မိုက်ခဲကြီးများ . . .
မိုက်ခဲကြီးများ
@@@@@
လမ်းမကြီးတစ်ခု …..။
ဒီဒေသကြီးတစ်ခုလုံးရဲ့ အားကိုးအားထားပြုရာ လမ်းမကြီး …။
ဒီဒေသကြီး တစ်ခုလုံး၏ လမ်းပန်းဆက်သွယ်ရေးအတွက် အသက်သွေးကြောဟု ဆိုလျှင်လည်း မှားအံ့မထင် …။
ဒီလမ်းမကြီးသည် ကျေးရွာလေးများမှ မြို့ ငယ်လေးဆီသို့ ကူးသန်းသွားလာရသည့် တစ်ခုတည်းသော အဆက်အသွယ်။
ရှေးယခင်က ဒီလမ်းမကြီး၏ ဘေးဝဲယာတွင် ကျွန်း၊ အင်ကြင်း၊ ကညင်၊ သစ်အယ်အစရှိသည့် သဘာဝပေါက်ပင်များက အစီအရီ ရှိနေခဲ့ကြသည်။ လမ်းမကြီး၏ အလျားမှာ ငါးမိုင်ကျော် … အကျယ်ကား နွားလှည်းနှစ်စီး ကောင်းကောင်းရှောင်သာသည့် အကွာအဝေး ….။
လမ်းကတော့ မြေသားလမ်း ….။
မြေသားလမ်းမှသည် ဒေသခံတို့၏ လုပ်အားကြောင့် ကျောက်ခင်းလမ်းလေး ဖြစ်လာခဲ့ရပေသည်။ ထိုလမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရွာကလေးတစ်ရွာသာ တည်ရှိနေ၏။ ယင်းလမ်းမကြီးစတင်ရာနေရာ အနီးတဝိုက်တွင် ကျေးရွာငယ်တို့ကား အစီအရီ ….။ လမ်းမကြီး၏ အဆုံးသတ်တွင် မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖြတ်သန်းသွားသည့် မြို့ငယ်လေး တစ်မြို့ …..။ နေ့စဉ် နံနက်တိုင်း ကျေးရွာလေးမှ ရောင်းသူဝယ်သူတို့သည် မြို့ငယ်လေးဆီသို့ မိမိတို့ကျေးရွာထွက်ကုန်များ ရောင်းချရန်အတွက်လည်းကောင်း၊ မိမိတို့နေစဉ် အသုံးပြုရန်လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်အတွက်လည်းကောင်း နွားလှည်း စက်ဘီး ဆိုင်ကယ် ခြေလျင် စသည်တို့ဖြင့် ဖြတ်သန်း သွားလာကြပေသည်။ လမ်းမကြီးပေါ်သို့ နံနက်အစောပိုင်းမှ ဖြတ်သန်းသွားလာကြသည့် ခရီးသွားတို့သည် နေဝင်မိုးချုပ်သည်အထိ လူပြတ်သည်ဟူ၍ မရှိချေ။
@@@@@@@@@@@@@@@@@@
လမ်းမကြီးဖြတ်သန်းသွားရာ လမ်းမဘေးတွင် တည်ရှိသည့် ကျေးရွာလေးအမည်ကား “အုန်းပင်” ….။
ကျေးရွာအဝင်တွင် အုန်းပင်များ စီစီရီရီ ပေါက်ရောက်နေကြခြင်းကို အစွဲပြု ခေါ်ဝေါ်ခဲ့ကြသည်ဟူသည့် ရှေးစကားရှိလေ၏။ ကျေးရွာရှိ အိမ်ခြေကား ၂၀ဝ နီးပါးခန့် …။ အများစုမှာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အချို့ကား ရောင်းဝယ်ဖောက်ကားခြင်း၊ အချို့ကား မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးမှု ပြုကြလေသည်။ အုန်းပင်ကျေးရွာမှာ ရွာတန်းရှည် ပုံစံဖြစ်ပြီး ….။ လမ်းမကြီး၏ ဝဲယာတစ်လျှောက်တွင် လူနေအိမ်များကို ဆောက်လုပ်ထားကြပြီး ရွာအလယ်တွင် ဘုန်းတော်ကြီးကျောင်း တည်ရှိလေသည်။ ဘုန်းတော်ကြီးကျောင်း၏ အရှေ့ ဘက် လမ်းမကြီးဘေးတွင်ကား မြေကွက်လပ်ကြီး တစ်ခု … ထိုမြေကွက်လပ်ပေါ်တွင် ခရီးသည်များ နားနေရန် ဆောက်လုပ်ထားသည့် ဇရပ်ငယ် တစ်ဆောင် … ယင်းဘေးတွင် ရေချမ်းစင်လေးတစ်ခုသာ တည်ရှိ၏။
# # # # # # # # # # # # # # # # # # #
“ရွာဆော်လာတယ် …. ဘာအော်မလဲဆိုတာ … သေချာနားထောင် …. ကလေးငိုရင် တိတ် … တီဗီဖွင့်ထားရင် ပိတ် … ဒီကနေ ညနေ ခြောက်နာရီကို ဘုန်းတော်ကြီးကျောင်းကို တစ်အိမ်တစ်ယောက် အစည်းအဝေးလာပေးကြပါ။ ပျက်ကွက်ခြင်း အမှုကို မပြုကြလေနှင့် … ဤကား ရွာလူကြီး၏ အမိန် ….. ” “ဒူ..ဟူ…..ဟူ….”
ရွာဆော်ကြီး၏ နှိုးဆော်သံဝါကြီးကား မောင်းထုသံနှင့်အတူ လမ်းမကြီး တစ်လျှောက် ပျံလွှင့် လာချေပြီ …။ ရွာအနောက်ဘက်ပိုင်းမှ စတင်ပြီး နှိုးဆော်လာသည့် အသံဝါကြီးကား ကျေးရွာသူ ကျေးရွာသားတို့၏ စိတ်ကို သို့လော သို့လော ဖြစ်စေ၏ …. ။ အရေးအကြောင်းရှိမှသာလျှင် ရွာဆော်ကြီး၏ နှိုးဆော်သံကို ကြားရသဖြင့် ဘာအရေးကိစ္စများ ပေါ်ပြန်ပါလိမ့်ဟူသည့် အတွေးများဖြင့် ……..
@@@@@@@@@@@@@@
နှစ်ထပ်ဆောင် ဘုန်းတော်ကြီးကျောင်း၏ အောက်ထပ်တွင် ကျေးရွာသူ ကျေးရွာသားများ စုရုံးရောက်ရှိနေကြချေပြီ ….။ နောက်ထပ်လည်း တစ်ယောက်စ နှစ်ယောက်စ ကျောင်းအောက်ထပ်သို့ ဝင်လာနေကြသေး၏။ ရောက်ရှိနေပြီးသော သူများမှာ ဖျာများပေါ်တွင် ထိုင်သူထိုင် မတ်တပ်ရပ်သူရပ်များ ထွေရာလေးပါး သူ့အစု ကိုယ့်အစု ပြောဆိုနေကြသည်။ စိုက်ပျိုးပင်တွေအကြောင်း၊ ရာသီဥတုအကြောင်း စုံစီနဖာ ……..။
ကျောင်းအောက်ထပ် ကျောင်းတိုင်မှ တိုင်ကပ်နာရီကြီးမှ “ဒေါင်” ဟူသည့် မြည်သံတစ်ချက်ထွက်ပေါ်လာသည်။ နာရီလက်တံအတိုသည်ကား ခြောက်ဂဏန်းနှင့် ခုနှစ်ဂဏန်း နှစ်ခုကြား ၊ လက်တံရှည်ကား ခြောက်ဂဏန်းတည့်တည့်သို့ ညွှန်လျှက် ….။
@@@@@@@@@@@@@@@@@@
“ကဲ … ကဲ …. ငြိမ်ငြိမ်နေပေးကြပါ …. လူလည်း စုံသလောက်ရှိနေပါပြီ …. ထိုင်ပေးကြပါ … စကားမပြောကြပါနဲ့တော့ … ဆရာတော် ကြွလာပါတော့မယ်။ ကျေးရွာဥက္ကဋ္ဌကြီးလည်း နေရာယူပေးပါ။ ” ရွာဆော်ကြီး၏ အသံဝါကြီးကြောင့် ရွာသူရွာသားများ ထိုင်လိုက်ကြပြီး။ စကားသံများ တိတ်သွားလေသည်။ ကျေးရွာ ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များသည် ပရိတ်သတ်၏ အရှေ့ဆုံးတွင် နေရာယူထားကြပြီး။ ယင်းအရှေ့ တွင်ကား ဆရာတော် ထိုင်ရန် တရားဟော ပလ္လင်ရှိလေသည်။ ဆရာတော်ကြွလာသောအခါ အားလုံးက ရှိခိုး ဦးချကြလေသည်။
“ဒီနေ့ အစည်းအဝေးခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လိုအပ်လျှက်ရှိသော ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန် ကိစ္စဖြစ်ပါတယ်။ ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နိုင်ရန်အတွက် ကျောင်းဆောင်ဖြစ်မြောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းမှာပါ။ ပထမဦးဆုံး ဆရာတော်က ဆွမ်းစားကျောင်းဆောင်ဖြစ်မြောက်ရေးအတွက် နည်းမှန်လမ်းမှန်ဆောင်ရွက်နိုင်ရန် ဩဝါဒစကားကို မိန့်ကြားပေးမှာပါ။ ဆရာတော်ဘုရား ဆုံးမဩဝါဒစကားကို ဟောပြောပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။” ဟု ကျေးရွာဥက္ကဋ္ဌကြီးက ရွာသူရွာသားများအား အစည်းအဝေးခေါ်ယူရခြင်း ကိစ္စကိုရှင်းလင်းပြောပြပြီး ဆရာတော်ကို ဆုံးမဩဝါဒစကားကို မိန့်ကြားပေးရန် လျှောက်ထားလေသည်။
” ဒကာ ဒကာမတို့ ဘုန်းကြီးရဲ့ ကျောင်းမှာ ဆွမ်းစားကျောင်းဆောင်လေးတစ်ခု ရှိရင်တော့ ကောင်းတာပေါ့ကွယ်။ ဆွမ်းစားကျောင်းလေးရှိတော့ အစုအမှုကိစ္စတွေမှာ မိုးလုံလေလုံ ကျွေးရမွေးရတာပေါ့။ ကျောင်းဆောက်လုပ်လှူရခြင်းဆိုတဲ့ ကုသိုလ်ဆိုတာကလည်း နည်းတဲ့ ကုသိုလ်မှ မဟုတ်တာ…။ လှူခွင့်ကြုံလို လှူရတန်းရတာ အားရဝမ်းသာဖြစ်ကြပါ။ ဆွမ်းစားကျောင်းဆောင် ဖြစ်မြောက်ရေးအတွက်တော့ ဒကာကြီး ဦး့ကံမောင်က ရပ်ရွာလူကြီးဖြစ်တော့ ဦးဆောင်ပြီး ကြိုးပမ်းလိုက်ပေါ့။ ကျန်တဲ့လူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါ။ အခုဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ဖို့ကြိုးစားခြင်းဟာ ဘုန်းကြီးတို့ ရပ်ရွာအတွက် ကောင်းကျိုး တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ဆောင်ကြတာမို့ သာဓုခေါ်စရာ ကိစ္စမို့ ဘုန်းကြီး သာဓုခေါ်ပါတယ်။ ကျန်တဲ့ကိစ္စတွေတော့ ဒကာ ဒကာမတို့ပဲ တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ဆောင်ရွက်ကြပါ။ ဘုန်းကြီးကတော့ ဒီလောက်ပဲ ပြောချင်ပါတယ်။ ”
ဆရာတော်မှ ဆွမ်းစားကျောင်းဆောင်ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်ပြီး တိုတိုတုတ်တုတ်မိန့်ကြားကာ ပလ္လင်ထက်မှ ဆင်းပြီး သူ၏ အခန်းထဲသို့ ဝင်ရောက်သွားလေသည်။
“ကဲ …. အခုဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ ဘဏ္ဍာငွေရှာဖွေရေး၊ အဖွဲ့ဝင် စသဖြင့် စနစ်တကျဖွဲ့စည်းမှာပါ။ အားလုံးကလည်း ဆန္ဒပြုကြပါ။ တာဝန်ယူနိုင်တဲ့သူကလည်း မိမိနိုင်ရာ တာဝန်ကိုယူပေးကြပါ။ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီးတာနဲ့ အလှူငွေများ စတင်သတ်မှတ်မှာဖြစ်ပါတယ်” ကျေးရွာ ဥက္ကဋ္ဌ ဦးကံမောင်မှ ဦးဆောင်ပြီး အုန်းပင်ကျေးရွာ ဆွမ်းစားကျောင်းဆောင် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်လေသည်။ ပြီးနောက် ဆောက်လုပ်မည့် ဆွမ်းစားကျောင်းဆောင် ပုံကြမ်းကို လက်သမားဆရာကြီး ဦးမြင့်မှ ရှင်းလင်းပြီး ကုန်ကျစရိတ် အကြမ်းကိုလည်း တွက်ချက်ပြ၏။ ထို့နောက် ကျေးရွာအတွင်းရှိ အိမ်ခြေ နှစ်ရာနီးပါးခန့်အား တစ်အိမ်လျှင် ၅၀၀ဝကျပ်၊ ၄၀၀ဝကျပ်၊ ၃၀၀ဝကျပ်၊ ၂၀၀ဝကျပ် ဟု အတန်းအစားခွဲကာ အလှူငွေထည့်ဝင်ရန် သတ်မှတ်လိုက်တော့သည်။
@@@@@@@@@@@@@@@@@@@@@@
“ဥက္ကဋ္ဌကြီး ကျုပ်တို့ ရွာထဲက ကောက်ခံရရှိငွေနဲ့ ဆောက်လုပ်မဲ့ ဆွမ်းစားကျောင်းဆောင် ကုန်ကျစရိတ်က မလုံလောက်သေးဘူးဗျ။”
“အေးကွ … မြမောင်ရ … ငါလည်း သိတယ်…။ လိုအပ်နေတဲ့ငွေကို ဘယ်လိုရှာဖွေရမလဲဆိုတာ တွေးနေတာပဲ … ငါ့မှာ အကြံတစ်ခုတော့ ရှိတယ်။ ကော်မတီဝင်တွေကို အစည်းအဝေးခေါ်ပြီး ချပြမလို့ ဘုန်းကြီးကိုတော့ လျှောက်ထားပြီးပြီ ။ ဘုန်းကြီးကလည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့လို့ မိန့်တယ်ကွ”
“ဥက္ကဋ္ဌကြီးက ဘယ်လိုအကြံအစည်ရှိတာလဲဗျ … ရှင်းပြပါဦး ”
“ဒီလို … မြမောင်ရ …. ငါတို့ ဘုန်းကြီးကျောင်းရှေ့ ကလမ်းမကြီးရှိတယ်လေ …။ ကျောင်းရှေ့က ရေချမ်းစင်လေးဘေးမှာ မြေကွက်လပ်လေးလည်း ရှိနေတာပဲ။ အဲ့ဒီမြေကွက်လပ်မှာ အလှူခံမဏ္ဍပ်လေးဆောက်ပြီး မနက်ကနေ ညနေအထိ အလှူခံမယ်ကွာ..။ အလှူခံမှာ ဆုတောင်း ဆုပေးကတော့ ငါတို့အဖွဲ့က နာယကကြီးလည်းဖြစ် ပန်းတကာလည်းဖြစ်တဲ့ ဦးသာရင်ကို ဦးဆောင်ခိုင်းလိုက်မယ်ကွာ …။ အလှူခံဖို့အတွက် အသံချဲ့ စက်ကတော့ ရွာပိုင် စက်ကို သုံးကြတာပေါ့။ လျှပ်စစ်မီးကတော့ ဘုန်းကြီးကျောင်းကနေ သွယ်မယ်ကွာ။ ဒီလမ်းမကြီးက လူအမြဲရှိနေတာပဲ သွားရင်း လာရင်း လှူကြတန်းကြမှာပါ။ ”
” ဟား အကြံကောင်းပဲ ဥက္ကဋ္ဌကြီးရ …. အမြန်ဆုံးသာ အကောင်အထည်ဖော်လိုက်တော့ဗျာ ….. ”
ထိုသို့ဖြင့် ……………………….
############################
အုန်းပင်ကျေးရွာ၏ ရွာလယ် ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမကြီး၏ တစ်ဘက် ဇရပ်ငယ်နှင့် ရေချမ်းစင်လေးဘေးရှိ မြေကွက်လပ်တွင် သက်ကယ်မိုး ဝါးထရံကာ ယာယီတဲငယ်လေးတစ်လုံး ပေါ်လာတော့သည်။
တဲငယ်၏ အရှေ့မျက်နှာစာ အရှေ့အနောက်တွင် အရှည် ရှစ်ပေခန့်ရှိ ဝါးဖြူဝါးနှစ်လုံးကို စိုက်ထူထား၏။ ယင်းဝါးတိုင်ထိပ်နားမကျတကျတွင် လော်စပီကာနှစ်လုံးစီကို ကန့်လန့်အနေအထားဖြင့် ကြိုးဖြင့်တွဲချည်ထားသည်။ ယင်းဝါးတိုင်များ၏ အလယ်နားတွင် ဆောက်လုပ်မည့် ဆွမ်းစားကျောင်းဆောင် ပုံကြမ်းကို ကတ်ထူ စက္ကူပေါ်တွင်ရေးဆွဲခြယ်မှုန်း ချိတ်ဆွဲထား၏။ တဲငယ်အမိုးအနီးတွင် “ဓနသိဒ္ဓိ ဆွမ်းစားကျောင်း ဆောက်လုပ်ရန် အလှူခံ” ဟု ပိတ်စအဖြူပေါ်တွင် အပြာရောင်စာလုံးတို့ဖြင့် ဆင်ယင်ခြယ်သထားသည့် စာတန်းတစ်ခုကို အလျားလိုက်ချိတ်ဆွဲထားသည်။ တဲငယ်အတွင်းတွင် စီဒီစက်ငယ်တစ်လုံး၊ ကျောက်စက်ဟုခေါ်ကြသည့် အင်ဖလီဖိုင်းယားတစ်လုံး၊ မိုက်နှစ်လုံးကို ချထားသည်။ တဲရှေ့ လမ်းဘေးတွင် ခုံတန်းရှည်တစ်ခု ….၊ ယင်းခုံတန်းရှည်ပေါ်တွင် အလှူငွေထည့်ဝင်ရန် ငွေဖလားသုံးလုံး စီတန်းချထားသည်။
အုန်းပင် ဥက္ကဋ္ဌကြီး ဦးကံမောင်၏ အစီအစဉ် အကြံဉာဏ်ပေးမှုဖြင့် ပေါ်ပေါက်လာသည့် အုန်းပင်ကျေးရွာ ဆွမ်းစားကျောင်း ဆောက်လုပ်ရေးအတွက် အလှူခံ မဏ္ဍပ်ပင် ……။
@@@@@@@@@@@@@@@@@
“လင်းကြက်က တွန်သံသာယာ … ဟဲ့ ငညိုရာ ငနီရာ ထကြစမ်းပါ … အလုပ်အကိုင်ဆင်းဖို့ရာ….”ဟူ၍ တနည်း
“ဩကာသ ….ကျွီ …. ဂေါ် ……တူ ….. ဩကာသ …ကျွီ………..ကျိ…….ကျီ ….. ဩကာသ …. ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့် ” ဟူ၍ တစ်ဖုံ
“တ …. ဝေ …..ဝေ ….. ကြေးစည်သံလေး ပေးကာ ပေးကာ နှိုးဆော်ပါတဲ့ ငဘတို့ရွာ ကြက်သရေ မင်္ဂလာရှိလိုက်ပုံက လင်းရောင်ခြည်ဖြာ ဒီအချိန်ခါ လှူကြတန်းကြတာ ” တစ်ထွေ
လော်စပီကာ လေးလုံးတပ် အလှူခံ မဏ္ဍပ်မှ နံနက် သုံးနာရီ ထိုးသည်နှင့် စတင်လိုက်သည့် အသံ ……။
“သာဓု … သာဓု … သာဓု …. မင်္ဂလာမနက်ခင်းမှာ ခရီးသည်တစ်ဦးက တကယ်ပြတ်တဲ့ စေတနာနဲ့ အလှူငွေ နှစ်ရာကျပ်ကို လှူဒါန်းပါတယ် ခင်ဗျ … စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းရတဲ့ အကျိုးအားကြောင့် သွားလမ်းသာ လာလမ်းဖြောင့်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေခင်ဗျား ”
” အဟမ်း …. ကွီ …ကွီ….. ဂေါ် …… တူ …..ရွာအနောက်ပိုင်းက မောင်ဦး ….. ကွီ…..ကျွီ ….ဂေါ် ……အလှူခံ မဏ္ဍပ်မှာ ဧည့်သည် ရောက်နေပါတယ်။ ရောက်ရာအရပ်မှ အမြန်လာပါ။ ဂေါ် ….. ဂီ…..ကျွီ ……ရွာအနောက်ပိုင်းမှ ကိုမောင်ဦး အလှူခံ မဏ္ဍပ်မှာ ဧည့်သည်ရောက်နေပါတယ် ….။”
“အရှေ့အရပ်၌ ရှိသော အနန ္တစကြ်ာဝဠာ အနန ္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ … ”
“ကန်ပတ်လည် ခရေရိပ် … ရွာထိပ်က ကျောင်းတော်သာ နဘေးဝယ် …………………..” စသဖြင့် ….
နံနက် မိုးသောက် အလင်းမရောက်မှီကတည်း စတင်လိုက်သည့် အလှူခံ မဏ္ဍပ်မှ အသံချဲ့ စက်မှ အသံဗလံများသည် နေဝင်မိုးချုပ်အထိ ကြားနေရတော့သည်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$
“ကိုသာရင်ရ … ခင်ဗျားပေးနေကျ ဆုပေးလေး လုပ်ပေးပါဦးဗျ…။ ကျုပ် ခဏခဏကြားရပေမဲ့ မမှတ်မိဘူး ဖြစ်နေသေးလို့ပါ။ ပြီးတော့ ခင်ဗျားက ပန်းတကာလည်း လုပ်နေတဲ့သူဆိုတော့ အသံကလည်းကောင်းတော့ နားထောင်ရတာ ပီတီဖြစ်သဗျ … ဟိုကောင် ဘိုးနီကတော့ ဆုပေးချင်တာလည်း သူ့အပြင်မရှိဘူး … ပေးလိုက် ဆိုလိုက်ရင်လည်း တလွဲတွေချည်းပဲဗျို့”
” ခင်ဗျား ပြောသလောက်လည်း မဟုတ်သေးပါဘူး ကိုလှမောင်ရယ်….။ မိုက်နဲ့ ဟဲရင် အသံကို ထိန်းတတ်ရတယ်ဗျ … အပြင်မှာ ပြောတဲ့ ဆိုတဲ့အတိုင်း ပြောလို့ မဖြစ်ဘူးရယ်…။ ပြီးတော့ ခံတွင်းရှင်အောင်လည်း ဂရုစိုက်ရတယ်… အရင်ကဆို မိုက်မရဲလို့ ရွာနောက်ပိုင်းက ငထွန်းရဲ့ ဘုံဆိုင်မှာ တစ်ခွက်တစ်ဖလား ဝင်ပြီး ရဲဆေးတင်ရသေးတာ… အခုနောက်ပိုင်းတော့ မိုက်နဲ့ အထာကျလာပါပြီဗျာ…”
” အင်းဗျ … ကိုသာရင်ရ ကျုပ်ဆို ဒီမိုက်ကြီးကို စကိုင်ကာစက လက်တွေတုန်နေတာရယ်… အို လက်တင်တုန်တာ မဟုတ်ပါဘူးဗျာ … တစ်ကိုယ်လုံးကို တုန်နေတာ နတ်ပူးသလိုကို ဖြစ်နေတာရယ်… ဇောချွေးတွေကလည်း ပျံနေတာ ရေချိုးထားသလား မှတ်ရတယ်။ အခုတော့ နည်းနည်း ကျင့်သားရလာပါပြီလေ…။ ကျုပ်တို့လို မိုက်ရဲတဲ့ လူတွေ ပေါလာလို့ တော်သေးတာပေါ့…။ နို့မိုဆို ဒီအလှူခံ မဏ္ဍပ် ဘယ်လို အလုပ်ဖြစ်ပါ့မလဲ။ အခုဆို တစ်ရက်တစ်ရက် အလှူခံရငွေက မနည်းဘူးနော…။ တစ်ရက် ရှစ်ထောင် တစ်သောင်းဆိုတဲ့ အလှူငွေက ဘယ်လို ရှာလို့ ရနိုင်ပါ့မလဲဗျာ…”
အလှူခံမဏ္ဍပ်အတွင်းမှ အလှူခံအတွက် တာဝန်ယူထားကြသည့် ပန်းတကာ ဦးသာရင်နှင့် အဖွဲ့သားတို့၏ ထွေရာလေးပါးပြောနေကြသည့် စကားများပင် ……..
@@@@@@@@@@@@@@@@@@@
“ဒီအလှူခံ မဏ္ဍပ်က အသံချဲ့စက်နဲ့တော့ ဒုက္ခပါပဲကွာ ….။ မနက်သုံးနာရီပဲ ရှိသေးတယ်။ အလှူခံ မဏ္ဍပ်က အသံချဲ့စက်က ဖွင့်ပြီ။ ဘုရားရှိခိုးရင်လည်း ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ရှိခိုးပါလား။ အခုတော့ အသံချဲ့စက်ကြီးဖွင့် မိုက်ကြီးနဲ့ ရှိခိုးနေတော့ မခက်လား။ သူတို့က ဘာအရေးလဲကွာ။ ဘာအလုပ်မှ လုပ်စရာ မလိုတော့တဲ့ သူတွေ … ငါတို့က မိသားစု စားဝတ်နေရေး ရုန်းရ သာရေး နာရေး ရပ်ကြေး ရွာကြေး ထမ်းရ …. မနက်တင်လားဆိုတော့ မဟုတ်ဘူး တစ်နေကုန် သာဓုဗျ … သာဓုဗျ … သာဓု … ပုပ္ပ မုံစ ပရစေတနာ သုံးတန်ဖြာက မနားဘူး ဟော … ဖြတ်သွားဖြတ်လာ လှူမယ်တဲ့သူ မရှိပြန်တော့လည်း … ဦးမိုက်ခဲကြီးတို့အဖွဲ့က ပြောကြဆိုကြ ဟဲကြနွဲကြနဲ့ နားမခံသာဘူး။ ဟူးးးး ပြောပြန်ရင်လည်း ငါ့တို့ကို အကုသိုလ်ကောင် … အဘိဇ္ဇာပွားတဲ့ကောင်လို့ ပြောကြဦးမှာပါ။ ခံဦးဟေ့ …. ခံလိုက်ဦးဟ …. ဓနသိဒ္ဓိဆိုတဲ့ ဆွမ်းစားကျောင်းဆောင်ကြီး မပြီးသေးသရွေ့ မိုက်ခဲကြီးတွေရဲ့ ဒဏ်ကို ခံပေဦးပေါ့လေ…..။”
ဤကား အုန်းပင်ကျေးရွာမှ ကျေးရွာသူ ကျေးရွာသားတို့၏ တူညီသော ငြီးငြူသံများပင် ဖြစ်ပေသည်။
အကယ်၍များ သင်သည် အုန်းပင်ကျေးရွာသို့ ရောက်ခဲ့သည်ရှိသော် ရွာအလယ် လော်စပီကာ လေးလုံးတပ်ထားသည့် အလှူခံမဏ္ဍပ်မှ မိုက်ခဲကြီးများက ကြိုဆိုနေပါလိမ့်မည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
ထွန်းဝင်းလတ်
4 comments
Tawwin Pan
September 5, 2016 at 10:28 am
မနှစ်က ယုဇန ဘက်ကိုသွားတော့ သာကေတအကျော် တောင်ဒဂုံဘက်လား မပြောတတ်ဘူး။ အဲဒီဘက်က မှတ်တိုင်တခုနားမှာ ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင် အလှူခံမဏ္ဍပ်(၂)ခုအပြိုင်အဆိုင် အလှူ ခံနေကြတာ လိုင်းကားပေါ်က ခဏကြားရတဲ့ကိုယ်တောင် မခံနိုင်ဖြစ်နေသေးတာ။ အဲဒီရပ်ကွက်ထဲနေတဲ့သူတွေများ ဘယ်လိုနေကြမလဲမသိ။ ဒါတောင် တရားပွဲလုပ်မယ့်အလှူ ခံနော်။
အခုလည်း ရေဘေးအတွက် အလှူဆိုပြီး ဂုံးကျော်အောက်မှာ မိုက်တွေခဲတဲ့သူကခဲ၊ ရပ်ကွက်တွေထဲ ကားကြီးတွေနဲ့လှည့်ပြီး မိုက်ခဲနေတဲ့သူနဲ့..ပြောရင်ကိုယ်တွေကပဲ အကုသိုလ်ကောင်ကြီးတွေဖြစ်မယ့်ကိန်း………သူတို့လေးတွေရဲ့ ပရဟိတစိတ်ဓါတ်နဲ့ လုပ်နိုင်တာတော့အားကျပါရဲ့။
ဝင့်ပြုံးမြင့်
September 6, 2016 at 12:00 pm
မဂဇင်း ဝတ္ထု တို တစ်ပုဒ် ဖတ်ရသလိုပဲ။ အရေးအသားက ဒီလောက်ညက်နေတာ။
အရင်ကကျော်စွာဦးကြီးမိုက်
September 8, 2016 at 11:26 am
ကျုပ်တော့ မိုက်ခဲကြီးတွေရဲ့ ဒဏ်ကို မခံနိုင်ဘူးဗျို့
တစ်ရက်ကအိမ်ရှေ့ကို လော်သံအသားကုန်အော်ပြီးအလှူခံလာတယ်…ကျုပ်ထွက်ကြည့်ပြီးအသံလျော့ဖို့ပြောတော့..မိုက်ကြည့်ကြည့်သွားသဗျ…ကျုပ်တော့နားညီးတဲ့အလှူခံဆိုလှူကိုမလှူဘူး :))
ဇီဇီခင်ဇော်
September 16, 2016 at 12:30 pm
နာ့ အကို ရေးလက်က အတော်ကောင်းတာခည။
ဖတ်ရတာ ချောနေတာပဲ။
🙂