“မိကျော် … “

ဦးေက်ာက္ခဲFebruary 23, 20171min56814

ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…

 
ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် … အလုပ်စုံပါပဲ ။ ဒါတောင် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က အဆောင်ရရဲ့သားနဲ့ အဆောင်မှာမနေပဲ သူ့အဒေါ်အိမ်သွားနေလို့ သူ့နာမည်နဲ့ အဆောင်မှာ လခပေးပြီး ဝင်နေလို့ရလို့ ဒီလောက် သက်သာတာပါ ။

 
အဲသည့် ငတ်တလှည့် ပြတ်တလှည့်ဘဝမှာ ရံဖန်ရံခါ အလုပ်ရှိရင် အတန်းပျက်ပါတယ် ။ အဲသည့်လို အတန်းပျက်မိရင် ပိတ်ရက် ညနေစောင်းဆို ဆရာ့အိမ်မှာ စာပြန်လိုက်ရပါတယ် ။ ကျေးဇူးရှင်ဆရာက ဗိုလ်ချုပ်လမ်း ရေကျော်မောင်အေးကဖီး နားမှာ နေတာပါ ။ ဆရာတို့မှာ သားသမီးလည်းမရှိ ၊ ဆရာ့မိန်းမကလည်း အစိုးရဝန်ထမ်း … အပူအပင်မရှိပေမည့် အရမ်း ချောင်ချောင်လည်လည်ထဲကတော့ မဟုတ်ကြပါဘူး ။ ဒါပေမည့် မောင်ကျောက်ကို စာသင်ပေးပြီးတိုင်း ဆရာက ငွေတောင်ဆေးပေါ့လိပ်နဲ့ ရေကျော်မောင်အေးမှာ လဘက်ရည်ကျဆိမ့် တစ်ခွက်တော့ တိုက်စမြဲပါ ။ အဲသည့်မှာ ဆရာ့အိမ် ဝင်ထွက်သွားလာရင်း ဆရာကတော်ကို အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေးကူလုပ်ပေးတဲ့ အနှီ “မိကျော်” နဲ့ ဆုံခဲ့ရတယ်ပေါ့ဗျာ … ။

 
“မိကျော်” ဆိုတာ ပုဆိုးကို တင်းတင်းဝတ် ၊ တင်ကလေးကို ကောက် ၊ ရင်ကလေးကို မောက် ၊ ကော့လန်ကော့လန် လမ်းလျှောက်တတ်ပြီး ၊ စကားပြောရင် “မိကျော်ကလေ…” ဆိုပြီး စတိုင်မလိုင်တွေထုတ်တတ်တဲ့ ဖိုးသိုးဖတ်သပ် ဆယ်ကျော်သက် ဖြူဖြူချောချော “အခြောက် ဂန်ဒူးလေး” ခင်ည ။ သူကလေးက ညောင်တန်း သံလျင်ဆိပ်နားမှာ နေတာပါ ။ အတန်းပညာ ၈-တန်းလောက်နဲ့ ကျောင်းထွက်ပြီး ကြုံရာ ကြဘန်း ၊ ဈေးရောင်း အဝတ်လျှော် အလုပ်စုံလုပ်တဲ့ “လက်ကြောတင်းသူလေး” ပေါ့ခင်ဗျာ ။ သူ့အမေ မုဆိုးမကြီးက ပုဇွန်တောင်ပန်းခြံက အရက်ဆိုင်တန်းနားမှာ အကြော်/အမြည်း ရောင်းပါတယ် ။ မိကျော်က တစ်ဦးတည်းသောသားတော့မဟုတ်ပါဘူး ၊ အကို ၂-ယောက်ရှိတယ်ခင်ဗျ ။ သူ့အကိုတွေက လောက်လောက်လားလား အရွယ်တွေမို့ အားကိုးရမယ် မထင်ပါနဲ့ … “ဇိုးသမား… ရှက်ကီငနဲ” တွေပါ ။ သူတို့က အမူးပြေရင် အရက်ဖိုးရအောင် ဆိုက်ကားအငှါးနင်းပါတယ် ၊ လစ်မစ်မပြည့်ရင်တော့ သူတို့အမေ မုဆိုးမကြီး အကြော်ရောင်းရငွေထဲက ဘတ်တယ် နှိုက်တယ်ပေါ့ဗျာ ။

 
အနှီ ပုဂ္ဂိုလ်ကျော် ၂-ယောက်ကလည်း ဇိုးသမားတွေဆိုပေမယ့် “ဇ” မသေးဘူးခင်ဗျ ၊ အဲသည့် ညောင်တန်း-ပုဇွန်တောင်တဝိုက်မှာ စီကနဲ ရိုက်ပွဲဖြစ်ရင် ဘယ်သူတွေလဲလို့ မေးစရာမလို ၊ သူတို့နဲ့ ဘယ်သူနဲ့ရိုက်တာလဲလို့ တန်းမေးလို့ရအောင် ဆိုးပါတယ် ။ ဒါပေမယ် ဒါပေမဲ့ပေါ့ဗျာ … အဲသည့် စစ်အုပ်ချုပ်ရေး န.ဝ.တ ခေတ်မှာ သူတို့တွေ ဂတ်တဲ (ရဲစခန်း) မှာအချုပ်ခံရတာကလွဲရင် ထောင်ကျတာတော့ မတွေ့မိပါဘူး ။ သတင်းသဲ့သဲ့ကြားရတာတော့ သူတို့ညီအကိုဝမ်းကွဲက ဗိုလ်တထောင် ထောက်-၁၄ ကလို့ ဆိုတယ်ခင်ဗျ ။ အကိုတွေက လူကြမ်း စိတ်ကြမ်းတွေမို့ မိကျော်လည်း အတော် ကြောက်ရှာပုံရပါတယ် ၊ သူ့အကိုတွေရှေ့မှာတွေ့လိုက်ရင် သတိဆွဲထားတဲ့ စစ်သားလို တောင့်တောင့်တင်းတင်းနဲ့ ကနွဲ့ကလျဟန်တွေ အကုန်ပျောက် … ၊ သူ့အကိုတွေလစ်ရင်တော့ ပုဆိုးကို ထမီလောက်နီးနီး ချပ်ချပ်ရပ်ရပ်ဝတ်ပြီး “ပလစ်” တော့တာပါပဲ ။

 
မိကျော်အကိုတွေက လူဆိုး လူတေ ဇိုးသမားတွေဆိုပေမယ့် “အကန့်” တော့ ရှိတယ်ခင်ဗျ ။ အဲသည့်နားက ငယ်မွေးခြံပေါက်တွေဆို ဒုက္ခမပေးပါဘူး ။ လူကြီးတွေဆိုရင်လည်း ဘယ်လောက်မူးမူး ရိုရိုသေသေ ဆက်ဆံပါတယ် ။ မောင်ကျောက်ရဲ့ဆရာကိုလည်း “ဆရာ… ဆရာလေး” ဆိုပြီး လေးလေးစားစားရှိပါတယ် ။ အဲ… သူတို့ညီ မိကျော်ကတော့ မလွယ် ၊ ဆရာတို့အိမ် စာသွားသင်ရင် မောင်ကျောက်ကို မထိခလုပ် ထိခလုပ် စ’ တယ်ခင်ဗျ ။ ဘယ်လောက် မျက်နှာတည်တည်ထားထား အမှတ်တမဲ့လိုလို မတော်တဆလိုလိုနဲ့ ခေါင်းပုတ် ကျောပုတ် လုပ်သွားတာချည်း ။ ဒေါကန်လို့ ပြောမိရင် သူကပဲ အရင် ကက်ကက်လန်အောင် ရန်တွေ့သေးတာ ။ အသက်ချင်းကလည်း မတိမ်းမယိမ်းဆိုတော့ မောင်ကျောက်ကို ခေါ်ပုံကလည်း ကြည့်ပါဦး … “ဘုံပျက်” တဲ့…

 
“ဟဲ့… ဘုံပြတ်ဘမောင် ဆိုတာက ဆရာမင်းသိင်္ခရဲ့ဇာတ်ကောင် မြင်းလှည်းမောင်းတဲ့သူ ။ နင်က ဘုံ ပျက်လို့ ကြားကားမောင်းရတဲ့အကောင်… တက္ကသိုလ်ကျောင်းသားဆိုပြီး လာ မလိုင်တက်ပြမနေနဲ့ ။ နင်လည်းလူ ငါလည်းလူ … e-ပါရင် ဖျင်လှန်ရတာ အတူတူပဲ” တဲ့ ။

ဝုတ်ကဲ့ … မိကျော် လက်စင်ပေးတာတွေများလို့ မောင်ကျောက် ဒီနေ့အထိ သူတို့လို ခြောက်မလေးတွေနဲ့ ရန်မဖြစ်တော့ပါဘူး ။ သင်းတို့က အလုံးကြီးတွေပဲလွှတ်တော့ ကိုယ်တွေက မနိုင်ဘူးလေ … ။ စကားအရာမှာတော့ အတော်ထက်မြက်ကြတယ်ဗျား… ဟီး ဟီး ။

 
တနေ့သားညဦးပိုင်းတော့ဗျာ … စာသင်ပြီးလို့ ရေကျော်မောင်အေးကဖီးမှာ ဆရာနဲ့ ကျဆိမ့်လေးသောက် ငွေတောင်ဆေးပေါ့လိပ်လေးဖွာ အလာပ သလာပ ထွေရာလေးပါးပြောနေတုန်း ပုဇွန်တောင်ပန်းခြံဘက်ကနေ ဒုန်းစိုင်းပြေးလာတဲ့ မိကျော်ကို တွေ့လိုက်ရပါတယ် ၊ အနောက်မှာလည်း သူ့အကို ၂-ယောက်က တုတ် တစ်ယောက် တစ်ချောင်းနဲ့ ဆဲဆို ကြိမ်းမောင်းပြီးလိုက်လာတာပါ ။ မောင်အေးကဖီးရှေ့ရောက်တော့ ဆိုင်ထဲမှာလူတွေလည်း အတော်များများရှိနေတာမို့ မိကျော်လည်း ကိုယ်ရှိန်သတ် ပုဆိုးကို မ ပြီး နောက်က သူ့အကိုတွေကို ရန်တွေ့ဖို့ ပြန်လှည့်သဗျ ။ မိကျော်က အပြေးကောင်းပေမယ့် သူ့အကို ဇိုးသမား ရှက်ကီငနဲတွေက မိကျော်လောက် မပြေးနိုင်တာမို့ ဓာတ်တိုင် ၂-တိုင်ကွာလောက်မှာ ဟောဟဲဆိုက် ၊ ခြေကုန် လက်ပန်းကျနေပြီလေ ။ ဒါပေမဲ့ … ဆဲရတာ အာမညောင်းသေးတာမို့ ဓာတ်တိုင်ကို မှီထိုင် ၊ တုတ်နဲ့ ပလက်ဖောင်းကို တဖုန်းဖုန်းရိုက်ရင်း…

 
“ဟေ့ကောင် မောင်ကျော်… လာခဲ့… ။ မင်းခေါင်းကို ရိုက်ခွဲပစ်မယ်”
“ဘယ့်နဲ့ကွာ … ညီကလေးမို့ အလိုလိုက်ထားပါတယ် ၊ သင်းက ယောက်ျားတန်မဲ့ လိမ်ကျစ်လိမ်ကျစ် လမ်းလျှောက်ပြီး ရှောက်သီးဆေးပြားရောင်းတဲ့ သောက်ခြောက်တွေလောက်မှ ပုံမလာ ၊ ဖျင်ခံချင်တဲ့ကောင်”
“ဟေ့ကောင် … လာခဲ့… @#$%^&x”

 
မိကျော်ရဲ့ ဇာတိသွေးဇာတိမာန် ခြောက်မတို့ ဒေါသက ငယ်ထိပ်ရောက်သွားသည်ထင့် … မောင်အေးကဖီးက လူပုံအလယ် ပုရိတ်သတ်ရှေ့မှာ ပုဆိုးမပြီး… ခွန်းတုန့်ပြန်လိုက်သည်မှာကား …
“ဟဲ့ … တေဂျင်းဆိုး ကာလနာ အရက်သမားတွေရဲ့… နင်တို့ တောက်ရည်သောက်ဖို့ ပိုက်ဆံခိုးမရရင် ဟောသည့်က ငါ ဖျင်ခံပြီး ရှာထားတဲ့ ပိုက်ဆံကို လာလာတောင်းပြီး မြိုဆို့ကြပြီးတော့ ဟင် ။ အေး … ထပ်ပြောမယ်… ငါ့ ဖျင်နဲ့ငါခံတာ ၊ ၊ နင်တို့ဖျင်ကိုယူကို ယူပြီး ခံတာမဟုတ်ဘူးးး ။ ကြားက လာ နာပြမနေနဲ့ ။ အန်ဖတ်ဆို့ပြီး မြန်မြန်တေကြပါစေ … @#$%^&x”
အာ ဟိ … မိကျော်တို့ အတုံးလိုက် အတစ်လိုက်တွယ်တာများ ပြန်ရေးပြဖို့ မကောင်းလို့ … ။ လဘက်ရည်ဆိုင်ထဲက ပရိတ်သတ်လည်း တခွီးခွီးနဲ့ ရယ်ရလွန်းလို့ ရေနွေးသီးသူကသီး ဆေးလိပ်မီးပေါက်သူကပေါက် … ။ ဓာတ်တိုင်အောက်က သူ့အကို အရက်သမား ၂-ယောက်လည်း မိကျော်ရဲ့ “ပါးစပ် စက်သေနတ်” အောက်မှာ ရှက်လာတယ်ထင်ပါ့ … အမှောင်ထဲတိုးပြီး ပန်းခြံဘက် ပြန်လစ်သွားတာ အရိပ်တောင် မတွေ့ရတော့ဘူး ။

 
မတွေ့တာမှ ၂-ပါတ်လောက် အိမ်ပြင်တောင် မထွက်ကြဘူးထင်ရဲ့ … တွေ့လိုက်ပြန်ရင်လည်း ဦးထုပ်ကြီးတွေ ငိုက်စိုက်ကြီး ဆောင်းလို့….

14 comments

  • ဇီဇီ

    February 24, 2017 at 8:12 am

    ဟီးဟီးဟီးး :mrgreenn:
    ဟုတ်တာဖဲလေ။
    နားမခံသာတာတော့ တစ်ပိုင်းပေါ့။
    ခွီးးးး

    :k:

    • ဦးကျောက်ခဲ

      February 24, 2017 at 11:45 am

      မိကျော်ပြောတာ အမှန်တော့အမှန်ပဲ… ဒါပေသည့် မှန်လွန်းလို့ ခက်နေတာ…
      အဲသည့်နေ့က သင်းကြောင့် ပုဆိုး ဆေးလိပ်မီးပေါက်တဲ့အထဲ နာပါ အဆစ်ပါတွားဒယ်…
      :k:

  • kai

    February 24, 2017 at 9:25 am

    မြန်မာဂေးတွေက စကားပိုကြမ်းကြမ်းပြောတတ်တာပဲ…
    ဆိုတော့.. မောင်အေးကဖီးနာမယ်ကြီးပေါ့..
    နေရာလေး မျက်စိထဲပြေးမြင်မိ…။ :k:

    • ဦးကျောက်ခဲ

      February 24, 2017 at 11:48 am

      သူတို့က စကားပြောလည်း ကြမ်းတယ်… ထိထိမိမိလည်း ပြောတတ်တယ်…
      အတန်းဖော် “မိစံ” ဆို ပိုဆိုးသေး … တစ်တစ်ခွခွကို ပြောတာ… :k:

  • Kaung Kin Pyar

    February 24, 2017 at 11:55 am

    အရေးအသားကတော့ ဦးကျောက်ပီသပါရဲ့…
    မျက်စိထဲ ကွင်းကွင်းကွက်ကွက်..မြင်ရတယ်…။ သူလဲ နေရာကောင်းအချိန်ကောင်းရွေးတတ်တာပဲ….။ ဉာဏ်ကောင်းချက်…

    • ဦးကျောက်ခဲ

      February 24, 2017 at 12:39 pm

      နေရာကောင်း ရွေးတတ်တာတော့ အမှန်ပဲ …
      လူစည်တဲ့ လဘက်ရည်ဆိုင်ရှေ့ဆိုတော့ မတော်မတရားလုပ်ဖို့ မလွယ်ဘူးလေ…
      နောက်ပြီး သူ့အကိုတွေ ၆-ကျပ်ကွဲဖို့လည်း လွယ်သဂိုး… :k:

  • ဦးကြောင်ကြီး

    February 25, 2017 at 11:38 am

    အူးကြောက် စမူဆာ ကြိုက်သလား

    • ဦးကျောက်ခဲ

      February 25, 2017 at 2:57 pm

      စမူဆာလား… လာခဲ့လေကွီ… :k:
      အဲ … အမတ်ဖြစ်ရင်တော့ စမူဆာ ကြိုက်လို့မရဘူး … ဟူး ဟူး

  • Thint Aye Yeik

    February 25, 2017 at 1:01 pm

    အခုလောက်ဆို မိကျော်ကနေ မာမီကျော်ရယ်လို့
    မိန်းမလျှာ့လောကထဲ ဖလမ်းဖလမ်းထနေလောက်ရောပေါ့။

    :k:

    • ဦးကျောက်ခဲ

      February 25, 2017 at 3:01 pm

      မာမီကျော်ဆိုပြီး ဖလမ်း ဖလမ်းထနိုင်သေးရင် တော်သေးတာပေါ့… :k:
      အေကိုက်ပြီး ဂန့်သွားမှာ စိုးတာ … မတွေ့တာ နှစ်အစိတ်လောက် ရှိတော့မယ်…

  • •*¨နန်းတော်ရာသူ •*¨

    February 25, 2017 at 10:37 pm

    မိကျော်ဖတ်ပြီး မုန့်ဝယ်နေကျဆိုင်က အလုပ်သမားကုသလဂေးလေးပဲပြေးပြေးမြင်
    ပုဆိုးလေးကိုကျစ်လို့ ဖင်ကိုကော့လို့။
    ပြောလိုက်ရင် သမီးက. 😀

    • ဦးကျောက်ခဲ

      February 26, 2017 at 4:13 pm

      အာဟိ … မိကျော်က ပလေကပ်ပုဆိုးကို တင်းတင်းဝတ်ပြီး “ကောက်” ပြသေး…
      ခြောက်မတို့ရဲ့ ကောင်းခြင်း ၅-ဖြာ ဆိုတာ သူပြောမှ ကြားဖူးတာ … ဟီး ဟီး
      :k:

  • Mr. MarGa

    February 26, 2017 at 12:54 pm

    အော်… မိကျော်….မိကျော်…
    ခွီးး

    • ဦးကျောက်ခဲ

      February 26, 2017 at 4:09 pm

      ဘာလဲ… မိဋ္ဌေး လို့ နာမည် ပြောင်းပေးစေချင်လို့လား ….
      :k:

Leave a Reply