သဲဘုရင် – အပိုင်း(၂)

“ထပ်ပြီး အသေးစိတ်လေး ပြောပါဦး။”

ခရက်စ်က တောင်းဆိုလိုက်သည်။

ဝူး က ပြုံးပြီး –

“မော က ရဲတိုက်ထဲမှာ နေတယ်။ မော ဆိုတာ ကျမ ပေးထားတဲ့ နာမည်ပါ။ ရှင့်ဟာရှင်လည်း ကြိုက်တဲ့ နာမည်

ပေးချင်ပေးလို့ ရပါတယ်။ အဲဒါက မိခင်ကြီးလည်း ဟုတ်တယ်။ အစာအိမ်ဆိုလည်း ဟုတ်တယ်။ အမသတ္တဝါ

ဆို ရမှာပေါ့။ ရှင့် လက်သီးဆုပ် လောက်တော့ ရှိလိမ့်မယ်။ သူက မလှုပ်ရှားနိုင်ဘူး။ တကယ်တော့ သဲဘုရင်

ဆိုတဲ့ နာမည်က သူတို့နဲ့ သိပ်တော့လည်း မဆီလျော်လှပါဘူး။ လှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကတော့

စစ်သားတွေဆိုလည်း ဟုတ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားတွေလို့ ပြောလည်း ဟုတ်တယ်။

တကယ် အုပ်ချုပ်တဲ့သူက ဘုရင်မ ပါပဲ။ ဒီလို နှိုင်းယှဉ်စဉ်းစားတာကလည်း သိပ်မမှန်ဘူး ဆိုရမှာပဲ။

တစ်ခုလုံး ခြုံစဉ်းစားရမယ်ဆို ရဲတိုက်တစ်ခုစီမှာ သတ္တဝါတစ်ကောင်စီပဲ ရှိတာ။ သူ့မှာ ဖိုမ အင်္ဂါရပ်

အကုန်ပါတယ်လေ။ သူပဲ ဒီလှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကို မွေးထုတ်ပြီး သူ့ရဲ့ တစ်ခုတည်းသော

စိတ်နဲ့ပဲ အားလုံးကို ဆက်သွယ် ခိုင်းစေနေတယ်ပဲ ဆိုနိုင်တာပေါ့။”

“သူတို့ ဘာစားလဲဗျ..။”

“လှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကတော့ မောရဲ့ အစာအိမ်က ချက်ထုတ်လိုက်တဲ့ ပျော့ဖတ်လို

ဟာမျိုးလေးတွေပဲ စားတယ်။ ကျန်တာ ဘာမှ သူတို့မစားနိုင်ဘူး။ သူတို့က မော ကို အစာရှာပေး ရတယ်။

မောကတော့ ဘာမဆို အကုန်စားနိုင်တယ်။ ဆိုတော့ မော သေသွားရင် သူတို့လည်း မရှင်နိုင်တော့ဘူး။

အစား အစာအတွက်တော့ အဲဒီလောက် ဝန်လေးစရာမရှိပါဘူး။ ထမင်းစားပွဲက အကြွင်းအကျန်တွေ

ချကျွေးလည်း အဆင်ပြေပါတယ်။”

“သက်ရှိ အစာရော..။”

ဝူးက ပုခုံးတွန့်ပြပြီး –

“တခြားရဲတိုက်က အကောင်လေးတွေတော့ မော က စားတာပေါ့။ အင်း…ပြောရရင် တခြားသတ္တဝါတွေ

လည်း စားမှာပါပဲ။”

“ကျနော်တော့ အတော် စိတ်ဝင်စားတယ်။ ဒါပေမဲ့ အရမ်းသေးလွန်းတယ်ဗျ။”

“ရှင် ကြီးကြီး မွေးချင် မွေးလို့ရပါတယ်။ ဒီ သဲဘုရင်လေးတွေက သေးတယ်ဆိုတာ သူတို့ကို ထည့်ထားတဲ့

ကန်က သေးလို့ပေါ့။ သူတို့ရှိတဲ့ အကျယ်အဝန်းနဲ့ သူတို့အရွယ်အစားကို ကန့်သတ်ထားနိုင်ပုံရပါတယ်။

ပိုကြီးတဲ့ ကန်ထဲ ရွှေ့ကြည့်ရင် သူတို့က ဒီထက်ကြီးလာမှာပဲ။”

“အင်း…… ကျနော့်မယ် ပရန်းညားငါးတွေ မွေးထားတဲ့ ကန်တော့ရှိတယ်။ ဒီတိုင်ကီထက် နှစ်ဆလောက်တော့

ရှိ်မလားပဲ။ ငါးတွေသေသွားလို့ ခုတော့ အလွတ်ပဲ။ အဲဒါကို သန့်ရှင်းပြီး သဲတွေ ဖြည့်လိုက်…။”

“အဲဒါတွေ အားလုံး ကျမတို့က တာဝန်ယူ ဆောင်ရွက်ပေးပါ့မယ်ရှင်။ စိတ်ချပါ။”

“ဟုတ်ပြီလေ။ ကျနော်က ရဲတိုက် လေးခုလောက် လိုချင်တာ။”

“ဖြစ်ရစေ့မယ်ရှင်..။”

ထို့နောက်တွင် ဈေးစကား ညှိနှိုင်း ပြောဆိုကြလေသည်။

 

သုံးရက်မျှ ကြာသောအခါ ဂျလာဝူး နှင့် သူ့အလုပ်သမားများ ခရက်စ်၏ ခြံဝင်းသို့ ရောက်ရှိလာကြသည်။

အလုပ်သမား တစ်ဦးက ကန်ပြင်ဆင် ထည့်သွင်းရေးကို တာဝန်ယူ ကြီးကြပ်သည်။ ဝူး၏ အလုပ်သမားများမှာ

ခရက်စ် မြင်ဖူးကြားဖူးသော မည့်သည့် ဂြိုဟ်သားများနှင့်မျှ မတူချေ။ ပုကွကွ ဂင်တိုတို၊ ခြေနှစ်ချောင်း နှင့်

လက်လေးဘက် ပါရှိပြီး စူစူဖောင်းဖောင်းနှင့် တာကွက်များပါသော မျက်လုံးများ ရှိသည်။ အရေပြားမှာ

ထူထဲ၍ သားရေတုံးကြီးနှင့် တူလှသည်။ ခန္ဓာကိုယ် နေရာအချို့တွင်လည်း ဆူးချွန်များ ထွက်လျက် ရှိသည်။

သူတို့သည် အလွန်သန်မာကြပြီး အလွန်ကောင်းသော အလုပ်သမားများ ဖြစ်သည်ကတော့ မြင်သာပါသည်။

ခရက်စ် တခါမျှ မကြားဖူးသော ဂီတသံဆန်ဆန် အသံမျိုးဖြင့် ဝူးက သူ့အလုပ်သမားများကို အမိန့်ပေး

ခိုင်းစေလျက်ရှိသည်။

 

ပြင်ဆင်မှုမှာ တစ်ရက်တည်းနှင့် အပြီးသတ်သွားသည်။ သူ၏ ငါးကန်ကို ကျယ်ဝန်းလှသော ဧည့်ခန်းတွင်းသို့

ရွှေ့လိုက်ကြသည်။ ဘေးပတ်လည်တွင် ထိုင်စရာ ဆိုဖာဆက်တီများ ချပေးထားကြသည်။ ကန်အတွင်း ပို၍

ကြည်ကြည်လင်လင် မြင်နိုင်စေရန် တိုက်ချွတ် ဆေးကြောကြသည်။ ကန်အနက် သုံးပုံနှစ်ပုံမျှကို သဲများ

ကျောက်များဖြင့် ဖြည့်လိုက်ကြသည်။ ထို့နောက် အထူးမီးပေးစနစ်များကို တပ်ဆင်ကြသည်။ သဲဘုရင်များ

ကြိုက်နှစ်သက်သော အနီဖျော့ဖျော့ အလင်းပေးရန်နှင့် သုံးဖက်မြင် ဟော်လိုဂရပ်ဖစ် ပုံရိပ်ထုတ်လွှတ်ရာတွင်

အဆင်ပြေစေရန် ဖြစ်သည်။ ကန်ကို အလွန်ကြံ့ခိုင်သည့် ပလတ်စတစ်အဖုံးဖြင့် အသေအချာဖုံးလိုက်ပြီး

အစာကျွေးရန် ယန္တရားပေါက်ကိုလည်း တပ်ဆင်လိုက်သည်။ ဝူးက –

“အစားကျွေးရင် ရှင်အဖုံးဖွင့်စရာ မလိုတော့သလို သဲဘုရင်အကောင်လေးတွေလည်း လွတ်ထွက်ပြေးမှာ

မပူရတော့ဘူးပေါ့။” ဟု ရှင်းပြသည်။

ထိုအဖုံးတွင် ရာသီဥတုထိန်းချုပ်သော စနစ်တစ်ခုပါ ပါရှိသည်။

“ခြောက်သွေ့ချင်လည်း ရတယ်။ သိပ်တော့ မခြောက်သွေ့စေနဲ့ပေါ့လေ။”

 

နောက်ဆုံးတွင် လက်လေးဘက်နှင့် အလုပ်သမားသည် ကန်အတွင်းသို့ဆင်း၍ ထောင့်လေးထောင့်တွင်

တွင်းနက်နက်များ တူးသည်။ တစ်ယောက်က ဇီဝကမ္မဖြစ်စဉ်များ အလွန်နှေးကွေးသည်အထိ အိပ်မော

ကျအောင် လုပ်ထားသော မော များထည့်ထားသည့် ဘူးခွံများကို ချပေးသည်။ မော များကို ဘူးခွံများ

အတွင်းမှ ထုတ်ကာ တူးထားသော တွင်းတစ်ခုစီတွင် လိုက်၍ထည့်သွင်း မြှုပ်နှံလိုက်သည်။ ထို မော ဆိုသော

သတ္တဝါမှာ ခရက်စ် အမြင်တွင် ဘာမျှ ကြည့်ချင်စရာ မရှိပေ။ ပျောက်တိပျောက်ကျား နှင့် တစ်ဝက်တပျက်

ပုပ်သိုးနေသော ပါးစပ်ပေါက်ပါသည့် အသားတုံးတစ်ခုနှင့် ဘာမျှ မခြားချေ။

ထို့နောက် အဖုံးကို သေချာစွာ ဖုံးအုပ်ပြီး ထွက်သွားကြတော့သည်။ ဝူးက –

“အပူကြောင့် မောတွေ အိပ်မောကျနေတာကနေ နိုးထလာလိမ့်မယ်။ တစ်ပတ်မကြာဘူး။ မောက လှုပ်ရှားနိုင်တဲ့

အကောင်လေးတွေ မွေးထုတ်လိမ့်မယ်။ သဲမျက်နှာပြင်ပေါ် ထိုးထွက်လာတာ ရှင်မြင်ရပါလိမ့်မယ်။ အစာတော့

ဝဝလင်လင် ကျွေးဖို့ လိုလိမ့်မယ်နော်။ သူတို့ သူတို့နေရာ ပြင်ဆင်တည်ဆောက်ဖို့ အင်အားလိုတယ်လေ။

ကျမ မှန်းကြည့်သလောက် နောက်သုံးပတ်လောက်ဆို သူတို့ ရဲတိုက်တွေ စပြီး ဆောက်လောက်ပြီ။”

“ကျနော့် မျက်နှာရော..။ ကျနော့်မျက်နှာ ဘယ်တော့ သူတို့ စထွင်းမှာလဲ။”

“တစ်လကျော်လောက်ဆို သုံးဖက်မြင်ပုံရိပ် လွှတ်ပေးထားကြည့်ပေါ့။ စိတ်တော့ ရှည်ပေါ့ရှင်။ မေးစရာရှိလည်း

ဆက်သွယ်လိုက်နော်..။ ကျမတို့က အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲရှင်။”

ဝူးက ခါးညွှတ်ပြီး နှုတ်ဆက်ကာ ထွက်သွားသည်။

ခရက်စ်သည် ကန်ဘက်သို့ ပြန်လှည့်လာပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်၏။ ကန္တာရ အသေးလေးထဲတွင်

ဗလာကျင်းလျက် ရှိပေသည်။ ပလတ်စတစ်နံရံကို လက်ချောင်းများဖြင့် စိတ်မရှည်စွာ ခေါက်ပြီး မျက်မှောင်ကြုတ်

လိုက်လေသည်။

 

လေးရက်မြောက်နေ့တွင် သဲပြင်အောက်တွင် တစ်ခုခုလှုပ်ရှားသွားသည်ကို မြင်မိသည်ဟု ထင်လိုက်သည်။

အောက်ဘက်တွင် သိမ်မွေ့သော နိဒါန်း ချီလေပြီ။

ငါးရက်မြောက်နေ့တွင် လှုပ်ရှားနိုင်သော အကောင်လေးတစ်ကောင်ကို သူမြင်ရလေသည်။

အဖြူကောင်လေး ဖြစ်သည်။

 

ခြောက်ရက်မြောက်နေ့တွင် အဖြူကောင်လေးများအပြင် အနီနှင့် အနက်ကောင်လေးများကိုပါ ဒါဇင်နှင့်ချီ၍

မြင်ရသည်။ လိမ္မော်ရောင်များမှာ နှေးကွေးပုံ ရသည်။ တဝက်တပျက် ပုပ်သိုးနေသော စားကြွင်းစားကျန်များကို

ပုဂံလုံးတွင်ထည့်၍ ကန်အတွင်း ပတ်ကြဲကာ ချကျွေးလိုက်သည်။ ထိုအကောင်လေးများသည် ချက်ချင်း

အာရုံခံနိုင်ပုံ ရသည်။ အစာကျရာသို့ ပြေးသွားကာ အပိုင်းအစလေးများကို နိုင်သလောက် သယ်၍ သူတို့သက်

ဆိုင်ရာ ထောင့်အသီးသီးသို့ ပြန်ပို့ကြလေသည်။ အရောင်တူ အုပ်စု တစ်စုစီသည် အလွန်ပင် စည်းစည်းလုံးလုံးနှင့်

စနစ်တကျ လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ သူတို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတိုက်ခိုက်ကြသဖြင့် ခရက်စ်

တစ်ယောက် စိတ်ပျက်သွားလေသည်။ သို့သော် အချိန်ထပ်ပေးရန် ဆုံးဖြတ်လိုက်၏။

 

လိမ္မော်ရောင်များကို ရှစ်ရက်မြောက်နေ့မှ စတင်၍ မြင်ရလေသည်။ အခြားသော သဲဘုရင်များမှာ ကျောက်တုံး

ကျောက်စလေးများကို သယ်ယူ၍ သူတို့နေရာကို အခိုင်အမာပြုရန် စတင်နေကြပြီ ဖြစ်သည်။ ယခုထိ သူတို့

မတိုက်ခိုက်ကြသေးပါ။ အရွယ်အစားမှာ ဝူး၏ ဆိုင်တွင် တွေ့သည့် အကောင်လေးများ၏ တဝက်နီးနီး ကြီးထွား

လာပြီ ဖြစ်သည်။ ခရက်စ်ကတော့ အကြီးမြန်လှသည်ဟုပင် ထင်မိသည်။

 

ဒုတိယပတ်တွင် ရဲတိုက်များမှာ တစ်ဝက်နီးပါးမျှ ဆောက်လုပ်ပြီးစီးလုပြီ ဖြစ်သည်။ စနစ်တကျ ဖွဲ့စည်းထားသော

သဲဘုရင် တပ်မကြီးများသည် အတော်အတန်ကြီးသော သဲကျောက်တုံးအပိုင်းအစများ၊ နှမ်းဖတ်ကျောက်တုုံးများ

ကို သူတို့သက်ဆိုင်ရာ ထောင့်အသီးသီးသို့ သယ်ယူလျက် ရှိကြစဉ် အခြားသော အကောင်များကလည်း သဲဖြင့်

ဖို့ပေးနေကြသည်။ ခရက်စ်သည် မှန်ဘီလူးများ တပ်ဆင်ထားသော မျက်မှန်ကြီးတစ်လက်ကို ဝယ်ယူကာ

သဲဘုရင်များ အလုပ်လုပ်ပုံကို အနီးကပ်ကြည့်ရှုလေသည်။ ကန်ကို ပတ်လျက် ထိုမျက်မှန်ဖြင့် အသေးစိတ်

ကြည့်ရှုလေ့လာရသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရဲတိုက်များမှာ ခရက်စ် သဘောကျသည့်

ပုံစံမျိုးမဟုတ်ဘဲ အလွန်ရိုးရှင်းလှသည်။ သို့သော် သူ့တွင် အကြံရှိပါသည်။ နောက်တစ်နေ့တွင် အစားအစာများနှင့်

အတူ မီးတောင်ချော်ကျောက်များ၊ အရောင်စုံ ဖန်ထည်စများကို ရောကာ ကန်အတွင်းသို့ ကြဲပက်လိုက်လေသည်။

နာရီအနည်းငယ်အတွင်းမှာပင် သဲဘုရင်များသည် သူတို့၏ ရဲတိုက်နံရံများကို ထိုအရာများဖြင့် ပေါင်းစည်းတပ်ဆင်

နေကြလေပြီ။

 

အနက်ရောင် ရဲတိုက်မှာ အရင်ဆုံး အပြီးသတ်သည်။ ထို့နောက်တွင် အဖြူရောင်၊ အနီရောင်တို့သည် သူတို့၏

ရဲတိုက်များကို အသီးသီး တည်ဆောက်ပြီးစီး ကြလေသည်။ လိမ္မော်ရောင်များမူ ထုံးစံအတိုင်း နောက်ဆုံးမှ

ပြီးစီး လေသည်။ ခရက်စ်သည် ထိုဧည့်ခန်းအတွင်းမှာပင် စားသောက်သည်။ စားရင်းသောက်ရင်းဖြင့်

ထိုသဲဘုရင်များကို ထိုင်ကြည့်နေလေ့ ရှိသည်။ ပထမဦးဆုံးသော တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားလာနိုင်သည်

ဟု သူ့စိတ်ထဲတွင် မျှော်လင့်နေလေသည်။

 

ခရက်စ် စိတ်ပျက်လျက်ရှိသည်။ နေ့ရက်များ ကုန်ဆုံးသွားသောအခါ ရဲတိုက်များမှာ ပိုမိုမြင့်မား၍ အသေးစိတ်ကျ

လှပလာခဲ့သည်။ ခရက်စ်သည် ကန်ဘေးမှ ခွာခဲလှသည်။ မဖြစ်မနေလုပ်ရသည့် ကိစ္စများနှင့် အရေးကြီးသော

အလုပ်ကိစ္စများအတွက် ဆက်သွယ်ပြောဆိုသည်မှတပါး ကန်အနားမှ မခွာပဲ ကြည့်ရှုနေလေ့ရှိသည်။

သို့သော်လည်း သဲဘုရင်များသည် စစ်ပွဲကို မစတင်ကြပါ။ ခရက်စ်သည် စိတ်ပျက်ရာမှ ဒေါသထွက်လာခဲ့လေပြီ။

နောက်ဆုံးတွင် အစာကျွေးခြင်းကို ရပ်ဆိုင်းလိုက်တော့သည်။

 

အစားအသောက်များသည် သူတို့၏ ကန္တာရကောင်းကင်မှ ပြုတ်ကျမလာသည်မှာ နှစ်ရက်ခန့်ရှိသောအခါ

အနက်ရောင် လေးကောင်သည် လိမ္မော်ရောင်တစ်ကောင်ကို သူတို့၏ မော ဆီသို့ ဆွဲချသွားလေတော့သည်။

သူတို့သည် ပထမဦးစွာ သားကောင်ကို သတ်ပစ်ပြီးနောက် မေးစွယ်များ၊ ဦးမှင်များနှင့် ခြေလက်များကို

ဖြတ်တောက်ပစ်လိုက်ကြသည်။ ထို့နောက်တွင် ပင်မတံခါးကြီးမှ တဆင့် သူတို့၏ ရဲတိုက်အငယ်စားလေးထဲသို့

ဆွဲသွင်းသွားကြတော့သည်။ တစ်နာအတွင်းမှာပင် လေးဆယ်မကသော လိမ္မော်ရောင် သဲဘုရင်များသည်

အနက်များရှိသည့် ထောင့်သို့ ချီတက်လာကြလေသည်။ များပြားလှသော အနက်ကောင်များသည် အောက်ဘက်မှ

အလျှိုလျှိုထွက်ပေါ်လာကြသည်။ စစ်ပွဲပြီးသောအခါ အနက်ရောင်များမှာ အရေအတွက် သာလွန်များပြားလှသဖြင့်

လာရောက်တိုက်ခိုက်သူများ သေကြေပျက်စီးကြလေသည်။ သေဆုံးသော အကောင်များနှင့် မသေမရှင်အကောင်

များမှာ အနက်ရောင်များ၏ မောဆီသို့ ဆွဲခေါ်သွားခြင်း ခံရလေသည်။

 

ခရက်စ်မှာ အတော်ပင် ကြေနပ်နှစ်သိမ့်သွားလေသည်။ သူ၏ အကြံဉာဏ်ကောင်းပုံကိုလည်း သူ့ဘာသာသူ

ချီးကျူးမိလေသည်။

 

နောက်တစ်ရက် ကန်အတွင်းသို့ အစာကျွေးသောအခါ ထောင့်သုံးထောင့်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ကို

တွေ့ရလေသည်။ အဖြူကောင်များမှာ အသာစီးအရဆုံး ဖြစ်သည်။ ထို့နောက်တွင်မူ စစ်ပွဲပြီး စစ်ပွဲ၊ အတောမသတ်

တိုက်ခိုက်ကြတော့သည်။

 

တစ်လမျှရှိသောအခါ ခရက်စ်သည် သူ၏ သုံးဖက်မြင် ပုံရိပ်ကို ကန်အတွင်းသို့ ထိုးပြလိုက်သည်။ ခရက်စ်၏

မျက်နှာသည် ထောင့်လေးထောင့်သို့ ဖြေညှင်းစွာ လှည့်လည်လျက်ရှိသဖြင့် သဲဘုရင်အုပ်စု အသီးသီးက

ကောင်းစွာ မြင်ရလေသည်။ မခန့်လေးစား ပြောင်ချော်ချော် သွားဖြဲထားသော မျက်နှာတွင် ပါးစပ်ပြဲပြဲ၊ ပါးပြင်

ကျယ်ကျယ်နှင့် တောက်ပသော အပြာရောင် မျက်လုံးများ တန်ဆာဆင်လျက်ရှိသည်။ အဖြူရောင်ဆံပင်များကို

ဖက်ရှင်ကျကျ အသေအချာ ပုံသွင်းထားသည်။ မျက်ခုံးမွှေးများမှာ ပါးသော်လည်း ရှုပ်ရှုပ်ထွေးထွေး ရှိလှသည်။

 

မကြာမီပင် သဲဘုရင်များ အလုပ်လုပ်ကြလေသည်။ ခရက်စ်သည် ထိုအချိန်တွင် အစားအစာများကို ရက်ရက်

ရောရော ဖောဖောသီသီပင် ကျွေးသည်။ သုံးဖက်မြင် ပုံရိပ်ထိုးထားသည့် အချိန်တွင် သဲဘုရင်များမှာ

စစ်တိုက် ခြင်းကို ယာယီအားဖြင့် ရပ်နားထားကြလေသည်။ သူတို့၏ လုပ်ဆောင်မှုအားလုံးကို ခရက်စ်၏

ရုပ်သွင် ထွင်းထု ပူဇော်ခြင်း၌သာ နှစ်မြှုပ်ထားကြခြင်းကြောင့် ဖြစ်သည်။

 

အစတွင် အားလုံးသော သဲဘုရင်များ၏ ထွင်းထုမှုမှာ သူနှင့် တူပါသည်။ သို့သော် သူတို့၏ ဆက်လက်

လုပ်ဆောင်ပုံများကို အသေးစိတ်လေ့လာ ကြည့်သောအခါ တစ်ဖွဲ့နှင့်တစ်ဖွဲ့၏ ကွဲပြားမှုလေးများကို မြင်တွေ့

လာရသည်။ အနီရောင်များမှာ တီထွင်ဖန်တီးမှု အရှိဆုံးဖြစ်သည်။ သူ၏ဆံပင်နေရာတွင် ကျောက်ဖြူစ

သေးသေးလေးများကို ထည့်သွင်းပုံဖော်ထားသည်။ အဖြူရောင်များ ထွင်းထုသော မျက်နှာမှာ ငယ်ရွယ်ပြီး

ညစ်ကျယ်ကျယ်ပုံ ပေါက်နေသည်။ အနက်ရောင်များ၏ ထွင်းထုမှုမှာ သူနှင့်အတော်တူလှပြီး မျက်နှာမှာလည်း

ဉာဏ်ပညာနှင့် ကရုဏာပြည့်ဝသည့်ပုံ ဖြစ်သည်။ လိမ္မော်ရောင်များမှာ ထုံးစံအတိုင်း နောက်ဆုံးမှပြီးသလို

အညံ့ဆုံးလည်း ဖြစ်သည်။ သူ၏မျက်နှာပုံမှာ လက်ရာကြမ်းလှသလို ကချော်ကချွတ်နှင့် ကာတွန်းရုပ်

ထွက်နေလေသည်။ စစ်ပွဲကြောင့် သူတို့ အခြေအနေမကောင်းလှပေ။ အခြေအနေ အဆိုးဆုံးဟုလည်း

ဆိုနိုင်ပေသည်။ သူတို့သည် ခရက်စ်၏ ရုပ်သွင်ကို ဤအတိုင်းပင် ထားမည့်ပုံပေါ်သည်။ သူ့မျက်နှာကို

ပိုမိုကောင်းမွန်အောင် ဆက်လက်၍ မထွင်းထုတော့သဖြင့် ခရက်စ်တစ်ယောက် စိတ်တိုမိလေသည်။

သို့သော်လည်း သူ ဘာမျှမတတ်နိုင်ပါ။

 

သဲဘုရင်များအားလုံး သူ၏မျက်နှာ ထွင်းထုပူဇော်မှု လုပ်ငန်းစဉ် ပြီးဆုံးသွားသောအခါ သုံးဖက်မြင်ပုံရိပ်ကို

ပိတ်လိုက်လေသည်။ ပါတီပေးရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်၏။ သူ့မိတ်ဆွေ အပေါင်းအသင်းများမှာ

အတော်ပင် အထင်ကြီး အံ့ဩကြပေလိမ့်မည်။ ကံကောင်းလျှင် စစ်ပွဲတိုက်သည်ကိုပင် တွေ့မြင်ရလိမ့်မည်။

ထိုသို့စိတ်ကူးရင်း သီချင်းတညည်းညည်းဖြင့် ပါတီပွဲတက်ရန် ဖိတ်ရမည့် လူစာရင်းကို ချရေးနေလေသည်။

 

ပါတီပွဲမှာ အကြီးအကျယ် အောင်မြင်စည်ကားပါသည်။

 

ခရက်စ်က လူသုံးဆယ်ခန့် ဖိတ်လိုက်သည်။ သူနှင့် စိတ်တူကိုယ်တူ လူရင်း သူငယ်ချင်းအချို့၊

ရည်းစားဟောင်းများ၊ သူဖိတ်သည်ကို မငြင်းဆန်လောက်သည့် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်မှ မိတ်ဆွေများ

ဖြစ်သည်။ သူ့ဧည့်သည်များထဲမှ အချို့မှာ သဲဘုရင်များကြောင့် အနေခက်ရုံမျှမက စိတ်အနှောက်အယှက်ပင်

ဖြစ်လိမ့်မည်ကို သူသိပေသည်။ ထိုအချက်ကို သူတွက်ထားပြီး ဖြစ်သည်။ ဆိုင်မွန်ခရက်စ်သည်

သူ့အကျင့်အတိုင်း ဤပါတီပွဲအတွင်း တစ်စုံတစ်ယောက်ကမှ စိတ်ပျက်ပြီး ထွက်မသွားဘူးဆိုလျှင် ပါတီပွဲ

မအောင်မြင်ဟု စိတ်ထဲတေးထားလိုက်လေသည်။

 

ရုတ်တရက် ဂျာလာဝူးကို သတိရပြီး သူ့ဖိတ်ကြားမည့် စာရင်းထဲ ထည့်လိုက်သည်။ ရှိတ် ကိုလည်း

အဆင်ပြေလျှင် ခေါ်လာခဲ့ဖို့ အကြောင်းလည်း ဖိတ်စာထဲ ထည့်ရေးလိုက်သေးသည်။

ဝူးက လာမည်ဟု အကြောင်းပြန်သောအခါ သူအနည်းငယ်မျှ အံ့အားသင့်မိသေးသည်။ ရှိတ်ကတော့

ထုံးစံအတိုင်း မလာနိုင်ပါတဲ့။ ရှိတ်က သာရေးနာရေးတွေ သွားလေ့မရှိလို့ပါဟု ဝူးကဆိုသည်။ ဝူးအနေနဲ့ကတော့

သဲဘုရင်တွေ အခြေအနေ ကြည့်ဖို့ အခွင့်အရေး ရှိတာကြောင့်လည်း ပါသည်။

 

ခရက်စ်က သူ၏ဧည့်သည်များကို အလွန်ဈေးကြီး၍ အရသာရှိလှသော အစားအသောက်များကို

မှာယူကျွေးမွေးသည်။ စားသောက်ပြီးစီး၍ စကားစပြတ်သောအခါ အတော်များများမှာ ဝိုင်နှင့်ဆေးလိပ်များ

တန်ခိုးကြောင့် ရီဝေဝေ ဖြစ်နေကြလေပြီ။ ထိုအချိန်တွင် ခရက်စ်သည် ရုတ်တရက်ထ၍ စားပွဲပေါ်မှ

စားကြွင်းစားကျန်များကို ပန်းကန်လုံးကြီးတစ်လုံးအတွင်း ကြုံးထည့်သဖြင့် အားလုံး ကြောင်တက်တက်

ဖြစ်သွားကြသည်။

“ကိုင်း..လာကြဗျို့။ ကျုပ်မွေးထားတဲ့ အကောင်လေးတွေနဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးရဦးမယ်။”

ခရက်စ်သည် ပန်းကန်လုံးကိုကိုင်ကာ ရှေ့မှ ဦးဆောင်၍ ဧည့်ခန်းထဲသို့ လျှောက်သွားလေသည်။

 

သဲဘုရင်များသည် သူ အမျှော်လင့်ထားဆုံး အနေအထားတွင် ရောက်ရှိနေပေပြီ။ ပါတီပွဲမစခင် ကြိုတင်စီမံသည့်

အနေဖြင့် သဲဘုရင်များကို အစာဖြတ်ထားသည်မှာ နှစ်ရက်ခန့် ရှိပြီ ဖြစ်၍ ထိုသတ္တဝါများမှာ အလွန်ပင်

တိုက်ခိုက်ချင်နေကြလေပြီ။ ဧည့်သည်များသည် ခရက်စ် အမြော်မြင်ရှိရှိ ကြိုတင်ပြင်ဆင်ထားသည့် မှန်ဘီလူး

မျက်မှန်များ ကိုယ်စီတပ်ကာ ကန်ကို ဝိုင်းလျက်ကြည့်ရှုစဉ်တွင် ခရက်စ်သည် စားကြွင်းစားကျန်များကို

ကန်အတွင်းသို့ လောင်းထည့်လိုက်လေသည်။ ထို့နောက်တွင် သဲဘုရင်များ အစာအတွက် အသဲအသန်

အကြီးအကျယ် တိုက်ခိုက်သတ်ဖြတ်ကြသည်ကို မြင်ကြရလေသည်။ အစာလု စစ်ပွဲပြီးဆုံးသွားသောအခါ

သဲဘုရင် အကောင်လေးများ ခြောက်ဆယ်ထက်မနည်း သေဆုံးကြောင်း ရေတွက်သိရှိရလေသည်။

အနီနှင့် အဖြူကောင်များမှာ မဟာမိတ်ပြုပြီး ဖြစ်သဖြင့် အစာဝေစု အများဆုံးရရှိသွားသည်။

“ခရက်စ် နင်ဟာလေ…တော်တော်ရွံစရာကောင်းတဲ့ အကောင်ပဲ..သိလား။”

ကတ်သ်မလိန်း က ပြောလိုက်ခြင်းဖြစ်သည်။

ကတ်သ် သည် ခရက်စ်၏ လွန်ခဲ့သောနှစ်နှစ်က ရည်းစားဟောင်းတစ်ဦးပင်။ အသွင်မတူသော

သူတို့နှစ်ဦးမှာ ခဏအတွင်း ခွာပြဲခဲ့ကြသည်။ ကတ်သ်၏ အလွန် ကြင်နာသနားတတ်မှုက ခရက်စ်အတွက်

ဒေါသထွက်စရာ ဖြစ်ခဲ့သည်။

“နင် ဖိတ်လို့ ငါလာမိတာ…ငါကိုယ်က အရူးထတာပဲ။ ခုဆို ပြောင်းလဲနေလောက်ပါပြီ…ငါ့ကိုလည်း တောင်းပန်မှာပဲ

ဆိုပြီး ငါထင်ခဲ့တာ…အလကားပဲ။”

ကတ်သ်၏ အသဲကြော်ဖြစ်သော အလွန်ချစ်စရာကောင်းလှသည့် ခွေးကလေးကို ခရက်စ်၏ ရှန်ဘလာကောင်က

အမဲဖျက် စားသောက်ပစ်သည့် ကိစ္စကို ကတ်သ်က လုံးဝခွင့်မလွှတ်နိုင်ခဲ့ပေ။

“နင် ငါ့ကို ဒီလာဖို့ တသက်လုံး မဖိတ်နဲ့ ဆိုင်မွန်။”

ကတ်သ်က သူ၏ လက်ရှိချစ်သူကိုဆွဲ၍ ခြေဆောင့်ကာ ထွက်သွားသောအခါ ရယ်သံအုပ်အုပ်က အနောက်ဘက်တွင်

ကျန်ခဲ့လေသည်။

 

ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။