” မော တဲ့ နေ့”
“မော တဲ့ နေ့”
၂ဝရက်၁၁လ တနင်္ဂနွေနေ့။
အလုပ်ပိတ်တော့ မူဆယ်ဘက်ထွက်စရာမလို။
ထုံးစံအတို်င်း မနက်ငါးနာရီခွဲအိပ်ယာထ။
ဖွဘုတ်လေးဖွင့် ပြီးစာတွေဖတ်တာပေါ့။
အဲ့မှာ ခြောက်နာရီခွဲကျော်ကျော်မှာ
၁၀၅မိုင်မှာဆော်ကြပြီဆိုတဲ့သတင်းတက်လာပါတယ်။
လူတွေပိတ်မိနေတာ
အမျိုးသမီးတစ်ယောက်ကားမောင်းလာရင်းသေနတ်မှန်ပြီး
အသက်ပျောက်သွားတာ
လက်နက်ကြီးနဲ့ထုထားလို့ ပျက်စီးနေတာ
မီးခိုးတွေလုံးတက်နေတာကိုပုံတွေနဲ့တက်လာပါတယ်။
ပိုစ်တွေတက်ပြီဆိုတော့ ကော်မင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။
နောက်တော့ ဖွဘုတ်မှာသတင်းပေါင်းစုံတက်လာပါတယ်။
၁၀၅မိုင်ကထွက်ခွာဘို့ ဆယ်မိနစ်ဘဲအချိန်ပေးတယ်ဆိုတဲ့သတင်းစကားနဲ့အတူ
ကားတွေထော်လာဂျီတွေသုံးဘီးတွေဆိုင်ကယ်တွေနဲ့မူဆယ်ဘက်ကိုလူတွေ
တဖွဲဖွဲဝင်လာပါတယ်။
လားရှိးအဝင်ပိတ်ထားတယ်
သန္နီက တံတားကျိုးသွားပြီ။
အသွားအလာတွေရပ်သွားပြီ။
ကွတ်ခိုင်ကစ ပိတ်ပြီဆိုတဲ့ သီတင်းတွေက ဆောင်းလေအေးများနဲ့အတူ
ပျံ့လွင့်လို့လာပါတယ်။
အဲဒီနေ့ နေ့လည်ပိုင်းမှာ မူဆယ်ဘက်ကနေ တရုပ်ပြည်ကျယ်ခေါင်ဘက်အဝင်ကို
ပိတ်လို်က်တယ်လို့ သတင်းစကားကြားပေမယ့်
အားလုံးအသွားအလာမပျက်ရှိနေပါသေးတယ်။
၂၂ရက်၁၁လ တနင်္လာနေ့
မနက်ခြောက်ခွဲလောက် မူဆယ်ဘက်ထွက်တော့ ရာသီဥတုကလဲအေး။
မြို့ကလဲကြည်လင်သန့်ရှင်းစွာ အေးအေးဆေးဆေးနဲ့အိပ်ယာထလာသလိုပါဘဲ။
ဖွင့်နေ့ကျ ဆိုင်လေးတွေလဲ အလျှိုလျှို တံခါးဖွင့်။
သုံးဘီးတွေကလဲ လမ်းပေါ်မှာ ပြေးလွှား။
ဆိုင်ကယ်တွေကလဲ လမ်းပေါ်အသွားမပျက်။
မူဆယ်ဘက်ကနေကျယ်ခေါင်ပြန်အလာမှာတော့
ထူးခြားတာတွေ့ရပါတော့တယ်။
ခါတိုင်းဆိုရင်ဆိုင်ကယ်နဲ့ ကျယ်ခေါင်ထဲဝင်ဘို့ အနည်းဆုံးဆယ့်ငါးမိနစ်လောက်တန်းစီရပါတယ်။
ကျနော်ပြန်ဝင်လာတဲ့ ၈နာရီပါတ်ဝန်းကျင်မှာ ဆိုင်ကယ်သုံးလေးစီးဘဲဝင်နေတာတွေ့ရသလို
တန်းစီနေတဲ့ သုံးဘီးဆိုင်ကယ်တွေလဲမရှိ။
နေ့လည်တစ်ခေါက်ပြန်ထွက်တော့ နန်းတော်ပေါက်မှာရှိတဲ့
ကမ္ဘောဇဘဏ် မြန်မာ့စီးပွားရေးဘဏ် တံခါးတွေပိတ်ထားလို့ကြည့်လိုက်တော့
နေ့လည် ၁၂နာရီစွန်းစွန်းဘဲရှိပါသေးတယ်။
ဈေးထဲရောက်တော့ ဆိုင်တွေက ဖွင့်တာဖွင့်ပိတ်တာပိတ်။
ဈေးနေ့ဖြစ်ပေမယ့် ဈေးက လုံးဝလူမစည်။
ဖွဘုတ်သတင်း
ပါးစပ်သတင်း
အရပ်သတင်းတွေက
ဟိုနားမှာဒီလို
ဒီနားမှားဒီလို
ကြားနေရပေမယ့် ဘာမှစိတ်ချလက်ချအတည်ပြုလို့မရ။
အဲဒီအထဲမှာတော့
“ရန်ကုန် မန္တလေး မူဆယ်”ကုန်တင်ကားကြီးများအသင်းရဲ့
သတင်းကတော့ အချိန်နဲ့အမျှ တက်လာရုံမကဘူး
ဓါတ်ပုံနဲ့တကွတင်တယ်ဆိုတော့ အတော်လေးအထောက်အကူပြုပါတယ်။
ဖတ်ရသူတွေအတွက် အတော်အကျိုးရှိစေပါတယ်။
နေ့လည်ဘက်ရောက်တော့ ၁၀၅မိုင်မှာနေတဲ့မိတ်ဆွေတွေကိုမြို့ထဲမှာတွေ့ပါတယ်။
သူတို့ကသစ်သီးပွဲရုံလုပ်တာပါ။
“မနေ့ က သေနတ်မှန်ခံရတဲ့ အမျုးိသမီးနာရေးပို့ပြန်လာတာ။
ဟိုမှာတော့ အိမ်ပိတ်ထားခဲ့တယ်။
ဒီကတော့ နည်းနည်းအေးဆေးမယ်ထင်တယ်”လို့ပြောပါတယ်။
ဒါနဲ့ဘဲ ညနေစောင်းရောက်တော့ ကျယ်ခေါင်ဘက်ပြန်ဝင်လာပါတယ်။
ညနေမှောင်ရီပျိုးတော့ မူဆယ်ဘက်က အသိတွေက မီးပျက်သွားတယ်လို့
ဖုန်းဆက်လာချိန်မှာ ဖွဘုတ်ကို ဝင်ကြည့်လိုက်တော့
မြန်မာပြည်တနံတလျား မီးပျက်တဲ့သတင်းတွေကိုဖတ်ရတော့
“ဒီညမှာ မီးပျက်တာ ငါတစ်ယောက်ထဲလား”လို့အော်ခွင့်မရတော့ပါဘူး။
ကျနော်တို့နေတဲ့ ကျယ်ခေါင်ဘက်က မီးမပျက်လို့ပါ။
ည ပိုင်းရောက်တော့ မန်းလေးက မိတ်ဆွေက ဝီချက်ကနေသတင်းပို့ပါတယ်။
မူဆယ်ရဲစခန်းဝင်စီးတယ်ကြားတယ်ဟုတ်လားဆိုပြီးတော့။
မူဆယ်ထဲကသူငယ်ချင်းတွေကိုလှမ်းမေးတော့အသံတော့ကြားတယ်ဆိုတာနဲ့ဘဲပြီးသွားပါတယ်။
ဒါပေမယ့် ဖွဘုတ်သတင်းမှာတော့ ဝေဖန်ချက်မျိုးစုံနဲ့တက်လာကိုဖတ်နေရပါတယ်။
မြို့ထဲကိုတော့ကုန်ကားအကြီးတွေတန်းစီပြီးဝင်လာနေတော့ လမ်းပိတ်မတတ်ပါဘဲ။
၂၂ရက်၁၁အင်္ဂါနေ့
မနက်ခြောက်နာရီထိုးတော့ အိမ်ကထွက်ပြီးမူဆယ်ဘက်ကူးခဲ့ပါတယ်။
အသိတစ်ယောက်ဝင်ခေါ်ပြီး မြို့ထဲဘက်လှည့်ကြည့်ကြပါတယ်။
မနေ့ညက ဝင်စီးတယ်ဆိုတဲ့ရဲစခန်းရှေ့မှာလဲလူအသွားအလာမပျက်။
အပေါက်ဝမှာတော့ရဲအစောင့်တွေရှိနေပါတယ်။
မျက်နှာခြင်းဆိုင်က စတိုးဆိုင်လဲ တံခါးတစ်ခြမ်းဖွင့်ထားပြီး ဈေးရောင်းနေပါတယ်။
အဲ့ဆိုင်ရဲ့သံတံခါးအောက်ခြေမှာတော့အပေါက်ကလေးသုံးပေါက်။
ဟိုဒီစုံစမ်းစပ်စုလုပ်တော့ ဆိုင်ကယ်ပေါ်ကနေပစ်သွားတယ်ဘဲပြောသံကြား။
သူ့မြောက်ဘက်က ဈေးဆိုင်တန်းလေးမှာတော့ကားတွေရပ်ထားတာမြင်ရပြီး
လူတွေလဲအုတ်အုတ်ကျက်ကျက်။
မြို့ထဲက ဆိုင်အတော်များများကလဲ ပိတ်ထားတာများပါတယ်။
ဒါနဲ့ကျယ်ခေါင်ထဲပြန်ဝင်လာပါတယ်။
ဆယ်နာရီကျော်ကျော်လောက်ရောက်တော့ ဈေး လဲ ပိတ်ခိုင်းတယ်။
လမ်းမတန်းကဆိုင်တွေလဲပိတ်ခိုင်းတယ်ပြောသံကြားလို့မူဆယ်
တစ်ခေါက်ထပ်ထွက်လာခဲ့ပါတယ်။
နန်းတော်ပေါက်အဝင်မှာတော့ကားကြီးတွေကလဲမန်ဝိန်းပေါက်ဘက်ကိုသွား။
ကားတွေဆိုင်ကယ်တွေကလဲရှုပ်ယှက်ခက်။
အချို့ကားတွေပေါ်မှာ အဝတ်ထုတ်တွေတွေ့ရ
ဘဏ်တွေလဲပိတ်။
လမ်းမတန်းကဆိုင်တွေလဲပိတ်။
အချို့လဲအထုပ်ကြီးအထုပ်ငယ်နဲ့အပြေးအလွှား။
မြင်ရတာက ပုရွက်အုံတုတ်နဲ့ထိုးသလိုလှုပ်လှုပ်ရွရွ။
အဲဒါနဲ့အလုပ်က ကလေးတွေဆီသွား။
အပြင်မထွက်ဘို့ အသံကြားရင်သွားမစပ်စုဘို့မှာနဲ့အဲ့ဒီမှာတစ်နာရီလောက်ကြာသွားပါတယ်။
ရုံးက ကလေးတစ်ယောက်ကိုဆင်ဖြူပေါက်လိုက်ပို့ခိုင်းလိုက်ပါတယ်။
ဝင်မယ်လဲလုပ်ရော ဆိုင်ကယ်တွေတန်းစီထားတာက ရာချီ။
ကဒ်အစိမ်းလုပ်မယ့် နေရာမှာလဲ လူတွေအများကြီး။
ကဒ်အစိမ်းလုပ်တဲ့အနားမှာလူတစ်ယောက်က ဖုန်းထုတ်ပြီး
ရိုက်မယ်လုပ်တဲ့အခါ ဝန်ထမ်းတစ်ယောက်ထွက်လာပြီး
“ဖုန်းနဲ့ဓါတ်ပုံမရိုက်ပါနဲ့ လျှောက်မတင်ပါနဲ့
အဲလိုတင်ရင် ကဒ်အစိမ်းလုပ်တာ ရပ်လိုက်မှာ
အေးအေးဆေးဆေး နေကြပါ”လို့အော်ပါတော့တယ်။
စာအုပ်အနီတံဆိပ်ရိုက်မယ့်နေရာမှာလဲ လူတွေအပုံလို်က်။
တရုပ်ပြည်ထဲဝင်မယ့်အပေါက်မှာလဲ လူတွေတန်းစီနေတာ
၃ တန်း အရှည်ကြီး။
အထဲရောက်ဘို့ ၂နာရီလောက်စောင့်ရမလိုဖြစ်နေပါတယ်။
ဒါတောင်ခန့်မှန်းကြည့်တာပါ ဒီထက်ကြာရင်လဲကြာနို်င်ပါတယ်။
တန်းစီနေတဲ့လူတွေမှာလဲ အထဲရောက်ဘို့စိတ်စောသောကရောက်နေတဲ့
မျက်နှာပေးတွေနဲ့။
လက်ထဲမှာလဲ အထုပ်အပိုးကိုယ်စီနဲ့။
ဒါပေမယ့်ရုပ်ရှင်ထဲ ဖွဘုတ်ထဲတွေ့ရတဲ့စစ်ပြေးတွေလို့တော့ အရုပ်မဆိုး။
သူများအကြောင်းတွေးနေရင်းက
တကယ်လို့များ မဝင်ရတော့ဘူးဆိုရင် အခက်ဘဲ လို့
ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိတော့
အတော်လေးစိတ်မောသွားပါတယ်။
အဲဒီအချိန်ဖျပ်ကနဲစဉ်းစားမိတာက နန်းတော်ပေါက်ကလူမရှုပ်လောက်ဘူးဆိုတာပါဘဲ။
ဒါနဲ့ဘဲလူရှင်းတဲ့အထွက်ပေါက်လက်မှတ်ရို်က်တဲ့နေရာကိုဝင်ပြီး
အဝင်တံဆိပ်ရိုက်ပေးဘို့ အကူအညီတောင်းရပါတော့တယ်။
တံဆိပ်လဲရရော နန်းတော်ပေါက်ထိ လမ်းလျှောက်နေရင်ကြာမှာစိုးတော့ ဆိုင်ကယ်ကယ်ရီရှာတာမတွေ့လို့ စိတ်ညစ်နေတုန်း
သုံးဘီးတစ်စီးကထွက်လာပြီး “အလယ်ပေါက် တစ်ယောက်ငါးရာ”
ဆိုတာနဲ့တက်လိုက်လာပါတော့တယ်။
လမ်းမပေါ်မှာလဲ အထုပ်အပိုးတွေနဲ့ နန်းတော်ပေါက်ဘက်ကိုလာနေတာမြင်ရပါတယ်။
အားလုံးက လုံခြုံစိတ်ချရတဲ့ တရုပ်ပြည်ထဲကို ဝင်ပြီး ခိုလှုံဘို့
ကြိုးစားနေတာကို တွေ့နေရပါတယ်။
နန်းတော်ပေါက်ရောက်တော့လူတွေခါတိုင်းထက်အများကြီးရှုပ်ထွေးလို့နေပါတယ်။
မိတ္တူကူးတဲ့အခန်းလေးထဲမှာလဲ လူတွေပြည့်ကျပ်။
အဝင်လမ်းကျဉ်းကျဉ်းလေးမှာလဲ လူတွေတိုးဝှေ့။
အဲဒီအချိန် ခပ်ဝဝ မိန်းမကြီးတစ်ယောက်ကအထုပ်အပိုးတွေနဲ့
ကျနော့်ရှေ့ကဇွတ်တိုးတော့သူ့နောက်က ကျနော်ကပ်လို်က်တာပေါ့။
သူကလဲ တံဆိပ်ရိုက်ပြီးသား လမ်းနည်းနည်းဖယ်ပေးပါလို့ တိုးရင်းအော်တော့
အဲထဲကဝန်ထမ်းတစ်ယောက်ကလမ်းဖွင့်ပေးလိုက်တော့ သူရောကျနော်ပါအထဲ
ကိုအလွယ်တကူရောက်သွားပါတယ်။
တရုပ်ပြည်ဘက်အဝင်ခန်းမဘက်သွားနေတုံး ကဒ်အစိမ်းလေးတွေကိုင်ထားတဲ့
လူသုံးလေးယောက်က အပြေးအလွှားနဲ့သွားတာမြင်တော့ပါးစပ်က မနေနို်င်ဘဲ
ပြောမိပါတယ်။
“ဖြည်းဖြည်းသွားလဲ ဝင်ရမှာ ပြေးရူးပြေးရူးလုပ်လို့ ဟိုဘက်က မျက်စေ့နောက်ပြီး
ပိတ်လိုက်ရင် နောက်လူတွေဒုက္ခရောက်မယ်” လို့ပြောလိုက်မှရပ်သွားပါတယ်။
လူရှင်းပါတယ်ဆိုတဲ့နန်းတော်ပေါက်အဝင်မှာလဲ ခါတိုင်းထက်လူများသလို
တရုပ်လူဝင်မူ့ကြီးကြပ်ရေးက ဝန်ထမ်းတွေကလဲ စံနစ်တကျဖြစ်အောင်
စောင့်ကြပ်ပေးနေပါတယ်။
အဲလိုနဲ့ဘဲ ကျနော် ကျယ်ခေါင်ထဲရောက်မှစိတ်ချနို်င်ပါတယ်။
နေ့လည်ပိုင်းရောက်လေ သတင်းအရှိန်မြင့်လေပါဘဲ။
မူဆယ်ထဲမှာအပြင်မထွက်ရတော့ဘူး။
ဟိုဘက်ကလူတွေအကုန်လုံးကျယ်ခေါင်ထဲဝင်လာပြီ။
အမျိုးတွေလှမ်းခေါ်ပါအုံးဆိုတဲ့အသံတွေရှိသလို
အဝေးမှာနေတဲ့လူတွေကလဲ မူဆယ်မှာကျယ်ခေါင်မှာနေတဲ့လူကို
အဆင်ပြေလားဘေးကင်းလားနဲ့ စစ်သတင်းလှမ်းမေးကြတာ
ဖုန်းမအားနားမအားပါဘဲ။
သိပ်မကြာခင် ကဒ်အစိမ်းလုပ်တာရပ်လိုက်ပြီ တရုပ်ဘက်ကအဝင်မခံတော့ဘူး
လို့လဲကြားလာရပြန်တော့ အထဲမရောက်သေးသူများအတွက်စိတ်ပူမိပါတယ်။
မူဆယ်ဘက်မှာလဲ အပြင်မထွက်ရတော့ဘူးလို့ အသံကြားပြန်တော့
ဟိုဘက်မှာနေတဲ့ကလေးများကိုလည်း အပြင်မထွက်ဘို့ စားစရာအခြောက်အခြမ်းလေးတွေဝယ်ထားဘို့ မှာရပြန်ပါတယ်။
ဒီလိုနဲ့ဘဲစိတ်မောလူမောနဲ့အချိန်တွေကုန်သွားပြန်ပါတယ်။
ဒါပေမယ့်လဲ သတင်းတွေက မရပ် ဟိုနားမှာဆော်မှာလိုလို
ဒီနားမှာဆော်နေတာလိုလိုတွေကကြားနေရပြန်ပါတယ်။
ညနေ လေးနာရီကျော်တော့ စိတ်က နေမထိထိုင်မသာဖြစ်လာပါတယ်။
အဲ့ဒီအချိန် ပေါက်ပေါက်ရောက်ရောက်ရှိတဲ့မိတ်ဆွေတစ်ယောက်က
သတင်းကောင်းလေးပေးလာပါတယ်။
“ကိုပေါက် ဆိုင်တွေပိတ်ဘို့ ဘယ်သူမှ ညွန်ကြားမထားဘူး။
လူတွေက ပါးစပ်သတင်းနဲ့စိုးရိမ်ပြီးပိတ်ကြတာ၊
ဒီဘက်ကလဲ ဝင်လာသူတွေကို လက်ခံမယ်မပိတ်ဘူး”ဆိုတာလေးပါဘဲ။
ဒါနဲ့ဆိုင်ကယ်ထုတ်ပြီး ဆင်ဖြူပေါက်ဘက်ထွက်စနည်းနာရပြန်ပါတယ်။
ကျနော်ရောက်တော့ ဂိတ်ပေါက်မှာ လူတွေအုံခဲမနေတော့ပါဘူး။
“မူဆယ်မြို့ ဘာမှမဖြစ်ပါဘူး။
ဒီအထဲကို ဝင်ချင်သူများလည်း ဖြည်းဖြည်းတန်းစီလာပါ။
မလောပါနဲ့”လို့တရုပ်သံဝဲဝဲနဲ့ပြောနေသံကြားရပါတယ်။
ဒါပေမယ့် တရုပ်ရဲကားတွေကတော့ သံဇကားနားမှာရပ်ထားတဲ့ကားတွေကို
ဘေးဖယ်ခိုင်းနေပါတယ်။
ခိုးပေါက်တွေတသီတတန်းရှိနေတဲ့ သံဇကာနားမှာလည်းကင်းလှည့်လို့နေပါတယ်။
မူဆယ်ဘက် လှမ်းဖုန်းဆက်တော့ လမ်းပေါ်မှာလူအသွားအလာနည်း။
ဆိုင်တွေလဲပိတ်ထားတုန်းလို့ဖြေပါတယ်။
ကျယ်ခေါင်ဘက်မှာတော့ သွားလာလှူပ်ယှားခါတိုင်းထက်စည်ကားနေပါတယ်။
ဖွဘုတ်က စစ်သတင်းလဲအရှိန်ရော့လို့နေပါပြီ။
ဒါပေမယ့် မန်းလေး မူဆယ် လမ်းမကြီးကတော့ ပိတ်ထားဆဲ။
တညနေတော့ကုန်ခါနီးပါပြီ။
ညရောက်ရင်တော့ ဘယ်လိုဖြစ်မယ်မသိ။
နက်ဖြန်ဘယ်လိုဖြစ်မယ်မသိ။
ဒီတော့
ကဲ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ကွာလို့ဘဲစိတ်ကူးထားတာ
စိတ်သက်သာရာ ရမယ်ထင်ပါတယ်နော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
၂၂၁၁၁၆
2 comments
Thint Aye Yeik
November 23, 2016 at 6:19 pm
.မောရတဲ့နေ့တွေ လွန်ပါစေတော့ ဗမာပြည်. . .
aye.kk
December 5, 2016 at 8:40 pm
ကိုပေါက်
ဆရာတော်ပေးထားတဲ့ဂါထာရွတ်ပေးပါ။
နမောဗုဒ္ဓဿ
နမောဓမ္မဿ
နမောသံဃဿ
အန္တရယ်ကင်းစေလို့ပါ။။