အိမ်မှာ စိမ်ထား ဗမာ့ချဉ်ဖတ်များ

ဇီဇီOctober 19, 20172min345213

အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။

:a:

ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး

ပလိုစီဂျာ နည်းနည်းများတယ်။

နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။

😀

အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။

အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။

ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!!

:kwi:

ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။

ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။

😐

ဘိလပ် လို တော့ Pickles လို့ပဲ ခေါ်တယ် ထင်ရဲ့။ သနပ်ကိုတော့ အာ့လိုခေါ်တယ်။ ချဉ်ဖတ် တော့မသိ။

 

ကိုယ်တွေ ဗမာ့ ချဉ်ဖတ် နည်းကတော့ ဘယ်လောက်ကြာရှည်ထားခံလည်းမပြောတတ်။

အသည် တစ်သည်ဟာ သန့်ရင် သန့်သလိုတော့ အဲဒီ ဈေးနား တစ်ဝိုက်က ရပ်ကွက်တွေကို ထိုးဖောက်နိုင်တာပေါ့။

အဲ!!! ဒီက အအေးခမ်း Mart တွေမှာတော့ ပုလင်းလေးတွေနဲ့ ယိုးဒယားတို့ အင်ဒီယားတို့ဆီက သူ့ရဲ့ ချဉ်ဖတ်လေးတွေ သနပ်လေးကို အိတ်စပို့ ကွာလတီနဲ့ ထိုးဖောက်ထားသဗျားး။

စလုံးတွေ စားကြတယ်။

သခွါးချဉ်တို့ တို့ဟူးချဉ် တို့။

ကျနော်တို့ ဆီတို့ဟူးခေါ်တဲ့ဟာမျိုးလိုကို သူတို့က ပုလင်းနဲ့ တံဆိပ်နဲ့ သန့်သန့်လေးတွေမြင်ရတာ စားကြသဗျားး။

ကိုရီးယားဆိုရင်တော့ ကမ႓ာသိ ကင်ချီပေါ့။ တခြား Pickles တွေလည်း အများကြီးရှိတယ်။

ဂျပန်မှာဆို ဂျင်း ကို အချဉ်တည်တာမျိုးကိုတော့ ဆူရှီနဲ့ စားကြတာပဲ။

 

😉

 

ဓာတ်ပုံအတွက်တော့ ငါးပိရည်နဲ့ ချဉ်ဖတ် အတို့ အစုံလေးကို မြန်မာမှု လှလှလေးပြင်ပြီး ရိုက်ချင်စိတ်ရှိသားး!

ကြိုးစားလိုက်အူးမယ်။

 

ခုတော့ အမ တွေ ကို ဟိုမေးဒီမေး စုထားတဲ့ အိမ်မှာ လုပ်စား ချဉ်ဖတ်များကို သာ အရင်ဖတ်ပြီး မှားတာ လွဲတာများရှိသော် ပြင်ဆင်ပေးကြပါအူးလို့(စ)!!!

ဆားရည်စိမ် တွေလည်း အတို့ စာရင်း ထဲ ပါလို့ သိတာများရှိရင် ရချင်ပါတယ် လို့။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မုန်ညင်းရွက်ချဉ်ဖတ် (Credit to မဘုတ်)

  • မုန်ညင်းရွက်ကို သဲစင်အောင်ရေဆေး၊
  • ရေခါ ပြီး နေခဏပြ၊
  • နေမရနိုင်ရင် ဆားနဲ့ နယ်ပြီး အရည်တွေညှစ် ထုတ်ထားလိုက်၊
  • ပြီးရင် ထမင်းရေ နွေးနွေး မှာစိမ်၊
  • နှစ်ရက်လောက်ဆို အချဉ်ပေါက်စ ပြုပြီ။
  • ငရုပ်သီးစိမ်း၊ ငရုပ်သီးဆီ၊ကြက်သွန်ဖြူ ကြော်၊နံနံပင် ထည့် သုပ်စား၊ ကောင်းမှ ကောင်း။

~~~~~~~~~~~~~~

မုန်လာဥချဉ်ဖတ် (Credit to မဘုတ်)

  • မုန်လာဥကိုနွမ်းအောင် နေခဏပြ
  • ကြိုက်သလောက် အရွယ် တုံးထားပြီးပြီးရင်ဆားထည့်
  • ထမင်းရေနွေးနွေးလေးလောင်းထည့်
  • ၂ ရက် လောက်နေပူမှာထားပြီးရင် စားလိုရပြီ
  • မုန်ညင်း, ပဲပင်ပေါက်, ကတက်ရွက် ဘာရရ အပေါ်က နည်းတွေနဲ့ပဲ ချဉ်ချင်တာ ချဉ်လို့ရတယ်။
  • ပုလင်းနဲ့ စိမ်မယ်ဆိုရင် ပုလင်းထဲ မထည့်ခင် ပုလင်းကို ရေနွေးလောင်းဆေးပီးခြောက်အောင်ထား။ မှိုလိူက်မစိုးလို့။ ဒါမှမဟုတ်နေပြထား။
  • ဆန်ဆေးရည်ထက် ထမင်းရည်က ပိုချဉ်လွယ်တယ်။
  • ချဉ်ဖတ်လှတာကျ ဆန်ဆေးရည်နဲ့က လှတယ်။

~~~~~~~~~~~~~~

သရက်ချဉ် (Credit to မဘုတ်)

  • သရက်သီးစိမ်းကို အမျှင်ခြစ် ပြီး
  • ဆားနယ်၊
  • ပြီးရင် ရေညှစ်ထားလိုက်
  • ကျွတ်ကျွတ်အိတ်လို ပလတ်စတစ်အိတ်လိုထဲ ထည့်ပြီး အလေးနဲ့ ဖိသိပ်ထား။
  • တစ်ရက်ဆို ချဉ်ပြီ။
  • နောက်ရက် ပုလင်းထဲ ထည့်ပြီး ယူစားလို့ရပြီ။

~~~~~~~~~~~~~~

သီးစုံသနပ်ချဉ် (Credit to မသဲ)

  • ဂေါ်ဖီပန်းပွင့်၊ ဥနီ (စားချင်တဲ့ အသီးအနှံတွေ) ကို အနေတော်လှီး
  • ဆားရေစိမ်
  • ပြန်ဆေးထား
  • ဆီပူအောင်တည်
  • အနဲငယ် အေးရင် အရောင်တင်မှုန့်ထည့်
  • မဆလာထည့်
  • ဆားထည့်
  • သကြားလေးထည့်
  • ခုနက လှီးထားတာတွေထည့်
  • နှံအောင်မွှေ
  • ရှာလကာရည်လေး အနဲငယ်ထည့်၊
  • မုန်ညင်း စေ့ ထပ်ဖြူး
  • ပြီးရင် ပုလင်းထဲထည့် အလုံပိတ်ထား
  • ၂ ရက် ၃ ရက်ဆိုနပ်ပြီ။
  • ချက်ချင်းစားချင်လည်း စားလို့ရတယ်။

~~~~~~~~~~~~~~

အဲဒီ အနှစ်ကို ပဲပင်ပေါက်ချဉ်နောက်တစ်နည်းမှာ သုံးလို့ရတယ်။

  • ပဲပင်ပေါက်ကို ဆားနယ်
  • ၈ နာရီထား
  • ရေဆေး
  • ရေညှစ်
  • သီးစုံသနပ်အနှစ်နဲ့နယ်ပြီး ထားရင်လည်း ပဲပင်ပေါက် ချဉ် ရတယ်။

~~~~~~~~~~~~~~

ကတက်ချဉ် (Credit to မိုးမင်းသား)

  • ကတက်ရွက်ကို ရေစင်အောင်ဆေးပြီး ခြောက်အောင် နေပြထား။
  • ပုလင်းထဲ ဆန်ဆေးရည် (ဒုတိယ) အရည်၊
  • ဆားနည်းနည်း၊
  • ကတတ်ရွက်ကို ထမင်းကြမ်း နည်းနည်းနဲ ့နယ်ပြီး ထည် ့လို ့ရပါပြီ။

~~~~~~~~~~~~~~

ဒညင်းသီး (မရမ်းသီး/ဆီးဖြူသီး) ဆားရည်စိမ် (Credit to မသဲ)

  • ဒညင်းသီး နုနုလေးတေကို အခွံခွာ
  • ကင်ပွန်းရွက်ရေဆေးပြီး ပြုတ်ထား၊
  • ပုလင်းသန့်သန့် တစ်လုံးထဲ (ကင်ပွန်းရွက်တွေပါ အာက်ကခံပြီး) ဒညင်းသီးနုနုကို ကင်ပွန်းရွက်ပြုတ်ရည်လောင်း ဆားနဲ့စိမ်ထား။
  • နုရင် ၃ ရက်လောက်ဆို အဖန်တွေ ပျောက်ပြီး စားလို့ရပြီ။
  • တချို့ဆို အခွံတောင် မချွတ်ဘူးး၊ ကျက်ရင် အလိုလိုကျွတ်သွားတာ။
  • ဆီးဖြူသီးတို့ မရမ်းသီးတို့ ဆားစိမ်ချင်ရင်တော့
  • ရေဆေး စစ်ထား
  • ဆားနဲ့ ရေကျက်အေး အတူတူ လေလုံပုလင်းထဲထည့်
  • အေးပြီး မှောင်တဲ့နေရာမှာ ထား
  • တစ်ရက်ဆို စစားလို့ရပြီ။

~~~~~~~~~~~~~~

ချဉ်ဖတ်စုံ (ဟိုစုဒီဆောင်း)

  • ကန်စွန်းရိုးနီ၊ ငှက်ပျောဖူး၊ ကြောင်လျှာသီး၊ သရက်ကင်း၊ မုန်လာဥ၊ ပဲပင်ပေါက်၊ ပဲစောင်းလျားသီး၊ ကန့်ကလာ၊ သရက်ကင်း စတာတွေထဲက ရရာ (သို့) ကြိုက်ရာ အသီးအရွက်ကို ရေဆေး လှီးဖြတ် ရေစစ်ထားပါ။
  • ပန်းသီးရှာလကာရည် (သို့) ထမင်းရည်
  • ဆား၊
  • ရေသန့် တို့နဲ့ အားလုံးပေါင်းနယ်ပြီး ဖန်ပုလင်းထဲ လုံအောင် ထည့်ပိတ်ထားလိုက်ပြီးနောက် ၂ ရက်လောက်နေရင် ချဉ်ဖတ်စုံ ရပါပြီ။
  • ထမင်းရည် (၄) ဆ နဲ့ ရေကျက်အေး (၁) ဆထည့်ပါတယ်။

~~~~~~~~~~~~~~

မရမ်းသီး အချိုစိမ် (ကေဇီ)

  • ဖန်ပုလင်းထဲကို
  • ရေနွေးထည့် ….
  • သကြား ထမင်းစားဇွန်း ၃ ဇွန်း၊
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဝက် ထည့် ဖျော်
  • နည်းနည်း အေးမှ….
  • မရမ်းသီး အစေ့ထုတ် ထက်ခြမ်း လှီးတာတွေ ထည့်ပြီး အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲသာ ထည့်ထားပြီးး
  • စားချင်တိုင်း (ဆားး၊ မဆလာ၊ သကြား၊ ငရုပ်သီး မှုန့် ဆတူရောထားတဲ့) အမှုန့်လေးနဲ့ တို့စားလို့ ရပါတယ်။

 

13 comments

  • Thint Aye Yeik

    October 20, 2017 at 12:12 pm

    သီးစုံသနပ်ချဉ်တော့ အတော် ကြိုက်။
    နည်းလေး မှတ်ထားလိုက်ပြီ။

    စီးတီးမတ်မှာ ဂရမ်နဲ့ ချင်ရောင်းတာတော့ ရှိတယ်။ ဒါမယ့် ကိုယ့်ဘာသာ စိတ်ကြိုက် လုပ်စားအုန်းမှ
    စားအုန်းမှ
    :k:

    • ဇီဇီ

      October 25, 2017 at 1:38 pm

      ဒီမှာ အသင့်စားမရှိလို့ သာ ချဉ်နေရတာ ဆက်ဆက်ရယ်။

      hehhehee

  • ko six

    October 22, 2017 at 10:35 am

    ချဉ်ဖတ်ဆိုလို့ ဝင်ဖတ်လိုက်တာ
    တကယ့်ချဉ်ဖတ်အစစ်တွေကိုး။

    • ဇီဇီ

      October 25, 2017 at 1:36 pm

      ဂယ် ချဉ်ဖတ်တွေပါ။

      :k:

  • Shar Thet Man

    October 23, 2017 at 3:05 pm

    မွန်လေး တစ်ပတ်တစ်ခါစားတဲ့အစားအစာပါ..အရမ်းလည်းကြိုက်တယ် နိုင်ငံခြားသွားနေတဲ့အချိန်ဆို သူတို့ကိုသိပ်လွမ်းတာပဲ

    • ဦးကြောင်ကြီး

      October 25, 2017 at 8:08 am

      ရှားခို ချဉ်ဖတ်နတ် တို့စားခြင်ဒယ်

    • ဇီဇီ

      October 25, 2017 at 1:37 pm

      နိုင်ချံဂါးက ချဉ်ဖတ်တွေလည်း မိုက်တယ်။

      :k:

  • ဦးကြောင်ကြီး

    October 25, 2017 at 8:07 am

    လူမိုက်လာဘ်ခင်ဇော်.. ယီးမို့ ငါ့ဘော့ဝါးသလား။ နိစော်ထွေဂို မစသော့ဖူး.. ပျံအပ်ပေးဘာ <3

    • ဇီဇီ

      October 25, 2017 at 1:36 pm

      ဆုတောင်းလေ။
      ဟိ
      😛

  • kai

    October 25, 2017 at 12:44 pm

    ဂျပန်အရက်ဆိုင်.. အီဇဂယမှာလုပ်တုံးက.. ဆုကဲမိုနို.. ချဉ်ဖတ်တွေလုပ်လည်းလုပ်တယ်..။ အပြင်ကရယ်ဒီမိတ်လည်း.. ဝယ်ကြတယ်ပေါ့..။ အဲဒီတုံးကထဲကတွေးတယ်..။ မြန်မာတွေမယ်.. ရာသီဥတုပူတော့.. ချဉ်ဖတ်လုပ်စားတာမှာ.. ကမ္ဘာ့အများဆုံးလောက်ရှိမယ်..လို့..။

    .. မျစ်ချဉ်၊ ပုန်းရည်ကြီး၊ ပဲပုပ်၊ တွေအပြင်.. အရှိန်လွန်ပြီးး ပုဇွန်ချဉ်၊ ဝက်သားချဉ်တွေပါ ချဉ်ဖတ်စာရင်းထဲထည့်လို့ရမလားပဲ..။
    အကုန်ဗက်တီးရီးယားနဲ့ဖောက်တာဆိုတော့..ထေရာဝါဒရဲ့.. ပါဏာတိပါတာသမားတွေ… မစားနဲ့နော..။ အသက်၂-၃ဘီလီယံလောက်ပါတယ်..။ :k:

    ဒီစာတွေကို.. နိုဝင်ဘာ ၂၀၁ရ မှာထည့်လိုက်ပါကြောင်းနဲ့.. မြန်မာ့ချဉ်ဖတ်ဆိုပြီး.. ဇီဇီတယောက် စာအုပ်လေးများပြုစုထုတ်ရင်.. စာအုပ်အကြောင်းပြုပြီး.. ဒေါက်တာဘွဲ့တခု ထုတ်ပေးပါမယ်လို့..။

    https://en.wikipedia.org/wiki/Tsukemono

    • ဇီဇီ

      October 25, 2017 at 1:34 pm

      တော်ဘီ။
      ဒေါက်တာဘွဲ့မယူဘူးးးး
      ဒေါက်တာ တစ်ယောက် ပေးမယ် ဆိုရင်တော့ စဉ်းစားမယ်။
      ခွိခွိ။

      😀

      အမှန်က ချဉ်ဖတ်က မြေအိုးနဲ့ စိမ်တာသာ အကောင်းဆုံး ဆိုလား ဘာလားး

      ချဉ်ဖတ်ထဲ အချဉ်ဖောက်ထားတဲ့ ဘက်တီးရီးယားက အစာအိမ်အတွက် ကောင်းတယ်ဆို။

  • manawphyulay

    November 2, 2017 at 3:22 pm

    အဲလိုတွေ လုပ်ထားပြီး စားလို့ကတော့ တကယ် ထမင်းမြိန်တဲ့နေ့တွေပဲ ဖြစ်နေမှာ အမှန်ပဲ။ မနောက အရမ်းကြိုက်တယ်။ သမီး ကိုယ်ဝန်နဲ့တုန်းကတောင် မစားခိုင်းတာ နေ့တိုင်းစားတယ်။

  • ဇီဇီ

    July 6, 2018 at 11:23 am

    (Credit to: https://www.foodmagazinemyanmar.com/food/အချဉ်တည်ခြင်း)

    အချဉ်တည်ခြင်း၊ Fermentation နှင့် မြန်မာအစားအသောက်များ

    ♦ စိမ့်ရည်ထက် ♦

    ဟင်းသီးဟင်းရွက်အမျိုးမျိုးကို အချဉ်တည်ပြီး ခံတွင်းမြိန်စာအဖြစ် စားသုံးကြတဲ့ ဓလေ့ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှိပါတယ်။ မြန်မာ့ရိုးရာ အစားအသောက် တွေမှာလည်း ချဉ်ဖတ်၊ သနပ် စတဲ့ခံတွင်းမြိန်စာတွေကို အကြိုက်တွေ့ကြတာကိုတွေ့ နိုင်ပါတယ်။ အဲဒီလို အစားအသောက်တွေကို Pickled Vegetables လို့ ခေါ်ပါတယ်။

    အချဉ်စိမ်ခြင်း (Pickling) ဆိုတာက ဟင်းသီးဟင်းရွက်တွေကို စံနည်းတဲ့ ဆားရည် သို့မဟုတ် ရှလကာရည်ထဲမှာစိမ်ထားတာကို ခေါ်တာဖြစ်ပါတယ်။ ဆားရည် သို့မဟုတ် ရှလကာရည်မှာစိမ်ထားတဲ့ သခွားသီး၊ မုန်လာဥ၊ ငရုတ်သီး၊ သံလွင်သီး စသည်ဖြင့် အမျိုးအမည်အများကြီးရှိပြီး ကမ္ဘာ့အနှံ့အပြားစားသုံးကြတာကိုလည်း တွေ့ ရပါတယ်။ ဆားစိမ်ထားရင်းနဲ့ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာဘာသာရပ် ဆိုင်ရာ အခေါ်အဝေါ်အရ Fermentation ဆိုတဲ့ ဓာတ်ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ဒီစာ မှာတော့ အသီးအရွက်တွေကို အချဉ်တည်ရင်းနဲ့ Fermentation ဖြစ်ပွားတာတွေကို အဓိကထားပြီးပြောမှာမို့ Fermentation ဆိုတဲ့စကားလုံးကိုပဲ အဓိကထားပြီးသုံးသွားပါမယ်။

    ယေဘူယျအားဖြင့် Fermentation ဆိုတာက တဆေး (Yeast)၊ ဗက်တီးရီးယား (Bacteria)အစရှိတဲ့ အဏုဇီဝတစ်မျိုးမျိုးက သကြားဓာတ်၊ ကစီဓာတ်တွေကို ချေဖျက် ပြီး ဓာတ်ပြောင်းလဲမှုဖြစ်သွားစေတာပါ။ Fermentation နည်းကိုအသုံးပြုပြီး စားစရာတွေကို ပြုပြင်ခဲ့တာ နှစ်ပေါင်းသောင်းကျော်လောက်တောင်ရှိပြီလို့ ခန့်မှန်းကြပါတယ်။ ချဉ်ဖတ်အမျိုးမျိုးအပြင် ဘီယာ၊ ဝိုင်တို့လို အယ်လ်ကိုဟောလ်ပါတဲ့ သောက်သုံးစရာများ၊ ဒိန်ချဉ်၊ ဒိန်ခဲတို့လို နို့ထွက်ပစ္စည်းများ စသည်တို့ဟာလည်း Fermentation လုပ်ထားတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ မြန်မာ့ရိုးရာစားစရာတွေဖြစ်တဲ့ ပဲပုပ်၊ ငါးပိ စတဲ့စားစရာတွေလုပ်တဲ့အခါမှာလည်း Fermentation ဖြစ်ပွားပါတယ်။ ဟင်းသီးဟင်းရွက်ကို အချဉ်စိမ်ထားတုန်း Fermentation ဖြစ်ပွားတဲ့အခါ လက်တစ်အက်ဆစ် (Lactic Acid) ထွက်တာမို့ ဒါကိုတော့ Latic Acid Fermentation လို့လည်း ခေါ်ပါတယ်။

    အာရှမှာဆိုရင် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနိုင်ငံတွေမှာ ရှေးကတည်းကချဉ်ဖတ်တွေ သနပ်တွေ စားတဲ့အလေ့ရှိတယ်လို့ မှတ်သားရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ချဉ်ဖတ်ဟာ ငါးပိရည်၊ ငါးပိချက်၊ ငံပြာရည်ချက် စတာတွေနဲ့ တွဲဖက်စားတာအပြင် ဟင်းထဲမှာ ထည့်ချက်တာလည်းရှိပါတယ်။ ဟင်းသီးဟင်းရွက်အချဉ် (ချဉ်ဖတ်) တွေဟာ ခံတွင်းမြိန်စေတယ်။ အစာချက်ရတာလွယ်ကူတယ်။ စနစ်တကျလုပ်ရင် အာဟာရဓာတ် သိသိသာသာ လျော့ကျမသွားအောင် ထိန်းသိမ်းနိုင်တယ်။ တချို့ချဉ်ဖတ်တွေမှာဆိုရင် အစိမ်းစားတာ ထက်တောင် ပိုပြီးအာဟာရပြည့်ဝတယ်။ အချဉ်ပြုလုပ်ပြီးရင် ရေရှည်အထားခံတာမို့ ဟင်းသီးဟင်းရွက်တွေကို အပျက်အစီး၊ အလေအလွင့်နည်းအောင် လုပ်ရာမှာလည်း အသုံးဝင်တယ်။

    အသီးအရွက်များကို အချဉ်ဖောက်တာဟာ အလွယ်ဆုံးပြောရရင် ဟင်းသီးဟင်းရွက်မှာ သဘာဝအတိုင်း တွယ်ကပ်ရှင်သန်နေတဲ့ အဏုဇီဝပိုးမွှားတွေက ဟင်းသီး ဟင်းရွက်ထဲက ကစီဓာတ်၊ ဖိုင်ဘာဓာတ် စတဲ့ဓာတ်တွေကို ပိုပြီးချေဖျက်ဖို့လွယ်တဲ့ အနေကို ပြောင်းလဲပစ်လိုက်တာပါပဲ။ ရှေ့မှာစကားခံခဲ့သလိုပဲ အချဉ်ဖောက်တဲ့ လုပ် ငန်းကို စနစ်တကျလုပ်ရင် ဘေးမသင့်ဘဲ အရသာရှိအဟာရပြည့်ဝတဲ့ ချဉ်ဖတ်တွေ ကိုရနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ အချဉ်ပေါက်နေစဉ်မှာ လက်တစ်အက်ဆစ် ထွက်လာပါတယ်။ အဲဒီလက်တစ်အက်ဆစ်က လူကိုအန္တရာယ်ပေးနိုင်တဲ့ ဗက်တီးရီး ယားတွေကိုလည်း ရှင်းလင်းပေးပါတယ်။ ဒါ့ကြောင့် စနစ်တကျပြုလုပ်ထားတဲ့ ချဉ်ပတ် ဟာစားတဲ့သူကို ဘေးမဖြစ်စေတဲ့အပြင် ဟင်းသီးဟင်းရွက် အစိမ်းတွေထက်တောင် ဘေးကင်းသေးတယ်လို့ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနက အဏုဇီဝပညာရှင် Fred Breidt Jr. ကဆိုပါတယ်။

    အသီးအရွက်တွေကို နည်းအမျိုးမျိုးနဲ့ အချဉ်တည်နိုင်ပါတယ်။ လုပ်ငန်းအဆင့်ဆင့်ကိုတော့ အောက်ကပုံမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်တာ၊ လိုသလိုလှီးတာ၊ အချို့ Recipe တွေမှာ ရေနွေးဖျောတာ စသည်ဖြင့် ကြိုတင်ပြင်ဆင်တဲ့ အဆင့်တွေရှိပါတယ်။ အဲဒီနောက်မှာ အကြမ်းဖျဉ်းအားဖြင့် (၁) ဟင်းသီးဟင်းရွက်အစိုကို ဆားတစ်မျိုးတည်းနဲ့ အချဉ်တည်တာ၊ (၂) ဟင်းသီးဟင်းရွက်ကိုနေပြပြီးမှ အချဉ်တည်တာနဲ့ (၃) ဆားအပြင် အခြားဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်သီးစတာတွေနဲ့ရောပြီး အချဉ်တည်တာ စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။

    ဒီစာအုပ်ငယ်မှာပါတဲ့ ရှမ်းမုန်ညင်းချဉ်အစိမ်းဟာ မုန်ညင်းရွက်ကို အခြောက်မ လှမ်းဘဲ ဆားနယ်ပြီးအချဉ်တည်ထားတာမို့ ဖော်ပြပါဇယားထဲက နံပါတ်(၁)နဲ့ တူပါတယ်။ မုန်လာဥအခြောက်ချဉ်ကတော့ နံပါတ်(၂) နည်းအတိုင်း မုန်လာဥကို အရင် အခြောက်ခံပြီးမှ အချဉ်တည်ထားတာဖြစ်ပါတယ်။ ကင်မ်ချီကတော့ ဆားအပြင် ငရုတ်သီးပါပါတာမို့ နံပါတ် (၃) နည်းနဲ့တူပါတယ်။ ဒီပုံက Fermentation ကို ရှင်းပြခြင်းသာ ဖြစ်ပြီး အချဉ်တည်တာက နိုင်ငံတိုင်းလူမျိုးတိုင်းက မိသားစုပေါင်းများစွာနဲ့ မစိမ်းတာမို့ ဒီနည်းတွေနဲ့ အနည်းငယ်ကွဲပြားပြီး ထူးထူးခြားခြား အရသာကောင်းတဲ့ ချဉ်ဖတ်တွေ လုပ်ဖို့ Family Recipe တွေ၊ အခုနောက်ပိုင်း စားသောက် ဆိုင်တွေမှာ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Chef Recipe တွေလည်း ရှိပါတယ်။

    မြန်မာ့ဓလေ့ကတော့ ချဉ်ပတ်တည်တဲ့အခါ ဆန်ဆေးရည် သို့မဟုတ် ထမင်းရည် အကျဲကိုထည့်လေ့ရှိပါတယ်။ ဒါက Fermentation ကို ပိုမိုဖြစ်ပွားဖို့ အထောက်အကူပြုပါတယ်။ တကယ်လို့ ဒီလိုကစီဓာတ်ကိုထပ်ဖြည့်မယ်ဆိုရင် အသုံးပြုမယ့် ဆန်ဆေးရည် သို့မဟုတ် ထမင်းရည်အကျဲလည်း သန့်ရှင်းဖို့လိုပါမယ်။ Fermentation အတွက် နောက်ထပ်အရေးကြီးတဲ့ အချက်တွေကတော့ အပူချိန်နဲ့ အချဉ်ဖောက်တဲ့ ကာလဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ Fermentation က မြန်လေလေဖြစ်ပါတယ်။ ရိုးရာနည်းဆိုရင်တော့ အပူချိန်မြင့်အောင် ချဉ်ဖတ်တည်ထားတဲ့ပုလင်း၊ ဘူးစတာတွေကို နေပူထဲမှာထားပါ။ မီးဖိုနားမှာထားပါဆိုတဲ့ ညွှန်ကြားချက်မျိုး တွေ့ရပါလိမ့်မယ်။ Fermentation Process က ဆက်တိုက်ဖြစ်တာမို့ Fermentation တွေကို အသက်ရှိတဲ့ စားစရာ (Live Food)လို့တောင် သုံးကြပါတယ်။ ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ အနံ့အရသာကိုရပြီဆိုရင် အပူချိန်လျှော့တဲ့နေရာကို ပြောင်းထားဖို့လိုအပ်ပါတယ်။ စံနည်းတဲ့အရည်ထဲမှာ စိမ်ရတာလည်းဖြစ်၊ နည်းနည်းမြင့်တဲ့ အပူချိန်တစ်ခုအထိလည်း ထားရတာမို့ အိမ်မှာအချဉ်တည်တဲ့အခါ ဖြစ်နိုင်ရင် ဖန်ပုလင်းကိုသုံးနိုင်ရင် ပိုကောင်းပါတယ်။

    အခုစနစ်တကျ အချဉ်တည်ခြင်းနှင့် သနပ်ပြုလုပ်ခြင်းဆိုတာကို ဆက်ပြီးရှင်း လင်းချင်ပါတယ်။ ပထမဆုံး ဟင်းသီးဟင်းရွက်တွေကို စနစ်တကျရွေးချယ်ခြင်းက နေစပါတယ်။ အချဉ်တည်စဉ်မှာ Fermentation ကြောင့် ထွက်လာတဲ့ လက်တစ်အက်ဆစ်က ဗက်တီးရီးယားတွေကို သေစေတယ်ဆိုပေမယ့် အစကတည်းက ဟင်းသီးဟင်းရွက်အစိမ်းမှာ ဗက်တီးရီးယားတွေအများကြီးပါနေတာ သို့မဟုတ် လူကိုအစာ အဆိပ်သင့်စေတဲ့ E.coli, Salmonella လို ဗက်တီးရီးယားတွေပါနေတာကိုတော့ ရှောင်ရှားသင့်ပါတယ်။ စိုက်ပျိုးစဉ်က (အထူးသဖြင့် ဈေးကွက်တင်ခါနီး) ဟင်းသီးဟင်းရွက်တွေကို အာဟာရကျွေးတဲ့အနေနဲ့ လူ၊ တိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေသုံးခဲ့ရင် ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အစာအဆိပ်သင့်စေတဲ့ ဗက်တီးရီးယားတွေ ပါနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်အစိမ်းတွေကို ရွေးချယ်တဲ့အခါ တတ်နိုင်သမျှ သန့်ရှင်းတာတွေကိုရွေးပြီး ရေနဲ့ သေချာ စင်စင်ဆေးပါ။ ရေဆေးတာ၊ လှီးတာ၊ အခွံသင်တာ၊ ဘူး / ပုလင်း / စည်/ သိုလှောင်ကန်ထဲထည့်တာ စတဲ့အဆင့်ဆင့်မှာသုံးသမျှ ဆန်ခါ၊ ခြင်း၊ ဓား၊ စဉ့်တီတုုံး၊ ထည့်စရာစတာတွေအားလုံး သန့်သန့်ရှင်းရှင်းဆေးကြောပြီးမှ သုံးပါ။

    နောက်ထပ်သတိထားစရာတစ်ချက်ကတော့ Fermentation ပြီးဆုံးသွားတဲ့ ချဉ်ဖတ်တွေကို သန့်သန့်ရှင်းရှင်းကိုင်တွယ်ဖို့ဖြစ်ပါတယ်။ ချဉ်ဖတ်အိုးထဲကနေ ဇွန်း သန့်သန့်နဲ့ခပ်တာ၊ လိုသလောက်ယူပြီး အဖုံးပြန်ဖုံးတာ၊ စားသုံးဖို့အတွက် ထပ်မံပြုပြင်ဦးမယ်ဆိုရင် အဲဒီပြုပြင်တဲ့အဆင့်တွေမှာသုံးသမျှ အိုးခွက်ပန်းကန်အားလုံး သန့်ရှင်းနေဖို့ အထူးအရေးကြီးပါတယ်။ ပြုပြင်ပြီးလို့ တည်ခင်းဧည့်ခံတဲ့အခါမှာလည်း သန့်ရှင်းတဲ့ ပန်းကန်၊ ဇွန်းများနဲ့ ဧည့်ခံပြီး စတင်ပြင်ဆင်ပြီးချိန်ကစရေတွက်ရင် (၄) နာရီအတွင်းမှာ ကုန်အောင်စားသုံးသင့်ပါတယ်။

    မြန်မာ့အစားအစာတွေမှာ ခံတွင်းမြိန်စာအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို သနပ်ရယ်လို့လည်း လုပ်စားကြပါသေးတယ်။ မြန်မာ့အစားအစာသနပ်ကို လေ့လာကြည့်တဲ့အခါ သရက်သီးသနပ်၊ သံပရာသီးသနပ် စတဲ့ ကာလရှည်ကြာဆားစိမ်ထားတဲ့အချိန်မှာ Fermentation ဖြစ်ပွားတဲ့ ခံတွင်းမြိန်စာတွေကို တွေ့ရသလို၊ ပဲတောင့်ရှည် သနပ်လိုမျိုး ဟင်းသီးဟင်းရွက်ကိုရေနွေးဖျောပြီး အရသာကောင်းအောင် ပြုပြင်တဲ့ အခါ ရှလကာရည်ထည့်နယ်၊ ခဏနှပ်ထားပြီးမှ စားသုံးတဲ့သနပ်တွေလည်း ရှိပါတယ်။ ဟင်းသီးဟင်းရွက်သနပ်အများစုဟာ အချိန်တိုအတွင်းပြီးနိုင်ပြီး ခံတွင်းလည်း မြိန်စေတာမို့ သနပ် Recipe တွေကိုလည်း အိမ်ရှင်မတွေက သဘောကျကြပါတယ်။ ဒီလို သနပ်တွေမှာတော့ နှပ်ထားတဲ့အချိန်ကတိုတာမို့ Fermentation ကောင်းကောင်းဖြစ်ဖို့ အချိန်မလောက်ပါဘူး။ ဒါ့ကြောင့် အချဉ်စိမ်ထားသလို အနံ့သင်းသင်းနဲ့ စားချင်စဖွယ် အရသာတွေကိုရပေမယ့် Fermentation ရဲ့ ရလာဒ်ကောင်းဖြစ်တဲ့ လက်တစ်အက်ဆစ်က ဗက်တီးရီးယားတွေကို သေစေတယ်ဆိုတဲ့ရလာဒ်ကိုတော့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အဲဒီလိုသနပ်တွေကို ကိုင်တွယ်ပြင်ဆင်တဲ့အချိန်မှာ အထူးသန့်ရှင်းဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်ကို အရင်ဆုံးသန့်ရှင်းအောင် ဆေးကြောရမှာဖြစ်ပြီးရေနွေးဖျောမယ်ဆိုလည်း အနည်းဆုံး ၈ဝ ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့ ရေနွေးထဲမှာဖျောဖို့၊ အစိမ်းအတိုင်း သနပ်လုပ်မယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်ရော ကိုင်တွယ်တဲ့ ဓား၊ စင်းနှီးတုံး စတာတွေပါ သန့်ရှင်းနိုင်သမျှ သန့်ရှင်းဖို့ကို အထူးဂရုစိုက်သင့်ပါတယ်။

    အစားအသောက်ကတစ်ဆင့် ဖြစ်ပွားနိုင်တဲ့ ဗိုက်နာတာ၊ ဝမ်းပျက်တာတွေ မဖြစ်အောင် စနစ်တကျပြင်ဆင်ထားတဲ့ အချဉ်တည် ဟင်းသီးဟင်းရွက်များ၊ သနပ်များဟာ အနံ့အရသာပြည့်စုံပြီး ခံတွင်းမြိန်စေယုံသာမက အာဟာရတန်ဖိုးလည်း မြင့်မားတယ်ဆိုတာ အသိပေးလိုက်ရပါတယ်။

Leave a Reply