အတုတွေ
မြန်မာနိုင်ငံက ကုန်ပစ္စည်း အတုတွေ အကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်လို့ပါ။ မြန်မာနိုင်ငံဟာ တော်တော်လေးကို အတုပေါတဲ့ နိုင်ငံပါ။ ပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ပစ္စည်း အတုတွေ အပြင် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အတုတွေကလည်း အများကြီးပါ။ ပစ္စည်းတစ်ခု နည်းနည်းလေး လူသုံးများလာတာနဲ့ အတုတွေ ထွက်လာတော့တာပဲ။ ဒီကြားထဲ နေ့စဉ် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်၊ သားငါးလို ကုန်ပစ္စည်းတွေကို ပုံမှားရိုက်၊ အလေးခိုးပြီး ရောင်းတာမျိုး ရှိသေးတယ်။ ထားပါတော့လေ၊ ဒါတွေက မြန်မာပြည်က လူတိုင်းသိကြတဲ့ ကိစ္စပါ။
အခု ကျနော်ပြောမှာက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာပါ။ ရန်ကုန်မှာ ကျနော်သိတဲ့ အိမ်တစ်အိမ်ဟာ အရင်တုန်းကတော့ သနပ်ခါးလုပ်ငန်းကို လုပ်ပါတယ်။ အသင့် ရေဖျော်ပြီး လိမ်းရတဲ့ သနပ်ခါးတွေပေါ့။ အခုနောက်ပိုင်းတော့ အဲဒီလုပ်ငန်းကို မလုပ်တော့ပဲ အလှကုန် လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ဒီလုပ်ငန်း လုပ်ပြီးနောက်ပိုင်းမှ တော်တော်လေးကို စီးပွားဖြစ်တာကိုလည်း တွေ့ရပါတယ်။ နောက်သူ့အိမ် ရောက်သွားတော့မှ တွေ့ရတာက ကိုယ်ပိုင်တံဆိပ်နဲ့ မဟုတ်ပဲ နိုင်ငံခြားက နာမည်ကြီးတဲ့ တံဆိပ်တွေကို အတုလုပ်တာကိုး။ အဲဒါတွေ့ရတော့ ကျနော်လည်း တော်တော်လေးကို စိတ်ပျက်မိပါတယ်။ အလှကုန် ဆိုတာမျိုးက တကယ်တမ်း နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေတောင် တခါတလေ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိတယ် ဘာညာနဲ့ သတင်းထွက်လာ တတ်သေးတာပဲ။ ဒီလို အိမ်တွင်းဖြစ် ဘာပစ္စည်းတွေနဲ့ ရောစပ်ထားမှန်း မသိတဲ့ အလှကုန်တွေကို အတုလုပ်တာကတော့ ဆေးဝါးတွေကို အတုလုပ်သလိုပဲ တော်တော်လေးကို ဝိသမလောဘ ဆန်တယ်လို့ ထင်ပါတယ်။ နောက်တော့ ကျနော် ပလပ်စတစ် လုပ်ငန်းလုပ်တဲ့ နေရာ တစ်ခုမှာ နိုင်ငံခြားက နာမည်ကြီး အလှကုန်ပစ္စည်း ဘူးခွံတွေကို အများအပြား ထုတ်လုပ်နေတာ တွေ့ရပါသေးတယ်။ ကျနော်သိရသလောက် သူတို့က ဒီပစ္စည်းတွေကို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ ရောင်းချတာမဟုတ်ပဲ နယ်မြို့တွေကို တင်ပို့ကြတာလို့ သိရပါတယ်။ မသိနားမလည်လို့ ဝယ်သုံးမိတဲ့ သူတွေခမျာတော့ ငွေကြေးအပြင် ကံဆိုးရင် အသားအရေ အလှပျက်ကိန်းပါ ဖြစ်နိုင်ပါတယ်။
ဒါတွေကို ကျနော်သိခဲ့ပေမဲ့ တာဝန်သိပြည်သူ တစ်ယောက် မဖြစ်ခဲ့တာကို ဝန်ခံပါတယ်။ ကျနော် တတ်နိုင်တာကတော့ လူတိုင်းပြောတတ်တဲ့ ဈေးဝယ်ရင် အတုအစစ် ခွဲခြားပြီးဝယ်ပါ ဆိုတာပါပဲ။ ကျနော် ကိုယ်၌ကလည်း ဘယ်လို ခွဲရမယ်ဆိုတာ မပြောတတ်တော့ ခက်တာပဲ။ အင်း ….. “တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်း” လို့သာ ညည်းချင်တော့တယ်။ ။
5 comments
chitsayar
September 3, 2010 at 2:38 am
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ ့ဆိုလား
ဘာပဲဖြစ်ဖြစ် ဒီလိုတင်ပြတာလေးကိုတော့ ဂုဏ်ယူပေးပါတယ်
ဆူး
September 3, 2010 at 6:42 am
အတုတွေနဲ့ အကျိုးပေးတဲ့ ခေတ်ရောက်နေပြီကိုး.. လူတွေတောင် စစ်သေးရဲ့လားမသိဘူး
တရုတ်ကြီးရဲ့ မွေးစားသားလေး
kopauk mandalay
September 3, 2010 at 3:40 pm
ကျနော်တို့ဆီကလူတွေက အတုလုပ်ရတာအတော်လေးဝါသနာပါကြတယ်ဗျ။
တစ်ခုခု နာမယ်မကြီးလိုက်နဲ့နောက်က အတုဆိုတာကြီးက ကပ်ပါလာတယ်
အကုန်လုံးအတုရှိတယ် ။
ခင်ဗျားစာဖတ်မိမှ ကျနော်ဒီအတုတွေအကြောင်းရေးဘို့စိတ်ပါလာပြီဗျာ။
ရေးအုံးမှာ။
kai
September 3, 2010 at 8:38 pm
“တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်း” ဆိုတာလေးသဘောကျတယ်ဗျာ။
အသက်မွေးမှုတွေထဲမှာ..အင်မတန်အောက်ကျတဲ့ အသက်မွေးမှုပါပဲ…။
အဲဒီအတုကြောင့် ဘဝပါပျက်နိုင်တဲ့ အမျိုးသမီးတွေရှိနိုင်လို့ပါ။
thihayarzar
September 4, 2010 at 3:30 am
ဘာမှမတန်တဲ့ ကြက်ဥတောင် အတုတွေထွက်တော့ ဈေးကြီးတဲ့ပစ္စည်းဆို ပြောမနေနဲ့တော့ …. တရုက်က သူတို့လုပ်နိုင်တယ်ဆိုတာကိုပဲ ပြတာ အတုကိုရောင်းတာမဟုတ်ဘူး …… မြန်မာနိုင်ငံကတော့ သူများထက်ကိုထူးနေပြီထင်တယ် ….. အတုဆိုရင် အကုန်လုပ်တယ် … ချမ်းသာမယ်ဆိုရင် ငရဲလည်းကျခံရဲတဲ့လူမျိုးတွေ များလာတယ်နော် …. အော် …. လူတွေလူတွေ