ဖုန်းမော်လည်းဆုံး လူအခွင့်အရေးလည်းရှုံး – ဝင်းအောင်ကြီး

kaiAugust 8, 20161min2063

ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်
ကြည့်မှပြည့်စုံမည်။ ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်နေ့ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမဝင်ကြေညာလိုက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းကို သေးသိမ်းမှေးမှိန်အောင် လုပ်လို့ရနိုင်မည်မဟုတ်။
သတင်းသမားအနေနှင့် ရေးသည့်ဆောင်းပါးကို ဖတ်ကြည့်ပါ။
၁၉၈၈ ခု၊ မတိုင်မီကဆို မဆလ လက်အောက်သေကြရမည်ဟု ထင်မှတ် ထားခဲ့ကြ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြုပြင်ပြောင်းလဲ လုပ်တော့မည်ဆို၍ ချိချိနဲ့နဲ့အားညှစ်ကာ ယုံဖို့ကြိုးစားခြင်းကို ကျနော့သတင်းသမားဦးနှောက်က လက်မခံပယ်ချလိုက်သည်။ ၁၉၆၂ ခုကတည်းက ကြားနေကျ၊ နောက်ဆုံးအဖျား ရှူးသွားမြဲကိုး။ ယခုအကြိမ်တွင်မူ ပိုဆိုးမည့် လုပ်ရပ်များကပ်ပါလာ၏။
ထိုအခါ တစုံတရာ ထူးလာမည့် သတင်းနံ့ နှာခေါင်းထဲဝင်လာပြီ။ မဆလ အမည်ခံ စစ်အာဏာရှင် လက်အောက် ဆင်းရဲမွဲတေလာနေသည်ကို မည်မျှကြာရှည်စွာ ခံနိုင်ကြပါမည်နည်း။ စစ်ဗိုလ်များကမူ တပ်လခ၊ ပါတီလခ၊ အရပ်ဘက်လခ နှင့်သုံးသီးစား၊ ပြီးတော့အထူးဆိုင် အထူးဈေးနှုန်း နတ်စည်းစိမ်ထက်သာနေချိန်ပါ။
အရပ်သားများခမျာ ကုန်ဈေးနှုန်းကခေါင်ခိုက်၊ ကြိုးစားဝယ်ပြန်လည်း ကုန်ပစ္စည်းကမရှိ၊ ရပြန်လည်း အညံ့ အတုစသဖြင့်။ ၁၉၆၂ ခု မတိုင်မီက လူလိုသူလို နေခဲ့ရသည်များကို စိတ်ဆင်းရဲစွာသတိရနေကြစဉ်၊ ငွေစက္ကူကိစ္စဖြစ်လာပြန်ပြီ။
မြန်မာပြည်လွတ်လပ်ရေး ရကတည်းက ဗြိတိန်အခြေစိုက် ပေါင်စတာလင် ငွေကြေးစနစ်၌ ပါဝင်ခဲ့၍ ကျပ်သည်ငွေမာ ( Hard Currency) ဖြစ်၏။ ဥပမာ ၅ိ တန်ပေါ် ငွေစက္ကူထုတ်ရာတိုင်း၌ ငွေငါးကျပ်နှင့် လဲနိုင်ကြောင်းအာမခံသည် ဟုရေးထားပြီး ပြည်ထောင်စုဘဏ်ဥက္ကဋ္ဌ၏ လက်မှတ်ပါရှိသည်။ နိုင်ငံခြားသွားရန် လေယာဉ်လက်မှတ်ကို ကျပ်ငွေနှင့်ဝယ်လို့ရ၏။
အဘယ့်ကြောင့်နည်း။
လေယာဉ်ကုမ္ပဏီက ထိုကျပ်ငွေကို ပေါင်စတာလင်နှင့် လဲလို့ရ၍ပါ။ ထိုအခြေအနေ ဖြစ်ရသည်မှာ မြန်မာပြည်တွင်း လည်ပတ်နေသည့် ကျပ်ငွေအားလုံးနှင့် တန်ဖိုးတူသော ရွှေတုံးများအာမခံထား ရသောကြောင့် ဖြစ်၏။ ကျပ်ငွေတိုးထုတ်လိုလျှင် အာမခံထပ် တိုးရ၏။ ကမ္ဘာ့အလည်တွင် ဝင်ဆန့်ချင်လျှင် နိုင်ငံတကာ ဥပဒေကို လိုက်နာရစမြဲ မဟုတ်ပါလား။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပေါင်စတာလင်ငွေကြေးစနစ်က ထွက်လိုက်၏။ ရွှေတုံးတွေ ဘယ်ရောက်သွားလဲ၊ ဦးနေဝင်းကိုသွားမေး။ ဝါဇီစက်ရုံက စက္ကူနှင့်မင်ရှိသလောက် စိတ်တိုင်းကျ ထုတ်သည်။ ဘာခက်တာမှတ်လို့ မြန်မာ့နည်း မြန်မာ့ဟန်။ စိတ်ထင်တိုင်း အကုန်လုပ် အကုန်ဖြစ်။
၁၉၆၄ ခု၊မေလ (၁၇) ရက်နေ့တွင် ၁၀ဝိ တန်နှင့် ၅ဝိ တန်များ တရားမဝင်ဟု ကြေညာရုံနှင့် ငွေ၉၁၅ သန်းနှင့်၈သိန်းစက္ကူစုတ်ဖြစ်သွားပြီ၊ ကိစ္စမရှိ။ ကယ်တင်ရှင် မျိုးချစ်ဗိုလ်ချုပ်ကြီးအား ကြည်ညိုထောက်ခံကြရင်း ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်နေ့သို့ရောက်လာ၏။
ထပ်လုပ်ပြန်ပြီ။ ထူးခြားသည်ကား အာဏာမြဲရေး ဘာသရေးအရည်ခြုံ အောက်လမ်းဆရာတို့အခါပေးသည့်အတိုင်း ထုတ်ထားသော ၉ဝိ/တန်၊ ၄၅ိ /တန်
စသဖြင့်ထင်တိုင်းကြဲထားသည့်ထဲ လူတွေမှာသုံးစရာ မကျန် သလောက်
အထိ ဖြစ်ကုန်ပြီ။ငွေကိုဘယ်သူထုတ်သနည်း၊ ဘာ့ကြောင့်ဖောင်းပွရခြင်းလဲ၊ ဝန်ထမ်း ကျောင်းသားများ ဘာဖြစ်လို့နစ် နာရပါမည်နည်း။
စာမေးပွဲဖြေဆဲ RITကျောင်းသား များက စိန်ခေါ်လိုက်ပြီ။ လမ်းပေါ်ထွက်ကာစစ်အစိုးရကားတစင်းကို မီးရှို့ကာ အခြားတက္ကသိုလ်များသို့ လှုပ်ရှားမှုဖြန့်လိုက်၏။ ထိုအခါ စစ်တပ် ၏လုပ်နေကျအတိုင်းမှေးမှိန်သေးသိမ်သွားအောင် လုပ်ဇာတ်ခင်းကာ မမှန်သတင်းဖြန့်ရင်းနှင့် တပြည်လုံး အထွေထွေအုံကြွမှုကြီးဆီ ဦးတည်သွား လေတော့သည်။
စစ်တပ်ကလည်း လုပ်နေကကျ ပစ်သတ်ခြင်းနှင့် မီဒီယာကနေ လိမ်ညာခြင်းပြုသည်။
ကမာရွတ်ရဲစခန်း မိသားစုနေ တန်းလျားများကို ကျောင်းသားတွေ မိးရှို့ဖျက်စီးလိုက်ပြီဟု ကြေညာရာ၊ လာကြည့်နိုင်သူတွေလောက်သာ လိမ် ညာကြောင်းသိနိုင်၏။ကျောင်းသားနှင့်စစ်တပ်ကြား ပိုမိုတင်းမာကြရင်း ၁၉၈၈ ခု၊ မတ်လ (၁၃) ရက်နေ့၌ RIT ကျောင်းသား ကိုဖုန်းမော်၊ နောက် ကိုစိုးနိုင် တို့သေဆုံးကြသည်ကို စုံစမ်းရေး ကော်မရှင်ဖွဲ့ကြောင်း ကြေညာသော်လည်း အခြေအနေကို မထိန်းနိုင်တော့။
ကျောင်းသားတွေ ပိုပြီးသေကြေကြ ၏။ တံတားဖြူလည်း ကျောင်းသား သွေးများကြောင့် တံတားနီဟုခေါ်လာ၏။ (၁၇) ရက်နေ့ သတင်းစာထဲ နာရေး ကြော်ငြာပါလာ၏။ ကြံတောသချိ င်္ုင်း၌ လူတွေပြည်လျှံနေချိန်၊ မောင်ဖုန်းမော်၏ အလောင်းတာမွေ၌ မီးသင်္ဂြ ိုလ်လိုက်ရာ၊ သူ့မိသားစု၊ သတင်းသမား၊ သံတမန်များ အပါအဝင် အကုန်လုံးအလိမ်ခံခဲ့ရသည်။
၂၆ နှစ်ကြာမကြားဖူးသော ကျောင်းသားသမဂ္ဂ အသံပြန်ကြားရကာ အားကိုး စရာဖြစ်လာ၏။ တပြည်လုံး အကျဉ်းထောင်များထဲထိ ကူးစက်သွားလေပြီ။ စစ်အစိုးရကလည်း ပိုကြမ်းပိုရမ်းလာ၍ ပိုသေကြရ၏။ စစ်ကိုင်းဘက်၌ အသေများသော်လည်း ဖော်ပြမည့်မီဒီယာမရှိသေး။ လူ့သတင်းလူချင်းဆောင် ဆိုသလိုနည်းနှင့်သာ သိလာကြရ၏။
၈-၈-၈၈ အရေးအခင်းကြီးကြည့်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးပြီဟုမျှော်မှန်း တွက်ဆလို့ရပြီ။ ထိုအခါ သာကူးတွေရောပါလာ၏။ ကျောင်းသားအလောင်းပေါ် အာဏာငတ်သမားတချို့ သရဖူဆောင်းဖို့ ဝင်လာကြ၏။ မဆလ အရည်ခွံခွါကြလေပြီ။ ကမ္ဘာ့မီဒီယာထဲ သတင်းတွေလည်းပါ၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှုလည်းရရှိပြီ။ ဒီမိုကရေစီ တရားပွဲတွေ ခြိမ့်ခြိမ့်သဲ။
၁၉၆၂ ခုမတိုင်မီကအလား စိတ်အားထက်သန်နေကြ၏။ ထုံးစံအတိုင်း လွတ်လပ်လာပြီဆိုတော့ အမြင်အမျိုးမျိုး ခေါင်းဆောင်မည့်သူတွေကလည်း များမှများ၊ ပြန်ထွက်လာသော သတင်းစာတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ မြန်မာ့သမို်င်း၌ ဉာဏ်နီဉာဏ်နက် အများဆုံးနှင့် ပရိယာယ်အကြွယ်ဆုံး ဦးနေဝင်းက စနစ်တကျ ပြင်ဆင် လုပ်ဆောင်နေသည်။
၁၉၈၈ ခု၊ စက်တင်ဘာလ (၁၈) ရက်နေ့ ညနေ၌ စစ်တပ်(မဆလ)ထံက စစ်တပ် နဝတ (နေဝင်းတပ်)က အာဏာလွှဲယူလိုက်၏။ ဒီမိုကရေစီသမားအမည်ခံများ ပြည်သူ့တပ်မတော်ဘက် ရောက်ကုန်ကြ၏။ ကျောင်းသားများလည်း ထောင်ထဲရောက်သူရောက် တောတွင်းပြေးကြ၊ ပြည်ပ၌ခိုလှုံကြဖြစ်ကုန်ကြ၏။ မြန်မာ့နိုင်ငံရေးကလည်း အခန်းပြောင်းတီးလုံးနှင့်အတူ မပြတ်လိုက်ပြောင်းနေ၏။
စစ်အာဏာရှင်စနစ်ကမူ ကြာလေလေခိုင်မြဲလေလေ။ RIT ကျောင်းသားများက စိန်ခေါ်လိုက်သော ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်ကို သိမှီလိုက်သူ ဘယ်နှစ် ယောက်ရှိသနည်း။ ဖုန်းမော်တို့ စိုးနိုင်တို့ ဖဲဝိုင်းမှာရန်ဖြစ်ရင်း သေကြတာပါဟု ဆိုလာလျှင်လည်း ယုံကြဖို့အစဉ်သင့်။ မေ့လွယ် ပျောက်လွယ် ယုံလွယ်ကိုး။
ကဲ မတ်လ (၁၃) ရက် ဖုန်းမော်သေသောနေ့ကို ဂုဏ်ပြုသတ်မှတ်သော လူ့အခွင့်ရေးနေ့ကို အပြေးအလွှားလေ့လာကြကြပါစို့။ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထားသည့် ကမ္ဘာ့လူ့အခွင့်ရေး ကြေညာစာတမ်းထဲက အနိမ့်ဆုံးလေးပင် ပြည်သူတွေခံစားကြရပါလေစ။ လယ်သမားများလယ်သိမ်းခံ၊ ပညာရေးအတွက် ဆန္ဒပြကျောင်းသားများ အဖမ်းခံကြရ စသဖြင့်။ စီးပွါးရေး၊ ကျန်းမားရေး၊ တရားဥပဒေစိုးမိုးရေး၊ လူတွေ၏ကိုယ်ကျင့်တရား အဘက်ဘက်က ပျက်ပြားနေချိန် ၂၀၁၃ ခု၊ မတ်လ (၂၀) ရက်နေ့ မိတ္ထီလာမြို့တွင် ဖြစ်ပွါးခဲ့သောဖြစ်ရပ်ကြီးကို ပြည်တွင်း၌ မသိမမြင်ယောင်ဆောင် နေကြနိုင်ကြသော်လည်း BBC TV ကပြသ၍ ကမ္ဘာသိသွား၏။ ကိစ္စမရှိ၊ စစ်တပ်ကို မထိ။
၁၉၆၂ ခု၊ နောက်ပိုင်း စစ်အာဏာရှင်စနစ်ကို တိုက်ရင်း အသက်ပေး သွားကြသူများလည်းမသိ၊ ကိစ္စမရှိ။သို့သော်လည်း သူသေဆုံးသောနေ့ကို သတ်မှတ်ထားသော လူ့အခွင့်အရေးဆိုသည်မှာ လူစုလူဝေးနှင့် ပျော်ပျော်ပါးပါး စနစ်တကျ လုယက် မီးရှို့ဖျက်စီး သတ်ဖြတ်ခွင့်ရရှိခြင်းကို ခေါ်လေသလားဟု RIT ကျောင်းသားကိုဖုန်းမော်က မေးလေမည်လားဟု တွေးမိ၍ပြီး ရေးသားခြင်းပါ။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၆ ဩဂုတ်လထုတ်သတင်းစာတွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။

3 comments

  • ဂျစ်စူ

    August 8, 2016 at 9:44 pm

    ၈၈ စလာပုံ သဂျီး တခါပြောဖူးသလိုပဲ
    ခုတော့ ပိုမှတ်မိပြီ
    ၂၀၁၃ မတ် ၂ဝ မှာ မိတ္ထီလာ ဘာဖြစ်တာလဲ
    ကျော် မမှတ်မိလို့ 🙄

  • Thint Aye Yeik

    August 10, 2016 at 1:33 pm

    မနက်က ကားမောင်းနေရင်း… နားထောင်လာတဲ့ FM တစ်ခုကနေ လွှင့်တဲ့ သတင်းကြေညာချက်တစ်ခု ကြားလိုက်တယ်။

    မကြာခင် ကာလမှာ… မြန်မာပြည်က ဥပဒေကျောင်းသားတွေကို သင်တဲ့ သင်ရိုးထဲ…
    လူ့အခွင့်ဆိုင်ရာ အချက်အလက်တွေ… ထည့် သင်ပေးတော့မယ် တဲ့။
    အဲဒီလို သင်နိုင်ဖို့… နော်ဝေးနဲ့ အခြား နိုင်ငံတချို့က.. ရန်ပုံငွေကအစ… ကူညီပေးမယ် ဆိုပဲ။
    အခု … အချက်အလက်တွေ.. ပြင်ဆင်နေပြီတဲ့ ။

    • kai

      August 11, 2016 at 6:17 am

      တိုင်းပြည်သစ်ထောင်တာမှာ.. ဂေဟစနစ်တွေလိုက်နာတာတို့.. လူ့အခွင့်အရေးတို့ကို ဦးစားပေးရတာတော့မဟုတ်..။
      ဒါတွေက ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ.. လူလည်လုပ်နည်းတွေ.. :k:

Leave a Reply