သဲဘုရင် – အပိုင်း (၁)
အမေရိကန် စာရေးဆရာ George R. R. Martin (၁၉၄၈- ) သည် မြန်မာပြည် စာဖတ်ပရိသတ်နှင့် မစိမ်းပါ။
Game of Thrones ကို ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ ထိုဇာတ်လမ်းတွဲမှာ သူ၏ Song of Ice and Fire
ဝတ္ထုရှည်ကြီး ကို မှီငြမ်း၍ ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိကြပါလိမ့်မည်။ သူ၏ စာရေးခြင်း အသက်မွေးမှုကို
အိမ်နီးချင်း ကလေးများအား မကောင်းဆိုးဝါး ဇာတ်လမ်းများ ရေးသား ရောင်းချခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုကြပါသည်။
နောက်ပိုင်းတွင် Hugo နှင့် World Fantasy ဆုများ ရရှိ အောင်မြင်ခဲ့ပါသည်။ စာဖတ်သူများက သူ့အား အထူးတလည်
ဆန်းကြယ်သော ဇာတ်လမ်းများနှင့်သာ အသိများကြသော်လည်း သူကမူ ထိတ်လန့်သဲဖို များကို ပို၍ အားသန်ခဲ့သည်။
၁၉၇၉ ခုနှစ်တွင် Hugo နှင့် Nebula ဆုများရရှိခဲ့သော Sandkings အမည်ရ ဝတ္ထုလတ် (ဝတ္ထုလတ်ဟု ဆိုနိုင်သော)
ကို ကြိုးစား၍ ဘာသာ ပြန်ဆိုပါကြောင်း။
ဆိုင်မွန် ခရက်စ် သည် မြို့တော်နှင့် ကီလိုမီတာ ငါးဆယ်မျှဝေး၍ ခြောက်သွေ့ကာ ကျောက်တုံးကျောက်ဆောင်
ပေါများသော တောင်ကုန်းများပေါ်တွင် တကိုယ်တည်း နေထိုင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် အလုပ်ကိစ္စနှင့်
အဝေးတစ်နေရာ သွားရသောအခါ သူ၏ အိမ်မွေးတိရိစာ္ဆန်များကို ကြည့်ရှုခိုင်းစရာ အိမ်နီးချင်းဟူ၍ မရှိပေ။
အသေကောင်စားသော သိမ်းငှက်မှာ ပြဿနာမရှိပါ။ ထိုသိမ်းငှက်သည် အသုံးမပြုတော့သော ခေါင်းလောင်းစင်
အဟောင်းပေါ်တွင် အိပ်တန်းတက်သည်။ သူ့သဘာဝအရ သူ့အစာသူ ရှာစားရုံပင်။ ရှန်ဘလာ ဆိုသော
ခြေထောက် မရှိ၊ လက်နှစ်ဖက်နှင့် တွားသွားသော မကောင်းဆိုးဝါးကောင်လေးမှာလည်း ရှူးဆိုပြီး မောင်းထုတ်
ကာ သူ့ဝမ်းသူ ကျောင်းခိုင်းရုံသာ။ ထိုသတ္တဝါလေးသည် အကြိုအကြားများသွားကာ ပက်ကျိများကို ဖမ်းစားပေ
လိမ့်မည်။ တခါတရံ ငှက်များနှင့် အခြား အကောင်ဗလောင်များကို ဖမ်းစားကောင်း စားပေမည်။ သို့သော် ငါးကန်
အတွင်းရှိ ကမာ္ဘမြေမှ ပရန်းညား ငါးမျိုးအစစ်များကိုမူ ထိုသို့လုပ်ရန် အနည်းငယ်ခက်သည်။ ခရက်စ်သည်
စားလက်စ အသားငါးများကို ငါးကန်အတွင်း ပစ်ထည့်ကျွေးလေ့ရှိသော်လည်း ရံဖန်ရံခါ အလုပ်ကိစ္စနှင့် ခရီးထွက်
သွားရသော အခါမျိုးတွင် ထိုငါးများသည် အချင်းချင်းပြန်စားတတ်ကြသည်။ ထိုအခါမျိုးတွင် သူကျေနပ်နှစ်သိမ့်
နေတတ်သည်။
ကံဆိုးစွာပင် ယခုအခေါက် အလုပ်ကိစ္စနှင့် ခရီးထွက်ရခြင်းမှာ မျှော်မှန်းထားသည်ထက် ပိုကြာခဲ့သည်။
နောက်ဆုံး သူပြန်ရောက်လာသောအခါ ငါးများအကုန်လုံး သေဆုံးကုန်ပြီ ဖြစ်သည်။ သိမ်းငှက်မှာလည်း
မရှိတော့ပေ။ ရှန်ဘလာကောင်သည် ခေါင်းလောင်းစင်ပေါ်သို့တက်၍ သိမ်းငှက်ကို ဖမ်းစားပစ်လိုက်ပုံရသည်။
ထို့ကြောင့် ဆိုင်မွန်ခရက်စ် တစ်ယောက် စိတ်ညစ်သွားလေသည်။
နောက်တစ်နေ့တွင် သူ့ယာဉ်ပျံဖြင့် ကီလိုမီတာ နှစ်ရာခန့်ဝေးသော အာ့စ်ဂတ် မြို့ကို သွားသည်။ အာ့စ်ဂတ်သည်
ဘော်လ်ဒါဂြိုဟ်တွင် အကြီးမားဆုံး မြို့တော်ဖြစ်ရာ အဟောင်းနွမ်းဆုံးနှင့် အကြီးဆုံး ဂြိုဟ်သွားစခန်းများလည်း
ပြည့်နှက်လျက် ရှိပေသည်။ ခရက်စ်သည် ထူးထွေဆန်းပြား၍ ဈေးကြီးသော အကောင်ဗလောင်များကို ဝယ်ယူ
ကာ မိတ်ဆွေများကို ပြသ၍ ပဏာယူရသည်ကို နှစ်သက်သည်။ အက်စ်ဂတ်သည် ထိုသတ္တဝါများကို ရှာဖွေဝယ်
ယူရန် နေရာတစ်ခုပင်။
ဤတစ်ကြိမ်တွင် ခရက်စ် ကံမကောင်းဟု ဆိုရပေမည်။ ဝယ်နေကျ ဇီနိုပတ်စ် အိမ်မွေးတိရိစာ္ဆန် အရောင်းဆိုင်မှာ
ပိတ်ထားလျက် ရှိ၏။ အာ့သရင်း ဆိုသော ဆိုင်ကမူ သူ့ကို အချဉ်ဖမ်း၍ သိမ်းငှက်တစ်ကောင် ထိုးရောင်းနေလေသည်။
၏နောက်တစ်ဆိုင်တွင်လည်း ထူးထူးခြားခြားဟူ၍ မရှိပေ။ ပရန်းညားငါးများ၊ အရောင်ထွက်သော ငါးမန်းများ နှင့်
ပြည်ကြီးငါးများသာ ရှိသည်။ ထိုသတ္တဝါများ အားလုံးကို သူမွေးဖူးပါသည်။ သူမမွေးဖူးသော အကောင်သစ်မျိုးကိုသာ
လိုချင်၏။
ဆည်းဆာချိန် ရောက်သောအခါ သက်တန့်လမ်းမကြီးပေါ်တွင် သူမရောက်ဖူးသော ဆိုင်များကို ရှာဖွေရန်
လျှောက်သွားနေမိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိ လေသည်။ ဂြိုဟ်သွားစခန်းနှင့် နီးလာသောအခါ
အခြားဂြိုဟ်များမှ ပစ္စည်းတင်သွင်းရောင်းချသူများ၏ ဆိုင်များကို အစီအရီ တွေ့လာရသည်။ ခန့်ညား ထည်ဝါသော
ဆိုင်ကြီးများတွင် ဂြိုဟ်အသီးသီးမှ အလွန်ဈေးကြီး၍ ရှားပါးလှသော ယဉ်ကျေးမှု အနုလက်ရာများ ကို အဆန်းတကြယ်
ခင်းကျင်းပြသထားသည်။ ထိုဆိုင်ကြီးများအကြားတွင် အမှိုက်သာသာ ပစ္စည်းများသာ ရောင်းသော ဆိုင်အစုတ်
အနုတ်များ ရှိသည်။ ထိုဆိုင်များကို သူရောက်ဖူးသည်။ တစ်ဆိုင်မှ မစွံချေ။
ထို့နောက်တွင် တမူထူးခြားသည်ဟု ထင်ရသော ဆိုင်တစ်ဆိုင်ရှေ့သို့ သူ ဖြတ်လျှောက်မိလေသည်။
ထိုဆိုင်သည် ဂြိုဟ်သွားစခန်းနှင့် အတော်ပင် နီးပါသည်။ ခရက်စ် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးပါ။ ဆိုင်က
သိပ်မကြီးလှပေ။ အတော်အသင့် အရွယ်အစားရှိသော တစ်ထပ်အဆောက်အအုံ တစ်ခုပင်။ဘေး တစ်ဘက်
တချက်တွင် ဘားဆိုင်တစ်ခုနှင့် ဆောင်ကြာမြိုင်တစ်ခု ရှိသည်။ သက်တန့်လမ်းကြီးတွင် ဤနေရာထိသာ
ကောင်းကောင်းမွန်မွန် ဆိုင်များတွေ့နိုင်တော့မည်။ ဆက်လက်၍ သွားလျှင် အပေါစားဆိုင်များကိုသာ
တွေ့ရှိရမည် ဖြစ်သည်။ ယခုဆိုင်သည် ခရက်စ်အား အတန်ပင် ဖမ်းစားထား ပေသည်။
ပြတင်းပေါက်များသည် မြူများ ဆိုင်းသကဲ့ ဖြစ်နေရာမှ နီပြေပြေ အရောင်၊ မီးခိုးရောင်၊ ရွှေရောင် တဖျတ်ဖျတ်
စသည်ဖြင့် တစ်လှည့်စီ ပြောင်းလဲလျက် ရှိရာ မြူခိုးများသည် ထိုအရောင်များအတွင်း ဝဲဂယက်သဖွယ်
လှည့်လည်နေသည်ကိုလည်း မြင်တွေ့ရလေသည်။ ခရက်စ်သည် ပြတင်းပေါက်မှ အတွင်းသို့ တစ်ချက်ကြည့်
လိုက်သည်။ စက်ပစ္စည်းများ၊ အနုပညာ လက်ရာတစ်ချို့၊ အခြား သူမသိသော ပစ္စည်းများကို မြင်ရသည်။
ထို ပစ္စည်းများကို သေချာမကြည့်လိုက်ရပေ။ မြူများသည် ထိုပစ္စည်းများပေါ်သို့ ထူးခြားဆန်းပြားစွာ ရွေ့လျား
လျက် ရှိသော ကြောင့်ပင်။ ထို့နောက်တွင် ထိုအရာများအားလုံးကို မြူများ ဖုံးအုပ်သွားလေတော့သည်။
သူကြည့်နေစဉ်မှာပင် မြူများသည် စကားလုံးများကို တစ်လုံးချင်း ဖော်ပြလာလေသည်။
ဝူ နှင့် ရှိတ် မှ တင်သွင်းသည်။
ယဉ်ကျေးမှု အနုလက်ရာများ၊ သက်ရှိများနှင့် အခြားပစ္စည်းများ
စာလုံးများ ရပ်တန့်သွားသည်တွင် ခရက်စ် အတွက် စိတ်ဝင်စားစရာ စကားလုံးက ကျန်ရှိခဲ့ပါသည်။ သက်ရှိများ
ဆိုသည့် ကြော်ငြာစကားလုံးပင် ဖြစ်၏။ ခရက်စ်သည် အပေါ်ဝတ်ရုံကိုချွတ်ကာ လက်တွင်ကိုင်၍ ဆိုင်အတွင်းသို့
ဝင်သွားလေသည်။
ဆိုင်အတွင်းသို့ ရောက်သွားသောအခါ ခဏမျှ အူလည်လည် ဖြစ်သွားသည်။ ဆိုင်အတွင်းသည် အပြင်က
မှန်းထားသည်ထက် အတော်ပင် ကြီးမားကျယ်ဝန်းလှပေသည်။ အလင်းဖျော့ဖျော့သည် မည်သည့်နေရာက
လာမှန်း သူမသိပါ။ မျက်နှာကျက်သည် နဂါးငွေ့တန်း ဂလက်ဆီများ လှည့်ပတ်နေသကဲ့သို့ ပုံဖော်ထားရာ အလွန်
အသက်ဝင်လှသည်။ ကောင်တာများမှာလည်း မှိန်ဖျော့ဖျော့သာ မြင်ရသည်။ အလယ်လျှောက်လမ်းတွင် မြူခိုးများ
ဆိုင်းလျက်ရှိရာ သူလမ်းလျှောက်တိုင်း ဝေ့ဝဲလျက် ကျန်ခဲ့လေသည်။
“ဘာ အကူအညီပေးရပါမလဲ ရှင်..။”
အမျိုးသမီးသည် မြူများအောက်မှ ရုတ်ချည်း ထိုးထွက်လာသည်ဟုပင် ခရက်စ် တွေးလိုက်မိသည်။ ရှည်လျား၍
ကြုံလှီလှသော ဖြူလျော်လျော် အမျိုးသမီးတစ်ယောက်သည် တစ်ဆက်တည်းဖြစ်သော မီးခိုးရောင် ဝတ်စုံကို
ဝတ်ဆင်ထားသည်။ ထူးဆန်းသော ကက်ဦးထုပ် အသေးလေးတစ်ခုသည် သူ့ခေါင်းပေါ်တွင် အကျအန နေရာ
ယူလျက် ရှိသည်။
“ခင်ဗျားက ဝူလား ရှိတ်လား။ ဒါမှမဟုတ် အရောင်းဝန်ထမ်းလား။”
“ဂျာလာဝူးက လူကြီးမင်းအတွက် ဝန်ဆောင်မှုပေးဖို့ အသင့်ပါရှင်။ ရှိတ်ကတော့ ဈေးဝယ်သူများနှင့် တွေ့လေ့
မရှိပါဘူး။ ပြီးတော့ ကျမတို့မှာ အရောင်းဝန်ထမ်း မရှိပါဘူးရှင်။”
“ခင်ဗျားတို့ ဆိုင်လုပ်ထားတာတော့ အတော်လေးကြီးမားသားဗျ။ ဒါပေမဲ့ ကျွန်တော်တော့ တစ်ခါမှ မကြားဖူးလို့
အဆန်းသားပဲ။”
“ဟုတ်ကဲ့..ကျမတို့က ဘော်လ်ဒါမှာ အခုမှ ဖွင့်တာ မို့လို့ပါ။ တခြားဂြိုဟ်တွေမှာတော့ ကျမတို့ဆိုင်တွေ ရှိပါတယ်
ရှင်။ ဒါနဲ့ ကျမ ဘာများ ရောင်းပေးရမလဲ။ အနုပညာ ပစ္စည်းများလား မသိဘူး။ ရှင့်ကြည့်ရတာ ပစ္စည်းစုဆောင်း
သူနဲ့ တူလို့ပါ။ ကျမတို့မှာ နောတာလုချ် ရဲ့ လက်ရာ ပုံဆောင်ခဲကို ထွင်းထားတာတွေ ရှိပါတယ်။”
“ဟင့်အင်း..။ ကျနော့်မှာ အဲဒါတွေ ရှိတယ်။ ကျနော်လိုချင်တာ အိမ်မွေးတိရိစာ္ဆန် တစ်မျိုးမျိုးပါ။”
“သက်ရှိပေါ့…။”
“ဟုတ်ပါတယ်။”
“တခြားဂြိုဟ်ကလား..။”
“အင်း။”
“ကျမတို့မှာ စီလီယာဂြိုဟ်က အကောင်လေးတွေ ရှိတယ်။ တခြားသူတွေရဲ့ အသွင်အပြင်ကို လိုက်ပြီး တုပ နိုင်တဲ့
ကောင်လေးတွေပေါ့။ သူတို့က စကားပြောလည်း သင်လို့ရတယ်။ အဲ… နောက်ဆုံး ရှင့်အသံကိုလည်း တုပပြီး
ပြောလာနိုင်တယ်။ လေသံ အနိမ့်အမြင့်၊ ကိုယ်နေဟန်ထား၊ အဲဒါတွေ အပြင် ရှင့်မျက်နှာ အမူအရာကို ပါ တုပပြီး
လုပ်ပြနိုင်တယ်ရှင့်။”
“ချစ်စရာလေးပေါ့..။အင်း..အဲဒါ ဘာမှမဆန်းပါဘူး။ ဒီမယ် ဝူး.. ကျနော်လိုချင်တာ ခပ်ဆန်းဆန်းသတ္တဝါမျိုးပါ။
ကျနော့်မှာ ကိုသို ဂြိုဟ်က လာတဲ့ ရှန်ဘလာဆိုတဲ့ အကောင်တစ်ကောင် ရှိတယ်။ တခါတလေ အဲဒီကောင်ကို
မလိုချင်တဲ့ ကြောင်ပေါက်စလေးတွေ ကျနော် ချကျွေးတတ်တယ်ဗျ။ ကျနော်ပြောတဲ့ ချစ်စရာ ဆိုတာ အဲဒါပဲ။
ကျနော်ပြောတာ ရှင်းရဲ့လား မသိဘူး။”
ဝူးက ပဟေဠိဆန်ဆန် တစ်ချက်ပြုံးပြီး –
“ဒီမယ်… ရှင့်ကို ကိုးကွယ်တဲ့ အကောင်မျိုး ရှင်မွေးဖူးသလား။”
ခရက်စ်က သွားဖြဲပြီး –
“အိုးဟိုး… ခဏခဏ မွေးဘူးပါ့ဗျာ။ ကျနော်လိုချင်တာ ကိုးကွယ်တာ မဟုတ်ဘူးဗျ။ ကျနော့်ကို ဖျော်ဖြေတာ။”
“ရှင် ကျမကို နားလည်မှုလွဲနေပြီ။”
ဝူး မျက်နှာမှ ပဟေဠိအပြုံးမှာ မပျောက်ကွယ်သေးချေ။
“ကျမ ပြောတဲ့ ကိုးကွယ်တယ်ဆိုတာ တင်စားပြောတာ မဟုတ်ဘူး။ တကယ် ကိုးကွယ် တာကို ပြောနေတာ။”
“ခင်ဗျား… ဘာပြောနေတာလဲ။”
“ရှင့်အတွက် တစ်ခုခု ရှိမယ်လို့ ကျမ ထင်ပါတယ်။ ကဲပါ… ကျမနောက် လိုက်ခဲ့။”
မြူဆိုင်းနေသော လျှောက်လမ်းအတိုင်း ဝူးနောက်မှ ခရက်စ် က လိုက်လာခဲ့သည်။ မြူတံတိုင်းတစ်ခုကို ဖြတ်၍
အခြားအခန်းသို့ ရောက်သောအခါ ကြီးမားသော ဖောက်ထွင်းမြင်ရသည့် ပလတ်စတစ် တိုင်ကီကြီး ရှေ့တွင်
ရပ်လိုက်သည်။ ရေသတ္တဝာ တွေ ဖြစ်မယ်ဟု ခရက်စ်က တွေးလိုက်သည်။
ဝူးက ခေါင်းညိတ်ပြီး ခေါ်သဖြင့် အနီးသို့ကပ်၍ သေချာကြည့်မိသော သူမှားကြောင်း တွေ့ရလေသည်။ အလုံပိတ်
ပလတ်စတစ် လေးထောင့်တိုင်ကီကြီးမှာ ရေသတ္တဝါများအတွက် မဟုတ်ပဲ ကုန်းသတ္တဝါများ မွေးရန် အသေးစား
သဲကန္တာရလေးတစ်ခု အထဲတွင် ဖန်တီးထားကြောင်း တွေ့ရလေသည်။ ခြောက်ပေပတ်လည် ခန့်တော့ ကျယ်မည်ဟု
သူတွေးမိသည်။ အထဲတွင် အနီဖျော့ဖျော့ အလင်းပေးထားသည်။ မီးတောင်ချော်၊ သလင်း နှင့် နှမ်းဖတ်ကျောက်
အစအနများလည်း ထည့်ထားပေသည်။ ထောင့်တစ်ထောင့်စီတွင် ရဲတိုက် တစ်ခုစီ ရှိသည်။
မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး သေချာစူးစိုက်ကြည့်သောအခါ ရဲတိုက်များမှာ သုံးခုသာ ရှိကြောင်း သူတွေ့ရသည်။
လေးခုမြောက် ရဲတိုက်မှာ ပြိုကျ ပျက်စီးနေပြီ ဖြစ်သည်။ ကျန်သုံးခုမှာ လက်ရာခပ်ကြမ်းကြမ်း ဖြစ်သော်လည်း
ပကတိ အကောင်းအတိုင်းပင် ရှိကြောင်း တွေ့ရ၏။ ရဲတိုက်များမှာ ကျောက်တုံးနှင့် သဲများကို ရောစပ်
ဆောက်လုပ်ထားခြင်း ဖြစ်၏။ သူရဲခိုများပေါ်နှင့် ခပ်ဝိုင်းဝိုင်း ဆင်ဝင်များတွင် သေးငယ်သော အကောင် လေး
များသည် တလှုပ်လှုပ်တရွရွဖြင့် သွားလာလျက် ရှိကြသည်။ ခရက်စ်သည် ပလတ်စတစ်နံရံကို သူ့မျက်နှာ နှင့်
ကပ်ကြည့်ပြီး –
“အင်းဆက် ပိုးမွှားတွေလား…။”
“မဟုတ်ဘူး..။ အတော်ရှုပ်ထွေးတဲ့ သက်ရှိတစ်မျိုးပါ။ အသိဉာဏ်လည်း တော်တော်ရှိတယ်။ ရှင့် ရှန်ဘလာ
နဲ့တော့ မနှိုင်းသာအောင် တော်တဲ့ သတ္တဝါလေးတွေပေါ့။ သူတို့ကို သဲဘုရင်တွေလို့ ခေါ်တယ်။”
“အင်းဆက်တွေပါ။”
တိုင်ကီမှ မျက်နှာခွာပြီး ခရက်စ်က ခပ်အေးအေး ပြောလိုက်သည်။
“ရှုပ်ထွေးတာတွေ၊ အသိဉာဏ် ရှိတာတွေ ကျုပ်ဂရုမစိုက်ဘူး။ အဲဒါတွေ လျှောက်ပြောပြီး ကျုပ်ကို အချဉ်ဖမ်းဖို့
မကြိုးစားပါနဲ့။ ဒီလောက် အကောင်သေးသေးလေးတွေက ဘာလုပ်နိုင်မှာမို့တုန်း။ ဝေးပါသေးရဲ့။ သူတို့ ဦးနှောက်
ဆိုတာလည်း ဘာနားလည်နိုင်မှာ မို့လို့လဲ။”
“သူတို့က အုံဖွဲ့အသိစိတ်နဲ့ ဝေမျှနေထိုင်ကြတာရှင့်။ အခု ဒီမှာဆိုရင် သက်ရှိဇီဝရုပ် သုံးခုပဲ ရှိတယ်လို့
ဆိုနိုင်တယ်။ လေးခုမြောက်ကတော့ သေသွားရှာပြီ။ တွေ့တယ်မို့လား…သူ့ရဲတိုက်က ပျက်စီးသွားပြီ။”
ခရက်စ်က တိုင်ကီဘက် တစ်ချက်လှည့်ကြည့်ပြီး –
“အုံဖွဲ့ အသိစိတ်… စိတ်ဝင်စားစရာပဲ..။ အင်း… ပုရွက်ဆိတ်အုံ သာသာပါ။ ကျုပ်လိုချင်တာ ဒီထက် ပိုပြီး ကောင်းတာ၊
ဆန်းတာ မျိုး။”
“သူတို့က စစ်ပွဲတွေလည်း တိုက်ကြတယ်ရှင့်။”
“စစ်ပွဲတွေ….အင်း…….” ခရက်စ် က နောက်တစ်ခါ ထပ်ကြည့်သည်။
“အရောင်လေးတွေ မှတ်ထား။”
ဝူးက ပြောရင်း အနီးဆုံး ရဲတိုက်နားက အကောင်လေးတွေကို လက်ညှိုးထိုးပြတယ်။ အကောင်လေး တစ်ကောင်
သည် တိုင်ကီမျက်နှာပြင်ကို ကုတ်ဖဲ့တက်နေသည်။ ခရက်စ် သေချာထပ်ကြည့်သော်လည်း ထို အကောင်လေးများ
မှာ သူ့မျက်လုံးထဲတွင် အင်းဆက်ပိုးမွှားများနှင့်သာ တူလျက်ရှိသည်။ လက်သည်းခွံမျှသာ ရှည်သော
အကောင်သေးသေးလေးတွင် ခြေလက် ခြောက်ချောင်းပါသည်။ ခန္ဓာကိုယ် ပတ်လည်တွင် သေးငယ် သော
မျက်စိလေး ခြောက်လုံးရှိသည်။ အန္တရာယ်ရှိနိုင်သော မေးစွယ်နှစ်ခုမှာ တစ်ခုနှင့် တစ်ခု တတက်တက် ရိုက်
ခတ်နေပုံရသည်။ ရှည်လျားသော ဦးမှင် နှစ်ချောင်းမှာ လေထဲတွင် တလှုပ်လှုပ် တရမ်းရမ်း လုပ်နေသည်။ ဦးမှင်၊
မေးစွယ်၊ မျက်လုံး၊ ခြေလက်များမှာ အလွန်မည်းနက်ကြသော်လည်း အခွံမာ အရောင်မှာ လိမ္မော်ရောင်
ရင့်ရင့်ဖြစ်သည်။
“အင်းဆက်တွေပါပဲ..။” ခရက်စ်က ထပ်ပြောသည်။
“အင်းဆက်တွေ မဟုတ်ပါဘူး။” ဝူးက ခပ်အေးအေး ပြန်ဖြေသည်။
“သူတို့ကြီးလာရင် အပေါ်အခွံမာတွေ ကွာကျကုန်ရော။ အကြီးကြီး ဖြစ်အောင် မွေးမယ်ဆိုရင်ပေါ့လေ။ ဒီကန်နဲ့
ဒီဆိုဒ်ကတော့ ဒီလောက်ပါပဲ။ သူတို့လည်း ဒီထက် မကြီးတော့ပါဘူး။”
ဝူးက ခရက်စ်ကို တံတောင်နဲ့တွတ်ပြီး တိုင်ကီကို ပတ်ကြည့်ဖို့ ခေါ်လိုက်သည်။ နောက် ရဲတိုက် တစ်ခုကို
ရောက်သောအခါ –
“ဒီက အကောင်လေးတွေ အရောင်ကို ကြည့်ဦး။”
သူကြည့်ပါသည်။ ဤနေရာမှ သဲဘုရင် အကောင်လေးများမှာ အနီရောင် တောက်တောက် အခွံမာရှိ၍ ကျန်
ခြေလက်၊ မျက်စိ၊ ဦးမှင်၊ မေးစွယ်တို့မှာ အဝါရောင် ဖြစ်သည်။ နောက်တစ်နေရာမှ အကောင်လေးများမှာမူ
အခွံမာ အဖြူဖြစ်၍ ကျန်အစိတ်အပိုင်းများမှာ အနီရောင် ဖြစ်သည်။
“သူတို့ စစ်တိုက်ကြတယ်လို့ ကျမ ပြောခဲ့တယ်နော်။ စစ်တိုက်ရုံမဟုတ်ဘူးရှင့်။ စစ်ပြေငြိမ်းတာတွေ၊ မဟာမိတ်ဖွဲ့
တာတွေလည်း လုပ်ကြတယ်။ ဟိုရဲတိုက် ပြိုကျသွားတာ မဟာမိတ်ဖွဲ့တိုက်ကြလို့ရှင့်။ အနက်တွေလေ။ သူတို့က
အရမ်း အကောင်ရေများလာတော့ ကျန်တဲ့ သုံးဖွဲ့က စုပြီး ဝိုင်းတိုက် ဖျက်ဆီးလိုက်ကြတာပေါ့။”
ခရက်စ်က အင်းမလုပ် အဲမလုပ်နှင့် ခဏငြိမ်နေသည်။
“အင်း…စိတ်ကျေနပ်စရာ၊ စိတ်ဝင်စားစရာပါပဲ။ အဲ… တခြားအင်းဆက်တွေလည်း ဒီလိုပဲ တိုက်ကြ
ခိုက်ကြတာပဲ လေ။”
“အင်းဆက်တွေက ကိုးကွယ်ရာ မရှာဘူးရှင့်။”
“အဲ။”
ဝူးက ပြုံးပြီး ရဲတိုက်တစ်ခုကို လက်ညှိုးထိုးပြ၍ ခရက်စ်လည်း သေချာစိုက်ကြည့်မိလေသည်။ ရဲတိုက်၏
အမြင့်ဆုံး မျှော်စင်နံရံတွင် မျက်နှာတစ်ခုကို ထွင်းထုထားသည်။ သူမှတ်မိလိုက်ပါသည်။ ထိုမျက်နှာမှာ ဝူး၏
မျက်နှာပင် ဖြစ်သည်။
“အမယ်…ဘယ်လိုပါလိမ့်။”
“ကျမက ကျမရဲ့ သုံးဖက်မြင် ပုံရိပ်ကို ကန်ထဲ ထိုးပြထားပေးတာလေ။ တစ်ပတ်လောက် ကြာအောင်ပေါ့။
သူတို့ နတ်ဘုရားရဲ့ မျက်နှာပေါ့လေ။ ကြည့်လေ.. ကျမက သူတို့ကို ကျွေးမွေးစောင့်ရှောက်တယ်။ သူတို့နဲ့လည်း
နီးနီး စပ်စပ်နေတယ်။ အဲ…သဲဘုရင်တွေမှာ စိတ်နဲ့ဆက်သွယ်နိုင်တဲ့ အစွမ်းမျိုး ရှိတယ်ရှင့်။ တယ်လီပသီ
ခေါ်မှာပေါ့။ သူတို့က ကျမစိတ်ကို အာရုံခံနိုင်တယ်။ အဲဒီတော့ သူတို့က ကျမကို ကိုးကွယ်ကြတယ်။
သူတို့ရဲတိုက်တွေမှာ ကျမမျက်နှာထွင်းထုပြီး ပူဇော်ကြတာပေါ့။ ရဲတိုက်အကုန်လုံးမှာ ရှိတယ်။”
ဟုတ်သည်။ ရဲတိုက်တိုင်းတွင် ဂျလာဝူး ၏ မျက်နှာကို ထွင်းထုပူဇော်ထားကြသည်။ ထွင်းထုထားသော
ဂျလာဝူး ၏ မျက်နှာသည် အလွန်ငြိမ်းအေးတည်ကြည်ပြီး အသက်ဝင်လှသည်။ ခရက်စ်သည် သဲဘုရင်များ၏
လက်ရာကို အလွန်ပင် အထင်ကြီးအံ့ဩမိတော့သည်။
“သူတို့ ဘယ်လိုများ ထွင်းထုကြပါလိမ့်ဗျာ။”
“ရှေ့ပိုင်းလေးချောင်းကို လက်တွေလို့ပဲ ယူဆရမယ်ရှင့်။ လက်လေးဖက် ပေါ့။ အဲဒီလက်တွေမှာ လက်ချောင်း
လေးတွေ သုံးချောင်းစီပါတယ်ရှင့်။ နွယ်နှာမောင်း ပျော့ပျော့လေးတွေလိုပဲ။ ပြီးတော့ သူတို့က စည်းစည်းလုံးလုံး
နဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်လေ။ အဆောက်အအုံဆောက်တာပဲဖြစ်ဖြစ်၊ စစ်တိုက်တာပဲ ဖြစ်ဖြစ်ပေါ့။
အဲ..မှတ်ထားရမှာက အရောင်တူတွေအကုန်လုံးက စိတ်တစ်ခုထဲ ဝေမျှ နေထိုင်ကြတာရှင့်။”
“ထပ်ပြီး အသေးစိတ်လေး ပြောပါဦး။”
ခရက်စ်က တောင်းဆိုလိုက်သည်။
3 comments
kai
September 25, 2018 at 2:12 pm
စာအုပ်အဖုံးလေးပါတင်ပေးထားလိုက်တယ်…
George R. R. Martin ကို.. ကြိုက်သူတွေအတွက်…
မောင်ဘလိူင်
September 25, 2018 at 3:54 pm
သဂျီး ဖတ်ဖူးတယ်လား။
manawphyulay
September 26, 2018 at 4:34 pm
အမှန်တော့ ဘာသာပြန်တွေ မပြောနဲ့ ရိုးရိုးစာအုပ်တောင် မဖတ်ဖြစ်တာ အတော်ကြာပြီ။ ခုလိုဖတ်လိုက်ရတော့ စာအုပ်တွေ ကိုင်ပြီး အေးအေးချမ်းချမ်းလေး တစ်နေရာမှာ စာဖတ်ချင်စိတ် ဖြစ်လာတယ်…