US သို့ ပေးစာ
US သို့ ပေးစာ
_______________________________
ရွာက သူကြီးတစ်ယောက် အမေရိကားဆိုတဲ့တိုင်းပြည်ကြီးကို ထွက်သွားလိုက်တာ ကြာပေါ့။
အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်မှာလည်း ပြောင်းလဲမှုတွေရော မပြောင်းလဲသေးတာတွေရော အသီးသီး အသက အသက ပေါ့။
ကျုပ်တို့ သူကြီးကို သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တစ်လက်စတည်း ကျုပ်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေထဲက တချို့ကိုလည်း ပြောပြရအုန်းမယ် သူကြီးရေ။
—————————————
ကျုပ်တစ်ယောက်. . .
ပုဂံ-ညောင်ဦးဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီးတစ်ခု ထွက်ဖြစ်ရာက…စတဲ့ ပြဿနာ ဆိုပါစို့။
ဒီခရီးစဉ်ဟာ လေ့လာရေး ခရီး မဟုတ်ဘူးလို့ ပြောလို့ ရသလို…လေ့လာရေး ဟုတ်တယ် လို့လည်း ပြောလို့ ရနေပြန်ရော..။ ဘာကြောင့်ဆို…
မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာကလေးတွေဆီ သွားပြီး… အဲ့ဒီရွာတွေထဲက တချို့ရွာတွေကို ဆိုလာစနစ်သုံးတဲ့
လျှပ်စစ်မီး ပေးနိုင်အောင်…ရွာတွေရဲ့အခြေအနေ/ ရွာရှိလူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ အခြေအနေ/အရှိတရားတွေကို
ကိုယ်တိုင် ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူကြတဲ့ ခရီးမို့… အလုပ်သဘောအရ သွားရင်းလာရင်းနဲ့ကိုပဲ… အဲဒီ ရွာတွေရဲ့ အခြေအနေကို လေ့လာကြည့်မိလျက်သား ဖြစ်သွားရောလေ။
ပုဂံ-ညောင်ဦး မြို့ထဲကနေ ကျောက်ပတောင်းမြို့ဘက် သွားတဲ့လမ်းပေါ်က ဖဲ့ဆင်းပြီး အစစအရာရာ ချို့တဲ့လှစွာသော ရွာတချို့ဆီကို ရောက်သွားတဲ့အခါမှာတော့…
မြို့ပြနဲ့ လုံးလုံးလျားလျား ကွဲပြားလှတဲ့ ကျုပ်တို့ တိုင်းပြည်ရဲ့ အရှိတရားကို ဘွားခနဲ တွေ့လိုက်ရပါတော့တယ်။
ဆင်းရဲ မွဲတေမှု ဆိုတဲ့စကားလုံးထက်… ဆိုးတာ ဘာရှိဦးမလဲ။
ကျုပ် တွေ့လိုက်ရတာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုနဲ့ အသိ/ပညာပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုဆိုတဲ့
အရာနှစ်ခုပေါင်းထားလို့ ထွက်လာတဲ့ ရလဒ်တွေပဲ ဖြစ်မယ်။
မြင်မြင်သမျှဟာ မပြည့်စုံမှု ၊ ပြီးတော့ မျှော်လင့်ချက်အရိပ်အရောင်လေး ခပ်ပါးပါးလျလျ လွှမ်းအုပ်ထားရတဲ့ မွဲပြာကျနေတဲ့ မျက်နှာများ…ခန္ဓာကိုယ်များ… မိသားစုများ…
အိမ်များ…ရွာများ…
ရွာတော်တော်များများ(တော်တော့်ကို ခပ်များများ)ဟာ လူမှုဘဝရဲ့ အခြေခံအကျဆုံးသော လိုအပ်ချက်သေးသေးကလေးတွေကစ…
ကြီးကြီးမားမားတွေအထိ…ချို့တဲ့နေကြတုန်းပဲ။
လျှပ်စစ်မီး မရှိ…၊ စိတ်ချလက်ချ အသုံးပြုစရာ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိ၊ လုံခြုံသော နေရာထိုင်ခင်း မရှိ၊ လုံလောက်ပြည့်စုံသော အစာအာဟာရ မရှိ၊ လိုရာ ရောက်သော လမ်း မရှိ၊
ထိရောက်၍ အသုံးကျသော ပညာ/ အသိ… မရှိ… မရှိ မရှိ မရှိ. . .
အဲ့ဒီ ရွာစဉ်တလျှောက်မှာ ရှိတာကတော့ တစ်ခုပဲ…။
အဲ့ဒါ တစ်ခုကတော့ ပေါပေါများများကြီး ရှိနေလေရဲ့။
အဲဒီ ပေါများစွာ ရှိနေတဲ့ အရာကတော့…. ”မရှိခြင်း”။
မရှိခြင်းတွေနဲ့ပဲ
လူ့အဖွဲ့အစည်း အစုအစုတွေ တည်ဆောက်ထားကြပါလား…ဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့အခါ… ကိုယ့်တိုင်းပြည်ရဲ့ ပကတိ အရောင်အသွေးကို စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်မိပါရဲ့။
သေချာတွေးကြည့်ရင်…
လူ့အခွင့်အရေး အပြည့်အဝ ရကြပါတယ်ဆိုတဲ့…တခြားတိုင်းပြည်တွေ…
(ဆင်းရဲမွဲတေမှု စာရင်းစာမျက်နှာ ပြင်ပမှာ ရှိနေတဲ့ အထက်တန်းစား တိုင်းပြည်တွေ)ဆီက
တိုင်းသူပြည်သားတွေနဲ့ နှိုင်းယှဉ်လိုက်တော့… ကျုပ်တို့ မြန်မာပြည်ဟာ အတော်လေးကို အရောင်အဆင်း မဲ့နေပါလား။ အနှစ်သာရ မဲ့နေပါလား။
အော်… ကိုယ့်တိုင်းပြည်ထဲက တချို့နေရာတွေမှာ… ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ စကားလုံးနဲ့ ဘာမှ မသက်ဆိုင်တဲ့ အခြေအနေတွေအတိုင်း ရှိနေဆဲပါလား….လို့…
သွားရင်း၊လာရင်း တွေးလာလိုက်တာ။
ကျောက်ပတောင်းနဲ့ ညောင်ဦးကြားက ဗျတ္တ ပန်းဆက်လမ်း ဆိုတဲ့ လမ်းထဲကနေ ပုပ္ပားတောင်ခြေတဝိုက်က ရွာတွေဘက် သွားမိတော့မှ….
ဟာခနဲ ဟင်ခနဲ ဖြစ်သွားရတဲ့အထိ… မြင်ကွင်းတွေက ထိခိုက်နင့်နဲစေပါရဲ့။
အဲဒီ Byat Ta Pan Sat Rd ဟာ ကျောက်ပတောင်း <–> ညောင်ဦး လမ်းနဲ့ ကျောက်ပတောင်း <–> မြင်းခြံလမ်း ကို ကန့်လန့်ဖြတ် သွားတဲ့လမ်းကြီးပါ။
ပုပ္ပားတောင်ခြေ(ကျောက်ပတောင်း-မြင်းခြံလမ်းနားအထိ)ဆိုရင် ၁၄ မိုင် စွန်းစွန်း ရှည်လျားတဲ့ လမ်း။ အဲ့လောက် လမ်းအရှည်အလျားအတွင်းမှာ မယုံနိုင်စရာ မြင်ကွင်းအဖြစ် ရှိနေတာတွေကတော့
‘သူတောင်းစား’တွေပါ။
တကယ့်ကိုပဲ…လမ်းဘေး ဘယ်/ ညာတလျှောက် လက်ဖြန့်ပြီး ပိုက်ဆံတောင်းနေတဲ့ သူတောင်းစားတွေပါ။
လမ်းလျှောက်တတ်တာမှ မကြာသေးတဲ့ ကလေးငယ်လေးတွေလည်း ဟိုဟိုဒီဒီ ပြေးလွှားပြီး
တောင်းနေကြတယ်။ လမ်းမလျှောက်တတ်တဲ့ကလေးတွေကို ခါးထစ်ခွင်ထားတဲ့ အမျိုးသမီး ကြီးကြီးငယ်ငယ် ရွယ်ရွယ်တွေကလည်း တန်းစီပြီး လက်ဖြန့်နေတာပဲ။
အဖိုးကြီး အဖွားကြီးတွေကတော့ ပိုများတယ်။
အဲဒီလို သက်ကြီးရွယ်အိုတွေနဲ့ မစွမ်းမသန်တွေ ကြားမှာ သန်သန်မာမာ ယောကျာ်းရင့်မာ လူငယ် လူရွယ်တွေကပါ… ရပ်ပြီး လက်ဖြန့်နေတာ တွေ့ရတော့ အတော် အံ့ဩမိတယ်။
အဲဒီ လမ်းကိုမှ ဖြတ်သွားမိတဲ့ ကျုပ်တို့ ကားပေါ်မှာ ကျုပ်အပြင် နောက်ထပ် နိုင်ငံခြားသား ၂ယောက်နဲ့ တိုင်းရင်းသား ၁ယောက် လိုက်ပါလာတာပါ။
ကျုပ်တို့ အားလုံး ပါးစပ်အဟောင်းသားကို
ဖြစ်လို့။ နိုင်ငံခြားသားတွေအတွက်လည်း… ဒီလောက်များတဲ့ သူတောင်းစားတွေ တန်းစီနေတဲ့ မြင်ကွင်းဟာ …ထူးထူးခြားခြားကြီးကို ဖြစ်နေတော့တာမို့…သူတို့လည်း ကင်မရာတွေနဲ့ ပုံရိပ်တွေကို တဖျတ်ဖျတ်
ရိုက်ယူ သိမ်းဆည်းနေလေရော..။
ကျုပ်ဖြင့် မျက်နှာပူလိုက်တာ။
ဒီလောက် လူတွေ အများကြီး ထွက်တောင်းနေတာကို မြင်ရတာ…
အဲ့ လမ်းတလျှောက်မှာ တစ်မိုင်အတွင်းမှာ တစ်ရွာ ရှိတယ်ထား။ ၁၄ မိုင် ဆိုတော့ ၁၄ ရွာပဲ ထား။ မြင်ရသလောက်တော့
ထွက်တောင်းနေတဲ့လူ ဦးရေဟာ အတော်ကြီးကို များနေသမို့ ရွာလုံးကျွတ်တွေများ ထွက်တောင်းနေကြသလား ထင်ရပါတယ်။
ကြည့်လေ…တစ်ဖာလုံလောက်အကွာအဝေးအတွင်းမှာကို တောင်းနေတဲ့သူက
ဆယ်ယောက်လောက် ရှိတယ်။ ၁၄ မိုင်လောက် ရှည်တဲ့ လမ်းတောက်လျှောက်…ဘယ်လောက်များမလဲ… တွက်သာ ကြည့်ပေတော့ပေါ့။
နိုင်ငံခြားသားတွေက ”ဒါ ဘာပွဲလဲ…ဘာအထိမ်းအမှတ်ရှိလို့…လူတွေ ဒီလောက်များနေတာလဲ” ဆိုတဲ့မေးခွန်းကို မေးတော့… ကျုပ်က… ပုပ္ပားတောင်ပေါ်ကို လာကြတဲ့သူတွေတော့ ရှိတယ်။
တောင်ပေါ်မှာ ပွဲတစ်ခုခု ရှိလိမ့်မယ်…လို့…ပြန်ဖြေလိုက်ပေမယ့်… အမှန်တော့ ဒီအဖြေဟာ…ပြည့်စုံ လုံခြုံတဲ့ အဖြေ မဟုတ်တာ သိပါတယ်။
ဘုရား ဘုရား!!! ဒီလောက်များတဲ့ သူတောင်းစားတွေကို ကြည့်ပြီး…
မြန်မာပြည်ထဲမှာ ”သူတောင်းစားပွဲတော်”ကျင်းပနေကြတာ…လို့များ … ဒီနိုင်ငံခြားသားတွေ… စိတ်ထဲ တွေးလိုက်ကြပြီလား မသိ။
ဒုက္ခ။
ကျုပ်တွေးမိတာတော့ အဲ့လောက်များတဲ့ ဒေသခံတွေဟာ အလုပ် မည်မည်ရရ မရှိကြတော့ဘူးလား။ လမ်းပေါ် ထွက်တောင်းတာထက် ကောင်းတဲ့အလုပ် မရှိကြတော့ဘူးလား။ မြို့ကြီးပြကြီး မဟုတ်တဲ့ မြန်မာပြည်ရဲ့ တောနယ်ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အဲ့သလောက်ကြီး ရှားပါးနေပြီလား။
ဘာကြောင့်လဲ။
ဒီအခြေအနေတွေဟာ အရင်ကတည်းက ရှိခဲ့တာလား။ အခုနှစ်တွေကျမှ ဖြစ်လာတာလား။ အရင်ကတည်းက ရှိတာ ဆိုရင် အခုထိ ဘာလို့ ဆက် ရှိနေတာလဲ။
အခုမှ ဖြစ်လာတာဆိုရင် ဘာလို့ ဖြစ်လာတာလဲ။ ဘာကြောင့်လဲ။
မေးခွန်း?ပေါင်းများစွာနဲ့ ကျုပ်အတွေးထဲ အခြေခံအကြောင်းရင်းကို ရှာနေမိတယ်။
မှားနေပြီ။ တစ်ခုခုတော့ မှားခဲ့ပြီ။ ကျုပ်တို့ တိုင်းပြည်မှာ ဘာက မှားခဲ့ မှားနေသလဲ ဆိုတာကို . . . .ဘာ့ကြောင့် ဆိုတာကို. . .
ကျုပ်ဉာဏ်လေး တစ်လက်မလောက်နဲ့ သေချာ တွေးလို့ မရတဲ့အဆုံးမှာ. . .
ကျုပ် ဒီစာကို ချရေးမိတော့တာပါပဲ သူကြီးရေ။
ပုံ/ ရွာက သာအေး
_______________________________
သင့်အေးရိပ်
၂၀၁၆၊ အောက်တိုဘာ ၁၂ ရက်
7 comments
ဦးကြောင်ကြီး
October 12, 2016 at 10:22 am
ဆင်းရဲခြင်းဟာ ရောဂါလို ဆိုကြသလေ။ ငွေဆိုတဲ့ ဆေးဝါးကလည်း ရှား…။ ဒါနဲ့ အဲဒီဖက် မဘသ ပေါတယ် မဟုတ်လား။။ သူတို့ပင့်ကုခိုင်း..
Thint Aye Yeik
October 12, 2016 at 10:33 am
မဘသကို မထိနဲ့
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
သူတို့ဘာသာ သူတို့တောင် မနည်း အသက်ဆက်နေရရှာတာ
ယဲ့ယဲ့ပဲ ရှိတော့တာကို
:k:
kai
October 12, 2016 at 3:44 pm
သတင်းစာထဲထည့်သုံးလိုက်ရင်တော့.. တော်တော်ဆူသွားမှာပဲ..။
အဖြေက ရှိပါတယ်..။
ကိုရင်တို့တတွေ.. ခရီးသွားပြီး.. ဆိုလာဂွင်သွားရှာနေတာကိုက… မှားနေတာလေ..။
ဘယ်နှယ်..
ဧရာဝတီမြစ်ကြီးငုတ်တုတ်နဲ့…။
စနစ်ကြောင့်မဟုတ်..။ :k:
Thint Aye Yeik
October 12, 2016 at 4:03 pm
အဲ့မြစ်ဆုံကိုသာ လုပ်ခွင့်ပေးလိုက်ကြည့်
ဘွားဒေါ် အစိုးရ လုပ်တော့မှပဲ ငါတို့ရဲ့မိခင်ဧရာဝတီကြီး တရုတ်လက်ထဲ ရောက်တော့တယ်ဟဲ့ဆိုပြီး
ဘွားဒေါ်ကို ကန့်ကွက်ဆန္ဒတွေ ထွက်ပြနေကြမှာနဲ့တင် အလုပ်ပျက်အကိုင်ပျက်တွေဖြစ်ပြီး ငတ်ကြ
ထပ် တောင်းစားကြရ ဖြစ်မှာက အရင်. . .
မြစ်ဆုံ စီမံကိန်းကြောင့် ရမယ့် အကျိုးရလဒ်က နောက်. . .
:k:
kai
October 12, 2016 at 4:10 pm
စနစ်ကြောင့်မဟုတ်.. ဆိုတာ.. အဲဒါကိုပြောတာ..။
ဒါပေမယ့်..
မြစ်ဆုံစီမံကိန်းပြီးလို့.. အိမ်က မီးခလုပ်နှိပ်တိုင်း…
လျှပ်စစ်မီးတွေထိန်ထိန်လင်းလာရင်တော့.. ပါးစပ်တွေပိတ်ကုန်မှာပဲလို့.. ထင်..။
အမှောင်ထဲနေရသူတွေက.. အလင်းရတဲ့အခါ.. ထိတ်လန့်စွာ.. လက်ခံပြောင်းတတ်ပါကြောင်း..။ :k:
ကထူးဆန်း
October 14, 2016 at 5:37 pm
သူကြီးး သတင်းစာထဲ ထည့်လိုက် ရင် မတက် ရဆိုပြီး ခဏ လိုက်ဖမ်းပြိးနောက် ပြန်ဖြစ်မှာဘဲ ..အဲ့ အကြောင်းဖတ်ရတာ ခဏ ခဏ … ထူးမခြားနား
အလံထောင် တာတွေ တော့ ပြည်သူ့ အစိုးရ ထိရဲ မယ်မထင် …
အဲ့ လမ်း ပေါ်က လူ တွေက သနားပါတယ်နဲ့ ကုသိုလ် ရတယ် ဆိုတာက နေ စတဲ့ ဇတ်လမ်း ဆိုတော့
အဲ့ဇတ်လမ်း ပြတ်ဖို့ က မသနားတတ်မှ ကုသိုလ် မလို ချင်မှ ဥပက္ခော ပြု နိုင်မှ ပြတ်မဲ့ အဖြစ် …………
Thint Aye Yeik
October 14, 2016 at 7:54 pm
ကုသိုလ် မလိုချင်မှ ဥပေက္ခာ ပြုနိုင်မှ ဆိုတာကို သဘောတူတယ်။
(ဒါကြောင့် စိမ်းထားမယ်နော်)
ကျနော်တို့ ကားက မလွှဲသာလို့ ရပ်လိုက်ရရင်တောင် ကားပြတင်းပေါက်မှန်ကို လုံးဝ မချ။
မလှူဘူး။ လုပ်စားနေမှန်း သိနေတာရော။ လွယ်လွယ် လှူနေသူတွေ ရှိလို့ လွယ်လွယ် တောင်းနေကြ
အလှူခံနေကြတာကို တွေးမိလို့။
လှူတဲ့သူတွေကတော့ ကားတွေကို ပိတ်ရပ်ပြီး အားရပါးရကို လှူကြတာ။
ပုပ္ပါားတောင်ကို လာတဲ့ ဘုရားဖူး ဆိုတဲ့အဖွဲ့တွေ အလှူဆုံး။ ကားတွေ ရပ်ပြီး အမျိုးတွေ တွေ့သလို လုပ်နေကြတာ။
ဆိုတော့ သူကြီး ပြောပြောနေတဲ့စကား မှန်တယ်ဗျ။
စနစ်ကြောင့် မဟုတ်ဘူး။
စနစ်နဲ့ မဆိုင်ဘူး