မြန်မာပြည် သတင်းဒိုင်ယာရီ Feb 2023

သင့်အေးရိပ်February 27, 20238min131750

မြန်မာပြည် သတင်းဒိုင်ယာရီ
သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Feb 16 ။ လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကဲတွေက အများဆုံးလျှောက်ထားနေကြကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၃နှစ်
ကျခံဖို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု ၂ခုအတွက် အယူခံတင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာမဟုတ်ဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူတာဖြစ်ကြောင်း ဦးမောင်ဝိတ်က ထွက်ဆိုထားပါတယ်။

Feb 15 ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စကစ တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၉၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၅၈၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ အထိ ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်ကြောင်း ဖော်ပြပါတယ်။


ဂျပန်ကို မြန်မာ့ရွှေထည်ပစ္စည်းတွေ တင်ပို့နိုင်​​ဖို့ ဂျပန်ကုမ္ပဏီတခုနဲ့ ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ပါတယ်။
မြန်မာပြည်မှာ ၂၀၁၈ ဇန်နဝါရီက စပြီး ပြည်ပကို ရွှေလက်ဝတ်ရတနာတွေ တင်ပို့ခွင့် ပြုခဲ့ပြီးနောက်ပိုင်း ဂျပန်၊ ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံတချို့ကို တင်ပို့ခဲ့ကြပါတယ်။

Feb 14 ။ စင်ကာပူဟာ မြန်မာပြည်ကို လက်နက်တွေ မရောင်းချတာ အချိန်ကာလကြာမြင့်လှပြီဖြစ်ပြီး မြန်မာပြည်ကို လက်နက်ရောင်းချမှုလည်း တားမြစ်ကန့်သတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က စင်ကာပူလွှတ်တော်မှာ ပြောပါတယ်။


စစ်အာဏာသိမ်း ၂ နှစ်တာအတွင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနယ်မြေထဲမှာ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်
အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေဟာ ၄ သိန်းနီးပါးထိ ရှိလာခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တရားဝင်အစိုးရတရပ်အဖြစ် တရားဝင်ဆက်ဆံမှုလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တောင်းဆိုချက်ကို US အစိုးရဘက်က လိုက်လျောမှုရှိလာကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Feb 13 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲအခမ်းအနားကို US၊ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ရာ NUG
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် US အစိုးရဘက်က
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိ မြန်မာပြည် ခရီးသွားရာသီအတွင်းမှာ ထိုင်းနဲ့ ရုရှားခရီးသည် အနည်းငယ်ကလွဲလို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် မဝင်ရောက်တာကြောင့်
ဟိုတယ်တွေဟာ ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားနေရပြီး တနိုင်ငံလုံး အတိုင်းအတာမှာ ဟိုတယ်အားလုံးရဲ့ ၂၅ % ပြန်လည်ပတ်ဖို့ မသေချာကြောင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

Feb 12 ။ ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဦးဆောင်မှုတွေကို အားမနာတမ်း ဝေဖန်အကြံပြုဖို့နဲ့ NUG ဟာ လူထုရဲ့ လမ်းညွန်မှုကို ခံယူဖို့အသင့်ရှိကြောင်း၊ ပြည်သူတွေပေးပို့တဲ့ တော်လှန်ရေးရန်ပုံငွေတွေကို လက်ခံရရှိပြီး အလေအလွင့်မရှိအောင် သုံးစွဲနေကြောင်း ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။


“စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အရပ်သား လက်နက်ကိုင်ခုခံပုန်ကန်မှုတွေ နိုင်ငံတဝန်းလုံးနီးပါး ပေါ်ပေါက်လာခဲ့ပြီး ၂နှစ်အကြာမှာ တိုင်းပြည်ဟာ
ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ် ပုံစံအသစ်ဆီ ဦးတည်နေပြီး ကာလရှည်ကြာမယ့် အကျပ်အတည်းအကြားကို ကျရောက်သွားပြီ”လို့ စစ်ကောင်စီရဲ့ ဆွေးနွေးဘက်
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ “၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ် ကြိုးပမ်းခဲ့ပေမဲ့
တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းကွာဝေးခဲ့ကြောင်း” စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။

Feb 11 ။ အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စကစ ထုတ်ပြန်ခဲ့ကြောင်း မနေ့ညပိုင်းက လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက်အမျိုးအစား ၅ခု ရှိပြီး ၉မီလီမီတာနဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီထက် အဝငယ်တဲ့ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်တွေ ပါဝင်ပါတယ်။ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူဟာ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူ၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေးကို အနှောင့်အယှက်မပြုသူ၊ အရေးယူ မခံရဖူးသူ၊ စိတ်ပေါ့သွပ်သူ မဖြစ်ရဘူးလို့ ဖော်ပြထားပါတယ်။ လက်နက်ကိုင်ခွင့်ရသူတွေဟာ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းနဲ့ ဒုစရိုက်နှိမ်နင်းရာမှာ ပါဝင်ဖို့ စကစဘက်က ညွှန်ကြားရင် လိုက်နာရမယ်လို့လည်း ရေးထားပါတယ်။


စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP နဲ့
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ MPD တို့ဟာ စစ်ကောင်စီရဲ့ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ဥပဒေသစ်တွေအရ စကစ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် ပြန်လည်လျှောက်ထားလိုက်ပါတယ်။

Feb 10 ။ လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၄၄ ခုမှာ တော်လှန်ရေးအင်အား တပ်ရင်း တပ်ဖွဲ့ ၁၀၇ ထက်မနည်းရှိပြီး မြန်မာပြည်အနှံ့မှာ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီဖြစ်ကြောင်း ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ၂ နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၈,၀၀၀ ကျော်ရှိပြီဖြစ်ကာ စကစဘက်ကတော့ မြို့နယ် ၃၃၀ ထဲမှာ ၁၃၂ ခုက တည်ငြိမ်မှု မရှိဘူးလို့ ပြောပါတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီး မလာတာ ၂ လနီးပါးရှိလာပြီဖြစ်လို့ မြို့ပေါ်နေ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲ ဖြစ်နေကြောင်း
ဒေသခံတွေက ပြောပါတယ်။ မီးသွေးနဲ့ ဂက်စ်တွေက ဈေးအလွန်တက်နေတဲ့အတွက် အဆင်မပြေသလို ဖုန်းတွေကိုလည်း ဆိုလာနဲ့ အားသွင်းနေရပြီး ရေကိုတော့ မီးစက်နှိုး တင်နေရပါတယ်။

Feb 09 ။ စကစနဲ့ အပစ်ရပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA ၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က “ပြည်သူလူထုဟာ
အကြမ်းမဖက်တဲ့နည်းနဲ့ နေ့စဉ်မပြတ် စကစကို ဆန္ဒဖော်ထုတ်ပြီး တာဝန်ကျေပွန်နေကြောင်းနဲ့၊ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေကို အတက်နိုင်ဆုံး ဆက်လက် ကူညီသွားမယ်”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှစ်နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။

“တိုင်းပြည်ဟာ သာမန်အခြေအနေမှာ မရှိဘူးဆိုပြီး အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)နဲ့ စကစ ဥက္ကဋ္ဌတို့ ပေါင်းပြီး အရေးပေါ်ကာလ
သက်တမ်း ထပ်တိုးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖော်ပြထားတဲ့ စကားလုံး ၁လုံးကို လက်တလုံးခြား လှည့်ဖြားပြီး ကိုယ်လိုချင်ရာ ဆွဲယူလုပ်ဆောင်လိုက်တာ”လို့
ဥပဒေ ရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။ “၁နှစ်ပြည့်ပြီးချိန်ထိ လုပ်ငန်းဆောင်ရွက်မှု မပြီးသေးဘူးဆိုရင် ပုဒ်မ ၄၂၅ အရ ကာလုံကနေ သာမန်အားဖြင့် ၁ကြိမ်ကို ၆လနဲ့ ၂ကြိမ် တိုးမြှင့်ပေးနိုင်ကြောင်း”သာ ဖော်ပြထားပါတယ်။ “သာမန်အခြေအနေ မဟုတ်လျှင်”ဆိုတဲ့စကားလုံးကို ဖွဲ့စည်းပုံမှာ ဖော်ပြမထားပေမဲ့ ကာလုံနဲ့ စကစ ဥက္ကဋ္ဌတို့ဟာ “သာမန်အားဖြင့် ၂ကြိမ် တိုးမြှင့်ပေးနိုင်တယ်”ဆိုတဲ့ စကားလုံးကို “သာမန်အခြေအနေ မဟုတ်ရင် ၂ကြိမ်ထက်ပိုပြီး ထပ်တိုးလို့ရတယ်”ဆိုတဲ့ အဓိပ္ပာယ်မျိုး ကိုယ်လိုရာဆွဲယူပြီး နောက်၆လ ထပ်တိုးလိုက်တာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြနေတာပါ။

Feb 08 ။ စစ်အာဏာသိမ်းခံရမှု ၂နှစ်ပြည့်သွားတဲ့ မြန်မာပြည်က ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး US – နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ရဲ့ ကြားနာစစ်ဆေးပွဲ မနေ့က ကျင်းပခဲ့ရာမှာ “မြန်မာစစ်တပ်ဟာ ပြည်သူလူထုကို ထိန်းချုပ်ဖို့၊ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းနိုင်ဖို့ ဗုဒ္ဓဘာသာကို လက်နက်တခုအဖြစ် အသုံးချနေတယ်”လို့ ထုတ်ဖော်ပြောဆိုပါတယ်။

“ဧရာဝတီတိုင်းဟာ တည်ငြိမ်အေးချမ်းလို့ ဝမ်းမြောက်ဖွယ်ကောင်းပြီး ဘက်ပေါင်းစုံ ကောင်းမွန်ကျေနပ်ဖွယ်ရာကောင်းလို့ အားကိုးအားထားရတဲ့ တိုင်းဒေသကြီးတခု ဖြစ်တယ်”လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို တွေ့ဆုံစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

Feb 07 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အိမ်ခြေ ၁သောင်းဝန်းကျင်နဲ့ လူဦးရေ ၅သောင်းနီးပါး နေထိုင်ခဲ့ကြတဲ့ ရပ်ကွက်တွေကို ကျူးကျော်ဆိုပြီး ဖျက်သိမ်းခံလိုက်ရသူတွေဟာ နေရာပြန်ရဖို့အတွက် ကားလမ်းဘေးမှာ ၃ရက်မြောက် စုဝေးတောင်းဆိုခဲ့ပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက် မောင်းထုတ်ခဲ့တဲ့အပြင် ဧည့်စာရင်းလည်း မပေးတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။


စစ်အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀% နီးပါးရှိလာတဲ့အတွက် အာဏာမသိမ်းမီကာလနဲ့ ယှဉ်ရင် ၃ဆ နီးပါး
မြင့်တက်လာကြောင်း စီးပွားရေးသုတေသီတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းမီ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည်လေ့လာမှု အစီရင်ခံစာအရ မြန်မာပြည်ရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဟာ NLD အစိုးရလက်ထက်မှာ ၆ ဒသမ ၄ % သာ ရှိခဲ့ပါတယ်။

Feb 06 ။ ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာကို ဒီနေ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစင်တာကို စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး “ရုရှားနဲ့ ပေါင်းပြီး နျူကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးမှာ သုံးဖို့ကြံစည်နေကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၃၊ ဇန်နဝါရီ ၁လအတွင်း အရပ်သား ၁၁၆ ဦး အသတ်ခံရပြီး တိုင်းနဲ့ပြည်နယ် ၇ခုမှာ နေအိမ် ၅ထောင်ကျော် မီးရှို့ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက
သတင်းထုတ်ပြန်ပါတယ်။ အရပ်သား ၁၀၀ ကျော်ဟာ စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတာဖြစ်ပြီး NUG စာရင်းအရအသတ်ခံရသူ ၁၀၀ ကျော်ထဲမှာစစ်ကိုင်းတိုင်းက အယောက် ၈၀၊ မန္တလေးတိုင်းက ၁၁ ယောက်၊ မကွေးတိုင်းက ၈ယောက် ရှိခဲ့ပါတယ်။

Feb 05 ။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အနေနဲ့ NUG၊ PDF တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပေမဲ့ လူဦးရေများတဲ့ ဗမာလူမျိုးတွေရဲ့ နိုင်ငံရေး ခံယူချက်က ထင်သာမြင်သာ ပြောင်းလဲလာတာ မတွေ့ရသေးကြောင်းနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အယုံအကြည်မရှိကြောင်း KIO ဥက္ကဋ္ဌက ပြောပါတယ်။

Feb 04 ။ “စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခေါင်းဆောင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း လက္ခဏာတွေ လုံးဝမရှိဘူး”လို့
US ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ် လေ့လာရေးဌာနမှာ ပါမောက္ခတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မီမီဝင်းဘတ်က သုံးသပ်ပြောဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ခုကို လေးစားလိုက်နာ
အကောင်အထည်ဖော်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။ အခုနှစ် အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျတဲ့
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဂျာကာတာမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးဝန်ကြီးများအစည်းအဝေးမှာ တောင်းဆိုလိုက်တာဖြစ်ပြီး ဒီအစည်းအဝေးကို စကစ နိုင်ငံခြားရေးဝန်ကြီးသစ် ဦးသန်းဆွေကို တက်ရောက်ခွင့်မပေးခဲ့ပါဘူး။

Feb 03 ။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်၊ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁စီးကို
ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်တွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ကြေညာပါတယ်။


မြန်မာပြည်တဝန်းမှာ ၂၀၂၃ တနှစ်လုံး အပစ်အခတ်ရပ်စဲကြောင်း ဒီဇင်ဘာလ ၃၁ ရက်မှာ စစ်ကောင်စီတပ်က ကြေညာခဲ့ပေမဲ့ လက်တွေ့မှာတော့ တိုက်ခိုက်မှုတွေ
အရှိန်မြှင့်လာပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃၊ ဇန်နဝါရီ ၂၀ အထိ နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ခဲ့ကြောင်း (ISP-Myanmar)က သတင်းထုတ်ပြန်ထားပါတယ်။

Feb 02 ။ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ ခုကို စကစ က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ တနိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ % တည်ငြိမ်အေးချမ်းတဲ့မြို့နယ် ၁၉၈ ခု၊ လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ ခုနဲ့ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ ခုရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာ/လုံအစည်းအဝေးမှာ ပြောခဲ့ပါတယ်။


စစ်အာဏာသိမ်းမှု ၂နှစ်ပြည့်တဲ့အထိ မြန်မာပြည်မှာ အရေးပေါ်အကူအညီလိုအပ်မှု မြင့်တက်နေပြီး အကူအညီပေးနိုင်တဲ့ ဝန်းကျင်အနေအထားကလည်း
ဆိုးရွားနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း အရေးပေါ်အကူအညီလိုအပ်သူ ၁၇ ဒသမ ၆ သန်းရှိနေပြီး ဒါဟာ မြန်မာပြည်လူဦးရေ စုစုပေါင်းရဲ့ ၃ပုံ၁ပုံ ဖြစ်ကြောင်း
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA)က သတင်းထုတ်ပြန်ပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေး အသိုက်အဝန်းဟာ US ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ်အကူအညီပေးရေးအစီအစဉ် စတင်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက လူဦးရေ ၄သန်းခွဲကို ဦးစားပေး ထောက်ပံ့သွားမယ်လို့လည်း ဖော်ပြပါတယ်။

Feb 01 ။ ကုလသမဂ္ဂ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ကို နော်ဝေနိုင်ငံအခြေစိုက်
ငြိမ်းချမ်းရေး သုတေသနအဖွဲ့ Peace Research Institute Oslo(PRIO)က ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းပါတယ်။

စစ်အာဏာသိမ်း၂နှစ်ပြည့်တဲ့ ယနေ့မှာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်
ဆက်လက်နေရာယူထားပြီး ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ကို ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ကြောင်း ကြေညာလိုက်တာပါ။

စစ်အာဏာသိမ်းမှု ၂နှစ် ပြည့်တဲ့ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို
မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြတာကြောင့် မြို့တွေရဲ့ လမ်းမတွေဟာ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ပါတယ်။

Jan 31 ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေမဲ့၊ တရားမဝင် အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ စကစကို
တရားဝင်အဖွဲ့အစည်းအဖြစ် လက်မခံဘဲ ငြင်းဆန်ဖို့၊ ဥပဒေနဲ့ညီတဲ့ တရားဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ထောက်ခံကြဖို့
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။

“နိုင်ငံဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေရောက်နေတယ်”ဆိုတဲ့ စကားလုံး ကာလုံအစည်းအဝေးမှာ အသုံးပြုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၅ အရ အရေးပေါ်ကာလ ၆ လထပ်တိုးပြီး နိုင်ငံ့အာဏာကို စစ်ကောင်စီက ထပ်ယူလိုက်ပါတယ်။

Jan 30 ။ ကျပ်ငွေ တန်ဖိုးဟာ ၂နှစ်အတွင်း ၅၀ % ထိ ကျဆင်းသွားပြီး ကမ္ဘာ့ကုန်စည်စျေးနှုန်း ဆက်လက်မြင့်တက် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေချိန်မှာ ယခုလို ငွေကြေးတန်ဖိုး ကျဆင်းတာကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးတခုလုံးကို ထိခိုက်စေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီး ၂နှစ်တာအတွင်း ကချင်ပြည်နယ်မှာ စကစတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပေါင်း (၁၁၂၅) ကြိမ်
ဖြစ်ခဲ့ကြောင်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

Jan 29 ။ NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့(NLD-HRDT)ရဲ့ စာရင်းတွေအရ 2023/Jan အထိ အကြောင်းမဲ့ သတ်ဖြတ်ခံရသူတွေထဲမှ လွှတ်တော်ကိုယ်စားလှယ် ၂ဦးနဲ့ NLD ပါတီဝင် ၈၄ ဦး ရှိခဲ့ပြီး ပါတီဝင် ၁၂၃၂ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ် သိမ်းဆည်းခံရသူ ၆၀၅ ဦးအထိရှိခဲ့ပြီး အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးနဲ့ ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ကြောင်း ဖော်ပြပါတယ်။


ရန်ကုန်မှာ အခုနှစ်ဆန်း ၁လအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၂၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး ၃ ယောက်အပါအဝင် ၇ ယောက် သေဆုံးကာ
၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း DVB သတင်းက ဖော်ပြပါတယ်။

Jan 28 ။ စကစ အောက်ခြေတပ်တွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး တော်လှန်ရေးသမားတွေအဖြစ် စစ်ခေါင်းဆောင်ကို စာရင်းလိမ်တင်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာပြည် ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှတ်တမ်းအရ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်းစ ကနေ ၂၀၂၂၊ ဒီဇင်ဘာအထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့တဲ့အမှု စုစုပေါင်း ၄၉၃၉ မှုရှိခဲ့ပြီး၊ ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း ၅၈၈၅ ယောက် အထိရှိခဲ့ပါတယ်။

နေပြည်တော်အပါအဝင် မြန်မာပြည်တဝန်းလုံးမှာ စက်သုံးဆီဈေးနှုန်းတွေ ပြန်မြင့်တက်လာနေပြီး 92၊ 95 နဲ့ ပရီမီယံဒီဇယ်အပါအဝင် စက်သုံးဆီဈေးတွေဟာ
အခုလ အစောပိုင်းတုန်းက နေပြည်တော်မှာ 92 ၁လီတာကို ၁၈၀၀ ကျော်၊ 95 ၁လီတာကို ၂၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ပေမဲ့ ဒီရက်ထဲမှာတော့ 92 ၁လီတာ ၂၃၂၀ ကျပ်နဲ့ 95 ၁လီတာကို ၂၄၀၅ ကျပ် အထိ ရောက်ရှိနေပါတယ်။

Jan 27 ။ ရန်ကုန်မြို့မှာ ယခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်မှု ၄၂ ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား ၁ယောက်နဲ့ အမျိုးသမီး ၃ယောက် သေဆုံးကာ မီးသတ်တပ်ဖွဲ့နဲ့
ပရဟိတအဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း DVB က သတင်းထုတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မီးလောင်မှု ၁၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၆ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရတဲ့အနက်၊ ရန်ကုန်က ၂၂၄ ကြိမ် မီးလောင်မှု ဖြစ်ပွားပြီး ၇ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသာစွာ
ဆုတ်ယုတ်သွားပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ စစ်တပ်ကလည်း နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှု ချိုးဖောက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပြောဆိုပါတယ်။

Jan 26 ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ ရုံးနေရာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်တာကြောင့် လက်ရှိမှာ ကူညီထောက်ပံ့မှု လုပ်ငန်းတွေ ရပ်နားထားရကြောင်း ကော်မတီဝင်တွေက ပြောပါတယ်။ ကော်မတီ အဖွဲ့ဝင်တွေအားလုံး ဒဏ်ရာရခဲ့တာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်ပြီး ဆေးကုသမှုခံယူနေရပါတယ်။


ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စကစရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်တွေ ပြဋ္ဌာန်းလိုက်ရာမှာ
ပါတီအသစ် ထူထောင်ချင်ရင် မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်အပ်ငွေ သိန်း ၁ထောင်ရှိရမှာဖြစ်ပြီး၊ ပါတီထူထောင်တဲ့နေ့ကနေ ၃လအတွင်း ပါတီဝင် အင်အား ၁သိန်း စည်းရုံးနိုင်ရမယ်လို့ ပါရှိပါတယ်။ မတရားအသင်း ကြေညာခံထားရသူတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေဟာ ပါတီတည်ထောင်ခွင့် မရှိကြောင်းလည်း ကြေညာတာကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များစွာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဟာ ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။

Jan 25 ။ ရန်ကုန်-ပုဂံ အမြန်ရထားကို Jan 23 နေ့ကစပြီး အစုန်အဆန် နေ့စဥ်ပြေးဆွဲပေးသွားမယ်လို့ ကြေညာခဲ့ပေမဲ့ စီးမယ့်သူ မရှိတာကြောင့် ၁ပတ် ၁ရက်သာ ပြေးဆွဲတော့မှာဖြစ်ကြောင်း မီးရထားဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

၂၀၂၃ မှာ မြန်မာပြည်က လူ ၃ယောက်မှာ ၁ယောက်နီးပါး၊ ဒါမှမဟုတ် လူ ၁၇ ဒသမ ၆ သန်း အတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်မယ်လို့
ကုလသမဂ္ဂက ခန့်မှန်းပြောဆိုပါတယ်။ ဒါဟာ ၂၀၂၁ ကထက် လူဦးရေ ၁သန်းပိုပြီး အကူအညီလိုအပ်လာတာလို့ ဆိုပါတယ်။ အကူအညီလိုအပ်နေသူတွေထဲ
အမျိုးသမီး ၅၂ %၊ ကလေးသူငယ် ၃၂ % နဲ့ မသန်စွမ်းသူ ၁၃ % ရှိပါတယ်။

Jan 24 ။ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၂ ခုနှစ်အတွင်း ကုမ္ပဏီပေါင်း ၅,၀၀၀ ကျော်ကို
နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်ခဲ့လို့ဆိုပြီး ကုမ္ပဏီ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ ဇွဲကပင်တောင်ကို ခရီးသွားလည်ပတ်သူ ဦးရေများစွာ ကျဆင်းသွားပြီး
ဇွဲကပင်တောင်ကို အမှီပြုဈေးရောင်းနေသူတွေလည်း ဒေသထွက် ရိုးရာအစားအစာနဲ့ အဝတ်ထည်၊ အသုံးဆောင်ပစ္စည်းတွေ မရောင်းရတော့တာကြောင့်
ဆိုင်ခန်းတွေ ပိတ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်သွားရောက်လုပ်ကိုင်ရတာတွေ ဖြစ်နေပါတယ်။

Jan 23 ။ ချိုင်းနားနှစ်သစ်ကူးပွဲတော်ကို စကစဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ပြီး ချိုင်းနားဟာ မြန်မာအတွက် အရေးကြီးတဲ့
အိမ်နီးချင်းကောင်းဖြစ်သလို မြန်မာဟာလည်း ချိုင်းနားအတွက် စိတ်ချရတဲ့ အိမ်နီးချင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သံတမန်ရေးအရရောလက်နက်ကိုင်နည်းလမ်းနဲ့ပါ စစ်ကောင်စီကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချိုင်းနားဟာ အိမ်နီးချင်းကောင်း ပီသကြောင်း သဝဏ်လွှာပို့ပြီး ချီးကျူးလိုက်တာကြောင့် ချိုင်းနားကို ချီးကျူးစကားတွေ အပြိုင်အဆိုင်ပြောဆိုခဲ့ကြပါတယ်။


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ မြို့တွင်းတိုက်ပွဲတွေဖြစ်နေပြီး စကစရဲ့ စစ်ထောက်လှမ်းရေးရုံး(စရဖ)၊ ထွေအုပ်ရုံးနဲ့ လ၀ကရုံးတွေကို KNLA နဲ့
တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

Jan 22 ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် NUG ရဲ့ ၂၀၂၃ စီမံကိန်းတွေထဲက ပထမဆုံး စီမံကိန်းအနေနဲ့
အခန်းပေါင်း ၈၅၀ ပါတဲ့ ရဲရင့်နွေဦးကွန်ဒိုကို မနေ့က စတင်ရောင်းချရာမှာ နာရီပိုင်းအတွင်း အခန်းအားလုံး ရောင်းကုန်ခဲ့ကြောင်း NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းရှိတဲ့
ကက်သလစ်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းမိကြောင်းနဲ့၊ ဒီဘုရားကျောင်းဟာ မြန်မာပြည်မှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ် ဘုရားကျောင်း ဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။

Jan 21 ။ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်စိပ် လုပ်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။


စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၃၊ ဇန်နဝါရီ ၂၀ ထိ ၂နှစ်နီးပါးအတွင်း မြန်မာပြည်တဝန်း မှာ ဘာသာရေး အဆောက်အအုံ
၁၆၃ ခု ဖျက်ဆီးခံခဲ့ရကြောင်း RFA က စာရင်းပြုစုဖော်ပြပါတယ်။

Jan 20 ။ “ထိုင်း-မြန်မာ ရှိရင်းစွဲ မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ထိုင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်”လို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီဆာဝပ်ဒီက ရခိုင်ပြည်နယ်၊ သံတွဲ၊ ငပလီကမ်းခြေ Pristine Mermaid Resort မှာ ကျင်းပတဲ့(၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ ပြောပါတယ်။

ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်စောင့်ကြည့်နေတဲ့ မြန်မာစစ်တပ်ရဲ့ ငွေလွှဲစနစ်တွေကနေ ကင်းလွတ်အောင် ဟွန်ဒီ ငွေလွှဲစနစ်ကို မြန်မာပြည်မှာ
တွင်ကျယ်စွာ ပြန်လည် အသုံးပြုလာကြကြောင်း လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

Jan 19 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ ပြန်ထွက်ခွာမှု၊ စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးမှု၊ မလုံခြုံမှုတွေကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ရရာအလုပ် လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြရာ ထိုင်းနိုင်ငံကို ထွက်ခွာသူ အများဆုံးဖြစ်ပြီး ၂နှစ်နီးပါးအတွင်း ထိုင်းနိုင်ငံကို ထွက်တဲ့ အလုပ်သမား ၄သိန်းကျော်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ရန်ကုန်စတော့ဈေးကွက် ရှယ်ယာအရောင်းအဝယ်အခြေအနေဟာ နေ့စဉ် အရောင်းအဝယ်တွေရှိပြီး ၂၀၂၁ ကာလနဲ့ယှဉ်ရင် ၂၅ % တိုးတက်မှု ရှိလာပေမဲ့
စစ်အာဏာ မသိမ်းခင်ကရှိခဲ့တဲ့ အရင်အခြေအနေကိုတော့ မရောက်သေးဘူးလို့ စတော့ဈေးကွက်စောင့်ကြည့်သူ သုတေသီတွေက ပြောပါ တယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မတိုင်ခင်က ရန်ကုန်စတော့ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးဟာ နေ့စဉ် ကျပ် သန်း ၁၀၀ ကျော် ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနောက်ဆက်တွဲကြောင့် စတော့ဈေးကွက်ဟာ အေးသွားခဲ့ပြီး ကျဆင်းလာပါတယ်။

Jan 18 ။ ဒီပဲယင်းမြို့နယ်မှာ ၂လအတွင်း နေအိမ်ပေါင်း ၃၅၁၄ လုံးနဲ့ ဘုန်းကြီးကျောင်း ၅ကျောင်း အပါအဝင် ဈေးဆိုင်ခန်း ၂၄ ခန်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့က ပြောပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံနေကြရတဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေအပြင်
သေဒဏ်တွေပါ ချမှတ်လာကြောင်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

Jan 17 ။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီတပ်ကို လေကြောင်းတိုက်ခိုက်မှုအတွက် လေပိုင်နက်အသုံးပြုခွင့် မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် Camp Victoria ကို Jan ၁၀ ရက်နဲ့ ၁၁ ရက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်ကိုအသုံးပြုခဲ့ကြောင်း NUG က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က ကြားကာလပညာရေး ကျောင်းပေါင်း ၉၅ ခုကို ရက်အကန့်အသတ်မရှိ
ပိတ်ထားလိုက်ရပါတယ်၊၊

Jan 16 ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက Jan ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းရှိတဲ့ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော မယ်တော်သခင်မ” ဘုရားကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။