ဒေါက်တာ
ကျနော်နဲ့ ဒေါက်တာ
@@@@@@@@
(၁)
သူ့ကို ရွာထဲက လူတွေက “ဒေါက်တာ” လို့ ခေါ်ကြတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူ အမြဲတမ်း ပြုံးပြုံးနဲ့ နေတတ်တဲ့သူ …။ ပုဆိုးကို တိုတိုဝတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ တန်ဘိုးနည်း စွပ်ကျယ်(သို့) ရှပ်အကျင်္ ီ ခပ်နွမ်းနွမ်းကို အမြဲဝတ်ထားတတ်သည်။
ကျနော်ငယ်ငယ်က သူနဲ့တွေ့တိုင်း မေးဖြစ်သည်က ” ဒေါက်တာ ဘယ်နှစ်နာရီရှိပြီလဲ” ဆိုသည့် မေးခွန်း ….။ ကျနော်မေးသည့် မေးခွန်းကို သူက ဟန်ပါပါဖြင့် လက်ပတ်နာရီ ဝတ်ဆင်ထားခြင်းမရှိသည့် သူ၏ ညာဘက်လက်ကို တစ်ချက်ငုံ့ကြည့် ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီး ” ၁ဝ နာရီ ၃ဝ မိနစ် ရှိပြီ လူကလေး ” ဟု ပြန်ဖြေတတ်သည်။ ဘယ်တော့မေးမေး ဘယ်အချိန်မေးမေး စိတ်ဆိုး စိတ်တိုခြင်း အလျဉ်းမရှိပဲ ပြန်ဖြေပေးလေ့ရှိသည်။ ကျနော့ကိုသာလျှင်မဟုတ် …။ သူ့ကို ” ဘယ်အချိန်ရှိပြီလဲ ” ဟု မေးမြန်းကြသည့် မည်သူ့ကို မဆို စိတ်လိုလက်ရ ပြန်ဖြေပေးတတ်၏။
“ဒေါက်တာကို အထင်မသေးနဲ့နော့ … ငွေတစ်ကျပ်မှ မပါပဲ ရန်ကုန်ရောက်အောင် သွားခဲ့တာ ” ဒါက … ဒေါက်တာအကြောင်း သိသူတစ်ချို့ က မှတ်ချက်ပြုကြသည့် စကား ….
သို့သော် တစ်ချို့ ကမူ ” အရူးစကားကွာ သူတို့မို့ ယုံကြတယ်။ လူက ကြပ်ပြည့်တာလို မပြည့်တာလိုနဲ့ သူပြောတဲ့ စကား အမှန် ဟုတ်မဟုတ် ဘယ်သူသိမှာလဲ” ဟု ဆိုကြပြန်လေ၏။
“ငါရထားနဲ့ မန ္တလေးအထိသွားတာ မန ္တလေးကနေ ရန်ကုန်ဆက်သွားဖို့ကျတော့ ပိုက်ဆံမရှိတော့လို့ လမ်းလျှောက်သွားတာကွ … အဲ … လမ်းမှာ နွားကျောင်းနေတဲ့ လူတစ်ယောက်နဲ့တွေ့ပြီး အကျိုးအကြောင်း ပြောပြတော့ အဲ့လူကြီးက ငါ့ကို သူ့ပုဆိုးခါးပုံထဲက အကြွေစေ့တွေ လမ်းစရိတ်အဖြစ် ပေးလိုက်တာကွ ”
” နို့ … နေပါဦးဗျ … ဒေါက်တာက ရန်ကုန်မြို့ က ဘယ်သူ့ဆီသွားတာလဲ”
“မင်းကလည်းကွာ … အဲ့ဒီခေတ်က ရန်ကုန်တိုင်းမှူးရဲ့ အိမ်ကိုပေါ့”
” ဒုက္ခော …. ဒေါက်တာက သူနဲ့ သိလို့လား…. ပြီးတော့ သူ့အိမ်လိပ်စာကိုရော ဘယ်လိုသိတာလဲဗျ”
“မသိဘူးလေ … သတင်းစာထဲမှာ ဖတ်မိလို့ လိပ်စာကို မှတ်ထားပြီး လိုက်သွားတာ။ မဆိုးဘူးကွ …။ ငွေတစ်ကျပ် အရင်းပြုသွားတာ ပြန်လာတော့ ငွေ ရှစ်ကျပ် ပြန်ပါလာတယ်။ တိုင်းမှူးအိမ်ရောက်တော့ ငါ့ကို ထမင်းတွေ ဘာတွေကျွေးပြီး လမ်းစရိတ်အဖြစ် ငွေတစ်ဆယ်ပေးပြီး ပြန်လွှတ်လိုက်တာမောင်” မှန် မမှန် ဟုတ်၏ မဟုတ်၏ အသာထား … ဤကား ကျနော်သိနားလည်သည့် အရွယ်ရောက်တော့ ဒေါက်တာအားမေးမိပြီး သူပြန်ဖြေသည့် စကားတွေ …..။
@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၂)
” ဒါနဲ့ ဒေါက်တာ့ကို လူတွေက ဘာလို့ ဒေါက်တာ ဒေါက်တာနဲ့ ခေါ်ကြတာတုန်း … ဒေါက်တာက ဆေးကုတဲ့လူလည်း မဟုတ်ပဲနဲ့ ” သူက ရွာအရှေ့ ဘက်ဆီမှ တောင်မြောက် သွယ်တန်းနေသည့် တောင်တန်းပြာကြီးဆီသို့ တစ်ချက်ငေးကြည့်ရင်း … သူ့နှုတ်ခမ်းတွင်ကိုက်ထားသည့် ဆေးလိပ်တိုကို လက်ညိုးနှင့် လက်ခလယ်ဖြင့် ညှပ်ယူပြီး ပါးစပ်နှင့် နှာခေါင်းမှာ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ သက်ပြင်းချခြင်းလား … ဆေးလိပ်ငွေ့မှုတ်ထုတ်ခြင်းလား မသေချာ …။ ” အေးကွ …ငါက ဒေါက်တာဖြစ်ချင်တာလေ … မင်းပြောတဲ့ ဆေးကုတဲ့လူကိုက ဆရာဝန်လို့ ခေါ်တာ အခုငါဖြစ်ချင်တဲ့ ဒေါက်တာဆိုတာက ဘာသာရပ်တစ်ခုခုမှာ ထူးချွန်အဆင့်ရောက်လို့ ပေးတဲ့ဘွဲ့လေ … ငါအရူးသွပ်ဆုံးက အင်္ဂလိပ်ဘာသာစကားပဲကွ” ဟု ရီဝေဝေမျက်လုံးများဖြင့် အဝေးကို ငေးရင်း ပြန်ဖြေတတ်သည်။
“ဘာလဲ …. ဒါဆို ဘာလို့ဖြစ်အောင် မလုပ်ခဲ့လဲလို့ မင်းမေးချင်နေတာ မဟုတ်လား ကောင်လေး … ငါ့မိသားစုမှာ ငါက အကြီးဆုံးသား ငါတို့ခေတ်တုန်းက အစစ အရာရာ ရှားပါးတဲ့ခေတ် ဆင်းရဲတဲ့ခေတ်ကွ …မိသားစုကလည်း များတော့ အကြီးဆုံးသားဖြစ်တဲ့ ငါက အဖေ အမေတို့နဲ့ ဒိုးတူဘောင်ဘက် အလုပ်လုပ်ရတာလေ… ဘယ်မှာလည်း စာသင်ရမဲ့အချိန် … ငါ့ဘဝရဲ့ အချိန်တွေကို ငါ့ညီ ညီမတွေအတွက် ပေးဆပ်ခဲ့ရတာပါ။ အဖေဆုံးပြီးတဲ့နောက်ပိုင်းတော့ ပိုဆိုးပြီပေါ့။ ငါလုပ်ခဲ့ရတဲ့ အလုပ်တွေက အခု မင့်လက်ရှိအသက်ထက် ပိုလိမ့်မယ်ကွ … ” သူ့ဘာသာသူပဲပြောနေသလိုလို ကျနော့်ကိုပဲ ရှင်းပြနေသလိုလို မသဲကွဲလှ ….။
ဒေါက်တာရဲ့ မိသားစုထဲမှာ ဒေါက်တာက အကြီးဆုံးသား မိသားစုက လက်လုပ်လက်စား…. မောင်နှမတွေကများတော့ အကြီးဆုံးဖြစ်သည့် ဒေါက်တာ တတိယတန်းအောင်တဲ့နှစ်မှာပဲ ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်အရ ကျောင်းဆက်တက်ခွင့် မရတော့။ မိဘတွေနဲ့အတူ ကျုံရာကျပန်းအလုပ်တွေ လုပ်ရတော့သည်။ အသက်ငယ်ငယ်မို့ နိုင်သမျှဝန်ကို ထမ်းရသည်။ ထယ်ထိုး လယ်ထွန် မရသေးသည့် အရွယ်မို့ ကျွဲကျောင်း နွားကျောင်း ပျိုးသယ် စသည်အလုပ်များကို လုပ်ရသည်။ ဒီထက်နည်းနည်း အရွယ်ရလာတော့ သူရင်းငှားဘဝ၊ ထိုမှတဆင့် အရက်ဆိုင်ဖွင့်ထားသည့် အိမ်မှ စပါးကြိတ်စက်သို့ ရောက်ရ ….။ ထိုနေရာမှ ဆီစက်ပိုင်ရှင်ထံ အလုပ်သမားအဖြစ် ရောက်ပြန် …. ထိုသို့ အလုပ်တစ်ခုမှ တစ်ခုသို့ သူ့အသက် ၅ဝ ကျော်သည်အထိ လှုပ်ရှားရုန်းကန်ခဲ့ရသော်လည်း သူရခဲ့သည့် လစာတို့ကား သူ၏ အမေအိုနှင့် ညီ၊ ညီမများအတွက်သာ … သူ့အတွက်က အလုပ်ရှင်ပေးထားသည့် နေစရာနှင့် အလုပ်ရှင်ကျွေးထားသည့် ထမင်း၊ အလုပ်ရှင်ဆင်သည့် အဝတ်အစားမျှသာ ……။
“ဒေါက်တာ မိန်းမယူဖို့ စိတ်မကူးခဲ့ဘူးလား” လို့ ကျနော် မေးမိတော့
ဒေါက်တာက ” အေးကွ …. ရချင်တာပေါ့ … ခက်တာက ငါ့ကို ယူမဲ့သူမှ မရှိတာ… မင်းစဉ်းစားကြည့်ကွာ ဘဝဟာ တစ်ယောက်တည်းဆို ပျင်းစရာကြီးကွ… ကွင်းပြင်ကျယ်ကြီးထဲက သစ်ခြောက်ပင်ကြီးလိုပေါ့ကွာ .. တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်ချက်က နှိုင်းစရာမရှိဘူး … ဒါပေမဲ့ ငါ အားမလျှော့သေးဘူး ခုအချိန် ငါ့ကို ယူချင်တဲ့ မိန်းမရှိရင် ယူဦးမှာ …ဟားးး ဟားးးဟားးးး ” ရယ်ရယ်မောမော ပြန်ဖြေ၏။
သူဖြတ်သန်းခဲ့ရသည့် နေ့ရက်တွေအကြောင်း စိတ်လိုလက်ရရှိသည့်အချိန်တိုင်း ပြောပြလိုဟန်ရှိသည်မို့ ကျနော်က သူနဲ့တွေ့တိုင်း နားထောင်သူ သက်သက် သို့တည်းမဟုတ် သူပြောလိုသည့် အကြောင်းအရာကို စကားထောက်ကာ မေးမြန်းနေကျ …။ အများသူငှာက ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ မရှိလှသည့် သူ့ကို ကျနော်က လေးလေးစားစား ပြောဆိုဆက်သည့်အပေါ်တွင်လည်း သူကျေနပ်ပီတိဖြစ်ပုံရသည်။ တကယ်တော့ ဒေါက်တာကို လူတော်တော်များများက နောက်စရာ ပြောင်စရာလူတစ်ဦးအဖြစ်သာ ရှု့ မြင်ကြသည်မဟုတ်လား။ မည်သို့ပင်ဆိုစေကာမူ ဒေါက်တာကား အပြုံးမပျက် ….။ တစ်ချို့သူများက သူနဲ့ရင်းရင်းနှီးနှီးနေတတ်သည့် ကျနော့်ကိုပင် တစ်ခါတစ်လေ “ဟေ့ကောင် … မင့်ဆရာ ဒေါက်တာကြီးဆီ မသွားဘူးလား။ မင်းလည်း ဒေါက်တာနဲ့ ပေါင်းပြီး သူ့လို ကြောင်တောင်တောင် အတွေးအခေါ်တွေ ကူးလာဦးမယ်နော့ ” ဟူ၍ တကယ်ပဲပြောတာလိုလို စတာလိုလိုဖြင့် ပြောဆိုတတ်ကြသေးသည်။ မည်သူတွေ မည်ကဲ့သို့ ပြောစေကာမူ ကျနော်ကား ဒေါက်တာနှင့် စကားစမြည်ပြောဆိုခြင်းသည်ပင် သူ့ကို အားပေရာ ကူညီရာရောက်သည်ဟု သတ်မှတ်ဆုံးဖြတ်ထားသူမို့ တခြားသူတွေ၏ စကားလုံးများကို ခေါင်းထဲ သိပ်မထားလှပေ…။
“အရင်က ငါ အရက်ရောင်းတဲ့ အိမ်မှာ အလုပ်လုပ်ဘူးတယ်။ အရက်ကိုလည်း အဲ့ဒီမှာ သေသေချာချာ သောက်တတ်ခဲ့တာ။ အဲ့ဒီခေတ်က ငါ့တို့ဘက်မှာ အရက်ချက်တတ်တဲ့သူတွေ မရှိသေးဘူးကွာ။ တို့ရွာနဲ့ လေးငါးခြောက်မိုင်ဝေးတဲ့ ကချင်ရွာလေးမှာ ရှိတဲ့ အရက်ချက်တဲ့ဖိုမှာ သွားသွားယူရတာ။ ဘယ်လောက်ရှားပါးလဲဆိုတော့ စက်ဘီးတောင် မရှိဘူးကွ။ ငါ့အိမ်ရှင် မိန်းမကြီးနဲ့ ငါ ခြောက်မိုင်ကျော် ခရီးကို ခြေကျင်လျှောက်သွားပြီး အပြန်ကို ငါကအရက်ပုန်းကိုထမ်း ငါ့အိမ်ရှင်မိန်းမကြီးက အရှေ့ က ငါကအနောက်ကပေါ့ကွာ။ အဲ့ဒီတုန်းက ငါတို့ရွာထိပ်မှာ စစ်တပ်ရှိတယ်။ မင်းမှီမလားတော့ မသိဘူး။ အခု တပ်ဦးဓာတ်ပေါင်းစု စေတီရှိတဲ့နေရာမှာလေ။ အဲ့ဒီနေရာရောက်ရင် စစ်တပ်က စစ်တယ်ဆေးတယ်ပေါ့။ တစ်ရက်ကျတော့ ငါတို့နှစ်ယောက် စစ်ဆေးရေးနဲ့တိုးတယ်ပေါ့။ ငါ့အိမ်ရှင်မိန်းမကြီးက စစ်တပ်ဝင်းထဲဝင်သွားပြီး ခေတ်စကားနဲ့ပြောရရင် ညှိနှိုင်းတယ်ပေါ့ကွာ။ ခဏနေတော့ ပြန်ထွက်လာပြီး ” ဒေါက်တာရေ အရက်ပုန်းထားခဲ့လိုက်တော့ကွာ … ဖမ်းတယ်တဲ့” လို့ပြောတာပေါ့။ ဒီအတိုင်းထားခဲ့ရမဲ့ အတူတူ ငါလည်း အရက်ပုန်းထဲက အရက်တွေကို သောက်နိုင်သလောက် သောက်ပစ်ပြီး ကျန်တာကိုမှ ထားခဲ့တာကွ …. ဟား ဟား ဟား ” သူကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အကြောင်းကို စိတ်လိုလက်ရ ပြောပြတတ်သေးသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၃)
“ဒေါက်တာရယ် … ခင်ဗျားအသက်လည်း မငယ်တော့ဘူး ။ ဥပုသ်နေ့တွေ့ဆို ဘုရားသွား ကျောင်းတက်လေးလည်း လုပ်ပါဦးဗျ။ ” ကျနော် လူငယ်က လူကြီးကို အကြံပေးတာလိုလို ဆုံးမိတာလိုလို ပြောမိတော့ ….။
“အေးပါကွာ …. ငါအရက်ကြိုက်တာလဲ မင်းသိနေတာပဲ …။ အရက်ကို ငါသောက်လာတဲ့ သက်တမ်းက မင့်အသက်ထက် များမယ်ကွ..။ ဒါပေမဲ့ကွာ ဥပုသ်နေ့တိုင်း မဟုတ်ပေမဲ့ … ဝါတွင်းကာလတော့ အသောက်နားပြီး ဥပုသ်လေးဘာလေးစောင့်နိုင်အောင် ကြိုးစားနေပါတယ်။ ငါက ငါးပါးသီလမှာတောင် သုရာမေဒယ ဆိုတဲ့ ပညတ်ချက်ကို မဆိုဖြစ်ဘူးကွ…” ဟု ပြန်ဖြေတတ်သည်။
တစ်ခါတစ်ရံကျပြန်တော့ “ဟေ့ ….ကောင်လေးရေ … လူဆိုတဲ့အမျိုးက ခက်တော့ ခက်သားကွ … နားမလည်တဲ့သူဟာ အသက် ဘယ်လောက်ကြီးကြီး နားမလည်ဘူး …. ရွာလယ်ပိုင်းက ခေါင်းတစ်ခေါင်းလုံး ဖြူဖွေးနေတဲ့ ဟိုလူကြီးလေ အသက်ကဖြင့် သချင်္ ိုင်းကုန်းကို ခြေတစ်ဘက်လှမ်းနေပြီ။ အခု နောက်မိန်းမတစ်ယောက် ယူသတဲ့လေ…” တခြားသူနဲ့ နှိုင်းပြီး သူ့ကိုယ်သူပဲ ဆုံးမသလို အခြားသူတွေအပေါ်ကြည့်ပြီးပဲ တရားရသလို ညာဉ်းပြောပြောတတ်သေးသည်။
အရက်ကို ဆယ်ကျော်သက်အရွယ်ကတည်းက သောက်ဖြစ်ခဲ့သည့် ဒေါက်တာ … ဘယ်သို့ ဘယ်ပုံ အရက်ကို စသောက်ဖြစ်ပြီး အဘယ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် ဖြစ်သွားရခြင်းကိုမူ ရေရေရာရာ မပြောပြ ….။ “အင်း ….အရက်စသောက်တတ်တာက ဘယ်အရွယ်လဲဆိုတော့ ၁၅ နှစ်သားလောက်ထင်တာပဲကွာ ငါအလုပ်လုပ်တဲ့ အိမ်က အရက်ရောင်းတယ်လေ…” ဟုသာ ပြောသည်။ ဒေါက်တာ အရက်သောက်သည်မှာ မှန်သော်လည်း အခြားအရက်သမားများကဲ့သို့ မူးလာလျှင် စကားများခြင်း၊ အခြားသူများကို ရန်ရှာခြင်း စသည်တို့ကို ပြုမူလေ့မရှိ။ မည်မျှပင် မူးနေစေကာမူ အပြုံးမပျက်သူ။
ဒီလိုနဲ့ တစ်ရက်မှာတော့ …….
“ငါ အရက်မသောက်ဖြစ်တာ ကြာပြီကွ … ဥပုသ်နေ့တွေတိုင်းလည်း ဥပုသ်စောင့်ဖြစ်နေတယ်… ဓမ္မဗျူဟာလို စာစောင်တွေလည်း ဖတ်ဖြစ်တယ်ကွာ … မင်းနဲ့ စာအကြောင်း ပေအကြောင်းလေးတွေလည်း ပြောချင်သေးသကွ … မင်းအားတဲ့ တစ်နေ့လောက် ငါ့အိမ်ဘက်လှည့်လာခဲ့ဦး” မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ကျနော့်ဆီကို တကူးတကလာပြီး သူအရက်မသောက်တော့သည့်အကြောင်းနှင့် သူ့အိမ် အလည်လာဖို့ ပြောတော့ ကျနော် ဝမ်းသာနေမိသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၄)
“မင်းကွာ မြန်မာတွေ ကန်တဲ့ ဘော့လုံးပွဲများ ကြည့်နေသေးတယ်။ ငါကတော့ ပရီမီးယားလိဂ်လောက် စိတ်မဝင်စားဘူးကွ။ ဟိုကကောင်တွေ ကန်တာက မြန်တယ်… ကြည့်ကောင်းတယ်။ ငါတို့ဆီက ကောင်တွေကန်တာက ပြောမပြောချင်ဘူးကွာ… ဒါနဲ့များ မြန်မာ့အားကစား ကမ ္ဘာကို လွှမ်းရမယ်လေး ဘာလေး လုပ်သေးတယ် …ဟေ ဟေးး “ဟု အားကစားနဲ့ ပတ်သက်ပြီး ကျနော့်ကို သရော်တတ်သေးသည်။
ထိုနည်းတူစွာ “မင်း လ ဆီကို လူတွေရောက်တယ်ဆိုတာ ယုံသလားကွ … ငါကတော့ မယုံဘူး… တကယ်လို့ သူတို့ လကိုရောက်တယ်ဆိုရင် ညညဆို လမသာအောင် တစ်ခုခုနဲ့ ဖုံးပြလေ” ဟု ရယ်စရာလိုလို အတည်လိုလိုပြောတတ်သေးသည်။
“ဗဟိုဦးစီးစနစ်ဆိုတာ ကောင်းသလိုလိုနဲ့ မကောင်းဘူးကွ …. အိမ်တစ်အိမ်မှာကွာ အဖေဖြစ်တဲ့သူ တစ်ယောက်ထဲကပဲ အရာရာကို ချုပ်ကိုင်ပြီး အကုန်လုံး စီမံနေရင် တိုးတက်သင့်သလောက် မတိုးတက်သလို သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကျဆင်းသွားစေတတ်တယ်။” ဟူ၍ သူဖတ်မိသည့် ဂျာနယ်ထဲမှ သတင်းများ မဂ္ဂဇင်းထဲမှ အကြောင်းအရာများကို ပြန်ပြန်ပြီး သူ့အတွေးတွေနဲ့ပေါင်းစပ်ကာ ဖောက်သည်ချတတ်သေးသည်။
“ဒေါက်တာ နေမကောင်းဖြစ်နေတယ်။ မင်းအားရင် သွားအားပေးလိုက်ဦး ။ အသက်ရှုမဝဖြစ်နေတယ် ပြောတယ်… ဆရာဝန်ကတော့ အသည်းမှာ အနာဖြစ်တယ်လို့ ပြောတယ်ဆိုပဲ မြို့ဆေးရုံကို သွားခိုင်းနေတာ … သူနှစ်ရှည်လများ အရက်သောက်ခဲ့တဲ့အကျိုးဆက် ထင်တာပဲ။ မင်းသိတဲ့အတိုင်း ဆေးကုဖို့ အသာထား သွားဖို့လာဖို့ စရိတ်တောင် မရှိသလောက်ဖြစ်နေတာ …။ မလွယ်လောက်ဘူး ..ဒီအတိုင်း လုံးပါးပါးတော့မယ် ထင်တယ်” သူငယ်ချင်းတစ်ယောက် လာပြောတဲ့ စကား …. ကျနော် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ကိုယ်တိုင်ကပဲ စားဝတ်နေရေးအတွက် လုံးချာလည်နေရတဲ့သူမို့ အားပေးစကားကအပြင် မတတ်နိုင်ခဲ့ …။
သူနေထိုင်ရာ သက်ကယ်မိုး ထရံကာအိမ်လေးအတွင်းမှာ ဂျာနယ်၊ မဂ္ဂဇင်းအဟောင်းများကို ခုံလေးတစ်ခုပေါ်မှာ တင်ထား၏။ သူဘုန်းတော်ကြီးကျောင်းသို့သွားလျှင် ဝတ်နေကျ အဖြူရောင် ကော်လာကတုံး ရှပ်အကျင်္ ီအဖြူရောင်လေးကား စာအုပ်စားပွဲဘေးရှိ အဝတ်တန်းပေါ်တွက် လွှားလျှက် ….။ အိမ်ခေါင်းရင်းဘက်မှ ဘုရားစင်လေးရှိ ညောင်ရေအိုးလေးမှာ ပန်းတွေခြောက်နေချေပြီ။ သူကား အိပ်ယာလေးပေါ်တွင် ဖြူဖတ် ဖြူရော် အသားအရေဖြင့် ပက်လက်အနေအထား ….။ နဂိုကတည်းက ပိန်သည့် သူသည် ယခုတွင်တော့ အရိုးပေါ် အရေတင်မျှသာ … စကားတစ်ခွန်းပြောဖို့ရာ တော်တော်အားယူနေရသည့် ပုံစံမျိုး …။ စကားတစ်ခွန်းပြောလိုက် ခဏနားလိုက်ဖြင့် တော်တော် ပင်ပန်းနေသည့် ပုံစံ …..။ အားနည်းနေပြီး ရောဂါနှိပ်စက်မှုကို တော်တော်ခံစားနေရဟန်ရှိသည်။ ဒီတောင်ကို ဒေါက်တာမကျော်လွန်နိုင်တော့သည်မှာ သေချာသလောက် ရှိနေပေပြီ။ သူ့အိပ်ယာနဘေးတွင် ကျနော်ထိုင်မိတော့ အပြုံးဖြော့ဖြော့ဖြင့် “မင်းပေးတဲ့ စာအုပ်လေးတစ်အုပ်ထဲက စာသားလေး အခုရက်ပိုင်းမှာ သတိရနေသကွာ… ဘာတဲ့ ငွေမရှိရင် သေတတ်တယ်တဲ့ ” တိုးညင်းစွာ တစ်လုံးခြင်း ထွက်ပေါ်လာသည့် စကားသံယဲ့ယဲ့ …. အားပေးစကားပြောရန်သွားသည့် ကျနော့်ကို ဆွံ့အသွားစေသည့် စကား …. “ဘယ်တတ်နိုင်မလဲကွာ … လူဆိုတာ မွေးလာတာ သေဖို့ပဲလေ” တဲ့ ။ ကျနော်မျက်ဝန်းထဲမှ မျက်ရည်တို့ ထိန်းမရတော့ ….။
ပိုက်ဆံမရှိသည့် ဒေါက်တာရဲ့ဘဝ ….။ သူ့ဘဝတစ်လျှောက်လုံး အလုပ်ကြမ်းတွေနဲ့ နပန်းလုံးရင်း စိတ်ဖြေဖျောက်စရာအဖြစ် အရက်ကို နှစ်နှစ်ကာကာ သောက်သုံးခဲ့မှု၏ အကျိုးရလာဒ်အဖြစ် အသည်းမှာ အနာဖြစ်ခြင်း အသည်းမကောင်းခြင်းဆိုသည့် ရောဂါဘယတို့ကား သူ့အား နှိပ်စက်ကြလေပြီ။ သူရေရွတ်သည့် စကားလုံးများကား သူဖြတ်သန်းရာ ဘဝအပေါ် အားမလို အားမရဖြစ်ခြင်းလေလား။ သေခြင်းတရားအတွက် ရင်ဆိုင်ရန်အသင့်ဖြစ်ကြောင်း ပြဆိုခြင်းလေလားဆိုတာတော့ ကျနော် မဝေခွဲတတ်ပေ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၅)
လွင်ပြင်ကျယ်ကြီး တစ်ခု မြက်ရိုင်းစိမ်းတို့ဖြင့် ကြည့်လေရာရာ အစိမ်းရောင်တောက်ပနေသည်။ကောင်းကင်ပြင်တွင်ကား တိမ်တို့ကင်းစင်ပြီး အပြာရောင်သန်းနေသည်။ န့နက်ခင်း နေထွက်ချိန်လေလား။ ညနေပိုင်း နေဝင်ချိန်လေလား မသဲကွဲ။ ထိုလွင်ပြင်ကျယ်ကြီးအလယ် အရိပ်ကောင်းလှသည့် ကုက္ကိုပင်ကြီးတစ်ပင်အောက်ရှိ ကွပ်ပျစ်လေးတွင် ရေနွေးဓာတ်ဘူး၊ ရေနွေးခွက်များ၊ ဆေးပေါ့လိပ်တွေထည့်ထားသည့် ဆေးလိပ်ခွက်တစ်ခု …. ထိုလက်ဖက်ရည်ဝိုင်းတွင် အဖြူရောင် လည်ကတုံး ရှပ်အကျင်္ ီ၊ ကချင်ပုဆိုးကွက်ကျဲကို ဝတ်ထားသည့် ဒေါက်တာကား အသားဖြူဖြူ ဝဝလင်လင် မျက်နှာမှာလည်း ကြည်လင်နေသည်။ သူရှေ့ မှ ကျနော့်ကို စကားတွေ တတွတ်တွတ် ပြောနေသည်။ သူပြောသည့် အကြောင်းအရာတွေကိုကား ကျနော် သေသေချာချာ မမှတ်မိ …..။ ခဏနေတော့ သူ့ကျနော့်ကို နှုတ်ဆက်ပြီး လွင်ပြင်ကျယ်ကြီး၏ မြက်ရိုင်းစိမ်းပင်တွေကြား တရွေ့ ရွေ့ တိုးဝင်ပျောက်ကွယ်သွားသည်။ ကျနော်သူ့ကို နှုတ်ဆက်စကား ပြောမိလိုက်သလား မပြောမိလား မသေချာ။ သူတိုးဝင်ပျောက်ကွယ်သွားရာနောက်သို့ ငေးရင် အလိုလို စိတ်ထဲမှာ ဝမ်းနည်းသလို မွန်းကြပ်သလို ခံစားရသည်။ နံနက်ခင်းအလင်းပွင့်တို့က ကျနော့်အခန်းထဲ ဖြန့်ကျဲကျလာချေပြီ။ အပင်ထက်မှ စာကလေးငှက်တို့၏ အသံများက ကျီကျီကျာကျာ …. နှိုးနေပြီဖြစ်သော်လည်း အိပ်မက်အကြောင်းတွေးနေမိသည်။ ထိုစဉ်
“သားကြီးရေ …. မင့် ဒေါက်တာ ညတုန်းက ဆုံးသွားပြီတဲ့…။ ခဏနေ နာရေးအိမ်ကို သွားလိုက်ဦးနော်” အခန်းအပြင်မှ အဖေရဲ့ စကားသံကား ကျနော့်ကို တုန်လှုပ်သွားစေသည်။
“ဒေါက်တာ ဆုံးပြီ”တဲ့ …။
# # # # # # # # # # # # # # # # # # # # # #
ကြာခဲ့ပါပြီလေ….။
ငါးနှစ်ဆိုသည့်ကာလ …. ။ သူမရှိတော့သည့် နေ့ရက်တွေကို တမ်းတမိနေတာမျိုး မဟုတ်ပေမဲ့လည်း သူနေထိုင်ခဲ့သည့် အိမ်လေးဘက်သို့ ရောက်တိုင်း ကျနော် သူ့ကို သတိရနေမိသည်။ သူနဲ့ ထွေရာလေးပါး စကားပြောဖြစ်ခဲ့သည့်အချိန်တွေ …။ ရလာခဲ့တဲ့ ဘဝလေးမှာ မိသားစုအတွက် ပေးဆပ်နိုင်သမျှ ပေးဆပ်ရင်း … သူဉာဏ်မီသမျှ အတွေးအခေါ်တွေကို ရေရွတ်ရင်း ….. ဘဝရဲ့ နေဝင်ချိန်မှာတောင် ” လူဆိုတာ မွေးဖွာလာတာ သေဆုံးဖို့ပဲလေ” လို့ ရေရွတ်သွားခဲ့သည့် ဒေါက်တာ ကောင်းရာမွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပါစေလို့ ဆုတောင်းမိပါတယ်။
တကယ်လို့များပေါ့ဗျာ …..။
သံသရာတစ်ကွေ့မှာ ပြန်တွေ့ခွင့်ရှိခဲ့မယ်ဆိုရင် ဒေါက်တာနဲ့ဆုံတိုင်း ကျနော်နှုတ်ဆက်နေကျအတိုင်း “ဟယ်လို … ဒေါက်တာ … ဟောင်းအာယူ ….”လို့နှုတ်ဆက်ရင် ဒေါက်တာကလည်း ” ဝိုးးးးး ရက်စ် … အိုင် …ဖိုင်းးး သင့်ခ်ယူ” လို့ ပြုံးပြုံးလေးနဲ ့ ကျနော့်ကို ပြန်နှုတ်ဆက်ပါဦးလို့ …….။
လေးစားစွာဖြင့် …..
ထွန်းဝင်းလတ်
15 comments
ဂျစ်စူ
August 3, 2016 at 5:03 pm
ရှည်ကြီးပါလား တော်ရေ့
စာတွေ စာတွေ ပြောဘာဒယ် 😀
kotun winlatt
August 3, 2016 at 6:45 pm
အိန်းးးးး ရှည်ရှည်လေးမှ ကောင်းတာကွဲ့
စာပြောပါတယ် စာ
kai
August 3, 2016 at 5:44 pm
အားလုံးက… ကိုယ့်နည်းကိုယ်ဟန်နဲ့.. ဒေါက်တာတွေချည်းပါပဲ…။
ပြောသာပြောတာ..
ကျုပ်ဆို အခုအသက်ထိ.. နေအရမ်းပူနေပြီး အိုက်စပ်နေရင်.. လူတွေ… နေကိုဘာလို့ ထီးနဲ့မကွယ်ထားလည်းတွေးတွေးနေတာ…။ နေ့လယ်ခင်း ခဏလောက်ကွယ်လိုက်ရင်တောင်… အပူချိန် ၁ဝဖာရင်ဟိုက်လောက်တော့ ပြုတ်ကျမယ် ထင်တာပဲ…။
အဲ.. ထီးဆိုတာက… . နေနဲ့ကမ္ဘာကြား.. ပြောင်းထားလို့ရတဲ့.. အာကာသယဉ်ထီးကြီး.. :k:
kotun winlatt
August 3, 2016 at 6:47 pm
ဟုတ်ပါ့ တဂျီးရာ
ဘဝတွေ ဘဝတွေထဲမှာ ကိုယ်ကိုယ်တိုင်လည်း ဒေါက်တာတွေ ဖြစ်နေရတာပါပဲနော့။
နေရဲ့ အပူဒဏ်ကို ကာကွယ်ဖို့ရာတော့ လိုအပ်နေတာ အမှန်ပါ။
မမချွိ
August 4, 2016 at 8:38 am
ကျနော် ဆြာဝန်တြောက်ပါ။
:mrgreenn:
ဖတ်လို့ကောင်းတယ် ကိုထွန်းဝင်းလတ်။
🙂
kotun winlatt
August 4, 2016 at 9:16 am
ဟုတ်ကဲ့ မမချွိ
အောင် မိုးသူ
August 4, 2016 at 8:55 am
ဒီမှာ ဒေါက်တာ လောကမှာ သေတာထက် သည်းတဲ့ ပြသနာဆိုတာ ရှိသေးလား
(တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားထဲမှ ဒိုင်ယာလော့)
kotun winlatt
August 4, 2016 at 9:17 am
ရှိသေးတာပေါ့ သေခြင်းရဲ့ အခြားတစ်ဖက်က ပြဿနာတွေလေ . . .
စိန်ကြက်ဆင်
August 4, 2016 at 1:26 pm
နေမကောင်းတဲ့အချိန်မှ ဒီပိုစ့် ဖတ်မိရတယ်လို့စ် ကျအုကျအု ငင့်
kotun winlatt
August 4, 2016 at 2:12 pm
မရည်ရွယ်ခဲ့ရိုးးးးအမှန်ပါ . . . အဟွတ် အဟွပ်
Thint Aye Yeik
August 4, 2016 at 6:02 pm
တအား ဉာဏ်ရည် မြင့်တဲ့သူတွေကို တခြား သာမန်လူတွေအကုန်လုံးက အရူးပါကွာာာ လို့ ဝိုင်းသတ်မှတ်လိုက်ကြတာနေမယ်
အဲ့ လူထဲက ထူး ထွက်နေတဲ့လူတွေအကြောင်း ကြားရ ဖတ်ရတာကို သဘောကျမိ။
စကားစပ်လို့. . .ဦးလေးက စာအရေးကောင်းးး
ညက်နေတာပဲဗျို့။
kotun winlatt
August 5, 2016 at 6:54 pm
အယ် . . . စာရေးတဲ့နေရာမှာ အလက်ဆင်းက ပိုပြီး ကျစ်လစ်ပါတယ်ဗျာ . . .
Foolish Girl
August 5, 2016 at 4:41 pm
အရေးအသားကတော့တယ်မိုက်တယ်ဗျာ
kotun winlatt
August 5, 2016 at 6:55 pm
အဲ့ဂလောက်လည်းးးး မဟုတ်သေးပါဘူးဗျာ . . .
Foolish Girl
August 9, 2016 at 2:29 pm
ဖတ်လို့ကောင်းတယ်စာဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်လေ