မဟာပုဂံမှ လွင့်စင်ပဲ့ကြွေလာသော အပိုင်းအစများဆီသို့

Mon LayNovember 15, 20193min2690

ဒီခရီးစဉ်လေးကိုသွားဖြစ်ခဲ့တဲ့အကြောင်းကတော့ သတင်းစာထဲကစတယ်လို့တော့ပြောရပါမယ်။ သတင်းစာဖြတ်ပိုင်းတစ်ခုကနေ အဲ့ဒေသမှာလည်း ပုဂံလိုဘုရားပုထိုးတွေ ရှိနေပြီး စလေလို ကျောင်းဆောင်တွေလည်း ရှိလို့နေတယ်လို့သိလိုက်ရတော့ နေရာအသစ်အဆန်းဆိုစိတ်ဝင်စားတဲ့ကိုယ်က ပိတ်ရက်မတိုင်ခင်တည်းက မြေပုံထဲမှာရှာ၊ ဘယ်လိုတွေသွားရလဲစုံစမ်းပြီးရောက်ခဲ့တယ်ဆိုပါတော့။ တကယ်တမ်းသွားချင်အောင် တိုက်တွန်းပေးတဲ့ လက်ဦးဆရာ ကတော့ စာရေးဆရာ ကိုရန်နောင်စိုးပါ။ သူက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တဲ့.. သွားကြည့်ကြည့်တဲ့။ ပြီးတော့ အခုမွန်လေးခေါင်းစဉ်တပ်ထားတာကလည်း ဆရာပေးတဲ့ခေါင်းစဉ်ပါ။ အထူးကျေးဇူးပါ။

သွားခဲ့တဲ့နေရာလေးကတော့ မြင်ကွန်းပါ။ မြင်ကွန်းဆိုတာ မကွေးတိုင်းဒေသကြီးထဲမှာရှိပြီး မကွေးနဲ့ တောင်တွင်းကြီးကြားမှာရှိတာပါ။ ကုန်းဘောင်ခေတ်က မြင်ကွန်းမင်းသား အပိုင်စားတဲ့ မြို့ဖြစ်ပြီး မြို့သူကြီး အဆင့် အုပ်ချုပ်တဲ့ မြို့အဖြစ် တွင်ကျယ်ခဲ့ပါတယ်။

မြင်ကွန်းမင်းသားဆိုတာ သမိုင်းမှာ ကြားဖူးခဲ့မယ်ထင်ပါတယ်။ အမရပူရမြို့မင်းတုန်းမင်းအိမ်နိမ့်စံဘဝမှာ တောင်ရွှေရေးဆောင် မိဖုရားကမွေးတဲ့ အကြီးဆုံးသားဖြစ်ပြီး ငယ်နာမည်မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့မည်သီလဝ၊ ပုဂံမင်းလက်ထက် သတိုးမင်းလှကျော်စွာဘွဲ့နဲ ့မတဲမြို့ကိုစားရသူ၊ ဖခမည်းတော် မင်းတုန်းမင်းနန်းတက် ချိန်မှာတော့ သုမဟာသီရိဓမ္မရာဇာဘွဲ့နဲ့ မြင်ကွန်း မြို့ကိုစားရသောကြောင့် မြင်ကွန်းမင်းသားလို့ အမည်တွင်ခဲ့သူ၊ အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ ့သမီးတော် တောင်ညိုမင်းသမီး နှင့် လက်ထပ်ခဲ့လို့ ကနောင်မင်းသား ကြီးနဲ့ဆို သားမက်တော်စပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

မြင်ကွန်းသမိုင်း

သူတည်ခဲ့တဲ့မြင်ကွန်းဟာ ခရစ်သက္ကရာဇ် ၁၈၆၈ ခုနှစ်က ခြောက်မြို့ဝန်၊ ဝန်စုပါမြို့နယ် ဖြစ်ခဲ့ပြီး သက္ကရာဇ် ၁၉ဝ၈ ခုနှစ်မှာ မကွေးမြို့ဝန် မစ္စတာဝှီးလ်ဟာ မြင်ကွန်းမြို့ကို စနစ်တကျ မြို့ကွက်ချပြီး လမ်းတွေကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဖြောင့်ဖြောင့်တန်းတန်း ဖောက်လုပ်ခဲ့ပြီး ရပ်ကွက် ခြောက်ရပ်ကွက်နဲ့ မြို့ကွက်ပြန်လည် ဖော်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းကလည်း မြင်ကွန်းမြို့ဟာ စစ်ဘေးစစ်ဒဏ် မခံရဘဲ ကင်းလွတ် ခဲ့တာကြောင့် ရှေးဟောင်းအဆောက် အအုံများ၊ စေတီပုထိုး ကျောင်းကန်ဇရပ်များ မပျက်စီးဘဲ သမိုင်း အမွေအနှစ်များ အကောင်း ပကတိအတိုင်း ကျန်ရစ်ခဲ့တာပေါ့။ ပြီးတော့ ဒီဒေသဟာ ပုဂံခေတ်ကလည်း ပုဂံအင်ပါယာ အတွင်းပါဝင် တည်ရှိခဲ့တယ်ဆိုတာကို ယနေ့ မြင်ကွန်းမြို့မှာ ကျန်ရှိနေသေးတဲ့ ပုဂံခေတ်လက်ရာ စေတီပုထိုး ဂူကျောင်းများ၊ ကျောက်စာများက သက်သေပြနေတာပေါ့။ ဂျပန်ခေတ်ကတည်းက လျှပ်စစ်မီးရရှိခဲ့တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ လက်တလောအခြေအနေအရ ကျေးရွာ ၁ဝ ရွာပါဝင်တဲ့ တိုက်နယ်တစ်ခုဖြစ်ပြီး အိမ်ခြေ ၁၄ဝဝ ခန့်၊ လူဦးရေ ၅၃ဝဝ. ခန့်နဲ့ ဒေသခံအများစုက ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ကိုလုပ်ကိုင်ကြပြီး လူအနည်းစုကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

မြင်ကွန်းကမြို့လား ရွာလား

မြင်ကွန်းဆိုတာမြို့လားဆိုတော့ အဝင်ဝမှာ မြင်ကွန်းမြို့လို့ ဆိုင်းဘုတ်တပ်ဆင်ထားပေမယ့် ယနေ့အုပ်ချုပ်ရေး မှတ်တမ်းများအရ မြင်ကွန်းက ကျေးရွာအုပ်စုတစ်ခုအဖြစ်သာ တည်ရှိနေတုန်းပါ။

#ဘယ်လိုသွားလို့ရလဲ

ရန်ကုန်ကနေ ကိုယ့်ကားနဲ့ဆို အောင်လံ – မကွေးကားလမ်းမပေါ်ကနေ မြင်ကွန်းလမ်းဆုံရောက်ရင် ဘယ်ချိုးပြီး (၇)မိုင်လောက်ဆက်သွားရင် မြင်ကွန်းကိုရောက်ပါပြီ။ မြေပုံကိုပုံထဲမှာ ပြထားပါတယ်။ လိုင်းကားနဲ့သွားမယ်ဆိုရင် တော့ ရန်ကုန်ကနေ မကွေးကားစီး၊ မကွေးကားကြီးကွင်းကနေမှ မကွေး–တောင်တွင်းကြီး အံစာတုံးကားအောင်ကမ္ဘာကိုထပ်စီးပြီး မြင်ကွန်းလမ်းဆုံရောက်ရင်ဆင်းလိုက်ပါ။ အဲ့ကနေမှ ဆိုင်ကယ်ကယ်ရီနဲ့ မြင်ကွန်းကိုထပ်ဌားသွားလို့ရပါတယ်။ မကွေးကလာရင် မိုင် (20) အကွာမှာရှိပါတယ်။ တောင်တွင်းကြီးကနေလာမယ်ဆိုရင် (၃၁)မိုင် အကွာမှာရှိပြီး အဲ့လမ်းဆုံမှာပဲ ဆင်းလိုက်ရင်ရပါတယ်။ ကား ဈေးကလည်း တစ်ယောက်ကို (၁၅၀၀) ထဲရယ်ပါ။ သွားရတာအဆင်ပြေပါတယ်။ လမ်းရှုခင်းတွေကလည်း ဘယ်ပြောကောင်းမလဲ။ အရမ်းကိုသာယာတာ။ အပင်တွေစိမ်းစိမ်းစိုစိုနဲအရမ်းမိုက်တယ်။ စပါးခင်းတွေဆိုတာလည်း ရင်သပ်ရှုမောစရာ။ ရန်ကုန်ကနေတိုက်ရိုက်ရောက်တဲ့ မြရတနား Express ရှိပေမယ့် ကိုယ်သွားတုန်းကတော့အဆင်မပြေခဲ့ဘူး။ တိုက်ရိုက်မရောက်ဘူးလေ။ ဂိတ်မှာက ကားကလည်းနည်းတော့ ကိုယ်တွေကို တောင်တွင်းကြီးမှာချပေးခဲ့ပြီး မုံရွာသွားတဲ့ကားနဲ့ချိန်းပေးခဲ့လေရဲ ့။

အဲလိုလာလည်တဲ့ဧည့်သည်တွေကို မြင်ကွန်းမှာ တစ်ခဏတာနားဖု့ိ ဇော်ကမ္ဘာကားဂိတ်ရှိပါတယ်။ ဆိုင်ပိုင်ရှင်ဦးဇော်လင်းတို့လင်မယားလည်းအရမ်းသဘောကောင်းကြတယ်။ သွားလည်မယ်ဆို ဖုန်းကြိုဆက်ပါ။ သူ့ဖုန်းက 09961501477ပါ။ သူလိုက်ပို့ပေးပါလိမ့်မယ်။

မြင်ကွန်းမြို့မှာ လက်ရှိ စေတီပုထိုး ဂူကျောင်းများ စုစုပေါင်း ၆ဝ ခန့်၊ ပုဂံခေတ်ဘုရား ၂ရ ဆူကျန်ရှိတယ်လို့သိရပါတယ်။

ဘုရားတိုင်းလိုလို ပုဂံကဘုရားပုံစံတွေပဲဆိုတော့ ကိုယ့်ကိုယ်ကို ပုဂံပဲရောက်နေသလားအောက်မေ့ရတယ်။ ပုံထဲမှာကြည့်ပါလေ။ ပုဂံက အာနန္ဒာဘုရားနဲ့တူတဲ့ဘုရားတောင်ရှိသေးတာ။

အဓိကလည်ကြမယ်ဆိုရင်

#ဟိုးယခင်ကတည်းက ဆောက်လုပ်ခဲ့တဲ့ သက်တမ်းရင့် အဆောက်အအုံတွေ

လမ်းတောက်လျှောက် အဲလိုအဆောက်အအုံတွေမှ အများကြီးပဲ။

#လောကသိပ္ပံဘုရား

#ရှင်အဇ္ဇဂေါဏဂူ

#ကုလားကျောင်းဂူပျက်

#ရဟန္တာသိမ် ဘုရား

#မုန့်ပေါင်းသည် ညီအစ်မဘုရား

#ရွှေနန်းပေါက်ဘုရား

#ငါးမျက်နှာစေတီ

#ကွမ်းထမ်းညီနောင် ဘုရား

#မန္တလေးကျောင်းတိုက်

#လေးမျက်နှာဘုရား

လေးမျက်နှာဘုရားအတွင်းမှာ နံရံဆေးရေးပန်းချီများ၊ အပေါ်ပစ္စယံထိတက်နိုင်တဲ့ နံရံအတွင်းလမ်းများကိုလည်းလေ့လာနိုင်ပြီး(အမျိုးသမီးမရပါ) လေးမျက်နှာဘုရားရဲ ့အနောက်ဘက်မှာ အဂ္ဂိရတ်လမ်းစိတ်ဝင်စားသူတို့အတွက် အဖိုးအနဂ္ဂထိုက်သော ရှင်အဇ္ဇဂေါဏ(ရှင်မထီး) ဖိုထိုးရာနေရာ၊ တရားထိုင်ရာနေရာ ထွက်ရပ်ပေါက်အောင်ဂူကို တွေ့မြင်ရပါတယ်။

#လေးဆူစံဘုရား

ဒီဘုရားမှာဆို ကျစွာမင်းကြီး ရဲ ့အမိန့်တော် ကျောက်စာရှိပါတယ်။ ကျောက်စာများကို လေ့လာလိုက်ရုံနဲ့ ပုဂံ ခေတ်နှောင်းပိုင်းက မြင်ကွန်းမြို ့ရဲ ့ စီးပွားရေး ချောင်လည်ပုံ၊ သူဌေးသူကြွယ်များ ရှိခဲ့ပုံ၊ ပုဂံခေတ် ကတည်းက မြို့သူကြီး အဆင့်အုပ်ချုပ်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ပုံ၊ မုဆိုးမက အစ ဘုရားတည်၊ ကျောင်းဆောက် လှူဒါန်းနိုင်ပုံတွေကိုသိရှိပါတယ်။

#စားမယ်ဆို

မြင်ကွန်း ဒေသခံတွေကတော့ ယာနဲ့တံငါကိုအားထား လုပ်ကိုင်ကြပါတယ်။ မြေပြန့်ပြီး ယာကောင်းတော့ စားလိုက်တဲ့ ဆန်ကနူးညံ့ပြီး အရမ်းစားကောင်းခဲ့တယ်။ ငါးသလောက်ဟင်းဆိုတာလည်း လတ်ဆတ်အားလွန်းကြီးတော့ ရန်ကုန်ကငါးသလောက်ဆိုတာ အတုများစားမိသလားတောင်ထင်ခဲ့ရတာ။ထမင်းကတော့ ဦးဇော်လင်းတို့ဆိုင်မှာပဲစားခဲ့ပါတယ်။

ဒီတော့ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိသာနိုးမြို့ဟောင်းကိုသွားပြီးရင် တစ်ထောက်လေ့လာစရာ တန်ဖိုးရှိနေရာလေးတစ်ခုအဖြစ်သွားလည်လို့ရတဲ့အပြင် ပုဂံဘုရားတွေ သွားဖူးပြိီးရင် အမြင်သစ်တမျိုးနဲ့ မြင်ကွန်းက ပုဂံဘုရားတွေနဲ့ဆင်တူတဲ့ဘုရားတွေကိုသွားလည်လို့လည်းရပါတယ်။ ပြီးတော့ ရွှေ စက်တော်တို့လို အထင်ကရနေ ရာတွေလာရင်းနဲ့ လည်နိုင်ပါသေးတယ်။

သမိုင်းအမွေအနှစ်များစွာ ကျန်ရှိနေသေးတဲ့ခုလို မြင်ကွန်း ဒေသ (ခေါ်) မြင်ကွန်းမြို့ဟောင်းလေးကိုလည်း များမကြာမီမှာ ယူနက်စကိုစာရင်းဝင်ဒေသလေးဖြစ်သွားပါစေလို့ဆုတောင်းရင်းဖြင့် ခရီးတွေသွားပြီး ထပ်ရေးပါဦးမယ်။

#travel

Leave a Reply