ပင့်ကူ အမှုဆန်း – အပိုင်း (၃)
မတ် ၁၃၊ တနင်္ဂနွေ
ဒီမနက်တော့ စိတ်မချမ်းသာ စရာလေး တစ်ခုကြုံရတယ်။ ကျွန်တော့် အခန်းကို တည်းရိပ်သာက ကောင်လေး ရှင်းပေးနေတုန်း ကော်ရစ်ဒါမှာ ဟိုဘက်ဒီဘက် ကျွန်တော်လျှောက်နေတာ။ ဧည့်ဆောင်ခန်း ပြတင်းပေါက် အပြင်ဘက်မှာ ပင့်ကူကြီးတစ်ကောင် အိမ်ဖွဲ့နေတာ တွေ့သဗျ။ ဒေါ်အုန်းနွယ်ကတော့ နေပါစေတဲ့။ သူတစ်ပါး အသိုက်အမြုံ မဖျက်ကောင်းပါဘူး ဆိုပြီး ထားတာ။ အဲ..အဲဒီပင့်ကူအိမ်နား ရစ်သီရစ်သီ လုပ်နေတဲ့ နောက် ပင့်ကူလေး တစ်ကောင် တွေ့သဗျ။ ဟိုပင့်ကူကြီး လှုပ်ရင် သူပြေးရော။ ကျွန်တော့်စိတ်ထဲ ပင့်ကူကြီးက အမ။ ပင့်ကူလေးကို အထီးလို့ သတ်မှတ်မိတယ်။ အဲဒီကောင်လေးက ပင့်ကူအိမ်ကို ပတ်ပြီးပြေး။ ပြီးရင် ပင့်ကူမနား ကပ်ဖို့ ကြိုးစားပြန်ရော။ နောက်တော့ ပင့်ကူမက မလှုပ်တော့ဘူး။ ပင့်ကူအိမ်အလယ်မှာ ငြိမ်နေတော့တယ်။ ပင့်ကူထီးလေးက အိမ်ကြိုးမျှင်လေးတစ်ခုကို အသာလေးဆွဲတယ်။ ပထမတော့ သာသာလေးပဲ။ နောက်တော့ အားကုန် ဆွဲခါတာ ပင့်ကူအိမ်တစ်ခုလုံး ယမ်းခါလာတဲ့အထိပဲ။ ပင့်ကူမကြီးကတော့ လှုပ်တောင် မလှုပ်ဘူး။ စိတ်မဝင်စားဘူးပေါ့လေ။ အဲဒါနဲ့ ပင့်ကူလေးက ခပ်သုတ်သုတ်လေး အနားကပ်သွားတယ်။ သတိကြီးကြီးနဲ့ သွားတဲ့ပုံ။ အမယ်..ပင့်ကူမက အေးအေးဆေးဆေးပဲ။ မောင်ပြုသမျှ နုရမဲ့သူပါရှင် ပေါ့လေ။ နှစ်ယောက်သား ပင့်ကူအိမ်အလယ်မှာ ငြိမ်နေတာ အကြာကြီး။
နောက်တော့ ပင့်ကူလေးက ပင့်ကူမကြီးအနားက အသာလေး ခွာဖို့ကြိုးစားတယ်။ ခြေထောက်လေးတွေ တစ်ချောင်းခြင်း ရွှေ့ပြီး ဖြေးဖြေးလေး ခွာတာ။ ချစ်အိပ်မက်ထဲမှာ တစ်ယောက်ထဲ ထားခဲ့တော့မယ်ပေါ့လေ။ ရုတ်တရက် အားကုန်ထွက်ပြေးတော့တာပဲ။ ချက်ခြင်းပဲ ပင့်ကူမကလည်း သတိဝင်လာပြီး တရကြမ်း နောက် ကလိုက်တော့တာပဲ။ ပင့်ကူမက မှီလာပြီး နှစ်ယောက်သား လုံးထွေး၊ ပြတင်းပေါက် အပေါ်က ဘောင်ပေါ် ကျသွားရော။ ပင့်ကူလေးက အားသစ်လောင်းပြီး ထွက်ပြေးဖို့ လုပ်တာပဲ။ ဘယ်ရမလဲ။ နောက်ကျသွားပြီ။ ပင့်ကူမက သူ့ကို ကောင်းကောင်း ချုပ်ထားလိုက်နိုင်ပြီလေ။ ပြီးတော့ ပင့်ကူအိမ်ရှိရာ ပြန်သယ်သွားတယ်။ ချစ်ဗျူဟာခင်းခဲ့တဲ့ ချစ်တလင်းပြင်ဆီပေါ့။ ခုတစ်ခေါက်တော့ မြင်ကွင်းက တော်တော်ကွဲသွားပြီ။ အချစ်သမား ပင့်ကူလေး ခမျာ ခြေချောင်းလေးတွေ ရုန်းကာကန်ကာနဲ့။ ပင့်ကူမကြီးက အချစ်ကြီးကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖက်ထားတာကိုး။ လွှတ်ပေးမဲ့ ပုံမရှိဘူး။ သိပ်မကြာဘူး။ ပင့်ကူမျှင်တွေနဲ့ ရစ်ပတ်ပစ်လိုက်တယ်။ လှုပ်ကို မလှုပ် နိုင်တော့တဲ့အထိ။ ပြီးတော့ သူ့ရဲ့ ကြီးမားတဲ့ အစွယ်ကြီးနဲ့ ပင့်ကူလေးကို ထိုးဖောက်ပြီး တရှိန်ထိုး ဆွဲစုပ်ပစ် လိုက်တော့တာပဲ။ ပျော့ဖတ်ပြီး အခွံပဲကျန်တဲ့ နေတဲ့ ပင့်ကူလေးရဲ့ ခန္ဓာကိုယ် အပိုင်းအစလေးတွေနဲ့ ခြေချောင်း လေးတွေကို ပင့်ကူအိမ်ပေါ်ကနေ လွှတ်ချလိုက်တာတောင် မြင်ရမိသေးဗျာ။
အို..အို..ဒီသတ္တဝါတွေကြားထဲမှာ အချစ်ဆိုတာ ဒီလိုမျိုးကြီးလားဗျာ။ တော်သေးတယ်..ကျွန်တော် ပင့်ကူလေး တစ်ကောင် မဖြစ်တာ။
မတ် ၁၄၊ တနင်္လာ
စာအုပ်တွေကို မျက်စောင်းတောင် မထိုးချင်တော့ဘူး။ ပြတင်းပေါက်နားမှာပဲ တစ်နေကုန် အချိန်ဖြုန်း။ မှောင် လာပြီး သူ့ကို မမြင်ရတော့တဲ့အထိ ထိုင်ကြည့်နေတာပဲ။ မျက်လုံးတွေ မှိတ်လိုက်တာတောင် သူ့ကိုပဲ မြင်တုန်း။
အင်း…ကိုယ့်ဒိုင်ယာရီကတော့ မှန်းထားခဲ့တာနဲ့ တဖြည်းဖြည်းလွဲလာပြီ။
မတ် ၁၅၊ အင်္ဂ ါ
ကလျာမေနဲ့ ကျွန်တော် ခပ်ဆန်းဆန်း ကစားနည်း တစ်ခု ရှာတွေ့တယ်။ အဲဒါကို တစ်နေ့လုံးဆော့နေတာ။ သူ့ကို ကျွန်တော် နှုတ်ဆက်တယ်။ သူလည်း ချက်ချင်း ပြန်နှုတ်ဆက်တာပဲ။ ကျွန်တော် ပြတင်းပေါက်မှန်ကို လက်ချောင်းလေးတွေနဲ့ ခေါက်တယ်။ သူလည်း လိုက်ခေါက်တာပဲ။ ကျွန်တော် မျက်စိမှိတ်ပြတယ်။ သူလည်း မှိတ်ပြတယ်။ နှုတ်ခမ်းလှုပ်ပြီး စကားပြောနေတဲ့ပုံ လုပ်တယ်။ သူ လိုက်လုပ်တာပဲ။ ဆံပင် သပ်တင်ပြတယ်။ တစ်ချိန်တည်း လိုက်လုပ်တာပဲ။ ကလေးအထာ လေးတွေပေါ့။ ဒါပေမဲ့ နှစ်ယောက်သား ရီဖြစ်တယ်။ သူ့ကို ရီတယ်လို့တော့ ပြောမရဘူး။ ပြုံးတာ။ ရုပ်သေကြီးနဲ့ ပြုံးတာ။
ကလေးအထာလေးတွေ ဆိုပေမဲ့ သိပ်အဓိပ္ပါယ်မဲ့တာတော့ မဟုတ်ဘူးလို့ ထင်တာပဲ။ မကြာခင် ပျင်းသွားကြမှာ လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တယ်လီပသီများ ရှိသလား မသိဘူး။ ကျွန်တော် လုပ်သမျှ တစ်ထပ်တည်း တစ်ချိန်တည်း လုပ်နိုင်တာလေ။ မှန်ကြည့်လုပ်နေရသလိုပဲ။ အကြားအလပ်၊ အတုန့် အဆိုင်းတောင် မရှိဘူး။ ကျွန်တော်လည်း အဲဒါကို မခံချိ မခံသာ ဖြစ်ပြီး သူ့ကို အမှားဖမ်းဖို့ လုပ်တာပဲ။ မရဘူး ဗျ။ စိတ်ကူးတည့်ရာ အမူအရာတွေ မျိုးစုံအောင် လျှောက်လုပ်ပြလည်း တစ်ထပ်တည်း တစ်ချိန်တည်း လိုက် လုပ်ပြတာပဲ။ ဘယ်လောက်မြန်မြန် လုပ်ပြပြ မရဘူး။ ကွက်တိကို လိုက်လုပ်တာ။ ဘယ်လိုဖြစ်လို့ အဲဒီလို လိုက် လုပ်နိုင်တာလဲတော့ ကျွန်တော်လည်း မသိဘူးဗျ။ တစ်ကယ်ဗျာ..တစ်ခါမှ မှားတယ်ဆိုတာ မရှိတာ။
အဲဒါ ကျွန်တော် တစ်နေ့တစ်နေ့ အချိန်ဖြုန်းနေတဲ့နည်းပဲ။ ဒါပေမဲ့ အဓိပ္ပါယ်မဲ့တာနဲ့ အချိန်ဖြုန်းနေတယ်လို့ နည်းနည်းမှ မခံစားရဘူး။ ကန့်လန့်တိုက်ပြီး ပြောရရင် ဒီအလုပ်ထက် ပိုအရေးကြီးတာ မရှိတော့သလိုမျိုး။
မတ် ၁၆၊ ဗုဒ္ဓဟူး
ကျွန်တော်နဲ့ ကလျာမေကြားမှာ ဒီသောက်တလွဲ ကစားနည်းထက် ပို အဓိပ္ပါယ်ရှိ အခြေခံကျတဲ့ ဆက်ဆံရေးမျိုး ဖန်တီးဖို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဘူးဆိုတာ မဆန်းဘူးလား။ မနေ့ညက ကျွန်တော် တွေးကြည့်တယ်။ အင်္ကျီလေးလဲ၊ ဦးထုတ်လေးစွပ်ပြီး လှေကားကပြေးဆင်း၊ ရှေ့ကလမ်းလေးကို ဖြတ်။ သူ့တိုက်တန်းက လှေကားကို ပြေးတက်။ တံခါးမကြီးမှာ ကြေးပြားနဲ့ ကလျာမေ လို့ ထိုးထားတဲ့ သူ့အခန်းရှေ့မှာရပ်။ ပြီးတော့ တံခါးကို ခေါက်။ နောက်….။
ဒီအထိပဲ ကျွန်တော် ချောချောမွေ့မွေ့ စိတ်ကူးကြည့်နို်င်တယ်။ ကျန်တဲ့အပိုင်းတွေကတော့ ကျွန်တော့်တစ်သက် စဉ်းစား၊ ဘယ်လိုဖြစ်မှာလဲ ဘယ်တော့မှမသိဘူး။ အင်း..တံခါးခေါက်ပြီးတော့…တံခါးပွင့်လာ။ တံခါးပေါက်ရှေ့ ရပ်ပြီး မှောင်မဲနေတဲ့ သူ့အခန်းထဲကို လှမ်းကြည့်။ သိပ်သည်းလွန်းတဲ့ အမှောင်ထုထဲမှာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူးပေါ့။ သူ ထွက်မလာဘူး။ ဘာမှလည်း ထွက်မလာဘူး။ အမှန်တကယ်က အဲဒီမှာ သိပ်သည်းတဲ့ အမှောင်ထုကလွဲလို့ ဘာမှ မရှိတာလည်း ဖြစ်နိုင်တာပဲ။
တစ်ခါတလေ တွေးကြည့်သေးတယ်။ ကလျာမေနဲ့ ဆင်တဲ့သူဆိုတာ ရှိမယ်ကို မထင်ဘူး။ သူ ဦးထုပ်ဆောင်းရင် ဘယ်လိုပုံပေါက်သွားမှာလဲ ကျွန်တော် တွေးကြည့်လို့မရဘူး။ ခရမ်းရောင် ကြယ်သီးကြီးတွေ ပါတဲ့ အဲဒီ အနက် ရောင် ဝတ်စုံကလွဲပြီး တခြားဝတ်စုံ သူဝတ်ကြည့်ရင် ဘယ်လိုပုံထွက်မှာလည်း ကျွန်တော် မစဉ်းစားတတ်ဘူး။ လက်အိတ် အနက်တွေ ချွတ်ထားရင်တောင် ဘယ်လိုဖြစ်သွားမလဲ ပုံဖော်ကြည့်လို့မရဘူး။ လမ်းပေါ်မှာ၊ စားသောက်ဆိုင် တစ်ခုခုမှာ သူ စားသောက် ပြောဆိုနေတာများ တွေ့ရင် ရီမိမလားပဲ။ အဲဒါတွေနဲ့ သူနဲ့ ဘယ်လိုမှ တွဲပြီး စိတ်ကူးကြည့်လို့မှ မရတာကို။
ကိုယ့်ဟာကိုယ် မေးမိတာ တစ်ခုရှိသေးတယ်။ သူ့ကို ချစ်နေလား ဆိုတာ။ ကျွန်တော် မဖြေတတ်ဘူး။ ကျွန်တော်က တစ်ခါမှ မချစ်ဖူးတဲ့သူဆိုတော့ ဘယ်လိုပြောမလဲ။ ဒါပေမဲ့ ကလျာမေ အပေါ်မှာထားတဲ့ ကျွန်တော့် ခံစားချက်ဟာ အစစ်အမှန်..အင်း..အချစ်ဆိုတာပေါ့ ဆိုရင်တော့လည်း ကျွန်တော် ဖတ်ဖူး၊ ကြည့်ဖူးတဲ့ ဝတ္ထု၊ ဇာတ်လမ်းတွေထဲက အချစ်ဆိုတာနဲ့တော့ တော်တော်လေး ကွဲလွဲနေပြီဗျာ။
ကိုယ့်ခံစားချက်တွေကို အဓိပ္ပါယ်ဖွင့်ဖို့ တော်တော်ခက်လာပြီ။ တကယ်က ကလျာမေနဲ့ မပတ်သက်တဲ့ တခြားခံစားချက်တွေကို အဓိပ္ပါယ်ဖွင့်ဖို့ ပိုခက်လာတာပါ။ သူနဲ့ ပတ်သက်တဲ့ ကစားပွဲဗျာ..တကယ်ကို မငြင်းဆန်နိုင်အောင် ကျွန်တော့်ကို လွှမ်းမိုးချုပ်ကိုင်ထားတာ။ ကျွန်တော် နားလည်တာ အဲဒီလောက်ပဲ။
ကလျာမေကို ကျွန်တော့် စိတ်ထဲ ငြိနေတယ်။ နောက် ခံစားချက်တစ်ခုလည်း ရှိသေးသဗျ။ ကြောက်ရွံ့သလိုမျိုး စိတ်။ ကြောက်စိတ်..။ မဟုတ်ဘူး။ ရဲစိတ်လား။ မပီပြင်တဲ့ သတိပေးခေါင်းလောင်းသံများလား။ မဝေခွဲတတ်တဲ့ စိုးရိမ်ထိတ်လန့်မှုလား။ ထားပါတော့။ အဲဒီစိတ်ကပဲ သူ့အနား မကပ်အောင် သတိပေးနေသလို၊ အနားထိတိုး သွားဖို့လည်း တိုက်တွန်းနေတယ်။ နောက်ဆုံး ကျွန်တော် လုံးဝသေချာသွားတယ်။
ကျွန်တော် သူ့ဆီ သွားရမယ်။
ကလျာမေက အမြဲတမ်းထိုင်ပြီး ဗိုင်းငင်နေတာ ဘယ်လိုချည်ထည်မျိုးတွေ ယက်လုပ်ဖို့ပါလိမ့်နော်။ ဒီလောက် သေးမျှင်တဲ့ ချည်လေးတွေကို လုံးဝ မရှုပ်အောင်၊ မထွေးအောင် ဘယ့်နှယ်များ လုပ်ပါလိမ့်။ ထူးခြားဆန်းကြယ် တဲ့ အဆင်အကွက်တွေ သူယက်မှာ။ ဒဏ္ဍာရီလာ မိစာ္ဆကောင်တွေ၊ ဆန်းဆန်းပြားပြား ကိုယ့်ယို့ကားယား သတ္တဝါတွေ ပါတဲ့ အဆင်အကွက်တွေ သူယက်မှာ။ ကျွန်တော်လည်း မြင်ရတာမဟုတ်ပဲ ဘာလို့ အဲဒီလိုထင်လဲ မပြောတတ်ဘူး။ သေချာတယ်ဗျာ..ကျွန်တော့်မျက်လုံး မှိတ်လိုက်ရင် မြင်နေတယ်။ ဧရာမ ပင့်ကူအိမ်ကြီးထဲမှာ ကပ်ငြိနေတဲ့ လူတွေရယ်၊ ဒဏ္ဍာရီလာ မိစာ္ဆကောင်တွေ၊ ဆန်းဆန်းပြားပြား ကိုယ့်ယို့ကားယား သတ္တဝါတွေ ရယ်။
မတ် ၁၇၊ ကြာသပတေး
ကျွန်တော်စိတ်က ထူးခြားလှုပ်ရှားတဲ့ အနေအထားတစ်ခု မှာ ရောက်နေတာ သတိပြုမိသဗျ။ ဘယ်သူ့ကိုမှ စကားပြောချင်စိတ် မရှိဘူး။ ဒေါ်အုန်းနွယ်ကိုလည်း ပြောချင်စိတ် မရှိဘူး။ စားတာတောင် ဖျိုးဖျိုးဖျတ်ဖျတ်ပဲ။ ပြတင်းပေါက်နား ထိုင်ပြီး သူနဲ့ ကစားချင်တာပဲ သိတယ်။ တကယ်ကို စောက်ကျိုးနည်း စွဲလန်းစေတဲ့ ကစား နည်းပါဗျာ။
နောက်ပြီးတော့ မနက်ဖြန် တစ်ခုခုများ ဖြစ်မလား မသိဘူးဆိုပြီး စိတ်က လေးနေတယ်။ ထင့်နေတယ်ဗျာ။
မတ် ၁၈၊ သောကြာ
ဟုတ်တယ်၊ ဟုတ်တယ်။ တစ်ခုခု ဒီနေ့ ဖြစ်ကို ဖြစ်မှာ။ ကိုယ့်ဟာကိုယ် ပြောမိနေတယ်။ အလို..ပါးစပ်က အသံ တောင် တော်တော်ကျယ်သွားပါရော့လား။ ကိုယ့်အသံကိုယ် ပြန်ကြားဖို့ – ဒါက ကျွန်တော် ဒီမှာ ရှိနေတယ်ဆို တာ။ ဟုတ်သေးဘူး။ ကျွန်တော် ကြောက်နေလို့။ အဲဒီ အကြောက်ဆိုတာ ဒီအခန်းထဲ ကိုယ့်ရှေ့နေသွားတဲ့လူ တွေရဲ့ အဖြစ်ဆိုးရယ် နောက် အကြောက်တရားတစ်ခုရယ်က ကျွန်တော့်စိတ်ထဲ ရက်ရက်စက်စက် ရောမွှေ စိမ့်ပျံ့နေတာ။ နောက် အကြောက်တရားတစ်ခုဆိုတာလား…အဲဒါ ကလျာမေပဲ။ အဲဒီ အကြောက်တရားနှစ်ခုကို ဘယ်လိုမှ ခွဲမရဘူး။ ကျွန်တော် ကြောက်နေပြီ။ အော်ဟစ် ပစ်လိုက်တော့မလားပဲ။
ညနေ ၆နာရီ
စာကလေး တစ်ကြောင်းနှစ်ကြောင်းလောက် သုတ်သုတ်ကလေး ချရေးပါရစေဦးဗျာ။ ပြီးရင် ကျွန်တော့် တိုက်ပုံ လေးနဲ့ ဦးထုပ်ကလေး ပြေးစွပ်ရမယ်။
ငါးနာရီထိုးတော့ ကျွန်တော့် ခွန်အားတွေ ပြိုဆင်းကုန်တယ်။ ကျွန်တော် စိတ်ထဲ သေသေချာချာ သိနေတယ်။ ခု ခြောက်နာရီမှာ တစ်ခုခုတော့ သေချာပေါက်ကို ဖြစ်တော့မယ်ဆိုတာ။ ရဲအုပ်ကြီးကို ညာလှိုင်းထားတာတွေ ခု ပြန်တွေးပြီး မရီနိုင်တော့ဘူး။ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း စိတ်အင်အားရှိသမျှကို စုစည်းပြီး ကြံ့ကြံ့ခံ ကြည့်တယ်။ မရဘူးဗျို့။ ပြတင်းပေါက်ဆီ ကျွန်တော့်ကို ဆွဲခေါ်နေတယ်။ ကလျာမေနဲ့ ကစားရမယ်။ နောက် ပြတင်းပေါက်ကို ကြောက်ရွံ့တဲ့စိတ်က ဟုန်းခနဲ ရုန်းထလာတော့တာ။ အလိုလို..ဆွဲကြိုးချသေတဲ့ မသာတွေ ပါလားဗျာ။ မာရဝါရီကုန်သည်ကြီး။ ကြံ့ခိုင်တဲ့ လည်ပင်းကြီးနဲ့ ငွေရောင်သမ်းနေတဲ့ မုတ်ဆိတ်။ အကကောင်းတဲ့ ဇာတ်မင်းသား။ ရဲရင့်သန်စွမ်းတဲ့ ရဲတပ်ကြပ်ကြီး။ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာ။ ဟော..သုံးယောက် လုံး ပြတင်းပေါက်ဘောင်က ချိတ်ကြီးမှာ ကြိုးတန်းလန်းကြီးတွေနဲ့။ ပါးစပ်ကြီးတွေပွင့်၊ လျှာကြီးတွေ တွဲလောင်း ကျလို့။ အောင်မလေး…သူတို့ သူတို့..ကြားထဲမှာ ကျွန်တော်ပါလား။
အလိုလေးဗျာ..ကြောက်စရာ..ကြောက်လိုက်တာဗျာ။ ပြတင်းပေါက်ဘောင်က ချိတ်ကြီးကို ကလျာမေလိုပဲ ကျွန်တော် စိမ့်ကြောက်လာတယ်။ ခွင့်လွှတ်ပါတော့ ကလျာမေ..ဒါ အမှန်တရားပါကွယ်။ ကြမ်းပြင်မှာ ခြေ ထောက်ကြီးတွေ ကွေးပြီး တလှုပ်လှုပ်နဲ့ တရွတ်ဆွဲနေတဲ့ မသာကောင်ကြီးတွေနဲ့ မင်းရဲ့ပုံရိပ်ကို ပြင်းထန်တဲ့ အကြောက်တရားတွေထဲမှာ ကိုလေ အမြဲတမ်း ဝေခွဲမရခဲ့ဘူး။
ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချချင်တဲ့ ဆန္ဒမျိုးတော့ တစ်ခါမှ မခံစားရပါဘူး။ လုပ်လိမ့်မယ်လို့တောင် မစိုးရိမ်မိဘူး။ ဒါဆို..အင်း..ကျွန်တော်က ဒီပြတင်းပေါက်ကိုပဲ ဗလာချီကြောက်နေတာ။ ပြီးတော့ ကလျာမေကိုရော။ နောက်… ဘာမှန်းမသေချာတဲ့ဟာ၊ ဘာရယ် ခန့်မှန်းလို့မရတဲ့ဟာ၊ အခုကို ရောက်လာတော့မဲ့ဟာကို ကြောက်နေတာ။ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ ဆန္ဒတစ်ခုက ပြတင်းပေါက်နားကို သွားခိုင်းနေပါရော။ ပြီးတော့ကာ..ကျွန်တော် လုပ်ကို လုပ်ရ…။
တယ်လီဖုန်းက အဲဒီအချိန် ထမြည်တယ်။ တယ်လီဖုန်းခွက် ကောက်ယူပြီး ဟိုတစ်ဘက်က ဘာသံမှ မကြားရ သေးခင်မှာ ကျွန်တော် ကြုံးအော်ထည့်လိုက်တော့တာပဲ။ အခုလာ..ချက်ချင်းလာ..လို့။
ကျွန်တော့်စိတ်ထဲ ကျွန်တော့်အော်သံက တဖြည်းဖြည်း ရစ်ပတ်လွှမ်းခြုံဖို့လာတဲ့ မကောင်းဆိုးရွား အရိပ်အငွေ့ တွေကို အခန်းရဲ့ အကြိုအကြားတွေကနေ ထွက်ပြေးလွင့်ပျယ်သွားအောင် မောင်းထုုတ်လိုက်သလိုပဲ လို့ ခံစား လိုက်မိတယ်။ နဖူးက ချွေးကို သုတ်ရင်း ရေတစ်ခွက် ခပ်သောက်လိုက်တယ်။ ရဲအုပ်ကြီးရောက်လာရင် ဘယ် လို ပြောရပါ့မလဲ စဉ်းစားနေတာ။ နောက်ဆုံး ပြတင်းပေါက်နားသွားရပ်၊ ကလျာမေကို နှုတ်ဆက်မိတော့တာ။ သူကလည်း ပြန်နှုတ်ဆက်ပါတယ်။ ပြုံးတောင် ပြလိုက်သေး။
ငါးမိနစ်လောက် ရှိတော့ ရဲအုပ်ကြီး ရောက်လာတယ်။ ကျွန်တော်က သူ့ကို ဒီအဖြစ်အပျက်တွေ အကုန်လုံးရဲ့ အခြေခံဇစ်မြစ်ကို ကျွန်တော် တို့ထိမိပြီလို့။ ဒီနေ့တော့ မေးခွန်းတွေ ခဏဆိုင်းထားပါဦး လို့။ သိပ်မကြာခင်မှာ ထူးခြားပြောင်မြောက်တဲ့ ဖော်ထုတ်ဖွင့်ချမှုတစ်ခု ကျွန်တော် လုပ်နိုင်တော့မှာလို့ ဖြီးလိုက်တယ်။ ကိုယ့်ဟာကိုယ် ဖြီးနေတဲ့အချိန် စိတ်ထဲမှာ ငါအမှန်တွေပြောမိနေတာလို့ တပြိုင်နက် ခံစားမိလာတာဗျ။ ဟုတ်တယ်..ကျွန်တော် ပြောနေတာ အမှန်တွေ..။ ကြောင်းကျိုးဆီလျော်တဲ့ လက်တွေ့ကျကျ အကဲဖြတ်ချက်နဲ့တော့ ဆန့်ကျင်တာပေါ့။ ဒါပေမဲ့ ကိုယ်ပြောမိတာ အမှန်တွေလို့ ခံစားရတုန်း။
ရဲအုပ်ကြီးကလည်း ပုံမှန်မဟုတ်တဲ့ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲခတ် မိပုံရတယ်။ အထူးသဖြင့် ဖုန်းထဲမှာ ကျွန်တော်အော်မိတာ သူ့ကို တောင်းပန်တဲ့ အချိန်ပေါ့။ ကိုယ် စိတ်လှုပ်ရှား ထိတ်လန့်မိ တဲ့အကြောင်းကို ယုတ္တိရှိတဲ့ ဖြေရှင်းချက်မှ ကျွန်တော် မပေးနိုင်တာလေ။ သူက အေးအေးသာသာ နှစ်သိမ့်ပြီး ဒီည အပြင်ထွက်မလား ဖိတ်ခေါ်တယ်။ ဟုတ်ပါတယ်။ တစ်ချိန်လုံး တစ်ယောက်တည်း နေတာ သိပ်တော့ မကောင်းဘူး။ ဒီအခန်းက မခွာချင်ပေမဲ့ သူ့ဖိတ်ခေါ်ချက်ကို ကျွန်တော် လက်ခံလိုက်တယ်။
မတ် ၁၉၊ စနေ
မနေ့ညက ဒီမြို့မှာ လူစည်ကားတဲ့ ပျော်ပွဲစားရုံ တစ်ခုကို သွားခဲ့ကြတာ။ အဲဒီလို သွားလိုက်တာ ကောင်းသား။ ရဲအုပ်ကြီး မှန်ပါတယ်။ စိတ်အပြောင်းအလဲ ဖြစ်တာပေါ့။ ပထမတော့ ကျွန်တော်လည်း နေမထိ ထိုင်မသာနဲ့။ အမှားတစ်ခုခု လုပ်နေမိသလိုလို။ နောက် အဲဒီခံစားချက်ပျောက်သွားတော့ သောက်လိုက် စားလိုက်၊ ရယ်လိုက် မောလိုက်၊ ဟာသတွေ ပြောလိုက် ဖြစ်လာတယ်။
ဒီမနက် ပြတင်းပေါက်နား ကပ်မိတော့ ကလျာမေရဲ့ မျက်ဝန်းထဲမှာ အပြစ်တင်တဲ့ အရိပ်အယောင်များ တွေ့မလား ဆိုပြီး ကျွန်တော် စူးစမ်းမိတယ်။ ဒါက စိတ်ကူးပေါက်တာ သက်သက်ပါ။ ကျွန်တော် ညက ထွက် သွားတာ သူဘယ်လိုလုပ် သိမှာတုန်း။ သူက ခပ်တည်တည် ပြန်ကြည့်ပြီး ခဏနေတော့ ပြုံးပြပါတယ်။
ဒီတော့ ကစားကြဦးပေါ့..တစ်နေကုန်။
မတ် ၂၀၊ တနင်္ဂနွေ
ဒီနေ့လည်း မနေ့ကလိုပဲ။ တစ်နေကုန် ကစားကြတာ။
မတ် ၂၁၊ တနင်္လာ
တစ်နေကုန် ကစားနေတာပဲ။
မတ် ၂၂၊ အင်္ဂ ါ
ဟုတ်တယ်။ ဒီနေ့လည်း ဘာမှမထူးဘူး။ ကစားနေတာပဲ။ တစ်ခါတလေတော့ ကိုယ့်ဟာကိုယ် မေးမိတယ်။ ဘာလို့ ဒီလိုလုပ်နေတာလဲ။ ဘာအတွက်လဲ။ ငါလိုချင်တာ ဘာလဲ။ ဘာဖြစ်ချင်တာလဲ။ ကိုယ့်အမေးကိုတောင် အဖြေ မရှိဘူး။ သေချာတာတစ်ခုကတော့ ဒါကလွဲပြီး တခြား ဘာကိုမှ မလိုချင်ဘူးဆိုတာပဲ။ (ဒါနဲ့ ပက်သက်လို့ လာချင်တာလာ..အဲဒါ ကျွန်တော် မျှော်နေတာပဲ ဖြစ်မှာ။)
နှုတ်ခမ်းလေးတွေ လှုပ်ပြပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေလည်း ပြောဖြစ်ကြတယ်။ ကျွန်တော်တို့ အချင်းချင်း တကယ်ကို နားလည်ကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် အကြာကြီးလည်း ကြည့်နေ မိကြတယ်။
ကျွန်တော့် အထင်မှန်သဗျ။ ကလျာမေက မနေ့ညက ကျွန်တော် ထွက်သွားတဲ့အတွက် အပြစ်တင်တာ။ ကျွန်တော်လည်း တောင်းပန်ရတာပေါ့။ ကျွန်တော် မှားပါတယ်။ ကျွန်တော် သိပ်ဆိုးပါတယ် ဘာညာ တောင်းပန်ရတာ။ သူ ခွင့်လွှတ်ပါတယ်။ ဒီနေရာက ဘယ်တော့မှ မခွာတော့ပါဘူးလို့ ကျွန်တော် ကတိပေး လိုက်တယ်။ ပြီးတော့ နှုတ်ခမ်းတွေ ပြတင်းပေါက်မှန်မှာ ကပ်ရင်း အနမ်းတွေ ဖလှယ်မိကြတာ အကြာကြီး။
မတ် ၂၃၊ ဗုဒ္ဓဟူး
သူ့ကို ချစ်တယ်ဆိုတာ ကျွန်တော် သိပြီ။ အို..အချစ်ပါပဲ။ အချစ်ပဲ ဖြစ်ရမယ်။ အသွေးအသားတွေထဲကနေ တစစ်စစ်နဲ့ကို ခံစားရတာ။ တခြားသူတွေရဲ့ အချစ်နဲ့တော့ ကွဲပြားချင် ကွဲပြားမှာပေါ့လေ။ လူတွေ တစ်ယောက် နဲ့တစ်ယောက် အသွင်အပြင်ကွဲပြားကြပေမဲ့..ကြည့်ပါဦး သူ့လို ခေါင်းမျိုး၊ မျက်လုံးမျိုး၊ လက်မျိုး ရှိတဲ့သူ ရှာပါဦး သန်းပေါင်းများစွာထဲမှာ။ ဆိုတော့ ကျွန်တော်တို့ အချစ်က ထူးခြားတယ် ပြောမလား။ ဒီလို ပုံပန်းကြောင့် အလှလျော့တယ် ဆိုမလား။ ထားပါတော့..ဒီအချစ်မှာ ကျွန်တော်တော့ ပျော်နေပြီ။
ပျော်နေပြီဆိုပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူး။ အကြောက်တရားလေး တစ်ခုသာ မပါရင် ပြီးပြီ။ တစ်ခါတလေကျတော့ အဲဒီ ကြောက်ရွံ့စိတ်က အိပ်မောကျနေသလိုမျိုး။ အဲဒါနဲ့ ကျွန်တော် မေ့သွားရော။ ဒါပေမဲ့ ခဏရယ်။ အဲဒါက ပြန်ပြီး ခေါင်းထောင်လာတာ။ အလွတ်မပေးတော့ဘူး။ သိပ်လှတဲ့ မြွေကြီးတစ် ကောင်ရဲ့ ညှို့စက်ကွင်းထဲ မိနေတဲ့ သနားစရာ ကြွက်ကလေးတစ်ကောင်လိုပဲ။ ရစ်ပတ် လွှမ်းမိုးလာတာကို ဘယ်လို ခုခံရမှာလဲနော်။
နေနှင့်ဦး အဲဒီ ကြောက်ရွံ့မှု..တို့များအချစ်တွေက ဒင်းကို ဝါးမျိုဖျက်ဆီး ပစ်မှာ။
မတ် ၂၄၊ ကြာသပတေး
ကျွန်တော် တစ်ခု သိပြီ။ ကျွန်တော်က ကလျာမေနဲ့ ကစားတာ မဟုတ်ဘူး။ သူကသာ ကျွန်တော့်ကို ကစားနေတာ။
ဖြစ်ပုံက ဒီလို။
မနေ့ညက ထုံးစံအတိုင်း ကျွန်တော်တို့ ကစားနည်းကို ပြန်စဉ်းစားနေမိတယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ လှုပ်ရှားမှု ငါးခုကို ကျွန်တော် စဉ်းစားပြီး စာရွက်ပေါ်မှာ ချရေးတယ်။ သူ့ကို အံ့အားသင့်အောင် လုပ်မယ်ပေါ့။ လှုပ်ရှားမှု တိုင်းကို နံပါတ်စဉ်ထိုးပြီး မြန်နိုင်သမျှ မြန်အောင် လုပ်နိုင်ဖို့ ကျွန်တော် လေ့ကျင့်တာ။ အစဉ်အတိုင်း လုပ်ကြည့်။ နောက်က ပြန်လုပ်ကြည့်။ တစ်ခုကျော်စီ စုံတစ်လှည့် မတစ်လှည့် လုပ်ကြည့်။ ရှေ့ဆုံး နဲ့ နောက်ဆုံးကို လုပ်။ ပြီးတော့ လုပ်ချင်ရာ ဖောက်လုပ်ကြည့်။ အဲဒီလို သေချာကို နာရီပေါင်းများစွာ လေ့ကျင့်တာ။ အချိန်ကုန်၊ လက်ဝင်ပေမဲ့ တော်တော်တော့ စိတ်ကျေနပ်သဗျ။
ခုမနက်ကျတော့ ပြတင်းပေါက်နား သွားပြီး ကျွန်တော်တို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။ ပြီးတော့ ကစားပွဲ စတာပဲ။ ဖင်တပြန် ခေါင်းတပြန် ကျွန်တော် လှုပ်ရှားပြ- တော်တော်တော့ အံ့ဩစရာဗျ။ သူ ကျွန်တော့်ကို ဒီလောက် မြန်မြန်ကြီး နားလည်သွားတာကို မြင်ရတာလေ။ တကယ်ကို တသွေမတိမ်း တပြိုင်နက်ထဲ ကျွန်တော်လုပ်သလို လိုက်လုပ်နိုင်တာ ရောဗျ။
အဲဒီအချိန် တံခါးခေါက်သံကြားရော။ တည်းရိပ်သာက ကောင်လေးပါ။ ကျွန်တော့် နောက်ပိတ်ဖိနပ် ယူလာပေး တာ။ ဖိနပ်ယူပြီး ပြတင်းပေါက်ဆီ ပြန်သွားဖို့ အလုပ်မှာ လှုပ်ရှားမှုငါးမျိုးကို ကျွန်တော် ချရေးထားတဲ့ စာရွက် လေးကို စားပွဲပေါ် ဖျတ်ခနဲ မြင်မိတာ။ အဲဒီမှာ ဘာသိသွားလဲ ဆိုတော့ – အဲဒီထဲပါတဲ့ လှုပ်ရှားမှုတွေ တစ်ခုမှ ကျွန်တော် မလုပ်ရသေးဘူး ဆိုတာပဲ။
လူက လဲကျတော့မလိုတောင် ဖြစ်သွားတယ်။ ကုလားထိုင် နောက်မှီကို လှမ်းကိုင်လိုက်မိလို့ပေါ့။ မယုံနိုင်ဘူး ဗျာ။ စာရွက်ကို သေချာ ပြန်ဖတ်ကြည့်တယ်။ အကြိမ်ကြိမ် ဖတ်ကြည့်တယ်။ စောစောက ပြတင်းပေါက်နား ကျွန်တော် လုပ်ပြခဲ့သမျှ ဒီအထဲကဟာတွေ တစ်ခုမှကို မပါဘူး။
နောက်တစ်ခု ဘာသတိထားမိလဲဆိုတော့ ဟိုးရှေ့လှန်းလှန်းမှာ ပွင့်နေတဲ့ ပြတင်းပေါက် တစ်ခု – ဟ ..အဲဒါ သူ့ ပြတင်းပေါက်။ ကလျာမေကို တွေ့နေကျ ပြတင်းပေါက်။ ကျွန်တော် ထပ်ကြည့်တယ်။ သေချာကြည့်တယ်။ ဘာမှ မရှိ။ အမှောင်ထုကလွဲလို့ ပကတိ နတ္ထိ။ ခုချိန် ကျွန်တော် ထွက်သွားရင် ကျွန်တော် လွတ်နိုင်တယ် ဆိုတာ ကျွန်တော် သိပြီ။ ဒါပေမဲ့ ကျွန်တော် မသွားခဲ့ဘူး။ စိတ်ထဲမှာ ခံစားချက်တစ်ခု ဖြစ်လာတာ သတိပြုမိလို့။ ဒီလျှို့ဝှက်ချက်ကို ကျွန်တော် ဆုပ်ကိုင်မိပြီလို့ ထင်မိတာ။ ဟား..မန်းရွှေမြို့ကြီးမှာ နာမည်ကျော်ဦးတော့မှာ။
မန်းရွှေမြို့မှာ နာမည်ကျော်ဖို့က ခဏပဲ ကလျာမေထက် အင်အားကောင်းတာ။
အလိုဗျာ..စောစောက အတွေးတွေ အကုန်လုံး အခုပဲ ကျွန်တော် လွှတ်ချလိုက်ပြီ။ ခုတော့ ကျွန်တော့် အချစ်ကို ပဲ သတိရတော့တယ်။ ဒီလောက် တိတ်ဆိတ်ပြီး အသဲအသန်ဖြစ်နေတဲ့ အချိန်ထဲမှာတောင်ဗျာ။
ဒါပေမဲ့ ခဏချင်းပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သန်မာလာတယ်။ စာရွက်ထဲက ပထမဆုံး လှုပ်ရှားမှုကို သေသေချာချာဖတ်။ ခေါင်းထဲစွဲနေအောင် လုပ်ပြီး ပြတင်းပေါက်နား ပြန်သွားလိုက်တယ်။
အဲဒီမှာ ကျွန်တော် ဘာလုပ်မိလဲဆိုတာ သေချာ သတိထားမိရော။ ကိုယ်လုပ်မယ်ဆိုတဲ့ လှုပ်ရှားမှုလေး တစ်ခုကိုတောင် မလုပ်နိုင်ဘူး ဆိုတာပဲ။
လက်ညှိုးနဲ့ နှာခေါင်းကို ပွတ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲဒီအစား ပြတင်းပေါက်မှန်ကို သွားနမ်းမိရော။ ပြတင်းပေါက် ဘောင်ကို လက်ချောင်းလေးတွေနဲ့ ခေါက်ဖို့လုပ်တယ်။ လက်က ခေါင်းက ဆံပင်တွေကို ထိုးဖွ လိုက်ရော။ ဆိုတော့..ဒါက အမှန်တရားပဲ။ ကလျာမေက ကျွန်တော်လုပ်သမျှ နောက်က အတုခိုးပြီး လိုက်လုပ် နေတာ မဟုတ်ဘူး။ ကျွန်တော်ကသာ သူလုပ်သမျှ လိုက်လုပ်နေရတာ။ ကျွန်တော်က သူ့ ညှို့ချက်အောက် ရောက်နေတဲ့၊ သူခိုင်းသလို ကပြနေရတဲ့ ရုပ်သေးရုပ်ကလေးလိုပါလား။ အဲဒီလို လွှမ်းမိုးထားတဲ့ ညှို့စက်ကွင်း ဆိုတာ သိမ်မွေ့လွန်းလို့ အညင်သာဆုံး ချော့မြူနှစ်သိမ့်နေသလိုပဲ။
နောက်ထပ် စမ်းသပ်မှု တစ်ခုလုပ်ကြည့်တယ်။ ကျွန်တော့်လက်တွေကို တိုက်ပုံ အိပ်ကပ်နှစ်လုံးထဲ ထိုးထည့်ပြီး တင်းတင်းဆုပ်ထားတာ။ လုံးဝ မလှုပ်နဲ့။ ပြီးတော့ သူ့ကို ကျွန်တော် ကြည့်တယ်။ သူက သူ့လက်ကလေးတွေ မြှောက်ပြီး သာသာလေးပြုံးတယ်။ လက်ညှိုးလေးထောင်ပြီး လိမ္မာတယ်နော် ဆိုတဲ့ ကလေးတွေကို ညင်ညင် သာသာ ဆုံးမတဲ့ ပုံစံမျိုးလုပ်ပြရော။ ကျွန်တော်လည်း လုံးဝမလှုပ်ဖို့ စိတ်တင်းထားတယ်။ ကျွန်တော့်လက်တွေ က သူ့ဟာသူ လှုပ်ချင်နေတာပါလား။ အဲဒါနဲ့ အိပ်ကပ်ထဲ အတင်းကြိတ်ပြီး ထိုးထည့်ထားလိုက်တယ်။ ဒီလောက် အပြင်းအထန် ငြင်းဆန်နေတဲ့ ကြားထဲက မိနစ်တော်တော်ကြာတော့ ကျွန်တော့်လက်တွေက ပြေလျော့လာတယ်။ အိပ်ကပ်ထဲက ထွက်လာပြီး လက်ညှိုးလေးထောင်ပြ၊ နှုတ်ခမ်းကပြုံးပြီး – မဆိုးရဘူးနော် ဆိုတဲ့ ပုံစံမျိုး လုပ်မိပါရော။ အဲဒါ ကျွန်တော် လုပ်တာ မဟုတ်ဘူး..။ သူလုပ်တာ..။ လွှမ်းမိုးနိုင်ပါပေ့။ အင်အား ကောင်းပါပေ့နော်။ လျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်ချင်တဲ့ ကျွန်တော်၊ လျှို့ဝှက်ချက်ကြီးကို ဆုပ်ကိုင်မိတဲ့ ကျွန်တော်။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော် ဖြစ်နေပါပေါ့လား။
ကျွန်တော်..ဟား..အဲဒီ တွေ့ရှိမှု ဘာလုပ်ရမလဲ။ အလကား..ဒီမှာ ကျွန်တော်ဆိုတာ ကလျာမေရဲ့ အမိန့်ကို နာခံ ဖို့ပဲ။ ကလျာမေ..ကလျာမေ..သိမ်မွေ့တဲ့ အကြောက်တရားလေးနဲ့ ကျွန်တော်ချစ်တဲ့ ကလျာမေ။