဝတီ ရဲ့ သမိုင်းကို
ခိုင်ခံ့အောင် ဆောက်တည်ခဲ့ကြတယ်။
ရာဇဝင်တွေ တစ်ခုပြီး တစ်ခု ဟောင်းသွားကြတယ်…။
တစ်ခုပြီးတစ်ခု သစ်လာကြတယ်…။
“ဧရာဝတီ က ရာဇဝင်များ ရဲ့ သတို့သမီး။
ကျွန်တော်တို့ရဲ့ မိခင်…ကျွန်တော်တို့ရဲ့ ဝိညာဉ် ပါပဲ” ။
အဲဒီတော့ ကျွန်တော်တို့ရဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခု
ကြားမှာ ဧရာဝတီ ရဲ့ ရာဇဝင်သစ်တွေ အတွက်
ကျွန်တော် ကြိုဆိုရင်း ရင်ခုန်ရပါတယ်။
ရာဇဝင်များ ရဲ့ သတို့သမီး ဖွဲ့သီဖို့ တေးသွားစပြီး တည်ဆောက်တာကနေ
စာသား အပြီးသတ် ရေးပြီးတဲ့ အထိ ကျွန်တော် ငါးလလောက်
အချိန်ယူခဲ့ရပါတယ်။
တေးသွားတည်ဆောက်မှုအတွက် Blues Scale ကို ရွေးချယ်ပါတယ်။
မိတ်ဖက်အသံတွဲ Harmony အတွက် Blue Scale နဲ့ အဆင်ပြေတဲ့
Dominant Seventh Construction ကို ယူပါတယ်။
အကြောင်းအရာ Theme ကို ဖေါ်ထုတ်နိုင်ဖို့အတွက်
သီချင်းရဲ့ ပုံသဏ္ဍာနဲ့ ဟန် Form and Style ကတော့ လှိုင်းသစ်ရော့ခ် New Wave Rock သဏ္ဍာန်ကို ဖေါ်ပါတယ်။
ကျွန်တော့် စိတ်ကူးအားလုံးကို ပုံဖေါ်ဖို့ အတွက်
Emperor က သူငယ်ချင်းများနဲ့
အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီး Arrangement လုပ်ရပါတယ်။
အားလုံးက လိုက်လိုက်လျောလျော ကူညီခဲ့တာပါပဲ။
တကယ်ဆိုရင် ကျွန်တော်က စိတ်ကူးတာ…၊
သူတို့က ကိုယ်တိုင်ကိုယ်ကျ လုပ်ရတာပါ…၊
အဲဒီအတွက်လည်း သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။
ဒီလောက်ဆိုရင် “ရာဇဝင်များရဲ့ သတို့သမီး” နဲ့ ပတ်သက်ပြီး
ကျွန်တော် ဘယ်လိုခံစားရသလဲ ဆိုတဲ့ မေးခွန်းမျိုး
ကျွန်တော့်အတွက် မလိုအပ်တော့ဘူး မဟုတ်လားဗျာ။
(ထူးအိမ်သင်)
(90′ November ထုတ် မဟေသီ မဂ္ဂဇင်းမှ
ဆရာ “မောင်” နှင့် ထူးအိမ်သင် အင်တာဗျူး ဖြစ်ပါတယ် ခင်ဗျာ…။)
16 comments
kai
August 3, 2016 at 4:38 pm
အိန္ဒိယ သီချင်းတေးသွားတွေနှောနေတယ်လို့… ထင်မိတယ်..။
အင်း..
တကယ်တော့လည်း.. ပုဂံက.. အိနိ္ဒယယဉ်ကျေးမှုတော်တော်လွှမ်းခဲ့တာပဲလေ…။
black chaw
August 4, 2016 at 8:28 am
@ kai ;
ကွန်းမန် ့လေးအတွက်ကျေးဇူးပါ သူကြီးရေ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဂျစ်စူ
August 3, 2016 at 4:58 pm
အိုင်ခု
အိုင်ခုက ဂီတသံစဉ်တောင် နိုင်ငံခွဲနိုင်တာပါကလား
နဖူးမှာ ဘောလုံးကွင်းရှိတဲ့လူကြီး
နဲနဲများနေဘီနော်
😆
black chaw
August 4, 2016 at 8:31 am
@ ဂျစ်စူ ;
ကျေးဇူးပါ ကိုကို ဂျစ်စူ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
မမချွိ
August 4, 2016 at 8:44 am
သီချင်းတစ်ပုဒ်ကို နှလုံးသားနဲ့ရေးတာ
ထူးအိမ်သင်နောက်ပိုင်းး
ခုချိန်ကြီးမှာ ရှားပါးနေပါပြီဗျာ။
🙂
black chaw
August 5, 2016 at 8:04 pm
@ မမချွိ ;
ဟုတ်ပါတယ်ဗျာ…။
ရှိတော့ ရှိတယ်…။ ရှားတယ်လို့ပဲ ပြောရတော့မှာပါပဲ…။
ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးနော်…ဆွိ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
အောင် မိုးသူ
August 4, 2016 at 8:56 am
ကိုငှက် -_-
black chaw
August 5, 2016 at 8:05 pm
@ အောင်မိုးသူ ;
ရက်စ်…ကိုငှက်…ပါဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ဦးဦးပါလေရာ
August 5, 2016 at 11:48 am
ကိုချောဆွဲထုတ်လာတာလေးတွေက
အနှစ်လေးတွေပါကလား…
black chaw
August 5, 2016 at 8:07 pm
@ ဦးဦးပါလေရာ ;
အနှစ်ရယ်လို့တော့ဖြင့် မဟုတ်ပါဘူး ကိုပါကြီးရေ…။
သီချင်းတစ်ပုဒ်ရဲ့ ရာဇဝင်ကို
မန္တလေး ဂဇက် မှာ မှတ်တမ်းတင်ထားချင်တဲ့
စေတနာပါဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
uncle gyi
August 10, 2016 at 9:33 am
အခ ျိန်ကမှတ်တမ်းတင်ခံနိုင်တဲ့ဘယ်အရာဖြစ်ဖြစ်
အခ ျိန်ယူလုပ်ခဲ့ကြတာသေခ ျာပါတယ်
မှတ်တမ်းတင်နိုင်လောက်အောင်လဲကောင်းကြပါတယ်
black chaw
August 10, 2016 at 9:40 pm
@ uncle gyi ;
မှတ်တမ်းတင်နိုင်လောက်အောင် ကောင်းတဲ့
သီချင်းလေးပါ အန်ကယ်ကြီးရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
Thint Aye Yeik
August 10, 2016 at 1:39 pm
ဧရာဝတီအကြောင်း ဖွဲ့ထားတဲ့ သီချင်း နှစ်ပုဒ် သုံးပုဒ်လောက် ရှိတယ်..ထင်တယ်။
အဲဒီထဲမှာ… ဦးငှက်…ရဲ့ အသံနဲ့ ဆိုထားတာကို အကြိုက်ဆုံး…
အဲဒီ အသံကို ဟန်ပါပါ လိုက် ဟဲပြီး… ဧရာဝတီကို ချစ်သယောင် ဆောင်ဖူးတယ်။
အမှန်တော့… ဧရာဝတီက…ကျနော့်ရဲ့ အပျော်ရည်းစား…
သံလွင်ကမှ… တကယ့် ချစ်သူ .. ။
black chaw
August 10, 2016 at 9:43 pm
@ Thint Aye Yeik ;
ကျွန်တော်ကတော့ ဧရာဝတီ မြစ်ကိုလည်း ချစ်တယ်…။
အဲဒီလိုပဲ သံလွင်ကိုလည်း ချစ်တာပါပဲဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
လုံမလေးမွန်မွန်
August 11, 2016 at 1:08 am
စမီးကို အနုပညာ မခံစားတတ်သူလို့သာ သတ်မှတ်ပေးပါ . . . သီချင်းအနည်းငယ်က လွဲလို့ အများစုက စမီးအကြိုက်မဟုတ်ဘူး ဖြစ်နေတာ . . . God of the Art ကို မထိရဲလို့ လူစုံမှ ရှင်းပြတာပါ (ခွက်ဒစ် မမချွိ)
ရာဇဝင်များရဲ့သတို့သမီးကတော့ ရင်ထဲထိတဲ့ သီချင်းတစ်ပုဒ်ပါ
black chaw
August 11, 2016 at 8:12 am
@ လုံမလေးမွန်မွန် ;
အနုပညာ မခံစားတတ်သူ လို့
ကိုယ့်ကိုယ်ကို ခေါင်းစဉ်ပြန်တတ်သွားတာကို
တအံ့တဩ ဖတ်လိုက်ရပါတယ် လုံမလေး ရေ…။
တချို့ကိစ္စတွေက တံဆိပ်ကပ်စရာမလိုပါဘူး ဗျာ…။
ကြိုက်တဲ့ဟာကြိုက်ပြီး မကြိုက်တဲ့ဟာ မကြိုက်ဘူးပေါ့…နော် ့…။
သီချင်းအနည်းငယ်က လွဲလို့ ဆိုတာကလည်း ပါနေသေးတော့
ကြိုက်မိတဲ့ သီချင်းအနည်းငယ်တော့ ရှိနေသေးတယ်ပေါ့ဗျာ…။
အဲဒီ ကြိုက်မိတဲ့ အနည်းငယ်ထဲမှာ
ရာဇဝင်များရဲ့ သတို့သမီး ပါတယ်ဆိုလို့
ဝမ်းသာပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။