ပင့်ကူ အမှုဆန်း – အပိုင်း (၂)
ဖေဖော်ဝါရီ ၂၈၊ တနင်္လာ
မနေ့ညက ဒီကိုရောက်တယ်။ တကယ်က ဒီနေ့မှ ပြောင်းဖို့ကို မနေ့ တနင်္ဂနွေနေ့ညကတည်းက မထူးပါဘူး ဆိုပြီး တစ်ခါတည်း ရွှေ့လာတာ။ ပစ္စည်းက ခရီးဆောင် အိတ်နှစ်လုံးစာ။ ကိုယ့်ရှိတာလည်း ဒါအကုန်ပါ။ အခန်း ရောက်တော့ ပစ္စည်းလေးတွေ နေရာချတန်တာချ။ အိပ်ယာတန်းဝင်။ အိပ်လို့ကောင်းလိုက်တာ။ ကိုးနာရီထိုး၊ ဒေါ်အုန်းနွယ် တံခါးလာခေါက်မှ နိုးတယ်။ မနက်စာ လာပို့တာ။ ကြီးတော် ခမျာ ကျွန်တော့်ကို အရေးတယူနဲ့ ဂရုစိုက်ရှာပုံရပါတယ်။ မနက်စာက ကြက်ဥကြော်၊ ထမင်းကြော်နဲ့ ကော်ဖီ။ ကော်ဖီ သိပ်ကောင်း။ မျက်နှာသစ်၊ အဝတ်လေးလဲ၊ မနက်စာစားပြီးတော့ တည်းရိပ်သာက ကောင်လေး အခန်းသန့်ရှင်းရေး လုပ်တုန်း ဆေးလိပ် တစ်လိပ်ဖွာတယ်။
ကဲ..ဒီမှာတော့ ရောက်နေပြီ။ နည်းနည်းတော့ အန္တရာယ် ရှိသလိုပဲ။ ဒါပေမဲ့..တကယ် တိတိကျကျ သေသေချာ ချာသာ ဒီ ခပ်ဆန်းဆန်းအမှုကို ဖြေရှင်းနိုင်ရင် နာမည်ကျော်ဦးမှာပဲ။ နာမည်ကျော်ဖို့ဆိုတာလဲ လွယ်လွယ်နဲ့ တော့ ဘယ်ရမလဲ။ အခွင့်အရေးလေး ရတုန်း ကြိုးစားမှ။ တခြားသူများလည်း ဒီအခွင့်အရေး လိုချင်တာပဲ။ သူတို့မရဘူး။ ကျွန်တော်ရတယ်။ ဘာဖြစ်လို့တုန်း။ ကျွန်တော်က တကယ်တိကျ စေ့စပ်တဲ့ အဖြေတစ်ခု ပေးနိုင် မဲ့သူ မို့လို့ပေါ့။ ဟုတ်ပါတယ်..ဒါက ဖိန့်လုံးသက်သက်ပါ။
ဦးဆုံး ဒေါ်အုန်းနွယ်ကို သွားကပ်ရတယ်။ ဒီလို ဒီပုံ လုပ်ရင် ဘယ်လို ဘယ်ပုံ ဖြစ်နိုင်တယ် ဘာညာပေါ့။ သူက ရဲစခန်း ခေါ်သွားပြီး ရဲအုပ်ကြီး ဦးလှဖြိုးနဲ့တွေ့ပေးတယ်။ ခပ်အင်အင်ပေါ့။ တစ်ပတ်လောက် ရဲစခန်းကို နေ့တိုင်း သွားထိုင်။ အခွင့်အရေးရရင် ကိုယ့်အကြံအစည်လေးတွေ ပြော။ နောက်တော့ ရဲအုပ်ကြီးလည်း စဉ်းစားဦးမယ် ဖြစ်ရော။ ကျန်တဲ့လူတွေတော့ ကိုယ့်လောက် ဇွဲမကောင်းလို့ ပြေးကြရော။ တစ်ပတ်နေတော့ ရဲအုပ်ကြီးက ပြောင်ပြောင်ပဲ ငြင်းတယ်။ မရဘူး။ မဖြစ်နိုင်ဘူး တဲ့။ ကျွန်တော်လည်း ဇွဲမလျှော့ဘူး။ ဉာဏ်နီ ဉာဏ်နက် အကုန် ထုတ်။ ကြံကြီးစည်ရာတွေ လျှောက်ပြော။ အမယ်..ကိုယ့်ဟာကိုယ်တောင် အံ့ဩတယ်။ ဒီလို ဉာဏ်မျိုးထွက် တာ။ ရဲအုပ်ကြီးက တကယ်တော့ တုံးတဲ့၊ အတဲ့လူတော့ မဟုတ်ဘူးဗျ။ ကိုယ့် ပေါက်ကရ အကြံဉာဏ် ကိုယ့် ဟာကိုယ်တောင် သေချာနားလည်တာ မဟုတ်ဘူး။ သူက ကိုယ့်ထက် ဉာဏ်ကောင်းလို့၊ အတွေ့အကြုံ၊ အဆင်ခြင်ကောင်းလို့လား မသိဘူး ကိုယ်ပြောတာထက် ပိုမြင်ပုံရတယ်။ နောက်ဆုံး ခွင့်ပြုပေးလိုက်တယ်။ လိုအပ်တာလေးတွေလည်း စီမံပေးပါတယ်။ ဒေါ်အုန်းနွယ်ကိုလည်း ကျွန်တော်လိုအပ်တာလေးတွေ ပေးဖို့ သူက မှာသေးတယ်။ အခန်းခလည်း ပေးစရာမလို။ စားတာသောက်တာလည်း အခမဲ့။ သက်တောင့် သက်သာ ပါပဲ။ အခန်းထဲမှာလည်း ရဲစခန်းတိုက်ရိုက်ခေါ်လို့ရတဲ့ ဖုန်းတစ်လုံး တပ်ပေးထားသေးတယ်။ ရဲစခန်းကလည်း ဝေးတာမဟုတ်။ ကဲ..ဒီလိုဆိုတော့ ဘာများ လန့်စရာ ရှိမလဲ။
မတ် ၁၊ အင်္ဂ ါ
ဘာမှ မဖြစ်ဘူး။ မနေ့ကရော၊ ဒီနေ့ရော။ ဒေါ်အုန်းနွယ်က လိုက်ကာကြိုးတစ်ချောင်း ယူလာပေးတယ်။ အဘွားကြီးက အရေးရှိတိုင်း ကျွန်တော့်အခန်းကို သူကိုယ်တိုင်လာပါတယ်။ လာတိုင်းလည်း စားစရာ၊ သောက်စရာ တစ်ခုခုတော့ ယူလာတတ်တယ်။ လူသေမှုအကြောင်းတွေလည်း သူသိသမျှ အသေးစိတ် ပြောပြတတ်သေးတယ်။ ကျွန်တော်သိထားတာထက် ဘာမှ ထူးခြားတာတော့ မပါဘူး။ အဲဒီအမှုတွေပေါ် မှာလည်း သူ့အမြင်လေးတွေတော့ ရှိတန်သလောက် ရှိတာပေါ့လေ။ ဇာတ်မင်းသား ခမျာမှာ အချစ်ကိစ္စ ဇာတ်လမ်းလေး တစ်ခုရှိခဲ့ဘူးသတဲ့။ ပျော်စရာနဲ့ ဇာတ်သိမ်းတာမျိုးတော့ မဟုတ်ဘူး။ ဟို အရင်နှစ်တွေတုန်းက ကလေးမ တစ်ယောက်နဲ့ အမြဲလာတာပဲတဲ့။ ဒီနှစ်တော့ မတွေ့မိဘူး ဆိုပဲ။ ဒါပေမဲ့ မာရဝါရီ ကုန်သည် ကိစ္စကျ တော့ သူနားမလည်နိုင်ဘူး။ နောက်ဆုံး တပ်ကြပ်ကြီး သတ်သေတာကတော့ သူ့အတွက် စိတ်ဒုက္ခပေးတာ သက်သက် လိုမျိုးကို ဖြစ်နေတာ။ အဘွားကြီး မရေမရာတာတွေ လျှောက်ပြောနေပေမဲ့ ကျွန်တော်လည်း အပျင်းပြေသမို့ သူတတွတ်တွတ်ပြောနေတာကို မတားပါဘူး။
မတ် ၃၊ ကြာသပတေး
ခုထိ ဘာမှ မဘာသေးဘူး။ ရဲအုပ်ကြီးကတော့ ဖုန်းတဂွမ်ဂွမ် ဆက်တာပဲ။ ဘာမှမထူးခြားဘူး။ အေးအေး ဆေးဆေးပါပဲ ဆိုတာတော့ သူသိပ်ကျေနပ်ပုံမရဘူး။ ကျွန်တော်ကတော့ ကိုယ့်ကျောင်းစာအုပ်တွေ ထုတ်ပြီး စာပဲ လုပ်နေလိုက်တယ်။ ဒီမှာလာနေတဲ့ အတောအတွင်း အနည်းဆုံး စာကြည့်ဖြစ်တယ်ဆိုတဲ့ အကျိုးတော့ ရှိတာပေါ့။
မတ် ၄၊ သောကြာ။ မွန်းလွဲ ၂ နာရီ
နေ့လည်စာကတော့ တကယ်ကောင်း။ မေမြို့က ဝိုင်ကောင်းကောင်းလေး တစ်လုံးတောင် ပါသေးတယ်။ မသတ်ခင် အဝကျွေးတဲ့ ထမင်းပေါ့လေ။ အဘွားကြီးက ကျွန်တော့်ကို သေလူလို သဘောထားသလား မသိဘူး။ မျက်ရည်လေး တစမ်းစမ်းနဲ့ တားရှာတယ်။ ဒီအခန်းမှာ မနေပါနဲ့တော့တဲ့။ အင်း..ဟို တပ်ကြပ်ကြီးလို ကိုယ့်သဘောနဲ့ကိုယ်လာပြီး သတ်သေ။ သူ့အတွက် ဒုက္ခပိုတာ သက်သက်ပဲလို့ များတွေးသလား မသိဘူး။
အဘွားကြီး လာပေးတဲ့ လိုက်ကာကြိုးကို သေချာစူးစမ်းကြည့်တယ်။ ဒီကြိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချရ မယ်ပေါ့။ အမယ်..မပြောနိုင်ဘူး။ စိတ်ထဲ အဲဒီလို လုပ်ချင်သလိုလို ဖြစ်လာသဗျ။ ကြိုးက မာမာကြမ်းကြမ်းပါ။ ကြိုးကွင်းလုပ်လို့တော့ အတော်သား။ ခက်တာက ရှေ့သုံးယောက် လုပ်သွားသလိုမျိုး အောင်အောင်မြင်မြင် ဆွဲကြိုးချမယ်ဆိုတာကို ဆုံးဖြတ်ချက်ချဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ စားပွဲဘေးမှာ ထိုင်နေတယ်။ ဘယ်ဘက်မှာ တယ်လီဖုန်း။ လက်ထဲမှာ ရဲစခန်းကပေးတဲ့ နံပါတ်တုတ် နဲ့ ခါးမှာ ဓားမြှောင်။ ကြောက်စိတ် တစ်စက်မှ မရှိ။ ဒါပေမဲ့ သိချင်စိတ်ကတော့ ပြင်းပြနေတယ်။
ညနေ ၆ နာရီ
ဘာမှ မဖြစ်ဘူး။ နောင်တ ရသလိုတောင် ဖြစ်မိတယ်။ အသဲအသန်ဖြစ်ရမဲ့ အချိန်က ရောက်လာပြီး လွန်သွားရော။ အဲ..တစ်ခုတော့ ရှိတယ်။ ဘာမှန်းမသိတဲ့ စွမ်းအားတစ်ခုက ပြတင်းပေါက်နား သွားဖို့ အတင်း လှုံ့ဆော် တိုက်တွန်းနေတာ ခံစားမိတာပဲ။ ရဲအုပ်ကြီးကလည်း ၅ နာရီနဲ့ ၆ နာရီကြားမှာ ဖုန်းဆယ်ခါလောက် ခေါ်တယ်။ သူလည်း ကျွန်တော့်လို စိတ်မရှည်တော့ဘူး ထင်ပါ့။ အဘွားကြီးကတော့ ကျေနပ်သွားတယ်။ ဒီအခန်းမှာ ဘာမှမဖြစ်ဘဲ တစ်ယောက်တော့ တစ်ပတ်လုံးလုံး နေပြသွားတာကိုး။ ဘုရားမ တာပဲ ..တဲ့။
မတ် ၇၊ တနင်္လာ
ဘာမှ မတွေ့ဘူးဆိုတာ ဝန်ခံရတော့မယ်။ ရှေ့က သတ်သေမှု သုံးခုစလုံးက သက်သက် တိုက်ဆိုင်တာ ဖြစ်မှာ လို့ ကျွန်တော့် စိတ်ထဲ တွေဝေစပြုလာတယ်။ ရဲအုပ်ကြီးကို အမှုသုံးခုစလုံးက သက်သေနဲ့ အချက်အလက် တွေကို ပြန်စိစစ်ဖို့ တိုက်တွန်းလိုက်တယ်။ ဒီပဟေဠိမှာ အဖြေကို ရှိရမယ်လို့ ကျွန်တော် ယုံကြည်ကြောင်း။ အဲဒီ အဖြေကိုလည်း ကျွန်တော်တွေ့မှာလို့ ခပ်ရဲရဲပဲ အာမခံလိုက်တယ်။ နာမည်ကြီးတာ မကြီးတာ အပထား။ ဒီကိစ္စ အပေါ် ကိုယ်အာရုံစိုက်ပြနေသမျှပတ်လုံး အနေ အစား ချောင်။ စာလည်း လုပ်ဖြစ်တယ်။ ဒီမှာ ဆက်နေချင်တဲ့ နောက် တစ်ကြောင်းကလည်း ရှိသေးတယ်။
မတ် ၉၊ ဗုဒ္ဓဟူး
နောက်တစ်ဆင့် ကျွန်တော် တက်ပြီ။ ကလျာမေ..။
အမယ်။ သူ့အကြောင်း ဘာမှ မရေးရသေးဘူး။ ဟုတ်တယ်။ ကျွန်တော် ဒီမှာ ဆက်နေချင်တဲ့ နောက်တစ် ကြောင်းက သူကြောင့်။ သူ့အတွက်သာ ဟို ကြမ္မာငင်တဲ့ အချိန် ပြတင်းပေါက်နား ပျော်ပျော်ကြီး သွားမိမှာ။ ဆွဲကြိုးချဖို့ မဟုတ်ပေါင်။ ကလျာမေ..တဲ့။ ဘာလို့ ဒီနာမည်ပေးမိတာလဲ။ သူ့နာမည် အစစ်အမှန်က ဘာဖြစ်မှာ လဲ ကျွန်တော် ဘယ်သိမလဲ။ ဒါပေမဲ့ ဒီလိုပဲ စိတ်ထဲပေါ်လာလို့ အဲဒီလို ခေါ်တာ။ တစ်နေ့တော့ သူ့နာမည် အစစ်အမှန်ကို ကျွန်တော် သိမှာပဲ။
ကျွန်တော် ဒီရောက်ပြီး ရက်ပိုင်းတွင်းမှာပဲ သူ့ကို သတိထားမိတာ။ သူက ဟိုဘက်လမ်းမှာ နေတာလေ။ သူ့ ပြတင်းပေါက်က ကျွန်တော့်အခန်း ပြတင်းပေါက်နဲ့ တည့်တည့်ကြီး။ လိုက်ကာနောက်မှာ သူထိုင်နေတာ။ ပြီး တော့ ကျွန်တော် သူ့ကို သတိမထားမိခင်မှာပဲ သူက ကျွန်တော့်ကို အရင် သတိထားမိတာ။ ကျွန်တော့်ကို အကဲခတ် စူးစမ်းတဲ့ပုံပေါ်တာတော့ သိသာတယ်။ ဒါက ဘာမှတော့ မဆန်းဘူး…။ ကျွန်တော် ဒီလမ်းထဲက ဒီ တည်းရိပ်သာ အခန်းမှာ ဘာလို့လာနေလဲ ဆိုတာ အကုန်သိနေကြတာပဲ။
ကျွန်တော့် အနေအထားက ချစ်ဖို့ကြိုက်ဖို့ စိတ်ကူးဝံ့တဲ့ အခြေအနေတော့ မဟုတ်ဘူး။ မိန်းကလေး အပေါင်း အသင်းတောင် မေးထူး ခေါ်ပြော အဆင့်လောက်မျိုး ရှိတာ။ မန်းရွှေမြို့မှာ ဆေးကျောင်းတက်နေရပေမဲ့ ငွေ ကြေးက ချို့ငဲ့တော့ ကျောင်းစရိတ်နဲ့ စားစရိတ်လောက်ကို မနည်းကြီး ကြံဖန် ခြစ်ခြုတ်နေရတာ။ ဝမ်းရေး တောင် ခပ်ခက်ခက်ဆိုတော့ အချစ်ရေးဆိုတာ ဝေလာဝေး။ အချစ်ရေး အတွေ့အကြုံ သုည။ ဒါပေမဲ့ ဇာတ်လမ်း တော့ စမိပြီ။ ရူးတာ သက်သက်ပဲ။ ဘယ်လိုဖြစ်ဖြစ် စိတ်ထဲမှာ ကျေနပ်သလိုလို။
ပထမတော့ သူနဲ့ ဆက်သွယ်ဖို့ ခေါင်းထဲမပေါ်ပါဘူး။ ဒီမှာ အမှုနဲ့သက်ဆိုင်တာပဲ လေ့လာစူးစမ်းရမှာလေ။ အင်း..ဘာတစ်ခုမှ သေသေချာချာ လေ့လာစူးစမ်းစရာ မရှိတော့..ကိုယ့်အနီးနားက လူပဲ စူးစမ်းရတော့တာပဲ။ ကိုယ့်ကိစ္စလေး ကိုယ်လုပ်ရင်း သူ့ကိုလည်း လေ့လာမိတာပါ။ စာအုပ်နဲ့မျက်နှာလည်း တစ်နေကုန် ကပ်မနေနိုင် ပါဘူး။ ကိုယ်မြင်ရသလောက်နဲ့ သုံးသပ်ရင်း နိဂုံးချုပ်ရမှာပဲ။ ကလျာမေ အကြောင်းပါ။ သူ့အခန်းက အပေါ်ထပ်။ ကျွန်တော့် အခန်းကလည်း အပေါ်ထပ်ပဲ။ သူ့အခန်းမှာ ပြတင်းပေါက် သုံးပေါက်ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် အခန်းက ပြတင်းပေါက်နဲ့ တည့်တည့် ပြတင်းပေါက်နားမှာပဲ သူထိုင်တယ်။ အဲဒီနားမှာ တစ်နေကုန်ထိုင်ပြီး ရှေးဟောင်း ဗိုင်းငင်စက်ကို တလှည့်ထဲလှည့်နေတာ။ အဲဒီ ဗိုင်းငင်တဲ့ဟာမျိုး အဘွားဆီမှာ တွေ့ဘူးတယ်။ သူလည်း မသုံးတော့ပါဘူး။ ဒီပစ္စည်းကလည်း ဘိုးဘွားအမွေအနှစ်တဲ့။ အဘွားရဲ့အဘွားဟာ တောင်ဖြစ်မှာ။ ကနေ့ခေတ်မှာ ဒီလိုဗိုင်းငင်စရာ လိုသေးသလား ကျွန်တော် သေချာတော့မသိဘူး။ ကလျာမေ ရဲ့ ဗိုင်းငင်စက် ကတော့ သေးသေးသွယ်သွယ်၊ သပ်သပ်ရပ်ရပ်ကလေး..။ ဖြူဖွေးနေတာ ဆင်စွယ်နဲ့ လုပ်ထားတယ်လို့ ထင် တာပဲ။ ဘယ်လို ဗိုင်းတောင့်ကို ငင်ပြီး ဘယ်လိုချည်မျိုးတွေ လုပ်နေသလဲတော့ မသိဘူး။ တကယ်ကောင်းမှာ သေချာတယ်။ မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ မရပ်မနားကို ငင်နေတော့တာ။ မှောင်လာရင် သူ့အခန်းမှာ ဘယ်တော့မှ မီးထွန်းတာတော့ မတွေ့ရဘူး။
သူ့ပုံစံက – အင်း…သေချာတော့ မသိဘူး။ မြင်ရသလောက်နဲ့ ကိုယ့်စိတ်ကူးကို ဖြည့်စွက်ပြီး ပုံဖော်ရရင် ဆံပင်က အနက်ရောင်၊ နည်းနည်း တွန့်ပြီး လှိုင်းထမယ်။ နှာခေါင်းက သေးသေးသွယ်သွယ်လေး။ နှာခေါင်း ပေါက်ကလေးတွေက ပွစိပွစိနဲ့ လှုပ်နေမယ်။ နှုတ်ခမ်းက ဖြူလျော်လျော်။ သွားလေးတွေက သေးသေး ချွန်ချွန် လေးတွေ။ မျက်ခွံကြီးကြီး၊ မျက်တွင်း နည်းနည်းနက်မယ်။ မျက်လုံးကို အပြည့်ဖွင့်လိုက်ရင် တောက်ပ မည်းနက် နေတဲ့ မျက်လုံးကျယ်ကြီးကို တွေ့ရမှာ။ စိတ်ကူးနဲ့ ကိုယ့်စိတ်ထဲ ခံစားမိတာကို ပုံဖော်တာပဲ။ တကယ်က ပီပီပြင် ပြင်ကြီး မြင်ရတာမဟုတ်ဘူး။
ကျန်သေးတယ်။ ဝတ်လိုက်ရင် အမြဲတမ်း အနက်ရောင်ချည်းပဲ။ အနက်ရောင် ဝတ်စုံမှာ ဧရာမ ခရမ်းရောင် ကြယ်သီးကြီးတွေ တပ်လို့။ အနက်ရောင် လက်အိတ်ကိုလည်း အမြဲစွပ်ထားတာ။ ဗိုင်းငင်တဲ့အခါ သူ့လက်ကို ထိမှာစိုးလို့လား မသိဘူး။ သူ့လက်ချောင်း သေးသေး နက်နက်ကလေးနဲ့ ချည်တွေကို ဆွဲလိုက်၊ ငင်လိုက်တာ များ သွက်လက်နေတာပဲ။ လှုပ်ရှားနေတာ အင်းဆက်ပိုးကောင် တစ်ကောင်ရဲ့ ခြေချောင်းလေးတွေ အတိုင်းပဲ။
ဆက်ဆံရေးလား။ အပယိက ပါပဲ။ အပယိက ဆိုပေမဲ့ တကယ်ကို နက်ရှိုင်းတဲ့ ပုံစံပေါက်တယ်။ သူက စပြီး ပြတင်းပေါက်ကနေ ကျွန်တော့်ကိုကြည့်တယ်။ ကျွန်တော်ကလည်း ပြန်ကြည့်။ အပြန်အလှန် သတိပြုမိ။ အဲဒီလို စတာ။ တစ်ရက်တော့ သူပြုံးပြတာ တွေ့လိုက်တယ်။ ကျွန်တော်လည်း ပြုံးမိနေတာကလား။ အပြန်အလှန် ပြုံးပြ ရင်း ရက်တွေကြာသွားတယ်။ နောက် လက်ပြနှုတ်ဆက်တော့ သူကလည်း ခေါင်းကလေး ဆတ်ပြီး အသိအ မှတ်ပြုသဗျ။
မတ် ၁၀၊ ကြာသပတေး
မနေ့ညက စာကြည့်တာ ညဉ့်နက်သွားတယ်။ သိပ် စာကြိုးစားတယ်လို့တော့ ပြောမရဘူး။ တကယ်က တစ်ချိန်လုံး ကလျာမေအကြောင်းတွေးရင်း လေထဲတိုက်အိမ်ဆောက်နေတာ။ အိပ်မပျော်ဘူး။ မိုးလင်းအားကြီး လောက်မှ တစ်မှေးလောက် အိပ်ပျော်တယ်။
ပြတင်းပေါက်နား သွားရပ်တော့ ကလျာမေက သူ့နေရာမှာ သူထိုင်လို့။ ကျွန်တော် နှုတ်ဆက်တော့ သူက ခေါင်း လေး ညိမ့်ပြ။ ပြီးတော့ ကျွန်တော့်ကို အကြာကြီး ကြည့်နေပါရော။
ကျွန်တော် ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ကြည့်တယ်။ မရဘူး။ စိတ်က မတည်မငြိမ်နဲ့။ ဒါနဲ့ ပြတင်းပေါက်ဘေး ထိုင်ပြီး သူ့ကို ငေးနေတာပဲ။ အဲ..သူကလည်း ပြန်ကြည့်လို့ပါလား။ လက်ကလေး ပိုက်လို့။ ကျွန်တော် လိုက်ကာ ကြိုးကို ဆွဲမိတော့ တကယ်ဗျာ..တိုက်တိုက်ဆိုင်ဆိုင် သူကလည်း လိုက်ကာကြိုးကို ဆွဲလိုက်သဗျ။ အဲဒါနဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ်။
အဲဒီမှာ တစ်ယောက်ကို တစ်ယောက် တစ်နာရီလောက် ထိုင်ကြည့်မိကြရော။
ပြီးတော့ သူလည်း ဗိုင်း ပြန်ငင်နေတော့တာပဲ။
မတ် ၁၂၊ စနေ
ရက်တွေက လှစ်ခနဲ ကုန်သွားတယ်။ ကျွန်တော်ကတော့ စားလိုက်၊ သောက်လိုက်၊ စာကြည့်လိုက်ပဲ။ ဆေးလိပ် မီးညှိပြီး စာအုပ်ကိုဖွင့်သာ ထားတာ၊ စာတစ်လုံးမှ မဖတ်မိဘူး။ ကြိုးစားတာပဲ မရဘူး။ ဒီတော့..ပြတင်းပေါက် နားသွား။ ကလျာမေကို နှုတ်ဆက်။ သူကလည်း ပြန်နှုတ်ဆက်။ တစ်ယောက်ကို တစ်ယောက် ထိုင်ငေးကြ။ နာရီ အတော်ကြာ။
မနေ့ သောကြာနေ့ညနေ ခြောက်နာရီလောက်က နေမထိ ထိုင်မသာနဲ့။ ဘာဖြစ်မှန်း မသိဘူး။ အမှောင်ပျိုးစ မှာ စိတ်ထဲ ရွံ့သလိုလို ဖြစ်လာရော။ စာကြည့်စားပွဲဘေး ထိုင်နေတုန်း ပြတင်းပေါက်နား သွားဖို့ တစ်ခုခုက မငြင်း သာအောင် လှုံ့ဆော်နေသလိုမျိုး ခံစားမိတယ်။ ဆွဲကြိုးချဖို့ မဟုတ်ပါဘူး။ ကလျာမေ ကိုကြည့်ဖို့။ ထိုင်နေရာက ရုတ်ခနဲထပြီး ပြတင်းပေါက်နား သွားရပ်မိတယ်။ အမှောင်သမ်းနေပေမဲ့ သူ့ကို ဝေဝါးဝါးမြင်နေရသလိုပဲ။ သူက ဗိုင်းငင်တုန်း။ အဲဒါကို လှည့်နေတုန်း။ ဒါပေမဲ့ သူ့မျက်လုံးတွေက ကျွန်တော့်ဘက် ကြည့်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ စိတ်ထဲမှာ ထူးထူးဆန်းဆန်း ကျေနပ်သလိုလို နဲ့ ကြောက်သလိုလိုမျိုး ခံစားမိတယ်။
အဲဒီအချိန်မှာ တယ်လီဖုန်းက ထမြည်တော့ ကျွန်တော် ပေါက်ကွဲသွားတယ်။ ဟို ရဲအုပ် ငပေါကြီးက ပေါက်ကရ မေးခွန်းတွေ မေးပြီး စိတ်ကူးယဉ်နေတာလေးတွေ ပျက်အောင် လုပ်ဦးမယ်။
မနက်က သူနဲ့ ဒေါ်အုန်းနွယ် ကျွန်တော့်ဆီလာတယ်။ အဘွားကြီးကတော့ ကျေနပ်နေပုံပဲ။ ဒီအခန်းမှာ နှစ်ပတ် တိတိ ဘာမှမဖြစ်ပဲ ကျွန်တော် နေနိုင်ခဲ့တာကိုး။ ရဲအုပ်ကြီးကတော့ ဘာကြောင့်လဲဆိုတဲ့ အဖြေလိုချင်တာ။ ကျွန်တော်က သူ့ကို တိုးတိုးတိတ်တိတ်နဲ့ ဖြီးလုံးထုတ်လိုက်တယ်။ ထူးဆန်းတဲ့ သဲလွန်စ တစ်ခုတွေ့လို့ သိုသို သိပ်သိပ်နဲ့ လေ့လာစုံစမ်းနေကြောင်း ဘာညာ လှိုင်း ထည့်လိုက်တာ။ ဒါမှ နောက်ဆက်နေလို့ရမှာ။ အဘွားကြီး ကျွေးတာ မွေးတာ စားချင်လို့။ အလကား နေချင်လို့ မဟုတ်တော့ဘူး။ သူကြောက်တဲ့ ပြတင်းပေါက်လေ..။ ကျွန်တော်က သိပ်သဘောကျ။ ကလျာမေကို မြင်ရအောင် လှစ်ဟပေးတဲ့ ပြတင်းပေါက်ကြောင့်။
ကျွန်တော့် အခန်းထဲ မီးထွန်းလိုက်ရင် သူ့ကို မမြင်တော့ဘူး။ ပြူးပြဲပြီး ရှာကြည့်တယ်။ အပြင်တွေ ဘာတွေများ သွားသလားပေါ့။ ဒါပေမဲ့ သူလမ်းပေါ်ခြေချတာ တစ်ခါမှ မတွေ့ဖူးဘူး။
အခန်းမီး ပိတ်ပြီး မီးအုပ်ဆောင်းလေး ပါတဲ့ စာကြည့်မီးအိမ်လေးကို စားပွဲပေါ်မှာ ထွန်း။ ရဲအုပ်ကြီး ယူလာပေး တဲ့ ရှားရှားပါးပါး ငါးသုံးလုံး စီးကရက် တောင့်ထဲက တစ်ဗူးနှိုက်ပြီး တစ်လိပ်ထုတ်ဖွာ။ စီးကရက်ဆို ဒူးယားနဲ့ ခပေါင်းပဲ သောက်ရတာ။ အရသာ ရှိပါပေ့။ ကဲ.. စာကြည့်မယ်။ စာကြည့်မယ်ဆိုပြီး စာရွက်တွေ ဟိုလှန် သည်လှန် လုပ်နေပေမဲ့ ဘာတစ်လုံးမှ ခေါင်းထဲမဝင်ဘူး။ စာလုံးတွေကို မျက်လုံးက ကြည့်နေပေမဲ့ တစ်လုံး တစ်ပါဒမှ ဖတ်လို့မရ။ ဦးနှောက်ကတော့ သွားရှာပြီ။ တစ်ခုပဲ ခေါင်းထဲဝင်တယ်။ သူကလွဲလို့ ဘာမှ…။ ေဩာ်..ငါ့နှယ်..ကလျာမေရေ…။
နောက်ဆုံး စာအုပ်တွေ ဘေးပုံ။ ပက်လက်ကုလားထိုင်လေး ပြတင်းပေါက်ဘက်လှည့်။ သူအခန်းဆီ မျှော်လို့ စိတ်ကူးတွေ ယဉ်။ အိပ်မက်တွေ မက်။
6 comments
Foolish Girl
October 17, 2016 at 2:26 pm
ကလျာမေ ကလူသတ်မှုနဲ့ပတ်သတ်နေတဲ့ ပင့်ကူမယ်များလား ???????????????????????
မောင်ဘလိူင်
October 19, 2016 at 1:35 pm
အင်း..အဲဒီလို ပြောရမှာပေ့ါ။
Thint Aye Yeik
October 18, 2016 at 3:28 pm
.လေးနက်တဲ့ ဇာတ်ကို ပေါ့ပေါ့ပါးပါး ဖတ်လို့ရအောင် ရေးပေးထားတာလို့ မြင်မိတယ်။
ဖတ်ရတာ ချောနေတာပဲ။
မောင်ဘလိူင်
October 19, 2016 at 1:37 pm
ပေါ့ပေါ့ပါးပါးပဲ ဘာသာပြန်ဖြစ်ပါတယ်။ တစ်ချို့အပိုင်းတွေ ချန်ထားခဲ့တာ ကိုရင် အလင်းဆက်ရေ။
Mr. MarGa
November 3, 2016 at 12:58 am
ဖဘ မှာ အပိုင်း (၃)
ဒီမှာ အပိုင်း (၂) နဲ့ ရပ်နေပါလား ဗျ
မောင်ဘလိူင်
November 4, 2016 at 11:29 pm
၃ နဲ့ ၄ ကို ဒိမှာ ပေါင်း တင်ပေးလိုက်မယ်။