ဘုန်းကြီးအတုမဟုတ်သော လူအတုနှင့် ကြုံရစဉ်
“ဒေါသတကြီး တရားပြရှာတဲ့ ကိုယ်တော်”
—————————————————————————————————————————————————-
ရုံးပိတ်ရက်မို့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ရန်ကုန်မြို့အစွန်ဘက်ကို ဘတ်စ် စီးပြီး ကိုယ် … ထွက်လာခဲ့တယ်။
ရန်ကုန်မြို့တွင်း ဘတ်စ်တို့ ထုံးစံအတိုင်း ကားကစုတ် လမ်းကပျက်တော့…အိပဲ့အိပဲ့။ အဲ့ဒီအခြေအနေကြားမှာကိုက ဘတ်စ်မောင်းသူတို့ ထုံးစံအတိုင်း
အတင်းတိုးဝင်၊ အတင်းထိုးထွက် ကျော်လိုက်၊ ခွလိုက် ဆဲလိုက်၊ ဆိုလိုက်… မောင်းနှင်လာရာနောက်…ကိုယ်လည်း ကိုယ့်ထုံးစံအတိုင်း ဟိုဒီ ကြည့်ရင်း
လိုက်ပါလာခဲ့တယ်။
မင်္ဂလာဒုံအကျော်….ထောက်ကြန့်နား ရောက်ခါနီးကျတော့ မှတ်တိုင်မဟုတ်တဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ဆင်းမယ့်သူ မရှိဘဲ ဘာလို့
ရပ်ပါလိမ့်လို့… တွေးပြီး အကဲခတ်လိုက်တော့….
ကိုယ် စီးလာတဲ့ကားရဲ့ အရှေ့မှာ ဘတ်စ်တစ်စီး ရပ်ထားတယ်။ အဲ့ကားပေါ်ကနေ ခရီးသွားလာသူတွေ…ပြုံတိုးပြီး..ဆင်းလာကြတယ်။ အော်…
ရှေ့ကားက ပျက်သွားလို့ပေါ့လေ။ နှစ်စီးကို တစ်စီးတည်းမှာ ပေါင်းရတော့ အစက ချောင်နေတဲ့ ကိုယ်စီးလာတဲ့ ဘတ်စ်က ချက်ချင်း ကျပ်တောက်သွားရော
ဆိုပါတော့ ။ ပျက်သွားတဲ့ ကားပေါ်ကနေ… ကိုယ် စီးလာတဲ့ ကားပေါ်ကို တက်လာတဲ့သူတွေက…ကားအပြောင်းအလဲ လုပ်ရလို့ စိတ်ပျက် ညည်းညူနေကြလေရဲ့။
ပူညံ ပူညံ လုပ်ပြီး တက်လာတဲ့ ခရီးသည်တွေကို ဒီဘက်ကားပေါ် အကုန် ရောက်သွားချိန်မှာတော့ စောစောက ပျက်လို့ ရပ်တယ်ဆိုတဲ့ကားက… ဝူးခနဲ မောင်းထွက်ပြီး…
လာရာလမ်း မြို့ထဲဘက် ပြန်လှည့်သွားတယ်။ ဟောဗျာ… ဒါက ဘာသဘောပါလိမ့်။
ကားပျက်တယ်လို့ အကြောင်းပြပြီး ပါလာတဲ့ ခရီးသည်တွေကို နောက်ကားဆီ ပို့ပစ်ပြီး မြို့ထဲဘက် ပြန်လှည့် မောင်းသွားတာဆိုတော့…
ဂိတ်ဆုံးထိ မြို့ပြင်ဘက်ကို မမောင်းဘဲ…လမ်းတဝက်တင် လှည့်သွားတာဆိုတော့ ဒါ ရိုးသားမှုတော့ မဟုတ်တော့ဘူး။ မြို့ထဲဘက် အသွားက လူပို ရတယ်။
မြို့ပြင်ဘက်ကို လူနည်းနည်းလေး တင်ပြီး အချိန်ကုန်ခံ ထွက်မနေတော့ဘူးပေါ့လေ။ အဲ့လို လုပ်ကွက်တွေဟာ BRT လို ယာဉ်လိုင်းတွေချည်း ဖြစ်သွားရင်တော့
ပျောက်ကွယ်သွားမယ် ထင်ပါရဲ့။
ဒီလို ဘတ်စ်လိုင်းတွေရဲ့ လုပ်ကွက်တွေအကြောင်း တွေးနေတာကို… ဆန့်တငံ့ငံ့ဖြစ်ပြီး အတွေးစ ပျက်ပြားသွားစေတဲ့ အသံတစ်သံက…
ခရီးသည်တွေကြားကနေ တိုးထွက်လာတယ်။ “ငါတို့က ဘယ်နေရာမှာ ထိုင်ရတော့မှာလဲ။ ဟိုကားမှာတုန်းက နေရာရတယ်”ဆိုတဲ့ အသံ။
ပြောလိုက်တဲ့သူက… “လူ”မဟုတ်ဘူး။ အဲ… “လူ” မဟုတ်ဘူးဆိုတော့… တခြားတော့ မဟုတ်… လူလို အဝတ်တွေ မဝတ်တဲ့ နီညိုရောင် သင်္ကန်းခြုံ
ဘုန်းကြီးတစ်ပါး။ တက်လာတဲ့အထဲမှာ ဘုန်းကြီး နှစ်ပါး ပါလာတယ်။ နှစ်ပါးထဲက တစ်ပါးဟာ…ဘာအသံမှ မထွက်ဘဲ တည်တည်ငြိမ်ငြိမ်ပဲ…. ရှေ့နားကို တိုးသွားပြီး
သင့်တော်ရာ နေရာမှာ ရပ်နေတယ်။ အနောက်က ပါလာတဲ့တစ်ပါးကတော့… နေရာ ရဖို့အရေး လေသံ ခပ်မာမာနဲ့ တောင်းဆိုတယ်။
ရှေ့နားဆီမှာ ထိုင်နေတဲ့ အမျိုးသား နှစ်ယောက်က ထိုင်နေရာကနေ ထပေးတယ်။ ဘုန်းကြီး နှစ်ပါးက ဝင်ထိုင်တယ်။ အဲဒီလို ထိုင်ပြီးတော့မှပဲ… ကိုယ့်ကို
ပိုအံ့ဩသွားစေတဲ့ စကားတစ်ခွန်းကို ဘုန်းကြီးတစ်ပါးက ဆိုလေရဲ့။
အဲဒီစကားကိုလည်း နေရာရဖို့အရေး ပြောတဲ့ ဘုန်းကြီးပဲ…ပြောတာ။
“ဘတ်စ်ကားတွေ စီးရတာလည်း ပျက်ရတာနဲ့ ဘာနဲ့… အဲဒီ ပျက်တဲ့ကား မီးထလောင်ရမှာ” တဲ့။
ဗုဒ္ဓေါ…. ။ လူတွေက ဒေါသတကြီး ပြောတာဆိုရင်… ဒီလောက် အံ့ဩမိမယ် မထင်ဘူး။ အခုဟာက… သင်္ကန်းခြုံထားတဲ့ တရား ဘာဝနာလောကသား
ဘုန်းကြီးတစ်ပါးက…ပြောတာ။ ပျက်ယောင်ဆောင်ပြီး ပြန်လှည့်သွားတဲ့ ကားကို မီးလောင်စေချင်သေးတဲ့ပုံ။
ဘုန်းကြီးကို သေချာ ကြည့်မိတယ်။ ကိုယ် ထိုင်နေတဲ့နေရာရဲ့ ညာဘက်ခြမ်း အရှေ့နားမှာဆိုတော့ ဘေးတိုက်အနေနဲ့ ခပ်စောင်းစောင်းလေး မြင်ရတယ်။
ဘုန်းကြီးက အသက်(“သက်တော်”လို့ ခေါ်ရမယ်ပေါ့လေ) ၅ဝ နားမှာပါပဲ။ ဘုန်းကြီး အတုလည်း မဟုတ်လောက်ဘူး။ သင်္ကန်းတွေ ဘာတွေ ကြည့်တာတော့ ….
သပ်သပ်ရပ်ရပ် ပါပဲ။ သင်္ကန်းကို သပ်သပ်ရပ်ရပ် ခြုံတတ်ပေမဲ့ ကံသုံးပါးကိုတော့ သပ်သပ်ရပ်ရပ် ဖြစ်အောင် မနေတတ်တဲ့ပုံ။ လက်မှာလည်း အင်းကွက်လို ဟိုတစ်ကွက်၊
ဒီတစ်ကွက် ထိုးထားတဲ့ ဆေးမှင်ကြောင်ကွက်တွေနဲ့။ ကြည့်ရတာ … ဘုန်းကြီး အတုတော့လည်း မဟုတ်လောက်ဘူး။
ဒါပေမယ့်… သာမန်လူတွေလိုပဲ… လောဘ(ကားကို သက်တောင့်သက်သာနဲ့ အချိန်းအပြောင်းမလုပ်ဘဲ စီးသွားချင်တာ)၊
ဒေါသ(ကားအချိန်းအပြောင်း လုပ်ရလို့…ဒေါနဲ့မောနဲ့ အဲ့ကား မီးလောင်သွားရမှာ…လို့ ရေရွတ်တာ)၊
မောဟ(ဘုရား သားတော်တစ်ပါးအနေနဲ့ ပြောသင့် မပြောသင့် ခွဲခြား မသိတာ)တွေနဲ့ ….
လူလိုပဲ…ဆိုပေမဲ့.. သာမန်လူတွေထဲက တော်တော်များများတောင် ဘာမှ ပြောမနေဘဲ… သည်းခံလိုက်လို့ရတဲ့ စိတ်ပျက်စရာ ဖြစ်လေ့ဖြစ်ထ ကိစ္စလေးကို
သူက ဒေါသဖြစ်ပြီး ထ,ပြောတယ်ဆိုတော့… လူ အစစ်လို့ ပြောရအောင်လည်း ခက်တယ်။ “ဘုန်းကြီးအတု မဟုတ်သော လူအတု” လို့… သတ်မှတ်ရမယ်ထင်တယ်။
အဲ့ဒီကား …မီးထလောင်ရမှာ… လို့… ပြောလိုက်တဲ့ ဘုန်းကြီးကို သေချာကြည့်ရင်း တွေးမိတာက … လောလောဆယ်… မီးထလောင်နေတာက အဲဒီ
ဘုန်းကြီးကိုယ်တိုင်ပါပဲလား လို့ သုံးသပ်မိတယ်။ အော်…. ဒေါသမီး…. ဒေါသမီး…
ဒေါသမီးများ တောက်လောင်ရင်….ဘေးကနေ ကြည့်ရတာတောင် အမြင် မသင့်ပါလား….လို့… တရားကျမိပါရဲ့။
အောင်မာ…. ဒီဘုန်းကြီးက… သူ့ကိုကြည့်ပြီး တရားကျအောင် တရားတော့ ပြနိုင်သားပေပဲ…။ သာဓု…။
————————————————————————————————————————————————-
သင့်အေးရိပ်
အောက်တိုဘာလ ၂၃ ၊ ၂၀၁၆
10 comments
kai
October 24, 2016 at 12:08 pm
အစစ်ပဲရှိနေသလိုလို…။
စိန်လိမ္မော်ရောင်ကြီးကို ပြောတာနော..။ :k:
Thint Aye Yeik
October 24, 2016 at 12:58 pm
အစစ်ပဲ မရှိဘူးလိုလို
:k:
ဇီဇီ
October 27, 2016 at 10:05 am
သူလည်းပဲ လောကီသားပုထုစဉ်ပေမို့။
:mrgreenn:
Thint Aye Yeik
October 27, 2016 at 11:15 am
သူလည်းပဲ လောကီပုထုစဉ်ပေမို့ –> နီညိုရောင်ဝတ်ရုံကြီးကို ချွတ်ကာရယ်
လူထွက်ကာ ဒါမျိုးတွေ ပြောစေချင်စမ်းရဲ့
ငဲ့ငဲ့ငဲ့
:mrgreenn:
uncle gyi
October 27, 2016 at 4:15 pm
သံဃာကျင့်ဝတ်၁၀ဝရှိတယ်ဆို၅ဝကျော်လောက်လိုက်နာနေထိုင်တဲ့ဘုန်းကြီးဆိုရင်ကိုအခုခေတ်အနေနဲ့
လက်ခံရတော့မယ်ထင်ပါတယ်
၉ဝ ၁၀ဝ ဆိုရင်တော့အတိုင်ထက်အလွန်ပေါ့လေ
Thint Aye Yeik
October 27, 2016 at 8:30 pm
သင်္ကန်းစည်းချိန်ကစ လိုက်နာရတဲ့ ဝိနည်းက ၂ရာကျော်တယ်ဆိုလား။
သေချာတော့ မသိ။ ၂၂ရ ခု လားလို့ မှတ်ဖူးတာပဲ။
သင်္ကန်း ၂ခါစည်းဖူးတယ်။ ပထမတစ်ခါက ကိုရင်ဝတ်တာ။ နောက်တစ်ခါက ပဉ္ဇင်း ဆိုပါတော့။
နှစ်ခါလုံး အဲ့သတ်မှတ်ချက်တွေ အကုန် မပြည့်မှီခဲ့ပါဘူး။
%ပြည့်သံဃာ(သင်္ကန်းဝတ်)ဆိုတာ အတော် ရှားမယ်ထင့်
aye.kk
October 29, 2016 at 10:20 pm
ရဟန်းဝိနည်း၂၂ရသွယ်သောသိက္ခာပုဒ်ကို
စောင့်ထိန်းရပါတယ်။အန်တီသိတာလေးပြောပြချင်ပါတယ်။
ဒေါသကကိလေသာနဲ ့ဆိုင်ပါတယ်။
ရဟန်းပေမယ့်ကိလေသာမကုန်သေးတော့ဒေါသရှိပါတယ်
ဒေါသနဲ ့ပြောမိဆိုမိယုံမျှနဲ ့တောင် အာပတ်မသင့်နိုင်ပါဘူး။
ရဟန်းတို့၏သီလလိုက်နာကျင့်သုံးရတဲ့အာပတ်ခုနှစ်ဖုံကိုအရင်လေ့လာစေချင်ပါတယ်။
အန်တီဆီမှာရဟန်းဝိနည်းအကျဉ်;ရဟန်းတော်များလိုက်နာကျင့်သုံးရတဲ့သီလ၊ဆရာတော်ပေးထားတဲ့
ဘုရားဂုဏ်တော်စာအုပ်ရှိပါတယ်။ကြုံရင်ဗဟုသုတအနေနဲ ့လေ့လာလို့ရအောင် ပေးချင်ပါတယ်။။
Thint Aye Yeik
November 1, 2016 at 7:35 am
တီအေးရေ။ ကြုံရင် ဖတ်ချင်ပါတယ်။
အရင်က ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ တရားစာအုပ်တွေ သုံးလေးငါးအုပ်လောက် ဖတ်ဖူးပေမယ့် အခုနောက်ပိုင်း ရသနဲ့ချည်း အချိန်ကုန်နေလို့ အဲ့ဘက်ကို ပြန် လေ့လာဖို့ လိုသေးတယ်လို့ ကိုယ့်ကိုယ်ကို မြင်ပါတယ်။
ဦးဦးပါလေရာ
November 1, 2016 at 6:10 am
(((((ပိုစ့်နဲ့တော့ တိုက်ရိုက်မဆိုင်တဲ့ပုံပါ။ အခုက ဘုန်းဘုန်းတွေကို ဘုံကထိန်ဆိုပြီး လှူဖွယ်တွေ ပေးကြတဲ့ရာသီ။ ဒါက ဘုံကထိန်ပွဲ ဦးရွှေရိုးနဲ့ဒေါ်မိုး အက။))))
ပိုစ့်ကိုတော့ မမန့်တော့ပါဘူး..
ကထိန်ရာသီမို့ တင်ထားတဲ့ပုံလေးကိုကြည့်ပြီး ပြောရရင်-
ဒီက ကထိန်အားလုံးနီးပါးက ဘုရားအလိုတော်ကျ ကထိန်ပွဲတွေမဟုတ်ပါဘူး
ဘုန်းကြီးအလိုတော်ကျ ဂေါပက အလိုတော်ကျ ကထိန်တွေပဲဖြစ်တယ်..
ကထိန်တရားတွေမှာ ဟောနေကျပါနေကျ ကထိန်သင်္ကန်းလှူလို့ရတဲ့ အကျိုးဆိုတာက
လူတစ်ယောက်ကသင်္ကန်းတစ်ထည်စာကောင်းကောင်းလောက်တဲ့အဝတ်စတစ်ခုကိုယူပြီး
ကထိန်မရသေးတဲ့ကျောင်းကဘုန်းကြီးကို ကထိန်လျှာသင်္ကန်းပါဘုရားလို့ နှုတ်ကရွတ်ဆိုပြီး
လှူ+ အဲဒါနဲ့ တကယ်ကထိန်ခင်းရင် ကမ္မဝါဆုံးလို့ကံမြောက်တဲ့အချိန်မှစပြီး ကထိန်အကျိုးကို
လှူတဲ့လူနဲ့ အလှူခံတဲ့ကျောင်းကဘုန်းကြီးတွေရပါတယ်..
အခု ကထိန်ပွဲအတွက်ဆိုပြီးလှူကြတာတွေကတော့ သာမန်ကုသိုလ်မျှသာ ဖြစ်တာလဲရှိ မဖြစ်တာလဲရှိပါတယ်။ အကျိုးကို လိမ်ပြောပြီးအလှူခံရင် ဘာဖြစ်မယ်ဆိုတာလေး ဘုန်းကြီးတွေ ဆင်ခြင်ကြရင် ပိုကောင်းမယ်…
Thint Aye Yeik
November 1, 2016 at 7:32 am
ဦးပါရေ
ဘုန်းကြီးအလိုတော်ကျတင်မကတော့ဘူး။
အဲ့ပွဲမှာ ကျွဲရုပ်ထဲ လူဝင်ပြီး ကကြခုန်ကြတာက ပါသေးတယ်။ ကျွဲရုပ်ကြီးက ကပြြ လူတွေက အဲ့ကျွွဲရုပ် ခေါင်းပိုင်းမှာ အလှူငွေတွေ ပြေးချိတ်ပေးကြနဲ့ ဟုတ်နေတာပဲ။ စီးပွါး ရှာတတ်ရင် အတော် လွယ်သား။
အဲ့နေ့က က,ခုန်နေတဲ့ ကျွွရုပ် ၂ရုပ်မှာ ၁ရုပ်က ဘုန်းကြီးကျောင်းဝန်း ခြံစည်းရိုးကို အတင်း ခွကျော်သွားပြီး ဟိုးးးဘက် လယ်ကွင်းတွေထဲအထိ ပြေးသွားတာ။
ကျန်ခဲ့တဲ့လူတွေက ဘာပြောလဲဆိုတော့
အဲ့ကျွဲက ပွဲမပေးလာလို့ နတ်ဆိုး ဝင်စီးသွားပြီး ထိန်းမရတော့လို့ ပြေးသွားတာတဲ့။
ရပ်ရွာထဲက အိုကြီးအိုမတွေ ခလေးသူငယ်တွေက တအံ့ဩဩနဲ့. . .
ကျနော်ကတော့ ရီချင်နေတာ။
ပြီးတော့ လှိမ့်သမျှ ပတ်သမျှ ယုတ္တိယုတ္တာမရှိတာ ရှိတာ မတွေးဘဲ ရေလိုက်ငါးလိုက်ဖြစ်နေတဲ့ ရပ်ရွာလူထုကိုလည်း စိတ်ပျက်မိ. .