ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို…

စည်းကမ်း သတ်မှတ်ချက်တွေ
မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။

အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း
သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ ….

စည်းကမ်းဆိုတာ …

လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ …
စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။

ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။

အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က
အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။

ဂငယ်ကွေ့ မကွေ့ရ လို့ သတိပေးထားတဲ့နေရာမှာပဲ တန်းစီပြီး ပျော်ပျော်ကြီး ကွေ့နေတာလည်း
မြင်ရရဲ့။

ယာဉ် မရပ်ရ လို့ သတိပေးထားတဲ့ ဆိုင်းဘုတ်အောက် တည့်တည့်မှာပဲ ရပ်ထားကြတာ အစီအရီ… ။

ဆိုတော့ စဉ်းစားစရာ ဖြစ်လာပါပြီ။

ကျနော်တို့ဟာ စည်းကမ်း ထုတ်ပြန်မှုတွေကို ဂရုမစိုက်ဘဲ
စည်းကမ်းတွေကို လွယ်လွယ်လေး ဖောက်နေကြပါတယ်။

စည်းကမ်း သတ်မှတ်ချက်ဆိုတာ လိုအပ်လို့
ထုတ်ပြန် သတိပေးထားရတဲ့ အရာတွေ…လို့ ကျနော်တို့ လက်မခံကြတာလား။

စည်းကမ်း သတ်မှတ်ချက်တွေကို စာနဲ့ ရေးပြီး ချိတ်ဆွဲထားရုံမျှနဲ့ လုံလောက်ပြီလို့ ထင်နေကြတာလား။

ကျနော်တို့ အားလုံး သိကြပါတယ်။

စည်းကမ်း သတ်မှတ်ချက်တွေဟာ လိုအပ်လို့

ထုတ်ပြန် ကန့်သတ်ထားရတယ်ဆိုတာ သိကြပါတယ်။

အားလုံး ကိုယ်စီ စည်းကမ်းတကျ နေသွားကြရင်… ကောင်းမွန်ပြီး နေပျော်တဲ့
ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမယ်ဆိုတာလည်း သိကြပါတယ်။

ဒါပေမဲ့ ဘာလို့ မလိုက်နာ နိုင်ကြတာလဲ။

ဘာလို့ စည်းကမ်းတွေကို အလွယ်တကူ ဖောက်ဖျက်နေကြတာလဲ။

—————————–

တချို့ စည်းကမ်းတွေဟာ လိုက်နာလိုက်ဖို့ရာ သိပ် အပန်းမကြီးပါဘူး။

ဥပမာ – သိမ်ကြီးဈေးဘက်ကနေ ရွှေတိဂုံ ဘုရားလမ်းအတိုင်း လာရာမှာ… နဝဒေးလမ်းထိပ်နားမှာ ဂငယ် မကွေ့ရ
ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားတယ်။

အဲ့ဒီ ဆိုင်းဘုတ်အောက်မှာပဲ မကွေ့ရဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး
ကွေ့နေတဲ့ကားတွေ တန်းကို စီလို့။ အမှန်တော့ အဲ့နားမှာ မကွေ့ဘဲ ရှေ့လေး နည်းနည်း ဆက်သွားရင် ကွေ့လို့ အဆင်ပြေတဲ့နေရာ ရှိတယ်။

အဲ့ဒီ ကွေ့လို့ရတဲ့နားအထိ ဆက်သွားလိုက်ရတာဟာ ….

ဘာမှ အပန်းကြီးတာ မဟုတ်။

ဒါဖြင့် ဘာလို့ အပန်းမကြီးတဲ့ စည်းကမ်းလေးကိုတောင် မလိုက်နာနိုင်ရတာပါလိမ့်။
လိုက်နာလိုက်ရင် ဘာမှ အပန်းမကြီးတဲ့ စည်းကမ်းလေးတွေကို လိုက်နာဖို့ ဘာတွေများ ခက်ခဲနေကြတာပါလိမ့်။

အဲ့ဒီလို ကိုယ့်ဘာသာ မေးနေခဲ့တာ ကြာပါပြီ။

—————————-

ဟိုတလောကမှ မကွေးဘက်ကို အသွားမှာ ကြုံခဲ့ရတာလေး ပြောပြချင်ပါသေးတယ်။

ပုသိမ်- မုံရွာလမ်း (မိုင်တိုင်အမှတ် ၂၇ဝ နား(ရွှေစက်တော် လမ်းခွဲ)ကနေ မင်းဘူး- အမ်းလမ်းကို ဖြတ်တက်လို့ ရတဲ့ လမ်းကလေးတစ်ခု ရှိပါတယ်။

အဲ့လမ်းကလေးဟာ ပုသိမ်-မုံရွာလမ်း မိုင်တိုင် ၂၇ဝ နားကနေ ဖဲ့ဆင်းသွားပြီး
မင်းဘူး-အမ်းလမ်း မိုင်တိုင်အမှတ် ၁၉ နားကို ရောက်သွားစေတဲ့ ကန့်လန့်ဖြတ်လမ်းလေးပါ။

(အဲ့ဒီ လမ်းကလေးဟာ ယာဉ်အသွားအလာ သိပ်မများသေးဘူး။

လမ်း ကောင်းသေးတယ်။ ပုသိမ်ဘက်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း လာပြီး မင်းဘူး မကွေးဘက် သွားချင်ရင်….
ဒါမှမဟုတ် ….

အမ်းဘက်ကနေ မင်းဘူး မကွေးဘက် သွားချင်ရင်…
ပဒါန်းလမ်းဆုံကနေ မင်းဘူး-အမ်းလမ်းအတိုင်း သွားတာထက် ….
အဲဒီ လမ်းကလေးထဲကနေ သွားရင် ပို မြန်ပါတယ်။ )

ပြောချင်တာက….
အဲဒီ လမ်းကလေးထဲမှာ နှစ်လမ်းမောင်း သွားလို့ ရနေရာကနေ တစ်လမ်းမောင်းပဲ သွားဖို့

လမ်းကလေး သပ်သပ် ခွဲထုတ် ပေးထားတဲ့နေရာလေး သုံး/လေးခုလောက် ရှိပါတယ်။ (ပုံကိုကြည့်ပါ)

 

 

 

 

 

 

 

 

 

 

 

အဲ့ဒီ လမ်း ခွဲကလေးကို တစ်လမ်းမောင်းမှန်း သိသာအောင်

ဆိုင်းဘုတ်ကလေး ထောင်ပြထားပါတယ်။

ပုသိမ်မုံရွာလမ်းဘက်က လာတဲ့ ကားတွေဟာ မျှား အပြာရောင်ကလေး ပြထားတဲ့ ဘက်ကနေ ဝိုက်ပြီး
သွားရမှာပါ။ ခွဲထုတ်ပေးထားတဲ့ လမ်းကလေးအတိုင်း ဝိုက်ပြီး မသွားဘဲ တည့်(ဒဲ့) ဖြတ်သွားတယ် ဆိုရင်
အဲ့ဒါဟာ လမ်းပြောင်းပြန် မောင်းနှင်မှု ဖြစ်ပါတယ်။

 

ကျနော် အဲဒီလမ်းကလေးထဲကနေ (အလုပ်ကိစ္စနဲ့ အဲ့ဘက် ခရီးထွက်ဖြစ်တိုင်း) ဖြတ်သွားတာ အကြိမ်ပေါင်း  မနည်းပါဘူး။ ဖြတ်သွားတိုင်း လမ်းပြောင်းပြန် တစ်ခါမှ ဝင်မသွားခဲ့။ တစ်လမ်းမောင်း ဖြစ်သွားတဲ့နေရာမှာ
ကိုယ် သွားရမယ့်လမ်းအတိုင်းပဲ ဝိုက်ပြီး မောင်းသွားလိုက်ပါတယ်။

အဲလို နည်းနည်းလေး ဝိုက် မောင်းသွားရတာ
ထွေထွေထူးထူးလည်း အပန်း မကြီးတာကြောင့် ည မိုးချုပ် ကားအသွားအလာ မရှိတော့ချိန်မှာတောင်  လမ်းပြောင်းပြန် မဝင်ရေးချ မဝင်။

 

ဘာမှ အပန်းမကြီးတာကြောင့် လမ်းမှန်အတိုင်း သွားတာ မဟုတ်ပါဘူး။
လမ်းပြောင်းပြန် ဝင်သွားရမှာကို (စည်းကမ်းဖောက်ရမှာကို) စိတ် မလုံတာမို့—- ပြီးတော့ ကျနော် မောင်းတဲ့
ကားပေါ်မှာက နိုင်ငံခြားသားတွေလည်း ပါလာလေ့ရှိတာကြောင့် အတတ်နိုင်ဆုံး စည်းကမ်းအတိုင်းပဲ မောင်းဖို့  ကြိုးစားမိပါတယ်။ သေရေးရှင်ရေး အရေးကြီးနေလို့ စည်းကမ်းဖောက်ဖျက်တာမျိုးဟာ နားလည်ပေးလို့ ရတဲ့အရာပဲ။

ဒါပေမဲ့…. ကျနော် ကိုယ်တိုင် မြင်တွေ့ခဲ့ရသမျှတော့ …
အဲ့နားကလေးရောက်ရင်…. ကျနော့်ရှေ့ကနေ လမ်းပြောင်းပြန် မောင်းချပြီး ဒဲ့ ဖြတ်သွားတာ ခပ်များများပါ။  သေရေးရှင်ရေး မဟုတ်ဘဲ ဘာလို့များ အလွယ် လိုက်မိကြပါလိမ့်။

ဆိုတော့ ကားရှင်းနေတာပဲ ဆိုပြီး….
စောင့်ကြည့် အရေးယူမှု မရှိတဲ့ တောလမ်းမှာ ဆိုပြီး…
ဘယ်သူမှ မမြင်ပါဘူးလေ ဆိုပြီး…
စည်းကမ်းကို ခပ်လွယ်လွယ် ဖောက်လိုက်ကြတော့မှာလား။

စည်းကမ်းဆိုတာ ဒဏ်ရိုက်မှာကြောက်လို့ဆိုပြီး….

စောင့်ကြည့်အပြစ်ပေးမှာ ကြောက်လို့ဆိုပြီး
လိုက်နာ ပေးရမယ့် အရာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဘယ်သူမှ မမြင်လည်း စည်းကမ်း ဖောက်ရမှာကို ရှက်တဲ့စိတ်နဲ့

အချိန်/နေရာ မရွေးဘဲ လိုက်နာရမယ့်အရာလို့  ကျနော် ထင်ပါတယ်။

လူတိုင်းလူတိုင်းဟာ နေရာတိုင်း အချိန်တိုင်းမှာ လိုက်နာ ကျင့်သုံးသင့်တဲ့ စည်းကမ်းမှန်သမျှကို
ကိုယ့်လိပ်ပြာကိုယ်လုံအောင် လိုက်နာကြရင်….

စင်္ကာပူလိုနိုင်ငံမျိုး ဖြစ်မလာနိုင်စရာ အကြောင်း မရှိဘူးလို့  ကျနော် ထင်ပါတယ်။

ကျနော်တို့အားလုံးဟာ ….
လိုက်နာလိုက်လို့လည်း ဘာမှ အပန်းကြီးမသွားတဲ့ စည်းကမ်းအတိုအစကလေးတွေကိုတောင်
လိုက်နာကြဖို့ ခက်ခဲနေတယ် ဆိုရင်…. ရှေ့ဆက်ရမယ့် အနာဂတ်ဟာ စည်းမဲ့ကမ်းမဲ့အနာဂတ်ပဲ ဖြစ်နေလိမ့်ဦးမယ်လို့….
ကျနော် တွေးမိပါတယ်။

 

ဟိုဟိုဒီဒီ လက်ညှိုးထိုးမနေဘဲ ကျနော်ကိုယ်တိုင်က စ,ပြင်ပါ့မယ်။
ထွေထွေထူးထူး အပန်းမကြီးဘဲ လိုက်နာရမယ့် စည်းကမ်းသေးသေးကလေးတွေမှသည်…..
အရင်လို ရေလိုက်ငါးလိုက် ပြုမှုလို့ မရသော စည်းကြီးကမ်းကြီးများဆီထိ…..
ချီတက်ကြပါအုန်းစို့….လို့။

လေးစားစွာ….

သင့်အေးရိပ်
၂၀၁၇၊ အောက်တိုဘာလ ၁ဝရက်

 

 

 

 

 

 

 

 

 

 

About Thint Aye Yeik

Thint Aye Yeik has written 19 post in this Website..

လူချစ်လူခင် များအောင် မနေတတ်ဘူး။ နတ်ကွန်း မဟုတ်လို့ ... အမွှေးတိုင်လည်း ထွန်းမထားမိဘူး။ (တာရာမင်းဝေ)