တရုတ်ဆယ့်တစ်ယောက်နှင့် သတို့သမီး အမှုဆန်း
ကိုယ်က အတင်းတုပ်တဲ့ လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူစုံတုန်း ဇာတ်လမ်းလေး တစ်ပုဒ် လောက် ပြောပြချင်သေးတယ်။
နည်းနည်းတော့ ကြမ်းမယ်။ အညစ်အပတ်ကလေးလည်း ပါမယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေကို အားပေးအားမြှောက်နဲ့ ဆွဲဆောင်တဲ့
ဇာတ်လမ်းမျိုးရယ်တော့ မဟုတ်ဘူး။ လူ့သဘာဝ အောင့်အီးမရတဲ့ ဆန္ဒပုန်းတွေကို မထော်မနန်း ဖော်ထုတ်မိလို့
ကို့ရို့ကားယားနဲ့ ထောင်နန်းစံရလုနီးသွားတဲ့ တရုတ်ဆယ့်တစ်ယောက် အကြောင်းလေး ပြောပြချင်တာ။
ကိုင်း..အဲဒီတော့ ပြောမယ်၊ တစ်ခါတုန်းက ချီကာဂိုမှာ တရုတ်ဆယ့်တစ်ယောက် ရှိသတဲ့..။
အဲ…အဲဒီလို မစ ချင်ဘူး။ ဒီလို ပြောင်းပြီး အစချီမယ်။ ကိုယ့်သူငယ်ချင်း ဖရဇ် လန်းဂ် ဆိုတာ ချီကာဂိုမှာ နေတယ်။
သူက အဝတ်လျှော်တဲ့ လုပ်ငန်းတစ်ခု ပိုင်တာ။ တကယ်က သူလုပ်တာ မြေယာတန်းဖိုးဖြတ်တဲ့ ရာဖြတ်။ ခွေးပြိုင်ပွဲတွေ
ဘာတွေမှာလည်း လောင်းတတ်စားတတ်တယ်။ ထားတော့ ဒီဇာတ်လမ်းမှာ အဲဒါတွေ မပါဘူး။
အမေရိကမှာ လူတိုင်းသူလုပ်ချင်ရာ လုပ်လို့ရတယ်။ အလုပ်ပြောတာနော်။ စားပွဲထိုးမလား၊ ပန်းကန်ဆေးမလား၊
ငွေတောင်းခံလွှာ ပို့မလား..ဘာလုပ်ချင်သလဲ လုပ်လို့ရသပေါ့။ ဖရဇ် ဆိုတဲ့ငနဲကတော့ ကံဇာတာလေးနည်းနည်း တက်ပြီး
အဝတ်လျှော်လုပ်ငန်းပိုင်ရှင် သမီးနဲ့ ညားပါရော။ အဲဒီတော့ ဒီအဝတ်လျှော်လုပ်ငန်းအကြောင်း နားလည်အောင်
လေ့လာရတာပေါ့။ ဒါမှ ယောက်ခမကြီးသေလို့ ဒီအလုပ် သူဦးစီးလုပ်ရရင် အိုးနင်းခွက်နင်း မဖြစ်မှာ။
ဒီလိုနဲ့ အခုမယ်ဆို သူ့လုပ်ငန်းက အတော် အဆင်ပြေနေပြီပေါ့။ အဝတ်ကောက်၊ အဝတ်ပို့တဲ့ နေရာတွေ မြို့ထဲ
ဒါဇင်ချီပြီး ဖွင့်ထားတယ်။ တစ်နေ့တော့ ကိုယ့်ဆီ ငတိ ပေါက်ချ လာပါလေရော။ လူက ဂဏှာမငြိမ်ချင်ဘူး။
ကိုယ်ကလည်း ဘာကူညီပေးရမလဲပေါ့။ သူ့ အလုပ်သမား ဆယ့်တစ်ယောက် အဖမ်းခံထားရလို့တဲ့။ တရုတ်တွေချည်းပဲ။
သိတဲ့အတိုင်း တရုတ်အလုပ်သမား ဆိုတာ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး မဟုတ်လား။ ကိုယ့်ဆီ
လာအကူအညီတောင်း ရတာကလည်း အဲဒီအမှုကိုင်တဲ့ ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးက ကိုယ်နဲ့ ခင်တာမို့လို့။
တရားသူကြီး မက်ဂျင်တီ ဆိုတာလည်း ကိုယ်နဲ့ တစ်ပတ် နှစ်ခါလောက် ပိုကာဆွဲနေကြကိုး။ မက်ဂျင်တီက
လူပေါင်းဆံ့ပြီး စကားပြောရတာ ကြိုက်တဲ့သူမျိုးပါ။ သူက အဲဒီဆယ့်တစ်ယောက်ကို လွယ်လွယ်ကူကူတော့
လွှတ်မပေးချင်ဘူး။ အဲဒီလို လုပ်ဖို့လည်း သူ့အတွက် အခက်ကြီးပါတဲ့။ ဒီငနဲ ဆယ့်တစ်ယောက်က ဘုရားသခင်
ကြင်နာတော်မူတဲ့ အိုင်းရစ်လူမျိုး သနားစရာ ဆယ့်လေးနှစ်သား ဆံနီ ငရှုပ်ကလေး ဂျက်မာဖီကို ဝိုင်းရိုက်ကြ သတဲ့။
“သူတို့က ဘာလို့ဝိုင်းရိုက်ကြတာတုန်း။”
“သူတို့ သတို့သမီးကို ဖြားယောင်းသွေးဆောင်လို့တဲ့။”
“အဲဒါဆိုရင်တော့ မချောင်ဘူး မောင်။ တရားသူကြီး မက်ဂျင်တီဆိုတာ သမာသမတ် သိပ်ကျတာနော်။ မင်းကောင်တွေ
ဟိုကောင်လေးဝိုင်းရိုက်မှုနဲ့ စီရင်ချက်ကတော့ ပြင်းမှာပဲ။ ကဲပါလေ…အရက်ကလေး ဘာလေးသောက်ရင်း သက်သာလို
သက်သာငြား တွန်းတိုက်ကြည့်ပါဦးမယ်။”
ဖရဇ်က ထအော်တယ်။
“အန္တရာယ် များသဟေ့။ သတို့သမီး..အဲ..အဲ..တရုတ်တွေ သူတို့ဟာ သူတို့ ခေါ်တာပေါ့လေ။ သတို့သမီးက..အင်း..
သတို့သမီးက တစ်ယောက်ထဲ အတွက်တော့ မဟုတ်ဘူး။ သူတို့ ဆယ့်တစ်ယောက်လုံး ရဲ့ သတို့သမီးတဲ့။
သူတို့အတွက်တော့ အဲဒါက ဖြူတူတူ ဝါတာတာ အမသတ္တဝါလေး သက်သက်တော့ မဟုတ်ဘူး။ သတို့သမီးပေါ့လေ။
တိုတို ပြောရရင် အဲဒီ သတို့သမီးဆိုတာ လူမဟုတ်ဘူးဟ..။ တိတိကျကျနဲ့ မှန်မှန်ကန်ကန် ပြောရင် အဲဒီသတို့သမီး
ဆိုတာ ခြေလေးချောင်းနဲ့ ဝက်မလေး တစ်ကောင်ပဲ..ငါ့လခွီး။”
“အဲဒါကို ဟို စောက်ကလေး ဂျက်ကီက သွေးဆောင် ဖြားယောင်းတယ်..ဟုတ်လား။”
“ဟုတ်ပကွာ။” ဖရဇ် က ဆက်ပြောတယ်။
“တရုတ်တွေ ဒီမှာ နေပုံလည်း ကြည့်ဦးလေ။ သူတို့မယ်..အလုပ်လုပ်လို့ရသမျှ ပိုက်ဆံ တစုတည်း စု နေတာ မလား။
ဘာမှ ပျော်စရာ ပါးစရာရယ်လို့ မရှိ။ အကုန်လည်း မခံနိုင်ဘူးလေ။ ရတဲ့ပိုက်ဆံ ကျစ်ကျစ်ပါအောင်စု၊ တစ်နေ့တော့
ပြည်ကြီး ပြန်ကြမယ်ပေါ့။ အဲ…ခမျာများ မလွန်ဆန်နိုင်တဲ့ သွေးသားဆန္ဒကျ အခက်သား ပါကလား။ အမဖြစ် ပြီးရော
ဆိုတာမျိုးလို ငတိတွေ ထန်နေပုံများ။ တစ်ခုခုတော့ ရှာရမယ်ဆိုပြီး ဆယ့်တစ်ယောက်သား အပြင်ထွက်ကြတော့ ဝက်မ
တစ်ကောင် ဝယ်လာခဲ့သတဲ့လေ။ ဈေးတွက် တွက် မယ်ဆိုရင်တော့ မဆိုးဘူး ဆိုရမယ်။ ဒီထက် ဈေးပေါတာ
ဘယ့်နှယ်လုပ်ရှာမလဲ။”
“သူတို့က တိုက်ခန်းတွဲ တစ်ခုရဲ့ မြေအောက်ခန်းထဲ စုနေကြတာ။ အဲဒီ ဝက်မလေးလည်း သူတို့နဲ့ အတူပေါ့။ ဝက်ခြံလေး
တစ်ခုတောင် ဆောက်ပေးထားသေး။ အဲဒီတိုက်ခန်းတွဲ အတွက် ခန့်ထားတဲ့ မန်နေဂျာသား ဂျက် ဆိုတဲ့ ငနဲလေးက
တရုတ်တွေ ဝက်မလေးနဲ့ မထော်မနန်း လုပ်နေတာကို ချောင်းကြည့်ရင်း..တစ်နေ့တော့ တရုတ်တွေ အလုပ်သွားနေတုန်း
အလစ်ဝင်ပြီး ဝက်ခြံထဲမှာ ဝက်မလေးနဲ့ နှစ်ပါးသွားကြသတဲ့။ အဲဒီ စောက်ကလေးကလည်း မပြောချင်ဘူး။ နှစ်ပါးသွားနေတာ
အကြိမ်ပေါင်း ဒါဇင်ချီ ရှိပြီတဲ့။ တစ်ရက်တော့ ငနဲလေးကို တရုတ်တွေက လက်ပူးလက်ကြပ် မိပါရော။ ဘာပြောကောင်းမလည်း
မောင်။ သူတို့ သတို့သမီး ကို ကျူးကျူးကျော်ကျော် စော်စော်ကားကားလုပ်တော့ သူတို့စိတ်ထဲ ဘယ်ချိတော့ မလဲ။
ဝိုင်းတွယ်လိုက်ကြတာ ဆိုတာ။ ဟိုကလေးလည်း မျော့မျော့ကျန်တယ်။ ”
“ဟေ..စောက်ကျိုးနည်း..။ တော်တော် ဆိုးဆိုးပဲဟ။ ဒါနဲ့ တရားသူကြီး မက်ဂျင်တီရော သိလား။ ဒါတွေ အကုန်လုံးလေ။”
“သိတာပေါ့ကွာ..။ ဂျက်ကီ့ အဖေက တရုတ်တွေကို ဖမ်းခိုင်းတာပေါ့။ တရုတ်တွေကလည်း သူတို့အမှား တောင်းပန်ပါတယ်။
ကောင်ကလေးအပေါ် ကြမ်းကြမ်းတမ်းတမ်း လုပ်မိပါတယ်.. ဘာညာနဲ့ ပြောရော။ ဒါပေမဲ့ သူတို့လုပ်တာ ရာဇဝတ်မှုလေ..
.သေးသေးမဟုတ်ဘူး။ ထောင်ကျမယ်လည်း ဆိုရော ငနဲသားများ ကြောက်လန့်အော်ဟစ် ကုန်တာပေါ့။ ဂျက်ကီလည်း
သူတို့နဲ့ အတူတူပဲ.. ဆယ့်နှစ်ယောက်မြောက်လို့ အော်တာနဲ့…အဲဒီမှာ တရားသူကြီးလည်း အကုန်သိသွားတာ။”
“အဲဒီတော့ အနေအထားက ဘာဖြစ်လာမှာလဲ။”
“ဘာဖြစ်ရမလဲ…ကောင်ကလေး ဝိုင်းရိုက်တယ်ဆိုတော့.. ဒီ အီလီနွိုက် ပြည်နယ် ဥပဒေအရဆို ငနဲတွေ အနည်းဆုံး
အနှစ်နှစ်ဆယ်တော့ အောင်းရမှာပဲ။ မပေါ့ဘူး မောင်။ ပြီးတော့ ငါ့လည်း အလုပ်သမားကောင်း တွေ ဆုံးမှာ။
အဲ..အခွင့်အရေးလေး တစ်ခုတော့ ရှိသေးတယ်။ ခုကိစ္စက ရဲလက်ထဲမှာ ရှိသေးတာ။ ရုံးမတင်ရသေး ဘူး။ ရဲတွေ
နဲ့တော့ ငါ အဆင်ပြေပါတယ်။ တရားသူကြီး အပိုင်းတော့ မင်းပဲ ဆောင်ရွက်ပေးရမှာ။ ဒါလေး နဲ့ သွားပေါ့ကွာ။”
သူက အထုပ်တစ်ထုပ် ဆွဲယူပြီး အင်မတန်လှပတဲ့ တော်ဝင်နန်းထိုက် ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူ ပြတယ်။
ကျောက်စိမ်းတုံးက ကြက်ဆင်ပုံလား၊ ဇာမဏီပုံလား မသိ ထွင်းထုထားသဗျ။ ဒေါ်လာ ရာဂဏန်း အတော်များများတော့
အသာလေး တန်မှာ။
“ကိုင်း.. ဒီမှာ..သူတို့ပေးလိုက်တာပဲ။ တန်ဖိုးတော့ အတော်လေးရှိလိမ့်မယ်။ သူတို့အခက်အခဲ ဒါနဲ့ ပြေလည် နိုင်ကောင်း
ပါရဲ့။ တရားသူကြီးကို ဒါလေး သွားပြကွာ။ သူမင်းကို စကားကောင်းကောင်း ပြန်ပြောမှာပါ။”
အဲဒါနဲ့ ကိုယ်လည်း ကျောက်စိမ်းတုံး ကောက်ယူပြီး တရားသူကြီးဆီ သွားရတာပေါ့။ ရောက်သွားတော့ သူမရှိဘူး။
သူ့မိန်းမပဲ တွေ့တာ။ အမျိုးသမီးက အသက် ၅၄ နှစ်သာဆိုတယ်၊ အတော်ချောတုန်း။ သူကလည်း အခြေအနေ
နားလည်ပုံရတယ်။ ကိုယ်လည်း သူ့ ကျောက်စိ်မ်းတုံး ထုတ်ပြတော့ မျက်လုံးတွေ အရောင်တောက် ပြီး ပြူးကျယ်လာရော။
“ကျွန်တော်လည်း ဒါလေး လက်ဆောင်ရထားတာပါ။ ” ကိုယ်လည်း လေသံဖျော့လေးနဲ့ပေါ့။
“အဲဒါ မင်းကတော် အမျိုးသားများ စိတ်ဝင်စားမလား ဆိုပြီး လာပြတာပါ။ ဒေါ်လာ နည်းနည်းလောက်ရရင်
ကျွန်တော် လွှတ်မှာပါ။”
အဲဒီလို ပြောနေတုန်း မက်ဂျင်တီ ပြန်လာရော။
ဝယ်..ဝယ် ဆိုပြီး သူ့ယောကျာ်းကို ပြောတော့တာပေါ့။
“ကျွန်မလည်း ဒါမျိုး လိုချင်နေတာ ကြာပေါ့။ သူလည်း တကယ့်ကို လျှော့လျှော့ပေါ့ပေါ့နဲ့ ရောင်းမှာတဲ့။”
တရားသူကြီးက ကျောက်စိမ်းတုံးကို တစ်ချက်ကြည့်တယ်။ ပြီးတော့ လာ ဆိုပြီး အနောက်ထဲ ခေါ်သွားရော။
သူ့မိန်းမ ပြောနေတာကို ဂရုမစိုက်ပဲနဲ့လေ။
“တို့ပြောတာတွေ သူ့ကို မကြားစေချင်လို့။”
ဒါတောင် ဘွားတော်က နောက်ကနေ လှမ်းအော်နေတုန်း။ ကျွန်မမှာ ဒေါ်လာ ငါးဆယ် ရှိတယ် တဲ့။
တရားသူကြီးက “ ဒါ ဘာတုန်းကွ။” ဆိုပြီး မေးရော။
“ဒါက ဒီလိုပါခင်ဗျာ။ မနေ့က အဖမ်းခံရတဲ့ တရုတ်တွေလေ။ အဲဒါ ကျွန်တော့် သူငယ်ချင်း ဖရဇ် လန်းဂ် ရဲ့
အလုပ်သမားတွေပါ။ သူတို့တွေက ကျွန်တော့်သူငယ်ချင်းကို ဒါလေးပေးပြီး သူတို့အတွက် ခုခံဖို့ လုပ်ပေးပါ
ဆိုပြီး တောင်းပန်တာနဲ့…။”
တရားသူကြီး မင်ဂျင်တီက ခပ်စူးစူး တစ်ချက်ကြည့်ပြီး –
“အော်…သိပြီ..အဲဒါက မဟုတ်…။ ဒါနဲ့ နေပါဦး.. မင်း ဒီကိစ္စအကြောင်း ဘာသိလဲ။”
ကိုယ်လည်း လိမ်ရတာပေါ့။
“ဘာရယ်တော့ သေချာ မသိပါဘူး။ တရုတ်တွေက ဆယ့်လေးနှစ်သား ကောင်လေးကို ဝိုင်းရိုက်ကြတယ်။ အဲဒါပဲ မဟုတ်လား။”
“အဲဒါပဲပေါ့..?”
“ဟုတ်ကဲ့..အဲဒါပါပဲ။”
တရားသူကြီးက မျက်စိတစ်ဖက်မှိတ်ပြပြီး ကိုယ့်နံကြားကို လက်ညှိုုးနဲ့ လှမ်းတို့တယ်။ ဘိုးတော်က တစ်ချက် ခိကနဲ ရီပြီး –
“ကဲပါလေ.. ဒီကျောက်တုံးကို ငါဝယ်ပါ့မယ်။ ငါ့မိန်းမက သိပ်ကို လိုချင်နေတာမလား။ အေး..ဒါပေမဲ့.. ဆယ်ဒေါ်လာ
ထက်တော့ ပိုမပေးနိုင်ဘူး။ သူတို့ ခုခံမှုအတွက် လုံလောက်ပါတယ်။ ရှေ့နေ ဂျင် မက်နမူး ဆီ ပြေးချေဦး။ သူ့လည်း
ဆယ်ဒေါ်လာပေးလိုက်။”
ဘိုးတော်က ဆယ်ဒေါ်လာ ထုတ်ပေးတယ်။ နောက်ထပ် ဆယ်ဒေါ်လာ ထပ်ထုတ်ပြီး-
“အဲ… နေဦး.. ဟိုကလေးအဖေ လူရှုပ် မာဖီအတွက်လည်း ပေးလိုက်ဦး။ သူ့သားအတွက် သူလည်း ခုခံရမပေါ့။
သူက အိုင်းရစ် ဆိုတော့ ရေငုံနှုတ်ပိတ်နေမှာ။ မက်နမူး ကို ပြောလိုက်။ ခုညနေ ခြောက်နာရီ ရုံးကို အရောက်လာလို့။
ကိစ္စလေး မြန်မြန်ဖြတ်ရအောင်လို့။ ကိုင်း.. ခွင့်ပြုပါဦး မောင်… ငါ့မိန်းမကို ဒီကျောက်တုံးလေး သွားပြရဦးမှာ။”
ဘိုးတော် သူဘာပြောတယ်ဆိုတာ သူ့ဟာသူ ကောင်းကောင်းသိသပေါ့။ အဲဒီညနေ ကိုယ်လည်း တရားရုံး
ရောက်သွားတယ်။ ရဲသားတစ်ယောက်က ဘယ်လို အစစ်ခံသလဲ ဆိုတော့ တရုတ်ကူလီ ဆယ့်တစ်ယောက်က
ဆယ့်လေးနှစ်သား မာဖီလေးကို ဝိုင်းရိုက်တယ်။ ကောင်လေးကလည်း ဘာ့ကြောင့်လို့ မပြောဘူး။ တရုတ်တွေ
ကလည်း ဘာမှ မပြောဘူး။ အဲဒီတော့ ခုခံလျှောက်လဲတဲ့ ရှေ့နေက ပြစ်ဒဏ် လျှော့လျှော့ပေါ့ပေါ့လေး စီရင်ပေးဖို့
လျှောက်ထားတယ်။
တရားသူကြီးက ဘယ်လို စီရင်ချက် ချသလဲဆိုတော့ တရုတ်တွေက တစ်ယောက်ကို တစ်ဒေါ်လာစီ ရုံးတော်ကို
ဆောင်ရမယ်။ နောက်ပြီး နစ်နာဆုံးရှုံးမှုအတွက် ကောင်ကလေး အဖေကိုလည်း တစ်ယာက်တစ်ဒေါ်လာစီပေး
ရမယ်။ ကိုယ့်ဘော်ဒါကလည်း မြန်ချက်။ ဒေါ်လာနှစ်ဆယ် ထပေးတယ်။ နောက်ပြီး အမှု မြန်မြန် ပြီးပြတ်အောင်
ဆက်လက်ဆောင်ရွက်ဖို့အတွက်လည်း နှစ်ဆယ့်ငါးဒေါ်လာ ထပ်ပေးလိုက်တယ်။ အဲဒါနဲ့ အားလုံး အိမ်ကို
ပျော်ပျာ်ကြီး ပြန်ကြလေသတည်းပေါ့။
တစ်ပတ်လောက်ကြာတော့ ဖရဇ်က ကိုယ်နဲ့ လာတွေ့တယ်။ တရုတ်တွေနဲ့ တွေ့ဖို့ သူနဲ့ လိုက်ခဲ့ပါတဲ့။ သူတို့က
ကိုယ့်ကို အင်မတန် ကျေးဇူးတင်နေကြတာတဲ့။ ကျေးဇူးစကားလေး ဆိုချင်ကြတယ်ပေါ့။ အဲဒါနဲ့ ကိုယ်လည်း ဖရဇ်နဲ့
လိုက်သွားတယ်။ တရုတ်တွေနေတဲ့ မြေအောက်ထပ် ဆင်းသွားတော့ ငနဲများ ဆယ့်တစ်ယောက်လုံး စုံစုံညီညီ
တွေ့ရသဗျ။ ဟိုစောက်ကလေး ဂျက်မာဖီတောင် ပါသေး။
သူတို့က အင်မတန် ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ကို ဖိတ်ခေါ်တာ။ ပြီးတော့ ဆန်အရက် တစ်ခွက်နဲ့ ထမင်း
တစ်လုံးပေးတယ်။ ထမင်းပွဲတော့ စပြီပေါ့။ အံမယ်..ဟင်းက ဝက်အူချောင်းဟ။ ငတိတွေက ပြောသေးတယ်။
“ကျွန်တော်တို့ အဲဒါမျိုး ထပ်မလုပ်တော့ဘူး။” တဲ့။
အဲဒီတော့…. ငတိတွေ သူတို့ သတို့သမီးကို အမဲဖျက်ပြီး စားချင့်စဖွယ် ပြင်ဆင်ပေးလိုက်သပေါ့လေ။
ကိုယ့်ဟာကိုယ်တော့ အတော်လေး စိတ်သဘောကြီးကြီး ထားနိုင်တဲ့ အကောင်ပေါ့လေ။ အဆာကျယ်တဲ့
ကောင်လည်း မဟုတ်ရပါဘူး။ အစားအသောက်နဲ့ ဆိုရင်လည်း ဇီဇာကြောင်တဲ့ ကောင်မျိုး မဟုတ်။
အင်း..အင်း…ဒါပေမဲ့ပေါ့လေ…ဒီတစ်ခုကတော့ ကိုယ့်အတွက် တော်တော်များသွားပြီ။
How eleven Chinese devoured their bride by Hanns Heinz Ewers ကို အကျဉ်းချုပ်၍ ပြန်ဆိုသည်။
(၎င်း စာရေးဆရာ၏ The Spider ဟူသော ဝတ္ထုတိုကို ပင့်ကူအမှုဆန်း အမည်ဖြင့် ကျွန်တော်ပြန်ဆိုဖူးပါသည်။)
3 comments
ဦးကျောက်ခဲ
August 6, 2018 at 11:13 am
တော်တော်ရှုပ်တဲ့ မော်တော်ဘုတ်တွေ …
သတို့သမီးကို အမဲဖျက်ပြီး ဝက်အူချောင်းနဲ့ ဧည့်ခံတာတော့ ဆိုးတာပေါ့ … ဝေါ့ 😛
manawphyulay
August 20, 2018 at 12:48 pm
အရှုပ်တော်ပုံ ဖတ်ရင်းနဲ့ မူးသွားပြီ…
အရင်ကကျော်စွာဦးကြီးမိုက်
September 11, 2018 at 11:21 am
အားပေးဖတ်ရှုသွားပါတယ်