အယ်ဒီတာ့သင်ပုန်း – ဇန်နဝါရီ ၂၀၁၉

kaiDecember 30, 20181min2030

နှစ်ကုန်ပြီ။ မြန်မာ့ဂဇက်အမေရိကားတွင်လစဉ်ထုတ်ဝေခဲ့သည်မှာ ၂၀၁၉၌(Vol 7)ရနှစ်ထဲဖြစ်၏။ ဤခရီးထဲခိုင်မာသော ပုံနှိပ်မီဒီယာအဖြစ်ရပ်တည်နိုင်ခဲ့သလို ယခုနှစ်ထဲတွင် ဒစ်ဂျစ်တယ်- အင်တာနက်ပိုင်းကို များစွာတိုးချဲ့ပါမည်။ သက်တမ်း၁၃နှစ်ထဲဝင်လာပြီဖြစ်သော သတင်းစာ၏ဝက်ဘ်ဆိုက်ကိုလည်းအဆင့်မြှင့်ပါမည်။ လုပ်ငန်းရှင်များကို စုစည်းကာ မိတ်ဆုံစားပွဲမျိုးလည်းလုပ်ရန်ဆန္ဒရှိပါ၏။ဆန္ဒတို့ အကောင်အထည်ပေါ်ရန်မှာ ကြော်ငြာရှင်များနှင့် စာဖတ်သူပရိသတ် ပေါ်တွင်များစွာတည်မှီပါသည်။ အားပေးကူညီကြပါကုန်။

“ရုတ်တရက် နှစ်ကုန်ရက်”
နှစ်ကုန်ခါနီးဒီဇင်ဘာ၂၉တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနား၌ မြန်မာ့ဘဝများစွာကိုသေကြေ၊ ထိခိုက်စေခဲ့သည့် ထောက်လှမ်းရေးအကြီးအကဲနှင့်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်အား သက်ကြီးစာရေးဆရာအဖြစ် ရှေ့ဆုံးခုံပေါ်တင် ရန်ကုန်မြို့၏ဝန်ကြီးချုပ်နှင့် အခြားထိပ်တန်းအရာရှိများအပါအဝင် စာရေးဆရာများ၏အကန်တော့ကို ခံစေလိုက်သည်။ သမိုင်းတလျှောက် ဘယ်တော့မှ အုပ်စုလိုက်ကြီးခေါင်းငုံ့ခဲ့ခြင်းမရှိသည် စာပေသမားများအားနာမ်နှိမ်ခြင်းလော။ ဤသူမသိ။
မည်သူက မည်သူ့ကိုတောင်းပန်ဝန်ချကန်တော့သင့်ပါသနည်း။ငါးဖယ်က ပြောင်းပြန် တောင်းပန်ခြင်းမရှိသေးသူကို ခွင့်လွှတ်ပါသည်ဟုပြောနေကြယုံမက ပြန်၍ပင်ကန်တော့ပန်းဆင်ပေးလိုက်သေး၏။ ပြောင်းပြန်များကိုစနစ်တကျလုပ်ကြသည့် ဓလေ့နှင့်တိုင်းပြည်ဖြစ်မှန်းမသိဖြစ်လာနေကာ ၂၀၁၉နှစ်အား ပြောင်ပြရင်း ကြိုဆိုလိုက်ဟန်ပါတည်း။
ဦးဆောင်ကန်တော့လိုက်သူသည် နိုင်ကျဉ်းဟောင်းဝန်ကြီးချုပ်ဖြစ်၍ ပုဂ္ဂလိကဆိုင်ရာစိတ်ခံစားမှုဦးစားပေးပြုလုပ်ခြင်း(ခွင့်လွှတ်ခြင်း )ပို၍ပင်မပေးသင့်ပေ၊ထိုရာထူးသည်ရွေးကောက်ခံတို့မှပေးအပ်ထားသော ဂုဏ်သိက္ခာနှင့်ရာထူးဖြစ်၍ မဲဆန္ဒရှင်တို့ကို ကိုယ်စားပြုရာလည်းရောက်နေပါသည်။
ယခုအစိုးရ၏ “မူ” ရင်ကြားစေ့ရင်းစေ့ရင်း အောက်ရောက်နေလျှက်မှ”ကြောက်ပြီလားကွ၊ ဥတလုံးပေးကိုင်မှလွှတ်မယ် “အော်နေသည်နှင့်မတူပါလော။ မိမိကိုယ်လည်းမညာရာ။ရွေးကောက်ခံဖြစ်လျှင် လူထုကိုပို၍ပင် ညာမချရာ။
စစ်ထောက်လှမ်းရေး၏အမြင့်ဆုံးခေါင်းဆောင်သည် မိမိ၌အပြစ်မရှိ၊ နိုင်ငံတော်အတွက် ပေးအပ်သည့်တာဝန်ထမ်းဆောင် အလုပ်လုပ်သည်ဟုပြော၍မရနိုင်။ နာဇီ အဒေါ့အိုက်ခ်မာန်းသည်လည်း ဤသို့ဆိုဖူးသည်။ သို့သော်သူညွှန်ကြား၍ သေမင်းတမန်ရထားစီးကာ ပြန်မလာတော့သော ဂျူးများ၏အသက်တို့ကားပြန်ရှင်မလာ။ စိတ်အနာတို့မကျက်လာ။
လူသားသည်ခွင့်လွှတ်ခြင်းတို့ဖြင် နေထိုင်နိုင်ပါသည်။ ရိုင်းလွန်းသောသမိုင်းကိုမူ နောင်လာနောက်သားများ ထပ်မံ၍ ကြိမ်ခါတုံ့ယူမလုပ်ရဲနိုင်ရန် ဒဏ်ဖြင့်ချန်ရစ်သင့်လှသည်။
သို့နှင့်အိုက်ခ်မာန်းအား အစ္စရေးစူပရင်းခုံရုံးမှသေဒဏ်ပေးပါ၏။

“ရှိခိုးကန်တော့”
တကယ်တော့ မြန်မာတို့၏ကန်တော့ခန်းသည် သာမာန်မဟုတ်။ ဩကာသဘုရားရှိခိုးတွင် ပါသော စာကိုဖြတ်ကြည့်ပါ။ “အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏”
ထိခြင်းငါးဖြာနှင့်ကန်တော့ရသည်ဖြစ်ပေရာ လက်နှစ်ဖက်ကိုပူးကပ်၊ကြမ်းပြင်သို့လက်ချ၊ဒူးချ၊တံတောင်ချ၊နှဖူးများချရ၏။ ဒူးတုတ်လျှက်သား အသင်သူသာကျန်ရစ်သည်။။
ရှေးပုဂံခေတ် အသတ်ခံရဆဲဆဲတွင် ဘုရင်ထံလင်္ကာပို့သော အနန္တသူရိယ အမတ်ကြီး၏မျက်ဖြေလင်္ကာ ကိုကြည့်ပါ။ ဘဝဆက်ဆက်အရှုံးပေးမှုကိုဝန်ခံလိုက်ခြင်းတည်း။
“ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေးသည်။”

“ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ”
ဂေါတမဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်က ထိခြင်းငါးဖြာကန်တော့ခြင်း-ဆုပေး/ယူခြင်း ရှိဟန်မတူပေ။ အနန္တောအနန္တငါးပါးလည်းဘုရားဟောမဟုတ်ဟု သီရိလင်္ကာမှ ဒေါက်တာဘွဲ့ရမြန်မာရဟန်းတပါးမိန့်ကြားဖူးပါသည်။ တကယ်လည်း ရတနာသုံးပါးနှင့်တွဲ၍ မိဘနှင့်ဆရာကို မတွဲထည့်စကောင်း၊ သို့ဆိုလည်း မိဘ၊ဆရာတို့အား နှိမ်ချဘေးဖယ်ရန်မလိုပါ။အပြန်အလှန် Mutual Respectကားရှိရပါမည်။ မိဘဟူသည် ပုဂ္ဂလိကဆိုင်ရာသာဖြစ်၍ မိဘကို သားသမီးမှကန်တော့ခြင်းသည် ကျေးဇူးကိုအသိအမှတ်ပြုသည့်မင်္ဂလာဆိုရငြားဆရာတို့ကို ကန်တော့ခြင်းသည် ယခုခေတ်ကာလတွင် တမျိုးကြီးဖြစ်လျှက်နေချေသည်။
ရှင်းပါအံ့
ရှေး ပဝေဏသီခေတ်က အသိ၊အတတ်ပညာဟုသည်တန်ဖိုးရှိလှ၏။ ရယူရန် အိုးအိမ်၊နေရပ်၊မိသားစုကိုစွန့်ကာ ဆရာထံတွင် ရိုကျိုးခစားရင်းစောင့်စားသင်ယူကြရသည်။ ဆရာတို့မှ ဆရာစားမချန် သင်ပြပါစေရန်”ဖား”ကြရသည့်သဘောဖြင့် ဖူးမျှော်မာန်လျှော့ကန်တော့ကြရသည်လည်းရှိသည်။
ယခုခေတ်တွင် ဆရာဟူသည် သင်တန်း-ကျောင်း-တက္ကသိုလ်၏ဝန်ထမ်းသာတည်း။ ကျောင်းသားမှ ပညာကို လိုချင်သည်။ ဆရာများအားအလုပ်ခန့်ထားရာတက္ကသိုလ်ဆီမှပညာသင်လိုသည်မူ၍ ကျောင်းလခ-အခကြေးငွေပေးကာ ကျောင်းတက် ပညာယူကြရသည်။ ကျောင်းလစာအပါအဝင် ပေးဆပ်ရသော အချိန်တို့များလှပါ၏။ အမေရိကားတွင် ထု/ဝန်အများဆုံးသောကြွေးမြီသည် Student Loansများဖြစ်ပါသည်။ သမ္မတအိုဘားမားပင် ကျောင်းစားရိပ်အကြွေးကို အသက် ၄၂၊ စိနိတ်တာအရွေးခံဘဝရောက်မှကျေသည်ဆိုပါသည်။
ထိုမျှကြီးလှသော ဝန်ပိခံထားရကား ကျောင်းသား/ဆရာတွင် ကျေးဇူးခံကျေးဇူးစားရယ်ဟု ထင်ရှားမရှိ။ ပညာသင်ကြားရေး ဝန်ဆောင်မှုကို အခြား စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်တန်းညှိ၍ရပါသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝသော စီးပွားရေးလုပ်ငန်းတခုသာရယ်ပါ။

” ရိုးအောင်လုပ်သောအရာ = ရိုးရာ”
မြန်မာတိုသည် တဆင့်တက်ကာ ထိုကန်တော့ပန်းကို ရိုးရာအဖြစ်အသုံးပြုလာကြသည်။ သိသာထင်ရှားစွာမြင်ရသည်မှ ယခင်စစ်အစိုးရခေတ် နဝတ၊နအဖခေတ်များတွင်ဖြစ်သည်။သီတင်းကျွတ်တွင် ရတနာသုံးပါးလွန်၍ ဝန်ထမ်းအကြီးအကဲများအထိ ကန်တော့ကြကာလက်ဆောင်ပဏ္ဍာဆက်ကြသည်။မုန့်ပုံးတွင် မုန့်ဖယ်ကာ ငွေထုပ်ထည့်ကြသည်။ အသက်ကြီး/ငယ်သည်မရှိ သက်ငယ်ကရာထူးကြီးသဖြင့် /အာဏာရှိသဖြင့်ထိုင်ခုံပေါ်အခန့်ထိုင်ကာ သက်ကြီးများက ထိုင်ကန်တော့နေသည်ကိုလည်းတွေ့နေကြရပြီ။
ထိုဓလေ့သည်ရှိအပ်သလော။
သက်ဦးဆံပိုင်ပဒေသရာဇ်အမွေဆိုးကို လက်ခံဆက်သင့်ပါသလော။
ယဉ်ကျေးမှုမျက်နှာဖုံး ကောက်တပ်ထားသည့် လူမှုဖေါက်ပြန်မဟုတ်ပါလော။
အမေရိကားရောက် မြန်မာများမှတွေးကြ မြင်လျှင်ပြင်ပေးကြစေလိုပါသည်။ဆိုင်ရာဘာသာရေးခေါင်းဆောင်များတွင် မေးမြန်းကြစေလိုပါသည်။

“ကန်တော့ခံ/သူလူအုပ်ကြီး”
ပူဇော်ကန်တော့ပွဲခေါင်းစဉ်တပ်။လူအုပ်ကြီးစု၍ ရှေ့အမြင့်ထိုင်ခုံတွင်ထိုင်စေကာ အခြားလူအုပ်စုကြီးမှ ကန်တော့ကြခြင်းသည် မည်သည့်ရည်ရွယ်ချက်ပါနည်း။ မည်သူက မည်သူ့ကိုမည်သို့ကျေးဇူးခံကျေးဇူးစား၍ မြင့်မြတ်ကုန်သဖြင့် ပူဇော်နေပါသနည်း။ မိမိတဦးထဲက ထိုထိုလူသားတဦးကို ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့လိုပါလျှင် ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ အုပ်လိုက်ကြီးနှင့် လုပ်ရပ်မှာရပ်သင့်လှသော ဓလေ့ဖြစ်ပေသည်၊

” တောင်းပန်လျှင်ကျေအေးပါ”
တောင်းပန်/ကျေအေးသည် လူယဉ်ကျေးများအတွက် လိုအပ်ပါသည်။ ဗုဒ္ဓသည်လည်း သံဃာ၌ အပြစ်လုပ်ထားသူများ အာပတ်ဖြေနိုင်ရန်ဝိနည်းများချပေးသွားခဲ့သည်။ ခရစ်ယန်သာသနာတွင်လည်း အပြစ်လုပ်ထားသူတို့စင်ကြယ်စေရန် Confession လုပ်ခြင်းရှိသည်။
ဆာမူရိုင်းတို့တွင် ခွင့်လွှတ်ပါသည်မပြောမချင်း ခေါင်းစင်းဦးညွှတ်ထားက ခွင့်လွှတ်သူကိုယ်တိုင်မှခေါင်းဖြတ်သတ်လျှင်လည်း ခံယုံသာရှိပါသည်သဘောဖြင့် ပြန်မထူမချင်း ဒူးတုတ်ထိုင်နေရသည့်ဓလေ့ရှိသည်။ ဂျပန်အစိုးရနှင့် အမှားအပြစ်လုပ်မိသော ကော်ပိုရေးရှင်းကြီးများ၏ ထိပ်ဆုံးခေါင်းဆောင်များ ဦးညွှတ်ချကာ မီဒီယာတို့မှရှေ့မှောက်မှတဆင့်လူထုပရိသတ်အား တောင်းပန်သည်ရှိ၏
အတုမယူသင့်သလော။
အာဏာရှင်များခင်ဗျား။
အာဏာရှင်ဘဝ လုပ်ရပ်များအားမှားသည်ဟု လူထုရှေ့မှာဝန်ခံ၊ဝန်ချတောင်းပန်။ ထိုအာဏာရှင်ဘဝအတွေ့အကြုံနှင့် ဖျက်ဆီးခဲ့သော စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစနစ်များကို ဖွင့်လှစ်ပြောပြရင်း နောင်အာဏာရှင်လုပ်လို/ဖြစ်လိုသူများရှေ့မတိုးရဲနိုင်အောင် ဟာကွက်၊ ညစ်ကွက် ဖိကွက်ဖားကွက် စားကွက်များကို ဖေါ်ကောင်စာရေးကြစေလိုပါ၏။
ရောင်းအကောင်းဆုံး ဒီမိုကရေစီလက်စွဲကျမ်းနှင့် နာမည်ကြီးစာရေးဆရာဖြစ်သွားနိုင်ပါသည်။