ပုတိဖွား လူချမ်းသာ
…………………
မွေးနေ့မွေးရက်ကို မဟာဘုတ်တိုင်ထောင်လိုက်တော့ ပုတိဖွားတဲ့။
ပုတိသဘောဆိုတာ ကပ်စေးနည်းတယ်။ မှန်လိုက်လေ။
ကိုယ်ကပ်စေးနည်းတယ်ဆိုတာ ငယ်ကတည်းက ကိုယ့်ဖာသာကိုယ် သိပါတယ်။
အမေပေးလိုက်တဲ့ မုန့်ဖိုးဆို ကျောင်းမုန့်ဆိုင်တွေမှာ ဝယ်စားရိုးထုံးစံမရှိ၊ အဖေဝယ်ပေးထားတဲ့ ခွေးရုပ်ကော်စုဘူးလေးထဲ ထည့်လိုက်ဖို့ပဲ ဆန္ဒရှိတာ။
တက္ကသိုလ်တက်တဲ့ တလျှောက်လုံး canteen မှာ ဝယ်စားဖူးတဲ့ အကြိမ်က လက်ဆယ်ချောင်း မပြည့်ဘူး။

အဝတ်အစားဆိုလည်း ဈေးပေါတာပဲ ကြိုက်တတ် ဝယ်တတ်တယ်။ ဈေးကြီး အဖိုးတန်ဆိုရင် ဗေဒင်မမေးနဲ့၊ အဲဒါ သူများဝယ်ပြီး လက်ဆောင်ပေးထားတာပဲ။(လက်ဆောင်တွေရလို့ တော်သေး)
အစားအသောက်ကတော့ နဂိုတည်းက ကောင်းပေ့ဆိုတဲ့ ငါးမြင်းဗိုက်သားတို့ ဝက်သုံးထပ်သားတို့ ကြက်ပေါင်ကြော် တို့၊ Donut တို့ ဆိုတာတွေ မကြိုက်တတ်၊ငပိရည်တို့ မရမ်းသီးငပိထောင်းတို့ ချဉ်ပေါင်ကြော်၊ဘဲဥချဉ်ရည်၊သီးစုံပဲကုလားဟင်း ဆိုတာမျိုးမှ မက်မက်စက်စက်ကြိုက်တာ။

လွန်ခဲ့တဲ့ ၅နှစ်လောက်ထိ အိမ်ကကား အဆင်မပြေရင် ကိုယ် ချည်းပဲဆို ဘယ်တော့မှ တက်စီမစီးဘူး။တယောက်တည်းအတွက် တက်စီခကုန်တာ မတန်ဘူးထင်ပြီး နှမျောလို့။
အဖော်တွေပါရင်ကတော့ အဲဒီ တက်စီခကို ကိုယ်စိုက်လိုက်ဖို့ ဝန်မလေးဘူး။

ငယ်ငယ်ကတည်းက သုံးရက်တာ ဆိုလို့ စာအုပ်ဝယ်တာပဲ ရှိတယ်။ ဒါတောင် တအုပ် ၂၀ဝ တန် ဝတ္ထု အဟောင်းတွေပဲ အဟောင်းဈေးက အုပ် ၃-၄ဝ ဝယ်ဖတ်တာ။
စာအုပ်ဆိုင်တွေ သွားတဲ့အခါ ဈေးကြီးတဲ့ စာအုပ်တွေ ( ဝယ်ချင်ပေမယ့် စာအုပ်လေး ကိုင်ကြည့်လိုက် ပြန်ချလိုက်၊အထဲစာသားလေး လှန်မြည်းရင်း စာအုပ်တန်ဘိုးလေးကို အသာခိုးဖတ်၊တအုပ် ၅၀၀ဝ အထက်ဆို ကိုယ့်အတွက် ဈေးကြီးပြီလို့ သတ်မှတ်ရင်း လိုချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်ခဲ့ရတာ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx.

အခုချိန်ထိ အဝတ်နဲ့ အစားက ဝတ်ချင်စိတ်နဲ့ စားချင်စိတ်ကို မရှိသေးတော့ အကောင်းနဲ့ မတန်သေး၊ဆင်းရဲနေသေး။
အဝတ်ဆို ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဈေးပေါတဲ့ ချည်လုံချည်တွေပဲ ဝတ်တာ။
အစားလည်း ထိုနည်းလည်းကောင်း။
(ဒါနတွေ မစင်ကြယ်ခဲ့လို့ ကိုယ့်တွက်ကိုယ် မသဒ္ဓါတာ လို့ ကိုယ့်ဖာသာ အမြဲပြောမိတယ်။ဆရာမကြီးကတော့ သူ့တပည့်ရင်းချာ ကို ချစ်စိတ်နဲ့ ဖြေပြောရှာပါတယ်။ ဒါနတွေ မစင်ကြယ်လို့ အကောင်းမကြိုက်တာ မဟုတ်ပါဘူး။ဒေါ်ပူလေးက မလိုင်ကြိုက်တာ အကောင်းကြိုက်တတ်တာပဲပေါ့တဲ့)
……………………………………
တခါတုန်းက ဘတ်စကားစီးအပြန် အရေပြားတွေ ယားပြီးကတည်းက တက်စီစီးဖို့ သိပ်ဝန်မလေးတော့ဘူး။ ဆေးဖိုးက ပိုများတာကိုး၊ ခါးပိုက်နှိုက်နဲ့ တွေ့ရင် တက်စီခထက် ပိုများသွားမယ်လေ။အခု Grab တက်စီဆိုပြီး ကိုယ်သွားခဲ့တဲ့ မှတ်တမ်းရှိနိုင်တဲ့ စနစ်ဖြစ်လာတော့ တက်စီခတတ်နိုင်ပါလျက်နဲ့ နှမျောလို့ ဘတ်စကားကျပ်ကျပ်တိုးစီးခြင်းဆင်းရဲက နည်းနည်းလွတ်လာပါပြီ။
(ဒါတောင် နီးနီးနားနားလည်းဖြစ်၊လူလည်းချောင်ရင် YBS ကို ပျော်ပျော်ကြီး စီးပါသေးတယ်၊တန်လို့)
…………………………….
အခုနောက်ပိုင်း လွတ်လွတ်လပ်လပ်ကြီး ဝယ်ရက် သုံးရက်လာတာကတော့ စာအုပ်ဝယ်တာပါပဲ။
စာအုပ်တွေက ပေါပေါများများလည်း ထွက်လာပါတယ်။၊အရင် ဝယ်မရတဲ့ အဟောင်းတွေလည်း ပြန်ပုံနှိပ်တော့ ဝယ်သိမ်းချင်၊အသစ်ထွက်တာတွေကလည်း စာအုပ် review တွေ ဖတ်ပြီး စာအုပ်လိုက် ကိုင်ဖတ်ချင်၊အထူးသဖြင့် တရားနဲ့ ပတ်သက်တာတွေဆို အဘိဓာန်လှန်ရှာသလို သိချင်တာရှာဖို့ သိမ်းထားချင်ပြန်ရော၊
စားဝတ်နေရေးကြောင့် ကိုယ်ပိုင်စာအုပ်စင်ကို ထုခွဲရတဲ့ စာသမားတွေတွေ့ရင်လည်း ကိုယ်ချင်းစာသနားပြီး သူ့စာအုပ်စင်လိုက် ဝယ်သိမ်းပေးထားချင်မိပြန်တယ်။
စာအုပ်အရောင်းပွဲတော်တွေကျရင် 20% discount ဆိုတာ ရပြန်တော့ ဝယ်သိမ်းထားချင်မိတဲ့ စာအုပ်ထူထူကြီးတွေက သူ့ယူပါ ၊ငါ့ယူပါ ခေါ်နေသလိုပါပဲ။
တကယ်တော့ ငယ်ငယ်ကသာ တရက်ကို ဝတ္ထုစာအုပ် ၅အုပ်နှုန်းလောက် ဖတ်နိုင်တာ၊ အခု စာဖတ်အားက အရမ်းနှေးသွားပြီ၊ စာဖတ်ချိန်ကလည်း အများကြီး နည်းသွားပြီ။ စာဖတ်ချိန်တွေကို စီးပွားရေးနဲ့ လူမှုရေးရယ်၊ အင်တာနက် FB ရယ်၊ လမ်းပေါ်မှာ ကုန်နေရတဲ့ အချိန်တွေရယ်က အစားထိုး နေရာယူသွားကြပြီ။အဲဒီထဲက ဖတ်ချင်လွန်းတဲ့ စာကို တနေ့ တခန်းလောက် ဖတ်ပြီး အာသာဖြေနေရတာ။
တခါတခါတော့ မဖတ်နိုင်ဘဲ ထပ်မဝယ်တော့ဘူးလို့ စိတ်ကူးမိပေမယ့် စာအုပ်တွေ မြင်ရင် မဝယ်ဘဲ မနေနိုင်၊တချိန်ချိန်မှာ ကိုယ်သေသွားရင်လည်း ကိုယ့်စာအုပ်တွေကို အမွေ ပေးစရာ ရွှေခယ်ရတနာ စာကြည့်တိုက်လေးရှိနေပြီ မို့လို့ အဲဒီလို စာအုပ်တွေ ဝယ်ချလိုက်ဖို့ နည်းနည်းမှ မနှမျောမိတော့။

ဝယ်လာတဲ့ စာအုပ်တွေကို အထပ်လိုက် တစိမ့်စိမ့် ကြည့်နေရတဲ့ အရသာ ၊
စာအုပ်စင်ထဲက စာအုပ်တွေကို စာရေးဆရာတူချင်း ၊အမျိုးအစားတူချင်း ရွေးချယ်စီရင်း အလယ်ကဖောက်လို့ စာပြန်မြည်းလိုက်တာ နောက်ဆုံးစာမျက်နှာထိ ရောက်သွားရတဲ့ အရသာ ၊
တခါတလေ ကိုးကားချင်တဲ့ စာလေးရှိလို့ ကိုယ့်စာအူပ်တွေ မွှေနှောက်ပြီး ရှာရင်း လိုချင်တာလေး ကွက်တိတွေ့လိုက်လို့ ပျော်ရတဲ့ အရသာ၊
ဒီအရသာတွေကို အဟောဝတ ကောင်းလေစွလို့ ကိုယ့်ဖာသာ ကျေနပ်ပြီး ပီတိ၊သုခ တွေနဲ့ ကျမ လူချမ်းသာ ဖြစ်နေပါတယ်။

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)