ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး
ကိုယ်လက် မသန့်စင်ခင်မှာ
ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့
ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။

အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။

:k:

ပြောချင်တာက
အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ
ထိုင်ရတာ အရသာတစ်ခုခု
လျော့နေသလို ခံစားမိတဲ့ကိစ္စ။

လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင်
တခြားသူတော့ ဘယ်လို အိမ်သာထဲ
ဝင်တယ် မသိ။

ကျွန်တော်ကတော့. . .
အိမ်သာထဲ ဝင်ရင် ဖတ်လက်စ-စာအုပ်တစ်အုပ်အုပ်ကို ကိုင်ပြီး ဝင်ပါတယ်။
ဖတ်လက်စ မရှိရင်လည်း စာအုပ်ပုံထဲက ဖတ်ပြီးသားဖြစ်စေအုန်းတော့ တစ်အုပ် ဆွဲပြီး ဝင်တာပါပဲ။

အိမ်သာတက်ရင်းတောင် စာအုပ် ကိုင် ဖတ်တတ်တဲ့အကျင့်က ကပ်ပါနေတာ။
စာအုပ်ထဲ စိတ်ရောက်ရင်း အိမ်သာတက်ရတာမှ အိမ်သာတက်ခြင်းအမှု ပြည့်စုံတယ်လို့ ထင်မိတာပဲ။

အဲ့တုန်းက အိမ်သာထဲထိ
စာအုပ် ယူသွားတဲ့အကျင့်က
စာအုပ်အငှားဆိုင်တွေ ရှိသေးတဲ့
ပြယုဂ်တစ်ခုလည်း ဖြစ်တယ်။

လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က
စာအုပ်အငှားဆိုင်တွေ
အလုပ်ဖြစ်နေသေးတဲ့အချိန်။
တစ်ရက် ငှားခ ဘယ်လောက်/ဘယ်လောက်ဆိုပြီး ငှားလာတဲ့ စာအုပ်ကို
အချိန်မှီ ဖတ်ပြီးအောင်/
ရက်ကျော်ခ ပိုမပေးရအောင် တစ်ထိုင်တည်း အပြီးဖတ်ချင်တဲ့စိတ်လည်း
ရှိခဲ့ဖူးတယ်။

ဒီတော့ စာအုပ်ဆိုင်က ငှားလာတဲ့
စာအုပ်များ လက်ထဲ ရောက်လို့ကတော့ ချောင်တစ်ချောင်မှာ ကုပ်ကုပ်ကလေး ထိုင်ဖတ်မိတာများ ထမင်းမေ့ ဟင်းမေ့။ မိုးတွင်းဆို ပို ဖတ်လို့ကောင်း။
ဖတ်ရင်းနဲ့ အရှိန်များ တက်လာလို့
လက်က မချချင်လောက်အောင် ဖြစ်တဲ့အချိန်မှာ အိမ်သာတက်ချင်လာစေအုန်းတော့။ အိမ်သာထဲထိ စာအုပ်နဲ့မျက်လုံး မခွာရေးချ မခွာ။

အဲ့တုန်းက ကျွန်တော် အဖတ်များတာက စုံထောက်ဝတ္ထုတွေထဲမှာ
တက္ကသိုလ်တင်မြင့်တို့။ ဆွေလှိုင်ဦးတို့။
လွန်းထားထားတို့၊ နိုကိုဇူးဇင်တို့၊ ကလျာ(ဝိဇ္ဇာ/သိပ္ပံ)တို့။ စောပြည့်မာလာတို့လည်း မလွတ်စေရ။
အဲ့နောက်တော့ ဒဂုန်ရွှေမျှား ရွှေဥဒေါင်း၊ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ တြိစက္က စတာတွေလည်း စွဲစွဲလမ်းလမ်း ငှားဖတ်ခဲ့ဖူးတယ်။ သိုင်းဝတ္ထုတွေက အဆစ်ပါသေး။ နောက်ပိုင်းမှာတော့
အကြည်တော်တို့ တာရာမင်းဝေတို့။ အပျော်ဖတ်ဝတ္ထုတွေ အပြင် မောင်ထွန်းသူတို့ မောင်ပေါ်ထွန်းတို့ မြသန်းတင့်တို့ရဲ့ ဘာသာပြန်စာအုပ်ဖြစ်တွေ/ ဂျူးတို့ ဖေမြင့်တို့အထိ. . . အိမ်သာတက်ရင်း ဖတ်ခဲ့သေးတယ်။ မဂ္ဂဇင်းတွေ၊ ရုပ်ပြတွေကိုလည်း ဘယ်လွတ်လိမ့်မလဲ။ ငယ်ငယ်က ကာတွန်းစာအုပ်တွေကို ကျောင်းလွယ်အိတ်ထဲ ခိုးထည့် သယ်ပြီး ဆရာမ မသိအောင် ခိုးဖတ်တာတောင် သတိရမိသေး။

နောက်ပိုင်း တဖြည်းဖြည်းနဲ့ စာအုပ်အငှားဆိုင်ခေတ်က ကုန်သွားသလိုဖြစ် ဖြစ်လာ။ စာအုပ်ကို စာကြည့်တိုက်မှာ ထိုင်ဖတ်တာတို့ ဆိုင်က ဝယ်ဖတ်ရတာတို့လို ခေတ်ဘက် ရောက်လာတော့ အိမ်သာထဲ စာအုပ် ယူသွားတဲ့ အကျင့်လေးလည်း တဖြည်းဖြည်း ပျောက်လာသလိုပဲ။

ပျောက်ဆို စာအုပ်ဖတ်ရမယ့်အချိန်က နည်းသွားတာလည်း ထည့်ပြောရမယ်။

ဖုန်းတွေ ပေါလာကတည်းက စတယ်ထင်ရဲ့။ အဲ . . .ဖုန်းတွေ မပေါခင် အင်တာနက်ဆိုင်တွေ စ ပေါလာကတည်းက စာအုပ်ကိုင် ဖတ်ချိန် နည်းသွားတာလို့လည်း ပြောလို့ရမယ်။

အခုဆို အိမ်သာတက်ရင်း စာအုပ် ဖတ်လေ့ရှိတဲ့အကျင့်ကလေးတောင်
ပျောက်သလောက် ဖြစ်သွားရော။
ဒါပေမဲ့
အိမ်သာထဲထိ ဖုန်းကို ယူသွားပြီး
FB ဖွင့်ကြည့်တဲ့ အကျင့်က ပေါ်လာပြီ။

တစ်ခါတစ်ခါ ဗမာ့အင်တာနက်က
အိမ်သာထဲမှာမှ
လိုင်းပိုကောင်းနေတတ်သေးတာရယ်၊ ဖုန်းကို ကိုယ်နဲ့မကွာ အမြဲ ကိုင်ထားတတ်တာရယ်ကြောင့် အိမ်သာထဲရောက်တော့လည်း အလိုအလျောက်ကြီး ဖုန်းကို ဖွင့် ကြည့်မိရော။

အိမ်သာထဲမှာ ဖုန်းကိုမှ ဖွင့်ကြည့်မနေရင်လည်း ဟိုဆရာတော်တစ်ပါး ဟောသလို လုပ်နေရမှာ။

ကိုယ့်မစင်ကို ကိုယ်ပြန်ကြည့်ပြီး ခန္ဓာ့သဘောတွေ/ အပုပ်ကောင် အရုပ်ဆောင်တဲ့ သဘောတွေကို ရှုမှတ် ပွားများနေရမှာလေ။
:k:
အဲ့လို လုပ်ဖို့ကျတော့လည်း လူငယ်သဘာဝ အပျင်းကထူ။ စိတ်ကမပါ။ ဆိုတော့. . . အိမ်သာတက်ရင်း ဘာမှ လုပ်စရာ မရှိရင် ပါလာတဲ့ ဖုန်းလေး ဖွင့်။ ဟိုကြည့် ဒီကြည့်ပေါ့။

ဖုန်းထဲ ထည့်ထားတဲ့ PDF ဖိုင်နဲ့
E-BOOK တွေကိုတောင် ဖွင့်ကြည့်ဖြစ်တာမျိုး အတော်ရှားတယ်။ e-books က စာအုပ်ကို ကိုင်ဖတ်ရတာလောက် feel မကောင်းတာကြောင့်လည်း ပါတာပေါ့။

(အခုနောက်ပိုင်း စာအုပ်တွေ ဖတ်ဖို့ထက် ကျွန်တော့်ကို ပိုပြီး ဆွဲဆောင်နိုင်နေတာကတော့ FaceBook နဲ့ နိုင်ငံခြား ရုပ်ရှင်ကားတွေပဲ။

ဒါမယ့်ပေါ့လေ…
ကမ႓ာ နှစ်ခြမ်း ကွဲသွားပြီး FB နဲ့
နိုင်ငံခြားရုပ်ရှင်တွေ ကမ႓ာတစ်ခြမ်းစီ
ဖြစ်သွားမယ် ဆိုရင်တော့ နိုင်ငံခြား
ရုပ်ရှင်တွေ ရှိတဲ့ဘက်မှာပဲ နေပါ့မယ်။)

:k:

ဟိုရောက် ဒီရောက် ပြောလာလိုက်တာ။
အခု ထပ် ပြောချင်လာတာက. . .
ဟိုတလောက မအူပင်မြို့မှာ ရှိတဲ့
စာရေးဆရာမတစ်ယောက် အိမ်ကို သွားလည်တုန်းက အကြောင်းလေး
ထည့်ပြောဦးမှ။
အဲ့ဆရာမ အိမ်မှာ အိမ်သာ ခဏ
သုံးတုန်းက တွေ့ခဲ့ရတာလေး။

အိမ်သာထဲမှာ ကြိုးတန်းလေးတစ်ခု
လုပ်ထားတယ်။ အဲ့ကြိုးတန်းမှာ ဂျာနယ် သုံးလေးစောင်ကို ခေါက်ပြီး တင်ထားပေးတယ်။

အိမ်သာတက်ရင်းနဲ့ ယူဖတ်လို့
ရအောင် တမင် ထား ထားတာပေါ့။
ဒိတ်မလွန်သေးတဲ့ ဂျာနယ်တွေပါ။

အဲ့ဒါလေး မြင်ခဲ့ရတာကို ပြန် အမှတ်ရမိတော့. . . စာအုပ်ကို လက်က မချချင်ပဲ အိမ်သာထဲထိ ယူသွားပြီး ဖတ်တဲ့
အကျင့်ကလေး အလိုလို ပျောက်သွားခဲ့တာကိုပါ ပြန်လွမ်းမိလာရော။

အိမ်သာထဲထိ စာအုပ် ယူသွားပြီး
ဖတ်တဲ့အကျင့်ကလေး အလိုလို
ပြန်ပေါ်လာအောင်. . .
အဲ့လိုလေး လုပ်ဦးမှ။

ဖုန်းအသုံးကို လျှော့ပြီး စာအုပ်ကို
လက်က ကိုင်ဖတ်တဲ့ အကျင့်ကလေးကို အချိန် ပိုပေးပြီး ပြန်မွေးမြူဦးမှ. . .လို့. . .
ဒီနေ့ တွေးမိပါကြောင်း။

————————————

သင့်အေးရိပ်
ဇွန်လ/၂၀၁၇

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About သင့်အေးရိပ်

သင့်အေးရိပ် has written 20 post in this Website..