မင်းနာမည်နဲ့ ငါ့ကိုခေါ်ပါ ( ဝ၁ )
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။
အပိုင်း (၁)
နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ
(အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။)
———————————————————————————-
———————————————————————————-
“နောက်တစ်ခါပေါ့..”
သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။
“နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။
သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။
နောက်တစ်ခါပေါ့..
မျက်လုံးတွေမှိတ်ပြီး.. အဲဒီစကားကို ရေရွတ်ကြည့်လိုက်တော့ .. ဟိုးတစ်ချိန်ကအီတလီကို ကျွန်တော်ပြန်ရောက်သွားပါတယ်။ ဘေးနှစ်ဖက်မှာ သစ်ပင်တွေစိုက်ထားတဲ့ ကားလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်နေရင်း.. အငှားကားထဲကနေ သူထွက်လာတာကို ကြည့်နေခဲ့မိတယ်။
မိုးပြာရောင် ရှပ်အကျႌ၊ ရင်ဘတ်ကျယ်သီးဟပြဲပြဲ၊ နေကာမျက်မှန်တပ်၊ ကောက်ရိုးဦးထုပ်ဆောင်းထားတယ်။
အဝတ်အစားက ကပိုကရို..။ ဟိုပေါ်ဒီပေါ်..။
မကြာခင်မှာပဲ.. ကျွန်တော့်ကို သူက လက်ဆွဲနှုတ်ဆက်တာတွေ လုပ်နေပြီ။
သူ့ကျောပိုးအိတ်ကြီး ကမ်းပေးလိုပေး၊ အငှားကားထဲက ခရီးဆောင် လက်ဆွဲသေတ္တာကို ဆွဲထုတ်လိုထုတ်၊ အဖေအိမ်မှာ ရှိလား မေးလိုမေးနဲ့ သူလုပ်နေပြီ။
တကယ်တမ်းပြောရရင်.. အဲဒီနေရာ၊ အဲဒီအချိန်မှာပဲ စတင်ခဲ့တာဖြစ်မယ်။ သူဝတ်ထားတဲ့ရှပ်အင်္ကျီရယ်၊ ခေါက်တင်ထားတဲ့ အင်္ကျီလက်နှစ်ဖက်ရယ်၊ ပေါ့ပေါ့ပါးပါးစီးတဲ့ အဝတ်စအသားနဲ့လုပ်ထားတဲ့ ဖိနပ်ထဲကနေ.. နိမ့်ဝင်သွားလိုက် ပြန်ထွက်လာလိုက်ဖြစ်နေတဲ့.. လုံးဝန်းဝန်း သူ့ခြေဖိနောက်တွေဟာ.. ကျွန်တော်တို့အိမ်ဆီ လမ်းခင်းထားတဲ့ ကျောက်စရစ်ခဲပူပူတွေ ဘယ်လောက်ပူမလဲ အရဲစမ်းတော့မလိုလို။ ခြေလှမ်းတိုင်းဟာ .. ကမ်းခြေကို ဘယ်ဘက်ကသွားရတာလဲ မမေးရုံတမည်။
သူက ဒီနှစ်ရဲ့.. နွေတွင်းဧည့်သည်ပေါ့ဗျာ။
နောက်ထပ် ပျင်းဖို့ကောင်းတဲ့ ငနဲသစ်တစ်ယောက်ပဲ ဆိုပါတော့။
နောက်တော့..
အငှါးကားကို ကျောခိုင်းထားပြီးသားဖြစ်တဲ့သူက .. အားလပ်နေတဲ့လက်တစ်ဖက်ကို နောက်ပြန်မြှောက်ပြ နှုတ်ဆက်တယ်။ နောက်တစ်ခါပေါ့လို့ ပြီးစလွယ်လှမ်းပြောတယ်။ ကားဂိတ်မှာ ကားခ အတူမျှပြီး စိုက်ခဲ့တာဖြစ်ဖို့များတဲ့.. ကားပေါ်က ကျန်ခရီးသည်တစ်ယောက်ကို.. သူအဲဒီလိုနှုတ်ဆက်ပါတယ်။ နာမည်လည်းထည့်မပြော၊ အစိမ်းသက်သက်လမ်းခွဲရတာကို ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ပျော်စေပျက်စေ သဘောနဲ့လည်း.. ဘာတစ်ခုမှ၊ ဘာဆိုဘာမှ သူပြောဖော်မရဘူး။
နောက်တစ်ခါပေါ့တဲ့..
တစ်ခွန်းတည်း။
ခပ်မြန်မြန်၊ ခပ်ရိုင်းရိုင်း၊ တုံးတိတိ.. အို.. ကြိုက်တာပြောဗျာ.. (သူများထင်မြင်ချက်ကို) သူက အရေးလုပ်မှာကျနေတာပဲ။
မင်းစောင့်ကြည့်လိုက်..။
ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ထဲကပြောလိုက်တယ်။
အချိန်တန်လို့ သူအိမ်ပြန်ရတော့မယ်ဆိုရင် ငါတို့ကိုလည်း သူဒီလိုပဲနှုတ်ဆက်သွားလိမ့်မယ်။ ခပ်ပြတ်ပြတ်၊ ဖြစ်ကတတ်ဆန်းနဲ့.. နောက်တစ်ခါပေါ့လို့ သူပြောလိမ့်မယ်။
ဒါပေမဲ့.. လောလောဆယ်တော့ တစ်လခွဲတိတိ ကျွန်တော်တို့ သူနဲ့ဆက်ဆံရဦးမယ်။
ကျွန်တော်သူ့ကို တော်တော်ရှိန်သွားပါတယ်။
သူ့ပုံစံက ပေါင်းရသင်းရခက်မယ့် လူစား။
ဒါပေမဲ့လည်း ကျွန်တော်သူ့ကို ခင်မင်ပေးနိုင်ပါတယ်ဗျာ။ လုံးဝန်းနေကြတဲ့ သူ့မေးစေ့ကနေစပြီး.. သူ့ခြေဖနောက်တွေကိုအဆုံး.. ကျွန်တော့်ဘက်က ခင်မင်ပေးနိုင်ပါတယ်။
ပြီးရင်လည်း ရက်ပိုင်းအတွင်း ကျွန်တော်သူ့ကို မကြည်မလင်ဖြစ်သွားဦးမှာပါလေ။
သူမှ သူအစစ်ပါ။
လအနည်းငယ်တုန်းက.. လျှောက်လွှာတွေကြားမှာ သူများထက်ထူးခြားပေါ်လွင်လွန်းပြီး.. မြင်မြင်ချင်း ခင်မင်ရင်းနှီးချင်စိတ် ပေါက်သွားအောင် စွဲဆောင်နေခဲ့တဲ့ ဓါတ်ပုံထဲကလူဟာ.. အခုမြင်နေရတဲ့ လူ..၊ သူမှသူပါပဲ။
လူငယ်ကျောင်းသူကျောင်းသားတွေ သူတို့စာမူကြမ်းကို ပုံမနှိပ်ခင် ပြန်စစ်ဆေးတည်းဖြတ်ရာမှာ တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့.. တစ်နွေမှာတစ်ယောက်နှုန်း အဖေက အိမ်ကိုအလည်ဖိတ်ပါတယ်။
ဒါကြောင့် နွေရောက်တိုင်း.. တစ်လခွဲတိတိ၊ ကျွန်တော့်ကိုအိပ်ခန်းကို ဖယ်ပေးရပါတယ်။ စကြံ င်္အတိုင်း ကပ်ရက်ရှေ့တစ်ခန်းကိုရွှေ့ရပါတယ်။ အဲဒီရွှေ့ရတဲ့အခန်းက ကျွန်တော့်အခန်းထက် တော်တော်ငယ်တယ်။ အဘိုးနေခဲ့တဲ့အခန်းပါ။ (အဘိုးနဲ့ကျွန်တော် နာမည်အတူတူပါပဲ)။ ဆောင်းတွင်းရောက်လို့ ကျွန်တော်တို့ မြို့ထဲသွားနေရင်.. အဲဒီအခန်းက ပစ္စည်းထည့်တဲ့အခန်းလည်းဖြစ်၊ သိုလှောင်ခန်းလည်းဖြစ်သွားသလို.. သေလွန်သွားပြီးဖြစ်တဲ့ ကျွန်တော့်အဘိုးရဲ့ဝိညာဉ်.. သွားကြိတ်သံ ခဏခဏပေးတယ်လို့ ပြောကြတဲ့ အခန်းလည်းဖြစ်သွားပါတယ်။
နွေမှာလာတည်းတဲ့ ဧည့်သည်တိုင်း တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး။ တစ်အိမ်လုံး ကြိုက်သလိုယူငင်သုံးစွဲလို့ရတယ်။ တစ်ခုပဲ..။ အဖေ့ဆီလာတဲ့ ပေးစာတွေ၊ အဖေ့ရုံးစာရွက်စာတမ်းတွေကို တစ်နေ့မှာ တစ်နာရီ၊ နှစ်နာရီလောက် ဝင်ကူညီပေးရုံပဲ။ ပြီးရင်တော့ .. ကြိုက်သလိုနေလို့ရပြီ။
နွေဧည့်သည်တွေက.. ကျွန်တော်တို့နဲ့ မိသားစုတွေလိုတောင်ဖြစ်နေပြီ။ တစ်နှစ်ကိုတစ်ယောက်နှုန်းနဲ့ ဒီအစဉ်အလာလေးလုပ်ခဲ့တာ ၁၅ နှစ်လောက်ရှိနေပြီဆိုတော့ ပို့စ်ကဒ်တွေ၊ လက်ဆောင်ပါဆယ်ထုပ်တွေ တစ်ပြုံကြီးရောက်လာတတ်တာကို အိမ်သားတွေက ရိုးနေပြီ။
ခရစ္စမတ်ချိန်တွေမှာတင်မကဘဲ တစ်နှစ်ပတ်လုံးလိုလို လက်ဆောင်တွေ ရောက်လာတတ်တယ်။ ကျွန်တော်တို့မိသားစုကို ခင်မင်သစ္စာရှိကြတဲ့အတွက် ဥရောပကို သူတို့ရောက်လာရင် .. ခရီးကို ဖြောင့်ဖြောင့်တန်းတန်းမသွားဘဲ ပါလာတဲ့သူတို့မိသားစုတွေခေါ်ခဲ့ပြီး..ဘီမြို့ကိုပေါက်ချလာတတ်တယ်။ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည်.. လာတည်းသွားတတ်တယ်။ အရင်က သူတို့ရာက်ဖူးခဲ့တဲ့ ရှေးဟောင်းတူးဖော်မြေတွေဆီ.. အလွမ်းပြေပြန်သွားတတ်ကြတယ်။
အိမ်မှာက.. ထမင်းစားချိန်မှာ ဧည့်သည်တစ်ယောက်နှစ်ယောက်တော့ ပုံမှန်ရှိနေတတ်တယ်။ တစ်ခါတလေ အိမ်နီးချင်းတွေ၊ အမျိုးအဆွေတွေ၊ တစ်ခါတလေမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ပြီးတော့ တချို့သူဌေးတွေကော.. တချို့နာမည်ကျော်ကြားတဲ့လူတွေကော အိမ်ကို လမ်းကြုံဝင်လာတတ်တယ်။ ပြီးတော့မှ.. သူတို့ကိုယ်ပိုင်.. နွေရာသီအပန်းဖြေအိမ်အသီးသီးကို ဆက်သွားကြတယ်။
တစ်ခါတလေကျရင် ကျွန်တော်တို့ အိမ်အိုကြီးရဲ့သတင်းကိုကြားပြီး ဝင်ကြည့်ကြတဲ့ ခရီးသွားစုံတွဲတွေကိုလည်း ထမင်းဝင်စားသွားဖို့ဖိတ်ခေါ်တဲ့အထိ ကျွန်တော်တို့ ဖော်ရွေတတ်ပါတယ်။ ထမင်းစားသွားဖို့၊ သူတို့အကြောင်း ပြောပြဝေမျှဖို့ နေခဲ့ပါဦးလို့ တားရင်.. ခရီးသွားတွေကလည်း ကျေကျေနပ်နပ်လက်ခံတတ်ကြပါတယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင်တော့ အစားအသောက်စီစဉ်ပေးရတဲ့ အဘွားကြီးမာဖယ်ဒါက အချိန်တိုတိုနဲ့ အဆင်ပြေအောင် စီမံပေးလိုက်ရတာပါပဲ။
သူ့ဘာသာဆိုရင် သီးသန့်နေတတ်၊ စကားနည်းတတ်တဲ့အဖေက.. နယ်ပယ်တစ်ခုခုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်၊ တတ်၊ ထူးချွန်တဲ့ လူငယ်တွေနဲ့ဆုံပြီဆိုရင်တော့ သူပြောတတ်တဲ့ဘာသာစကားတွေနဲ့ စကားလက်ဆုံကျ ဖောင်ဖွဲ့ ပေရှည်နေတတ်တယ်။
အပြင်မှာ နွေနေကလည်းပူ..၊ ရိုဆက်တယ်လို (ဝိုင်) သုံးလေးခွက်ဝင်သွားပြီးပြီဆိုရင်တော့ စကားဝိုင်းက နေစောင်းတဲ့အထိ ရေပက်မဝင်တော့ဘူး။ အဲဒီလိုပေရှည်တာကို.. အိမ်သားတွေက ညစာစားဖို့ပြင်ဆင်နေတာပါလို့ တင်စားတတ်တယ်။ တစ်လခွဲလာနေတဲ့ နွေဧည့်သည်တွေလည်း မကြာပါဘူးဗျာ။ အိမ်ရှင်တွေပြောသလို.. လိုက်ပြောကြတော့တာပါပဲ။
သူ.. ရောက်လာစက..စားဖြစ်တဲ့ နေ့လည်စာစားချိန်တွေမှာ စတင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ထမင်းဝိုင်းမှာ.. သူကျွန်တော့်ဘေးဝင်ထိုင်တဲ့အခါ ကျွန်တော် သတိထားမိလာတယ်။ အဲဒီနွေမှာ ကျွန်တော်တို့အိမ်ရောက်မလာခင်.. သူက ဆီဆီလီမြို့မှာ ခဏတည်းခဲ့ပါသေးတယ်။ အဲဒါကြောင့်မို့ သူ့အသားအရည်ဟာ နေရောင်အနည်းငယ် ရခဲ့တာကလွဲရင် ..နေရောင်ခြည်ဝဝလင်လင်မရလို့ နူးညံ့နေတဲ့သူ့လက်ဖမိုးတွေ၊ လည်တိုင်နဲ့ လက်မောင်းအောက်ပိုင်းက အသားတွေနဲ့ သူ့လက်ဖဝါးပြင်တွေဟာ.. တစ်ရောင်တည်းပဲ။
ပန်းသွေးရေးရေးပြေးတယ်။ တွားတွားသတ္တဝါတစ်ကောင်ရဲ့ ဝမ်းဗိုက်သားတွေအတိုင်း ချောမွေ့ပြီး အရောင်တလဲ့လဲ့တောက်တယ်။ မတို့မထိရသေးတဲ့..၊ အပြစ်အနာကင်းပြီး ပျိုမြစ်နုနယ်နေတဲ့..၊ ရှက်နေတဲ့ အားကစားသမားတစ်ယောက်ရဲ့ပါးပြင်လိုပဲ။ ဒါမှမဟုတ်.. မုန်တိုင်းသည်းထန်တဲ့ညမှာ ချက်ချင်း လင်းအာရုံဦးဆွတ်ဖျန်းလိုက်သလိုပဲ။ အဲဒါ အဲဒါတွေက.. မေးမြန်းစပ်စုစရာမလိုဘဲနဲ့ကို သူ့အကြောင်းတွေသိစေပါတယ်။
နေ့လည်စာစားပြီးနောက် အချိန်မသိ၊ အချိန်မရှိ – အနားယူနေကြချိန်တွေမှာ စတင်ခဲ့တာလည်း ဖြစ်နိုင်တယ်။
စားသောက်ပြီးတဲ့နောက်.. ရေကူးဘောင်းဘီတိုတွေအသီးသီးနဲ့ အိမ်တွင်းအိမ်ပြင် အဆင်ပြေသလို လဲလျောင်းအပျင်းတစ်ရင်း အိမ်သားတွေအချိန်ဖြုန်းကြတယ်လေ။ တစ်ယောက်ယောက်ကနေပြီးတော့မှ ကျောက်ဆောင်တွေဘက်သွားပြီး ရေသွားကူးဖို့ အဖော်မစပ်ခင်အထိပေါ့။
ဆွေမျိုးတွေ၊ ဝမ်းကွဲတွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိတ်ဆွေရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒါမှမဟုတ်.. ဂိတ်တံခါးလာထုပြီး တင်းနစ်ကွင်းသုံးချင်တယ်လို့ လာပြောတဲ့ဘယ်သူ့ကိုမဆို.. အိမ်ရှင်တွေနဲ့အတူ လဲလျောင်း၊ ရေလည်းကူး၊ ထမင်းလည်းစားသွားဖို့ ဖိတ်ခေါ်လိုက်ကြတာပါပဲ။ ကြာကြာဆက်နေရင်.. ဧည့်ဆောင်မှာလည်း တည်းခွင့်ပေးလိုက်ဖို့ အသင့်ပါပဲ။
ဒါမှမဟုတ်..
ကမ်းခြေပေါ်မှာ စတင်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်.. တင်းနစ်ကွင်းမှာ စတင်ခဲ့တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် .. သူရောက်ရောက်ချင်းနေ့ အိမ်နဲ့အိမ်ပတ်ဝန်းကျင်ကိုလိုက်ပြဖို့ အိမ်ကပြောလို့ .. သူနဲ့ပထမဆုံးအတူတွဲလျှောက်ဖူးစဉ်က.. စတင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။
ကျွန်တော်ဟာ သူ့ကို တစ်နေရာပြီးတစ်နေရာလိုက်ပြရင်း သံပန်းဂိတ်တံခါးကို ကျွန်တော်တို့ လွန်ခဲ့တယ်။ လူသူအသွားအလာနည်းတဲ့ အဆုံးမဲ့ကျယ်ပြန့်တဲ့ကုန်းတွင်းနယ်မြေကိုလည်း ကျော်လွန်သွားခဲ့ပြီး – (အရင်က) ဘီနဲ့ အန်ကို ဆက်သွယ်ပေးတဲ့ ရထားလမ်းပေါ်အထိ- သူနဲ့အတူ ခြေဆန့်ခဲ့ကြတယ်။
“ဒီဘက်မှာ ဘူတာဟောင်းရှိလား”
တမြိုက်မြိုက်ပူနေတဲ့ နေရောင်အောက်က သစ်ပင်တွေထဲကြည့်ရင်း သူမေးတယ်။ အိမ်ရှင်ရဲ့သားကိုမေးဖို့သင့်တော်မယ့် မေးခွန်းကို သူရှာဖွေရွေးချယ်ပြီးမေးတာဖြစ်မယ်။
“ဟင့်အင်း မရှိဘူး၊ ဆင်းချင်တဲ့နေရာပြောရင် ရထားရပ်ပေးလိုက်တာပဲ”
ရထားလမ်းက ကျဉ်းကျဉ်းလေးမို့ သူက စိတ်ဝင်တစား ကြည့်နေတယ်။ တော်ဝင်တံဆိပ်ပါတဲ့ နှစ်တွဲရထားအတွက်လုပ်ထားတဲ့ သံလမ်းဖြစ်ကြောင်း ကျွန်တော်ရှင်းပြလိုက်တယ်။ အခုတော့.. အဲဒီရထားတွဲတွေထဲမှာ ဂျစ်ပစီတွေ နေကြတယ်။ ကျွန်တော့်အမေ ငယ်ငယ်ကတည်းက နွေဆိုရင် ဒီမြို့မှာ အနားလာယူတယ်။ အဲဒီကတည်းက တွဲတွေထဲမှာ ဂျစ်ပစီတွေ ရှိနေပါပြီ။ ကုန်းတစ်ဖက်ပေါ်ဆွဲတင်ထားလို့ တွဲတွေက အရင်လို သံလမ်းပေါ်မှာ မဟုတ်တော့ဘူး။
ရထားတွဲတွေကို သူကြည့်ချင်မလားမသိဘူး။
“နောက်တစ်ခါမှပဲ ကြည့်တော့မယ်”
သူက ယဉ်ကျေးစွာနဲ့ပဲ သူ့စိတ်မဝင်စားမှုကိုပြတယ်။
ကျွန်တော့်မျက်နှာလုပ်ချင်ဇောကို ရိပ်မိလို့ သွက်သွက်ကလေး ရှောင်ထွက်ဖို့ကြိုးစားနေတဲ့အတိုင်းပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အောင့်သက်သက်ဖြစ်သွားတယ်။
ရထားတွဲတွေကြည့်မယ့်အစား သူက ဘီမြို့မှာ ဘဏ်စာရင်းတစ်ခုဖွင့်ချင်တယ်၊ ပြီးရင်.. သူ့စာအုပ်ကို အီတလီ
ဘာသာပြန်ဆိုပေးဖို့ သူ့ထုတ်ဝေသူကချိတ်ဆက်ပေးထားတဲ့ အီတလီဘာသာပြန်ဆရာဆီ ဝင်တွေ့ချင်တယ်တဲ့။
သူ့ကို စက်ဘီးနဲ့လိုက်ပို့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ စက်ဘီးနဲ့သွားပြန်တော့လည်း လမ်းလျှောက်တုန်းကထက် သူနဲ့စကားပြောရတာ ပိုပြီးထူးခြားမလာပါဘူးဗျာ။ လမ်းမှာ ကော်ဖီတို့၊ ဆေးပြင်းလိပ်တို့ရောင်းတဲ့ ဘားတစ်ခုထဲဝင်ပြီး တစ်ခုခုသောက်ဖို့လုပ်ကြသေးတယ်။ ဆိုင်ရှင်က အနံ့ပြင်းတဲ့ အမိုးနီးယားဆေးရည်နဲ့ ကြမ်းသုတ်နေလို့ ဆိုင်ပြင်ကို အမြန်ဆုံးပြန်ထွက်ခဲ့ရတယ်။ အီတလီထင်းရူးပင်ပေါ်က အထီးကျန် မြေလူးငှက်ဟာ သီချင်းကောက်ဆိုတယ်။ ခဏပဲလေးပဲဆိုရသေးတယ်.. ပုစဉ်းအော်သံတွေက ဖုံးသွားပါလေရော။
ပါလာတဲ့ သဘာဝစမ်းရေဘူးကြီးကို ကျွန်တော် အငမ်းမရ မော့ပစ်လိုက်တယ်။ ပြီးတော့ ရေဘူးကို သူ့ကမ်းပေးတယ်။ ပြီးရင် သူသောက်ထားတဲ့ ရေဘူးကနေ ကျွန်တော်ပြန်သောက်တယ်။ လက်ထဲ နည်းနည်းလောင်းထည့်ပြီး မျက်နှာကိုရေနဲ့ပွတ်ပစ်လိုက်တယ်။ ရေစိုနေတဲ့လက်ချောင်းတွေကို ဆံပင်ထဲ ထိုးဖွပစ်လိုက်တယ်။ ရေက သိပ်လည်း မအေးတော့ဘူး၊ အမြှုပ်လည်း သိပ်မထတော့ဘူးဆိုတော့ သောက်ရတာ ရေငတ်မပြေဘူး။
“ဒီကလူတွေ ဘာလုပ်ကြလဲ”
“ဘာမှမလုပ်ဘူး။ နွေရာသီကုန်ဖို့ကိုပဲ ထိုင်စောင့်တယ်”
“ဒါဆို ဆောင်းတွင်းမှာကော ဘာလုပ်ကြလဲ”
ကျွန်တော်ပေးမယ့်အဖြေကို ကျွန်တော်ပြန်ပြုံးမိတယ်။
သူသဘောပေါက်သွားတယ်။
“ဘာလဲ..။ ဆောင်းအကုန်ကို ထိုင်စောင့်တယ်လို့ ပြောမလို့လား။ မှန်လား”
ကျွန်တော့်စိတ်ကိုဖတ်နိုင်တာ သဘောကျတယ်။ ညစာစားဖို့ပြင်ဆင်တယ်ဆိုတဲ့စကားကိုလည်း သူ့အရင်က လူတွေထက်.. စောစောမြန်မြန် သဘောပေါက်သွားမယ့်လူပဲ။
“ဒီမှာက.. ဆောင်းတွင်းဆိုရင် နှင်းတွေနဲ့ မှုန်မှိုင်းအုပ်ဆိုင်းနေတတ်တယ်။ ခရစ္စမတ်ရာသီရောက်မှ ပြန်လာကြတယ်။ ကျန်တဲ့အချိန်တွေမှာ လူမနေသလောက်ပဲ”
“ခရစ္စမတ်မှာ ဒီပြန်လာပြီး ဘာလုပ်ကြသလဲ၊ သစ်အယ်သီးလှော်တာ၊ နို့ကြက်ဥသောက်တာအပြင် ဘာလုပ်ကြသေးလဲ”
သူကျွန်တော့်ကို ကလူနေတာပါ။ ခုနကလိုပဲ ကျွန်တော်ပြုံးမိတော့ သူသဘောပေါက်လိုက်တယ်။ ဘာမှမပြောတော့ဘူး။
နှစ်ယောက်သား ရယ်ကြပါလေရော။
ကျွန်တော် ဘာလုပ်တတ်လဲ သူမေးတယ်။ ကျွန်တော်က တင်းနစ်ကစားတယ်။ ရေကူးတယ်။ ညဘက် အပြင်ထွက်တယ်။ ပြေးတယ်။ သံစဉ်တွေနားထောင်ပြီး သင်္ကေတပုံစံပြောင်းလဲပြီး ချရေးတယ်။ ပြီးတော့.. စာဖတ်တယ်။
သူလည်း မနက်စောစောပြေးတယ်တဲ့။
ဒီကလူတွေ ဘယ်ကိုပြေးကြလဲတဲ့..။
ဒီကလူတွေအများစုက ကမ်းခြေလမ်းအတိုင်း ပြေးကြပါတယ်။ သူသွားချင်ရင် ကျွန်တော်လိုက်ပို့ပေးဖို့ အသင့်ပါပဲ..။
အခုလို သူ့ကို သဘောကျ ခင်မင်မိသလိုလို ရှိလာပြီဆိုမှ ကျွန်တော့်ကို သူပုတ်ထုတ်လိုက်ပြန်တယ်။
“နောက်တစ်ခါမှပေါ့..”
စာဖတ်ဝါသနာကို နောက်ဆုံးထားပြီး ပြောပြလိုက်မိတယ်ဆိုတာက .. အခုထိ.. သူ့ပုံစံက ခေါင်းခပ်မာမာ၊ ခပ်တည်တည်နဲ့လုပ်ချင်တာ လုပ်တတ်တဲ့ပုံစံကိုး။ သူ့အတွက် စာဖတ်ဝါသနာက နောက်ဆုံးလောက်မှာပဲရှိမယ်ထင်မိလို့ပေါ့။ သုံးလေးနာရီအကြာမှာတော့.. တွေးခေါ်ပညာရှင် ဟီရာကလစ်တပ်စ်အကြောင်း သူစာအုပ်တစ်အုပ် ရေးထားတယ်ဆိုတာရယ်၊ သူစာဖတ်ဝါသနာမပါတာ မဟုတ်လောက်တော့ဘူးလို့ရိပ်မိလာတာရယ်ကြောင့် ကျွန်တော်လည်း သူ့လိုပဲ အရမ်းစာဖတ်ဝါသနာပါကြောင်း.. သူသိအောင် ကြံဖန်ရတော့မယ်ဆိုတာ နားလည်လိုက်ပါတယ်။
အဲဒီလိုပြန်ကြိုးစားရတာကို ကျွန်တော့်စိတ်ထဲဘယ်လိုမှ မနေပေမယ့်.. ဖြစ်ပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ (ဘာကိုမှန်းမသိ ) စိုးရိမ်ကြောင့်ကျနေမိတဲ့စိတ်ကနေတစ်ဆင့်.. အဲဒီကဆင့်ပွားပြီးသဘောပေါက်လာရတဲ့ အသိတရားတစ်ခုကတော့ ကျွန်တော့်ကို တယ်ပြီးစိတ်ဒုက္ခပေးတယ်။ အဲဒါကတော့..
ခုလက်ရှိအချိန်မှာရော၊ ရထားလမ်းဘေးတစ်လျှောက်.. သူနဲ့စကားပြောဖြစ်ခဲ့တဲ့အချိန်တွေမှာပါ..၊ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော် ဝန်မခံမိ၊ သတိလည်း မထားမိပါဘဲလျက်က.. ကျွန်တော်ဟာ.. သူ့စိတ်ဝင်စားမှုကိုရဖို့ တောက်လျှောက် (အဆင်ပြေတစ်လှည့်၊ မပြေတလှည့်နဲ့) ကြိုးစားနေမိတယ်ဆိုတဲ့ အသိပါပဲ။
ဆန်ဂျာကိုမိုဘုရားကျောင်းကို သွားကြမလားလို့ သူ့အရင်က ဧည့်သည်တွေကိုအကြံပေးရင် ကောင်းသားပဲလို့ပြောကြတဲ့လူတွေချည်းပဲ။ ဒါကြောင့်မို့လည်း.. အဲဒီဘုရားကျောင်းကို သွားကြမယ်၊ “ရှုခင်းလှတာမှ သေလို့ရလောက်တယ်´´ လို့ ကျွန်တော်တို့နာမည်ပေးထားတဲ့ ခေါင်းလောင်းစင်ပေါ်ထိရောက်အောင် တက်ကြမယ်လို့ သူ့ကိုအကြံပေးခဲ့မိတယ်။ ဒါပေမဲ့လည်း အဲဒီအကြံကို သူလက်ခံတဲ့အထိ ကျွန်တော်ရပ်စောင့်မနေခဲ့သင့်တာ အမှန်ပါပဲ။
ကျွန်တော်ကတော့လေ.. ခေါင်းလောင်းစင်ပေါ်အထိသူ့ကို ခေါ်သွားပြီးရင် မြို့ရှုခင်း၊ ပင်လယ်ရှုခင်း စတဲ့ မြို့အလှတွေကို ခံစား၊ ရှုစားစေမယ်ပေါ့ဗျာ။ ဒါပေမဲ့ သူကတော့ ဟင့်အင်းပဲ။ သူ့ထုံးစံအတိုင်း နောက်တစ်ခါမှပေါ့တဲ့။
တကယ်တော့.. တော်တော်လေး နောက်ကျပြီးမှပဲ စတင်ခဲ့တာလည်းဖြစ်နိုင်တယ်။ ကျွန်တော့်ဘက်က လုံးဝ သတိမထားမိဘဲနဲ့ပေါ့။
ခင်ဗျားဟာ လူတစ်ယောက်ကို မြင်တော့ မြင်တယ်။ (ဒီနေရာမှာ.. ခင်ဗျားဆိုတာ စာဖတ်သူ၊ ဒါမှမဟုတ် လူသားအားလုံးကို ခြုံပြီး ဥပမာပေးနေတာဖြစ်ပါတယ်။) လူတစ်ယောက်ကို ခင်ဗျားမြင်တော့ မြင်ပါရဲ့..။ ဒါပေမဲ့ သေချာသတိမထားမိဘူး။ ခင်ဗျားမျက်စိအောက်မှာ လူတစ်ယောက် တောက်လျှောက်ရှိနေပါလျက် မမြင်မိဘူးပေါ့ဗျာ.. အဲဒီလိုမျိုးပေါ့။
ဒါမှမဟုတ်.. လူတစ်ယောက်ကို ခင်ဗျားက သတိတော့ ထားမိမယ်။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်မှုမရှိလို့ ရင်ထဲရောက်သွားတာ၊ တခုတ်တရဖြစ်သွားတာမျိုးမရှိလိုက်ဘူးပေါ့ဗျာ။
ခင်ဗျား ဝန်းကျင်မှာ လူတစ်ယောက်ရှိလို့ရှိနေမှန်း သေချာအရေးမလုပ်မိ၊ ခင်ဗျားဟာခင်ဗျား စိတ်ဒုက္ခရောက်နေမှန်း သတိမထားမိခင်လေးမှာပဲ .. ကံတရားကပေးထားတဲ့ တစ်လခွဲဆိုတဲ့အချိန်က ကုန်ခါနီးဖြစ်နေပြီ၊ အဲဒီလူဟာလည်း သူ့နေရပ် သူပြန်သွားပြီ၊ ဒါမှမဟုတ် ပြန်ဖို့လုပ်နေပြီ..၊ အဲဒီတော့မှ ခင်ဗျား မသိခဲ့တဲ့…၊ နားလည်ဖို့ကြိုးစားနေခဲ့တဲ့ အဲဒီအရာက အမြစ်တွယ်၊ ရှင်သန်ကြီးထွား အခက်အလက်တွေ ဝေဆာနေပြီမှန်း သိလိုက်ရတော့တာပဲ။ အဲဒီလူကိုခင်ဗျား မက်မောနတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေမှန်း သိလိုက်ရတော့တာပါပဲ။
ဒါလေးတောင် မသိရကောင်းလားလို့ ခင်ဗျားကတော့ ပြောမှာပဲ။ ကျွန်တော်ဆိုတဲ့ကောင်က ကိုယ့်စိတ်ကိုယ်သိတဲ့ကောင်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိတဲ့ကောင်။ ဒါနဲ့တောင်.. ဒီအခါကျမှ.. လုံးဝ သတိမထားလိုက်မိဘူး။ မသိလိုက်မိဘူး။
ကျွန်တော်ကလည်း မဆိုင်တာတွေမှာ လိုက်ကြည့်နေမိတာကိုး။ ကျွန်တော်ဘာကိုဆိုလိုတာလဲ (ဘာပြောချင်လဲ) သူရိပ်မိသွားတိုင်း .. သူ့မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ စဉ်းလဲတဲ့အပြုံးတွေမှာ .. အဖြေတွေ လိုက်ရှာနေခဲ့မိတယ်။ တကယ်တမ်းကျ.. သူ့ အထိအတွေ့ အကိုင်အတွယ်တွေမှာ အဖြေရှာခဲ့သင့်တယ်။
သူရောက်လာတဲ့ တတိယမြောက်ညနေခင်းမှာ ညစာစားကြတဲ့အခါမှာပေါ့။ ကျွန်တော် ဂီတသံစဉ်တွေ ချရေးနေတဲ့.. ဂန္ထဝင်တေးရေးဆရာဟိုင်ဒင်ရဲ့ “ခရစ်တော်ပြောတဲ့ နောက်ဆုံးသော စကားလုံးခုနစ်လုံး´´ဆိုတဲ့ သီချင်းအကြောင်းကို ကျွန်တော်က ထမင်းဝိုင်းမှာ ရှင်းပြနေတယ်။ အဲဒီမှာ သူကျွန်တော့်ကို ငေးကြည့်နေမှန်း ရင်ထဲသိလိုက်တယ်။ အဲဒီတုန်းက.. ကျွန်တော့်အသက်က ၁ရ နှစ်ပဲရှိသေးတယ်ဗျ။ ထမင်းဝိုင်းမှာ အသက်အငယ်ဆုံးလည်းဖြစ်၊ လူတွေ တလေးတစားနဲ့နားထောင်ပေးဖို့လည်း မဖြစ်နိုင်ဆုံးအရွယ်ဆိုတော့ စကားပြောရင် တိုတိုနဲ့လိုရင်းမြန်မြန်ရောက်အောင် သိစေချင်တဲ့အချက်အလက်တွေ ပြွတ်သိပ်ထည့်ပြီးပြောတတ်တဲ့အကျင့်က စွဲနေပြီ။ စကားပြောတာမြန်တော့ .. လူတွေရဲ့အမြင်မှာ ကျွန်တော်က စကားကိုပျာယီးပျာယာနဲ့ ဗလုံးဗထွေးပြောတတ်တဲ့ကောင်လေးပေါ့ဗျာ။ ဒါပေမဲ့ သီချင်းအကြောင်း ရှင်းပြလို့ ပြီးချိန်မှာ.. စိတ်ပါဝင်စားမှုအရှိဆုံးဖြစ်နေတဲ့ အကြည့်ငေးတစ်ခု.. ကျွန်တော့်ဘယ်ဘက်မှာရှိနေမှန်း သတိထားလိုက်မိတယ်။
ကျွန်တော့်ရင်ထဲ ဝမ်းသာလုံးကြီးတက်လာတယ်။ မာန်လည်း တက်သွားတယ်။ သူတကယ် စိတ်ပါလက်ပါ နားထောင်နေတာ ပြောနေစရာတောင် မလိုဘူး။ သူကျွန်တော့်ကို သဘောကျသားပဲ.. ၊ ဒီလိုဆိုတော့ ဘာမှလည်း သိပ်ပြီးမခက်ခဲပါလားလို့ တွေးမိသွားတယ်။ ဒါပေမဲ့ဗျာ. သေချာအချိန်ယူပြီး မျက်နှာပိုးကိုသတ်၊ သူ့ဘက်လှည့်ကြည့်လိုက်တဲ့အခါမှာ.. သူ့အကြည့်တွေကို ရင်ဆိုင်လိုက်တဲ့အခါမှာတော့ – အေးစက်စက်အကြည့်တွေနဲ့ပဲ ထိပ်တိုက်တိုးတယ်။ ရက်စက်မှုတွေနဲ့အတူ .. သူ့အကြည့်တွေက ဗြုန်းစားကြီး ရန်လိုစူးရဲသွားတယ်။
ခုနက ပျော်သွားတဲ့စိတ်တွေ ဘယ်ရောက်သွားမှန်းတောင် မသိလိုက်ဘူး။
ကျွန်တော် ဘာအပြစ်လုပ်မိလို့ ဒီလိုဆက်ဆံခံရတာလဲ။ ကျွန်တော့်အပေါ် အရင်ကလို ကြင်ကြင်နာနာ ပြန်ဆက်ဆံစေချင်တယ်။ အတူတူ ရယ်မောခဲ့တာ ပြန်လိုချင်တယ်။ ရထားလမ်းပေါ်မှာတုန်းက အတူရယ်ခဲ့သလိုမျိုးလေ..။ ဒါမှမဟုတ် အဲဒီညနေခင်းမှာပဲ ရထားလမ်းဘေးမှာ ကျွန်တော်ဆက်ပြောခဲ့တဲ့စကားတွေကြောင့် သူရယ်ခဲ့တာမျိုးလေ။
ကျွန်တော်ပြောခဲ့တယ်။ အီတလီမှာ.. ကိုဟေးယရာဘတ်စ်ကားတွေ မရပ်တဲ့မြို့က ဘီမြို့တစ်မြို့တည်းရှိတယ်လို့။ (ဘီမြို့မှာ လုံးဝမရပ်ဘဲ ခရစ်တော်ကို သယ်ဆောင်ပြီး ဝှစ်ကနဲဖြတ်မောင်းသွားတတ်တယ်) လို့ ကျွန်တော်က တင်စားပြီးပြောလိုက်တော့ သူသဘောပေါက်ပြီး ဟက်ဟက်ပက်ပက်ရယ်တယ်။ ကာလိုလီဗိုင်ရေးတဲ့ “ခရစ်တော်ဟာ အဲဘိုလီမြို့မှာပဲ ရပ်သွားတယ်´´ဆိုတဲ့စာအုပ်ထဲက အသုံးကို ကျွန်တော်လှည့်သုံးလိုက်မှန်း သူချက်ချင်း အထာပေါက်တယ်။
ကျွန်တော်တို့နှစ်ယောက်ရဲ့စိတ်တွေ အဲဒီလို အတိုင်အဖောက်ညီတာ၊ တစ်ယောက်က လှည့်ပြီးသုံးလိုက်တဲ့ စကားကို တစ်ယောက်က ချက်ချင်း သဘောပေါက်တာတွေကို ကျွန်တော်သဘောကျမိတယ်။ ဒါပေမဲ့ အဲဒီလိုတွေအဆင်ပြေနေတုန်း နောက်ဆုံးကျရင်သူက တစ်လှမ်းဆုတ်သွားပြန်တာပါပဲ။
ဒီလူ တော်တော်ပေါင်းရသင်းရခက်မယ့် ဧည့်သည်ပဲ။ အဟုတ်ပြောနေတာ။
သူနဲ့ဝေးဝေးရှောင်နေတာပဲ ကောင်းမယ်လို့ ကျွန်တော်တွေးလိုက်တယ်။
သူ့လက်တွေ၊ သူ့ရင်ဘတ်၊ ကြမ်းတမ်းတဲ့မျက်နှာပြင်နဲ့တစ်ခါမှ မထိတွေ့ဖူးတဲ့ သူ့ခြေထောက်တွေ.. အဲဒါတွေကို ကံကောင်းလို့ကျွန်တော် ကြွေမိတော့မလို့။ ပြီးတော့ သူ့မျက်ဝန်းတွေ။ သူစိမ်းကားတဲ့အချိန်တွေမှာမဟုတ်ဘဲ.. အဲဒီမျက်ဝန်းတွေနဲ့ သူငြင်ငြင်သာသာကြည့်တဲ့အခါတွေကျရင် အရမ်းအံ့ဩမင်သက်ဖို့ကောင်းတာပဲ။ အဲဒီမျက်ဝန်းတွေကို စိတ်လိုလက်ရ အကြာကြီးငေးကြည့်နိုင်စွမ်းမရှိဘူး၊ ဒါပေမဲ့ ဘာလို့ အဲဒီလို ငေးကြည့်နိုင်စွမ်းမရှိတာလဲသိချင်လို့ ပြန်ပြီးငေးကြည့်နေမိပြန်ရော။
ကျွန်တော်လည်း သူ့အတိုင်း စဉ်းလဲတဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်မိတယ်ထင်တာပဲ။ ကျွန်တော့်ကို သူနှစ်ရက်တိတိ စကားမပြောတော့ဘူး။ သူနေတဲ့အခန်းနဲ့ ကျွန်တော်နေတဲ့အခန်း နှစ်ခန်းပေါင်းလို့မှ လေသာဆောင်တစ်ခုတည်းရှိတယ်။ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် လုံးဝ ရှောင်ကြတယ်။ ဖြစ်ကတတ်ဆန်း.. ဟဲလိုလို့ လှမ်းပြောတာ၊ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်တာ၊ ဒီနေ့နေသာတယ်နော်.. စတဲ့ အတိုအထွာတွေလောက်ပဲပြောကြတယ်။ (သူရှောင်လို့ ကိုယ်ရှောင်တာပေါ့လေ။)
နောက်တော့လည်း.. ဘာဖြေရှင်းချက်မှမလိုဘဲ.. အရင်အတိုင်း ပုံမှန်ပြန်ဖြစ်သွားပြန်ရော..။
ဒီမနက် ထပြေးကြမလားတဲ့။ ဟင့်အင်း.. မပြေးချင်ဘူးဆိုတော့.. ဒါဆိုလည်း ရေသွားကူးကြတာပေါ့တဲ့။
ဒီနေ့မှာ..
ရင်ထဲနာကျင်မှုတွေ၊ မထိတထိလုပ်ရပ်တွေ၊ လူသစ်စိတ်သစ်ပြန်ဖြစ်သွားတဲ့ လူတစ်ယောက်ရဲ့ လန်းဆန်းတက်ကြွမှုတွေ၊ ပျော်စရာကြည်နူးစရာတွေ လက်တစ်ကမ်းအလိုမှာရှိနေတယ်ဆိုတဲ့စိတ်တွေ၊ အထင်မြင်လွဲသွားတာ မခံနိုင်..ဆုံးရှုံးလည်းမခံနိုင်လို့ သတိအမြဲထားပြီး ဆက်ဆံပြောတဲ့လူတွေကြား ရောက်နေရတာတွေ၊ ကျွန်တော့်ဘက်ကလည်း ကြိုက်မိ သဘောကျမိ.. ကျွန်တော့်ကိုလည်းပြန်ပြီး ကြိုက်မိ.. သဘောကျမိစေချင်တဲ့လူတွေအပေါ် ကြိုးစားပိုးပန်းခဲ့ရတာတွေ၊ လူတွေနဲ့ ကျွန်တော်နဲ့ကြားမှာ ခြားထားမိတဲ့ အထပ်ထပ်သော စက္ကူပိတ်တံခါးပါးပါးတွေ၊ ဘယ်တော့မှလည်း ဝှက်မထားတဲ့အရာတွေကို ဝှက်စာတစ်ခုလို ပြန်ဖြုတ်လိုက် ပြန်ဆက်လိုက် အဖြေရှာနေမိတာတွေ..
အဲဒါတွေအားလုံး.. အားလုံးဟာ ကျွန်တော်တို့အိမ်ကို အိုလီဗာရောက်လာတဲ့ နွေရာသီမှာ စတင်ခဲ့ပါတယ်။ အဲဒီနွေရာသီမှာပေါက်ခဲ့တဲ့ သီချင်းတွေထဲ ဖောင်းကြွစာလုံး ရိုက်နှိပ်ထားသလို အရိပ်ထင်ခဲ့ပါတယ်။ သူတည်းခဲ့တဲ့ ကာလအတွင်းမှာ ဖတ်ခဲ့တဲ့ ဝတ္ထုတွေမှာရော၊ သူပြန်သွားပြီးနောက် ဖတ်ဖြစ်ခဲ့တဲ့ ဝတ္ထုစာအုပ်တိုင်းမှာပါ ကပ်ငြိနေခဲ့ပါတယ်။ ပူပြင်းတဲ့နေ့တွေမှာထွက်လာတဲ့ ရို့စ်မေရီအပင်က အနံ့တွေမှာကအစ.. နေ့ခင်းမှာ ထအော်လိုက်တဲ့ ပုစဉ်းရင်ကွဲတွေရဲ့ အော်သံတွေမှာအဆုံး.. အရာရာတိုင်းမှာ စွဲကပ်နေခဲ့ပါတယ်။ တစ်သက်လုံး ရင်းနှီး အကျွမ်းဝင်ခဲ့ရတဲ့အနံ့တွေ အသံတွေဟာ အဲဒီနွေမှာ ကျွန်တော့်ကို ရုတ်ချည်းသစ္စာဖောက်ပြီး အချိုးတွေပြောင်းကုန်ပါတယ်။ အဲဒီနွေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အရောင်ဆိုးမှုကို ခံလိုက်ရပြီး သူတို့အပေါ် ကျွန်တော့် ခံစားချက်တွေ ထာဝရပြောင်းလဲသွားပါတယ်။
.
.
.
အပိုင်း (၂) မျှော်..။
.
By Andre’ Aciman
ဘာသာပြန် – မင်းပိုင်မြတ်သူ
5 comments
manawphyulay
June 6, 2018 at 10:43 am
ဖတ်ရတာ ဘာသာပြန်နဲ့တောင်မတူဘူး။ စာလုံးအရေးအသား အဆင်ပြေချောမွတ်တယ်…
Min Paing Myat Thu
June 8, 2018 at 1:52 am
ကျေးဇူးတင်ပါတယ်ဗျ။ အပိုင်း ၂ မကြာခင်တင်ပေးတော့မှာမို့လို့ အားပေးဝေဖန်ပါဦး။
kai
June 8, 2018 at 3:25 am
ဘာသာပြန်က..မူရင်းတော့မဖတ်ရလို့မသိ..။ မြန်မာလိုမှာတော့.. ချောမွှတ်ပြီး.. လှနေတာပဲ..။
ရုပ်ရှင်လည်းရှိတယ်နော..။ ကြည့်ဦးမှ..။
Call Me by Your Name (2017)
R | 2h 12min | Drama, Romance | 19 January 2018 (USA)
https://www.imdb.com/title/tt5726616/
Min Paing Myat Thu
June 9, 2018 at 12:16 am
ကျေးဇူးတင်ပါတယ် ကို Kai ။ မူရင်းဝတ္ထုက အများကြီးပိုကောင်းပါတယ်။ စာရေးဆရာရဲ့ အရေးအသားက အရမ်းလှပြီး ကဗျာဆန်တော့ မီဖို့မပြောနဲ့၊ တော်တော်လေးကို ချဉ်းကပ်ရပါတယ်။ ကျွန်တော်လည်း ရုပ်ရှင်ကို သဘောကျလို့ ဘာသာပြန်ကြည့်တာပါပဲ။
ဦး လေး မန်း
June 21, 2018 at 11:19 pm
ဆရာမြသန်းတင့်ရေးဟန်မျိုးနဲ့တူတယ် ဖတ်လို့ကောင်းသဗျ၊