သတိလက်လွတ် ငှက်တောင်ကျွတ်သို့
သတိလက်လွတ် ငှက်တောင်ကျွတ်သို့
…………………………………………….
ငှက်တွေမှာ အတောင်သာလျှင် ကိုယ်ပိုင်ဥစ္စာတဲ့။ အတောင်ဟာ အသက်တမျှ အဖိုးတန်ပါတယ်။ အတောင်မပါလို့ မပျံသန်းနိုင်တဲ့ ငှက်ဟာ သေသလိုပါပဲ။ငှက်တောင်ကျွတ်ရင် သေတာပါပဲ။
လူမှာလည်း သတိကင်းမဲ့ရင် သေလူလိုပါပဲတဲ့။
……………………………..
အသက်လေးရလာတာနဲ့အမျှ မရဏာနုဿတိပွားရင်း သတိလေးကပ်ရမယ်ဆိုတဲ့ အသိဝင်လာပါတယ်။ အသိသည်အသိသာဖြစ်ပြီး လက်တွေ့မှာတော့ သတိကပ်နိုင်ချျိန်က လက်သည်းခွံပေါ်က မြေမှုန့်ဖြစ်ပြီး သတိမကပ်တဲ့ အချိန်တွေက ကမာ္ဘမြေကြီးလောက် ဖြစ်နေတာ။
…………….
ကိုယ့်ဖာသာဆိုရင် သတိရှိလိုက်သလား မသေချာပေမယ့် သူများနဲ့ ပတ်သက်ရရင်တော့ သတိကင်းတာတွေ ဘွားဘွားကြီး ပေါ်တော့တာပဲ။
အကြောင်းအရာ တခုကို ပြောရမယ့်သူကို ပြောမိပြီးပြီလား မသေချာတော့လို့ ထပ်တလဲလဲ ပြောမိတာ၊
ပြောပြီးပြီးလို့ ထင်ပြီး ဇွတ်ငြင်းမိတာ၊
တနေရာကို တခုခု ယူမယ်လို့ သွားပြီး အနီးကျမှ ဘာယူဖို့ လာမိမှန်း မသိတော့တာကြောင့် လာရာလမ်းတိုင်း ပြန်လျှောက်ပြီး အစကနေ ပြန်စဉ်းစားယူရတာ….အကြောင်းခြင်းရာတွေကတော့ အများကြီးရယ်။
………….
မကြာသေးခင်ကတော့ ကိုယ့်သတိမရှိမှုက အတော့်ကို ကျေနပ်လောက်ဖွယ်မရှိ။
ဆေးဆိုင်မှာ ဆေးဝယ်ရင်း ဖုန်းကဒ်ဝယ်တာ။Prepaid card ၃၀၀ဝ တန် ဝယ်ပြီး ပိုက်ဆံအိတ်ကိုဖွင့် ၅၀၀ဝ တန် တရွက် ပေးလိုက်တယ်။ ဆေးဆိုင်က မောင်လေးနဲ့ ထွေရာလေးပါး အတင်းတွေ သတင်းတွေ ပြောလိုက်သေးတယ်။ ပြီးတော့မှ မအမ်းနဲ့တော့ သမီးရယ်၊၁၀၀ဝ တန် ၂ကဒ်သာ ထပ်ပေးလို့ ဈေးရောင်းတဲ့ သမီးလေးကို ပြောလိုက်တယ်။ပြီး သူထုတ်ပေးတဲ့ Prepaid card ၃ခုကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး ပြန်လာတယ်။ တအောင့်နေတော့ ကလေးမလေး လိုက်လာပြီး ဆရာမ ဖုန်းကဒ် ဖိုး ပေးမသွားဘူးတဲ့။ ငါ ၅၀၀ဝ တန် တရွက် ထုတ်ပေးခဲ့တယ်လေ လို့ ပြန်ငြင်းတာပေါ့။ သမီးက ပိုက်ဆံ အပ်ပြီးတာ မကြာသေးဘူး။ သမီး ခွက်ထဲမှာ ၅၀၀ဝ တန် တရွက်မှ မရှိဘူးတဲ့။
အဲတော့ နောက်ကြောင်းပြန် စဉ်းစားရပြီ။ပိုက်ဆံ ထုတ်ပေးမိတာတော့ သေချာတယ်။ ပေးရင်းနဲ့ လကုန်ခါနီး အသုံးကလည်း ကြမ်းထားမိတဲ့ လဆိုတော့ ပြားကပ်နေတဲ့ အိပ်ထဲမှာ ၅၀၀ဝ တန် နည်းနည်းပဲ တွေ့လိုက်မိတာကို သတိထားမိတယ်။ အိပ်ထဲက ၅၀၀ဝ တန် တရွက် ထုတ်ပေးလိုက်တာနဲ့ ကောင်တာပေါ် တင်ပေးမိတာ သတိရတယ်။ ဖုန်းကဒ်တွေ ယူလိုက်တဲ့ အထိလည်း သတိရတယ်။စကားတွေ လှည့်ပြောမိတဲ့ အချိန်ကစလို့ ဘာတွေဆက်လုပ်မိလည်း စဉ်းစားမရတော့ဘူး။ ဖုန်းကဒ်ယူပြီး တင်ထားတဲ့ ပိုက်ဆံ ၅၀၀ဝ တန်ကို ကောက်ပြီး ပြန်ထည့်မိလေသလား/ဖုန်းကဒ်ပဲ ပိုက်ဆံအိတ် ထဲ ထည့်မိလား ကိုယ့်လှုပ်ရှားမှုကို ဘယ်လိုမှ ပြန်ဖော်မရတော့ဘူး။ ပိုက်ဆံအိပ်ထဲ ပြန်ကြည့်တော့လည်း ၅၀၀ဝ တန်က ၂ရွက်ရှိနေတယ်။ နဂိုရှိတာ ၅၀၀ဝ တန် ၂ရွက်လား ၃ရွက်လား ဆိုတာလည်း စဉ်းစားမရတော့ဘူး။ဘယ်လိုလုပ်ရပါ့။ဉာဏ်နီဉာဏ်နက်တွေ ထွက်မလာတော့ ကိုယ့်အိတ်ထဲက ၅၀၀ဝ တန် တရွက်ထုတ်ပေးပြီး ဖြေရှင်းလိုက်တယ်လေ။
ကိုယ့်ကို အပ်တဲ့ အလှူငွေတွေက ခေါင်းစဉ် အမျိုူမျိုးရယ်။စာရေးနိုင်တဲ့ အခြေအနေဆို စာလေး တကြောင်းနှစ်ကြောင်း ကမန်းကတန်း တို့ပြီး သားရေပင်နဲ့ တခါတည်း စည်းထားရတယ်။
တခါတည်း မမှတ်လိုက်မိရင် နောင်တပတ်လောက်ဆို ဘာအထုပ်လေးပါလိမ့် လို့ ဖြစ်သွားရော။စာရင်း မကိုက်တဲ့အခါ ဖြည့်လှူဖြစ်တာပါပဲလို့ တွေးင်္ပြီး အိတ်ထဲက ထုတ်လိုက်တယ်။ ငွေတွေ ဘာတွက်မှန်းမသိ အိတ်ထဲကြာနေရင်လည်း တနေရာရာကို လှူထားတာ ဖြစ်မှာပါလေ ဆိုပြီး အလှူ တခုခုထဲ ထည့်လှူလိုက်တာပေါ့။
ငွေနဲ့ စိုက်ထုတ်လို့ ရတာတွေက မထောင်းတာပေမယ့် ငွေနဲ့ ဖြေရှင်းလို့ မရတာတွေကျ ခက်ပြန်တာပါပဲ။
……………………………………….
သိပ်မကြာသေးမီခေတ်ကပေါ့ အသုံးလိုလို့ ပစ္စည်းလေး တခု သူများဆီက ခဏယူသုံးရတယ်။ အဲဒီမှာ ဆက်စပ်နေတဲ့ အပိုပစ္စည်းလေးကို ကိုယ့်တွက် အသုံးမလိုတာကြောင့် ခဏဖြုတ်ပြီး ပိုက်ဆံအိတ်ရဲ့ ဇစ်အိတ်ကလေးထဲထည့်ခဲ့ပါတယ်။
၂ရက်လောက်နေတော့ အဲဒီပစ္စည်းကို ပြန်ပေးလိုက်ပါတယ်။ပေးချိန်မှာ အပိုပစ္စည်းလေးပါ ထည့်ပေးမိလား သတိမထားမိလိုက်ဘူး။
ရက်နည်းနည်းကြာမှ ပိုင်ရှင်က သူ့အပိုပစ္စည်းလေးရော၊ပြန်ပေးတုန်းက မပါလာဘူးတဲ့။
ဘယ်လို လုပ်ရပါ့မလဲ။
ပိုက်ဆံနဲ့ ထုတ်လျော်လို့ ရရင် ကိုယ့်ပေါ်တာဝန်အေးပေမယ့် အခုလို ပစ္စည်း လိုနေတယ် ဆိုတာကျတော့ ပေးစရာလည်း ငွေမရှိ၊ပြေးစရာလည်း မြေမရှိ ။
နေတတ်သမျှ ထားတတ်သမျှ နေရာတွေအကုန်လုံးလည်း မြေလှန်ရှာတာ နှံ့နေရော၊ ဘာတခုမှ ထွက်မလာ။
ကိုယ်ဟာ သူများပစ္စည်းယူသုံးပြီး စည်းကမ်းမရှိ ၊ပြန်မပေးတတ်သူ ဖြစ်မှာကိုလည်း သေရတာထက်ကြောက်ပါတယ်။
(အခုတော့ ဖြစ်နေပြီ)
…………………………….
သတိလွတ်မိတော့ ကျွတ်သွားတဲ့ ငှက်တောင်တွေပါ။
ကျွတ်ပါများရင် အသက်ထိပါတော့မယ်။
အချိန်မနှောင်းခင်ရော သတိကပ်နိုင်ပါ့မလား…………
Photo credit to original uploader
13 comments
padonmar
January 31, 2019 at 10:50 pm
မျက်စိတွေတော့ လည်နေဆဲပဲ။
Category Copy Paste ဖြစ်နေတာ ဘယ်နားက အမှန်လုပ်ရမယ် မသိသေးဘူး။
ဥုံ ဖြစ်ချင်ရာဖြစ်
ရွာထဲ ပြန်ရောက်အောင် ခုန်ဝင်ပစ်လိုက်တယ်။
padonmar
January 31, 2019 at 11:07 pm
အမယ် လူရှိသား၊အနီပေးသွားတယ်။
ဘာပဲဖြစ်ဖြစ် ပြန်လာတဲ့ အထိမ်းအမှတ်နဲ့ မုန့်ကျွေးမယ့်သူ ရှိရင် ကောင်းမယ်။
222 posts မှာ ရပ်ထားတာ 223 ဂဏန်း ပြောင်းသွားပြီ။
Foreign Resident
February 1, 2019 at 1:03 pm
အောင်မယ် အောင်မယ် ။
ဂဇက်ရဲ့ နံမယ်ကြီး အန်တီဒုံကိုများ ၊
ဒင်းတို့က အနီပေးရဲတယ်ပေါ့လေ ။
ဘယ်ရမလဲ သားသား အစိမ်း ပြန်ပေးလိုက်တယ် ။
padonmar
February 1, 2019 at 11:32 pm
သိုင်းခရု ရှဲ့ရှဲ့ ပါ အဘဖော
ဦး လေး မန်း
February 2, 2019 at 4:57 am
အဲဒီသားသားလဲပျောက်နေတာကြာပီနော် အခုတလောလူဟောင်းတွေပြန်လာလို့ဝမ်းသာသဗျ၊
ဇီဇီ
February 1, 2019 at 8:40 am
တီဒုံက ပင်ကို သတိက ကျနော်တို့ထက် ကောင်းတယ်လေ။
လုပ်စရာများ မှတ်စရာများလို့ နေမှာ။
တနေကုန် ဘောင်ဘင်ခတ်နေတဲ့ အတွေ့အကြုံတွေ အတွေးတွေ ဖြစ်စဉ်တွေကို
ညအိပ်ယာဝင်ခါနီး ပြန်စဉ်းစားဆင်ခြင်ရင်း ဝင်လေ ထွက်လေ စံနစ်တကျရှုရင် ခေါင်းကောင်း သတိကောင်းတယ်လို့တော့ ပြောတာပဲ။ မွေးမေလေ့ လုပ်ခိုင်းနေတာလည်း ကြာပြီ။
ကျနော်က တအားမေ့ သတိလွတ်ဖြစ်တတ်လို့။
ဒါမဲ့လည်း မလုပ်ဖြစ်ဘူးး။။
တရေးနိုးမှချည်း သတိရတာ။
padonmar
February 1, 2019 at 11:33 pm
ခေါင်းအုံးနဲ့ ခေါင်းတောင် ထိစရာမလိုဘူး။ အိပ်ပျော်သွားရောလား။ 😀
Shar Thet Man
February 1, 2019 at 10:04 am
ဟုတ်တယ်နော်မွန်လေးတို့လည်းအသက်ရလာရင် ဘယ်လိုတွေဖြစ်မလဲမသိ
padonmar
February 1, 2019 at 11:34 pm
မေ့မယ်လို့ ကြိုတွက်ထားပေါ့နော်။
pooch
February 1, 2019 at 1:43 pm
ကျ နော် တော့ နာမည် မမှတ်မိတာ မှားခေါ်တာ ထိုင်ရာက ထလိုက်ရင် ဘာလုပ်ဖို့ ထလိုက်တာမှန်းမသိ ဖြစ်ဖြစ်နေတာ ဒီနှစ်ထဲ ခဏခဏဖြစ်လို့ အာရုံတေ ွ များလ ွန်းလို့လား မသိ ဖြစ်ဖြစ်နေတာ
ဒေါ် ဒေါ် တို့အ ရွယ် ရောက်ရင် အဲ့လိုတောင် အသိရှိနေပါ့မလား မသိဘူး
padonmar
February 1, 2019 at 11:37 pm
မယ်ပုလေးရေ
ခုကတည်းက ခင်ဇော့်မွေးမေလေ့ ပြောသလို သတိနဲ့ ဝင်လေထွက်လေ မှတ်တတ်တဲ့ အကျင့်စပါကွယ်။ ဘယ်အရွယ်မှာ စစ အကျိုးရှိပါတယ်။ နောက်ပြီး ကိစ္စတွေ များလွန်းလို့ ဖြစ်တာဆိုတော့ အာရုံတွေ မများအောင် ကိစ္စတွေ လျှော့ရမယ်။ ချင် တွေ လျှော့ရမယ်။
ဦး လေး မန်း
February 2, 2019 at 5:00 am
အန်တီဒုံရေပြီးခဲ့တဲ့သုံးလေးရက်လောက်ကဖွဘုတ်မှာပဒုံမာဆိုပီးတွေ့တယ်အတူတူဘဲလား၊
padonmar
February 2, 2019 at 10:44 pm
Padonmar Page လုပ်ထားပါတယ်။ဒီက စာတွေကို ပျောက်သွားမှာ စိုးလို့ ကွန်မန့်တွေပါ ကူးပြီး သိမ်းနေတာ။