မြန်မာပြည်သတင်း ဒိုင်ယာရီ October 2023

သင့်အေးရိပ်November 1, 202310min9440


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Oct 18 ။ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်းက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းကြိုတင်မှာယူမှုတွေကြောင့် အခန်းအားလုံး ပြည့်နေပြီဖြစ်ကြောင်း
ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)က ပြောပါတယ်။


မြန်မာပြည်က ထွက်ရှိတဲ့ ထောပတ်သီးတွေကို ထိုင်းနဲ့ ဘာရိန်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေဆီက
သိရပါတယ်။ မြန်မာပြည်မှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြပါတယ်။

Oct 17 ။ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းမြန်မာစစ်တပ်ကို ရှုတ်ချကြောင်း
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ စကစဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး
အဲဒီလုပ်ငန်းဟာ အကြီးဆုံး ငွေဝင်လမ်းတွေထဲက တခုဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကို မဖြိုခွဲတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စကစ လက်အောက်ခံ
နယ်ခြားစောင့်တပ်တွေက ရာဇဝတ်မှုလုပ်ငန်းတွေကို ကျူးလွန်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၂၃၊ ကိုးလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားကြောင်း စစ်ကောင်စီဘက်က ပြောပေမယ့် ဒါဟာ လက်တွေ့ဖြစ်နေတဲ့
ပြဿနာတွေရဲ့ ငါးပုံတပုံခန့်သာ ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

Oct 16 ။ စစ်ကိုင်းတိုင်းဟာ နေ့တိုင်းနီးပါး လက်နက်ကိုင် တိုက်ပွဲတွေရှိနေပြီး၊ စစ်ကောင်စီကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုတွေ ယခု အောက်တိုဘာ
လဆန်းကစ ပြန်များလာပါတယ်။ ကနီ၊ မင်းကင်း၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး၊ ခင်ဦး၊ ရေဦးနဲ့ ချောင်းဦး စတဲ့မြို့နယ်တွေမှာ ဒေသခံတွေ ရာနဲ့ချီပါဝင်နေကြတာလို့
သပိတ်အင်အားစုတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က အထည်ချုပ်အလုပ်သမားတယောက်အနေနဲ့ အနိမ့်ဆုံးလုပ်ခ လစာ တရက်ကို ကျပ် ၄၈၀၀ ရခဲ့ပြီး၊ အခုလည်း ၄၈၀၀ ကျပ်ပဲရတဲ့အတွက်
ဖောင်းပွလာတဲ့ငွေတန်ဖိုးနဲ့ ကုန်စျေးနှုန်းမြင့်တာတွေကြောင့် အသက်ရှင်ရေးအတွက် မနည်းကြိုးစားနေရကြောင်း အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂ဝ၊ အောက်တိုဘာလဆန်းပိုင်းက
US တဒေါ်လာကို မြန်မာငွေ ၁၃၂၀ ကျပ်ရှိခဲ့ပြီး ၃နှစ် အကြာ အခု အောက်တိုဘာလ ဒုတိယပတ်ထဲမှာတော့ ၁ဒေါ်လာကို ၃၃၁၀ ကျပ် ရှိနေတာကြောင့် US ဒေါ်လာနဲ့တွက်ရင် အရင်က
တရက် လုပ်အားခ ၃ဒေါ်လာခွဲ ရတဲ့ အလုပ်သမားတွေဟာ အခုတော့ ၁ဒေါ်လာခွဲပဲ ရပါတော့တယ်။

Oct 15 ။ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတာကြောင့် ပြည်သူ့စစ်အဖွဲ့တွေကို
လက်နက်တပ်ဆင်ဖွဲ့စည်းတာ ပိုများလာကြောင်း စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာပြင် ဖွင့်နေရတဲ့ စစ်ကောင်စီအနေနဲ့ လိုအပ်တဲ့
တိုက်ခိုက်ရေးအင်အားအတွက် ပြည်သူ့စစ်တွေကို အသုံးပြုလာပေမယ့် စစ်ရေးစွမ်းရည်မှာ ထင်သလောက် အလုပ်မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ တော်လှန်ရေးကို အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။
KNU အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အတွက် တက်ကြွစွာ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီဟာ အဲဒီသဘောတူညီမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို
ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက် NCA သဘောတူညီချက်စာချုပ် လုံးဝမရှိတော့ဘူးလို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ ကာလကတည်းကစ‌ပြီး မကျင်းပတော့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရဲ့ ဖောင်တော်ဦးဘုရားပွဲကို
ဒီနေ့မှာ စတင်ကျင်းပနေပါတယ်။

Oct 14 ။ စစ်အာဏာသိမ်းကတည်းက NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိတဲ့အပြင် အခြေခံမူတွေကို ချိုးဖျက်ခဲ့ပြီးမှ
အောက်တိုဘာလ ၁၅ ရက်မှာ NCA လက်မှတ်ထိုးတဲ့ ရှစ်နှစ်ပြည့်လုပ်မယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက
ပြောပါတယ်။ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ ပါဝင်ဆွေးနွေးမှာ
မဟုတ်ဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က
ပူးတွဲ ထုတ်ပြန်ထားပါတယ်။

Oct 13 ။ ပြည်ပရောက် မြန်မာတွေအနေနဲ့ ဝင်ငွေတွေကို ဘဏ်ကတဆင့် မြန်မာပြည်ပြန်လွှဲမယ်ဆိုရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ သင်္ဘောသား အပါအဝင် ပြည်ပမှာ ပုံမှန်ဝင်ငွေ ရနေသူတွေဟာ တနှစ်အတွင်း US ဒေါ်လာ ၂သိန်းနဲ့အထက်
ငွေလွှဲခဲ့ရင် အဲဒီငွေရဲ့ 5 % ဖြစ်တဲ့ ဒေါ်လာ တသောင်းတန် လျှပ်စစ်ယာဉ် (EV) တစီး တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။ အလားတူပဲ
အခြားဝင်ငွေ ရသူတွေအနေနဲ့ တနှစ်ကို ဒေါ်လာ ၅သောင်းနဲ့အထက် ငွေလွှဲပေးရင် ဒေါ်လာ ၂၅၀၀ တန် လျှပ်စစ်ယာဉ်တစ်စီး တင်သွင်းခွင့်ပေးမယ်လို့ ရေးထားတာပါ။ ဒါဟာ
လက်ရှိဒေါ်လာဈေး ၃၃၀၀ ကျပ်နဲ့တွက်ရင် မြန်မာငွေ ၈၂ သိန်းကျော်ကနေ သိန်း ၃၃၀ ကျော်ရှိတဲ့ လျှပ်စစ်ယာဉ်တွေ တင်သွင်းခွင့်ရမယ်လို့ ဆိုတာပါ။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပြတွေကို ပုံမှန်အခြေအနေမျိုးရအောင် စစ်ကောင်စီက ဖန်တီးနေပြီး နိုက်ကလပ်၊ ဘားတွေနဲ့အတူ အခုတစ်ဖန် လူငယ်တွေ
ကြိုက်နှစ်သက်တဲ့ EDM လို့ ခေါ်တဲ့ အီလက်ထရောနစ်ဂီတ ကပွဲတွေကို ကျင်းပခွင့်ပြုနေပါတယ်။ အခု သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် EDM ပွဲတွေကို ဖျော်ဖြေရေးကုမ္ပဏီတွေက
အွန်လိုင်းကနေတဆင့် ကြော်ငြာနေပြီး လက်မှတ်ရောင်းချနေပါတယ်။

Oct 12 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်မှာရှိတဲ့ မြန်မာဘီယာထုတ် စက်ရုံကို ယနေ့ညပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း
ရန်ကုန်အခြေစိုက် URBAN SPECIAL OPERATION(U.S.O)အဖွဲ့က RFA ကို ပြောပါတယ်။ စကစရဲ့ စီးပွားရေးထောက်တိုင် တခုဖြစ်တဲ့ မြန်မာဘီယာထုတ်ကုန်တွေကို
စျေးဆိုင်တွေမှာ ဖိအားပေးရောင်းချခိုင်းတာတွေ ရှိနေတာကြောင့် စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာလို့ USO က ပြောပါတယ်။

မြန်မာပြည်မှာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၈,၀၀၀ နီးပါး တိုးလာကြောင်း ကုလသမဂ္ဂ
လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA- Myanmar)က သတင်းထုတ်ပြန်ပါတယ်။

Oct 11 ။ မြန်မာပြည်ရဲ့ နျူးကလီးယားအခြေခံ အဆောက်အအုံတွေ တိုးတက်ဖြစ်ထွန်းရေးအတွက် သဘောတူလက်မှတ် ရေးထိုးပြီးပြီလို့ ရုရှားအစိုးရပိုင် အဏုမြူကော်ပိုရေးရှင်း
Rosatom က ကြေညာကြောင်း မော်စကိုအခြေစိုက် Interfax သတင်းက ဒီနေ့ဖော်ပြပါတယ်။ မြန်မာစစ်ခေါင်းဆောင်ရဲ့ ၂၀၂၂ ဇူလိုင် ဒုတိယအကြိမ် ရုရှားခရီးစဉ်ကစပြီး အခု
၂၀၂၃ အောက်တိုဘာအထိ ၁၅ လအတွင်းမှာ နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးတာ၊ ရန်ကုန်မှာ နျူကလီးယားနည်းပညာ
သတင်းအချက်အလက်စင်တာ ဖွင့်တာ၊ နှစ်ဘက် အစိုးရတွေကြား နျူကလီးယားနည်းပညာ နယ်ပယ် ၁၄ ခုမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိတာနဲ့ အခုနောက်ဆုံး
ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်မှုတွေကို အပြီးသတ်လုပ်ဆောင်ပြီး လက်တွေ့တည်ဆောက်ဖို့ ပြင်ဆင်တာတွေအထိ တဆင့်ပြီးတဆင့် တိုးမြှင့်လုပ်ဆောင်လာတာ
ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် ရုရှားစွမ်းအင်အရာရှိတွေနဲ့ မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေ ယနေ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ
ဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပြီး အသေးစိတ်ကိုတော့ မထုတ်ဖော်ပါဘူး။ မြန်မာစစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ ‌ရေနံထွက်ပစ္စည်းတွေ ဝယ်ယူနေပြီး
ကျသင့်ငွေကို ရုရှားရူဘယ်ငွေနဲ့ ပေးချေနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Oct 10 ။ ရှမ်းပြည်နယ်မြောက်ပိုင်း ‘ဝ’ နဲ့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ ချိုင်းနားနိုင်ငံသား ၂,၃၀၀ ကျော်ကို ဖမ်းဆီးပြန်ပို့ခဲ့ပေမဲ့
ချိုင်းနားနယ်စပ်အနီးက မူဆယ်မြို့နဲ့ ထိုင်း-မြန်မာ နယ်စပ်အနီး တာချီလိတ်မြို့မှာ ငွေလိမ်ဂိုဏ်းတွေ ကြီးထွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာပြည်မှာ ၂၀၂၃၊ ဇန်နဝါရီကနေ စက်တင်ဘာအထိ ၉ လ အတွင်း ယာဥ်တိုက်မှုကြောင့် လူဦးရေ ၂ထောင်နီးပါး(၁,၈၆၄ ဦး) သေဆုံးခဲ့ကြောင်း
စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန စာရင်းမှာဖော်ပြထားပါတယ်။ ဒီစာရင်းတွေဟာ တိုင်းနဲ့ ပြည်နယ် အားလုံးအပြင် ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီးမှာဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှု အားလုံးကို အခြေခံထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ယခုနှစ် အောက်တိုဘာ ၁ ရက်အထိ ၂နှစ်ခွဲကျော် အတွင်း စစ်ကောင်စီတပ် ကြောင့် တနိုင်ငံလုံးမှာ အသက်မပြည့်တဲ့ ကလေးများ အပါအဝင်
ချင်းလူမျိုး ၅၂၈ ဦး သေဆုံးခဲ့ရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က သတင်းထုတ်ပြန်ပါတယ်။

Oct 09 ။ ရန်ကုန်ကနေ ကော့သောင်းကိုအသွား လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ စုစုပေါင်း တဦးကို တသိန်းခွဲခန့်အထိ
ငွေတောင်းနေပြီး စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှတ်ပုံတင် ကိုင်ဆောင်သူဆိုရင် ပိုပြီးတင်းကျပ်စွာ စစ်ဆေးသလို ငွေပိုတောင်းနေကြောင်း ဒေသခံတွေကပြောပါတယ်။

ရန်ကုန်-ကော့သောင်း လမ်းတလျှောက် စကစတပ်ဂိတ် အနည်းဆုံး သုံးဆယ်ခန့်ရှိပြီး ခရီးသွားပြည်သူတွေကို ငွေကြေး တောင်းခံနေတဲ့အအပြင် တနင်္သာရီမြို့နယ်၊
ပုလောမြို့နယ်နဲ့ ထားဝယ်မြို့နယ် ထဲကရွာတွေကိုလည်း ဆန် အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားကြောင်း
ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းမှာ မိုးရွာသွန်းမှုများပြီး ပဲခူးမြစ်ရေကြီးတာကြောင့် အောက်တိုဘာ ၈ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ပဲခူးမြို့ပေါ်က
ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရေဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၃၀ ကျော်မှာ နေရာချပေးထားတယ်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ပဲခူးတိုင်းအပြင်၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်၊
ကျိုက်ထိုမြို့နယ်တွေမှာပါ မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ရှိခဲ့ပါတယ်။

Oct 08 ။ ၂၀၂၂၊ ဖေဖော်ဝါရီကနေ ၂၀၂၃ စက်တင်ဘာအထိ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ အဖမ်းခံရသူ ၁၃၁၆ ဦးထိ ရှိကြောင်း Data for Myanmar အဖွဲ့က
ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့ပါဝင်ပါတယ်။ စစ်ကောင်စီကတော့
နိုင်ငံတကာပြဋ္ဌာန်းချက်တွေကို အလေးမထားတဲ့အပြင် တဖက်မှာလည်း ကန့်သတ်ထား တဲ့ ဝက်ဘ်ဆိုက်တွေ၊ application တွေကိုကျော်ပြီး ကြည့်နိုင်တဲ့ VPN (Virtual Private Network)
နည်းပညာကို ခွင့်ပြုချက်မရှိဘဲ သုံးရင် ထောင်ဒဏ် ၃နှစ်ထိ ချနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

Oct 07 ။ စစ်ကောင်စီတပ်မှာ တပ်သားသစ်တွေ အလုအယက်ရှာဖွေ စုဆောင်းနေတာကြောင့် တပ်သားသစ် အရောင်းအဝယ် ဈေးကွက်ကြီးတခု ဖြစ်နေကြောင်း
CDM တပ်သားတွေက ပြောပါတယ်။ စစ်သားစုဆောင်းရေးတပ်တွေကို တပ်သားသစ်တယောက် ရရှိရင် ကျပ် သိန်း ၃၀ အထိရမယ်လို့ မက်လုံးပေးထုတ်ပြန်ထားပေမဲ့
ဝင်မယ့်သူမရှိဘဲ အခက်အခဲ ဖြစ်နေကြောင်း စစ်သားစုဆောင်းရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပတ်စ်ပို့ ပုံမှန်အတိုင်း လျှောက်မယ်ဆိုရင် အချိန် ၄ လလောက် ကြာနိုင်ပေမဲ့ အမြန်ကြေးပေးပြီး လုပ်မယ်ဆိုရင် ကျပ် ၅ သိန်းခွဲလောက်အထိ
ပေါက်ဈေးရှိကြောင်း ကိုယ်တိုင်ကြုံရသူတွေနဲ့ ပတ်စ်ပို့ ပွဲစားတွေထံက သိရပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာတဲ့အထိ ပြည်တွင်းမှာ နိုင်ငံရေး မငြိမ်သက်တာ၊ အလုပ်အကိုင်
ရှားပါးတာတွေကြောင့် ပြည်ပထွက်သူတွေများပြီး ပတ်စ်ပို့ မှောင်ခိုဈေးကွက်လည်း ပိုကျယ်ပြန့်လာပါတယ်။

Oct 06 ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကြာလာချိန် ရန်ကုန်က ရဲစခန်းတွေမှာ တာဝန်ကျနေတဲ့ ရဲတွေအနေနဲ့ စိုးရိမ်ကြောက်လန့်စိတ်ဖြစ်နေပြီး အဖွဲ့အစည်းအတွင်းမှာလည်း
မညီမညွတ်တွေဖြစ်နေကြောင်း သိရပါတယ်။ လက်ရှိ ရန်ကုန်က ရဲစခန်းတချို့မှာ ရဲတွေ မလုံလောက်တာ၊ အချင်းချင်းစည်းလုံးမှု မရှိတာတွေကြောင့် ခရိုင်နဲ့ တိုင်းမှူးတွေ ကိုယ်တိုင်
စခန်းတွေဆီ လာရောက်ပြီး စည်းရုံးရေးဆင်းနေရကြောင်း ရဲနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ကြက်ဥတလုံး ၁,၅၀၀ ကျပ်၊ ဆန်ကြမ်းတအိတ် ၄ သိန်းကျပ်အထိ အမြင့်ဆုံးဈေးနှုန်းနဲ့ ဒေသခံတွေ
ပေးဝယ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်၊၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် မော်ချီးဒေသမှာ ခဲလုပ်ငန်းကိုသာ အဓိက
အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စားသောက်နေရပြီး လက်ရှိ မိုးရာသီကာလမှာ အလုပ်လည်း ရပ်နားထားရပါတယ်။ အခုလို အခြေခံစားသောက်ကုန်တွေ ဈေးတက်တာဟာ
စားနပ်ရိက္ခာပို့ လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာနဲ့ စစ်ဆေးရေး တင်းကျပ်ပြီး ဖြတ်လေးဖြတ် စစ်ဆင်ရေး လုပ်နေတာကြောင့် ဖြစ်တယ်လို့လည်း ကရင်နီ
ဒေသခံတွေက ပြောပါတယ်။

Oct 05 ။ ၂၀၂၃ အတွင်း မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်ဟာ ၃ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားကြောင်း Research And Markets သုတေသန စစ်တမ်းက
ဖော်ပြပါတယ်။ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် စံချိန်တင်ငွေကြေးဖောင်းပွ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့်
တခြားစီးပွားရေး လုပ်ငန်းတွေနည်းတူ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Oct 04 ။ မြန်မာ့အကျပ်အတည်းကို အပြည့်အဝဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာစေဖို့ ဖြစ်ကြောင်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး
မြန်မာနိုင်ငံသားတွေအပေါ် တာဝန်မပျက်ကွက်စေရေးနဲ့ မြန်မာပြည်သူပြည်သားတွေကို ချန်လှပ်မထားခဲ့စေရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို
တိုက်တွန်းလိုက်တာပါ။

စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူကို ရန်သူသဖွယ် အင်အားသုံး တိုက်ခိုက်တာတွေကြောင့် သိသာထင်ရှားတဲ့ အရပ်သား သေကျေမှုတွေ ဖြစ်လာတာလို့
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR- Myanmar) ရဲ့ အကြီးအကဲ ဂျိမ်းစ်ရိုဒီဟာဗာက ပြောပါတယ်။ အာဏာသိမ်းစကနေ ၂ဝ၂၃၊ ဇူလိုင်လကုန်အထိ
စစ်တပ်က လူပေါင်း ၃၈၅၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Oct 03 ။ မြန်မာလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေကြောင်း
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊
အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြန်မာပြည်ရဲ့ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ပိုမိုဆိုးရွား စေတယ်လို့လည်း
ဆိုပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း/စစ်ကြောင်းတွေကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် ၁၆ ကြိမ်ပေးပို့ခဲ့ပြီး
ငွေကြေးပမာဏအားဖြင့် စုစုပေါင်းခန့်မှန်းခြေ US ဒေါ်လာ ၁၅ ဒသမ ၇ သန်း နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။ NUG အစိုးရ ဖွဲ့စည်းတဲ့
၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စု ဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်း အဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့
ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောထားပါတယ်။

Oct 02 ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသောင်းကျော် တိုးလာကြောင်း
ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA- Myanmar)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ
နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၇ သန်းနီးပါး ရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူ ၂သန်းနီးပါး ရှိလာတာဖြစ်ပါတယ်။

မြန်မာလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ
လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး(UNOCHA)က ပြောပါတယ်။ ဒါ့အပြင် ပေါက်ကွဲစေတတ်သောပစ္စည်းတွေရဲ့ အရပ်သားတွေအပေါ်ခြိမ်းခြောက်မှုက ပျံ့နှံ့လာနေပြီး
နောက်ဆုံးရသတင်းအချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်ကလွဲပြီးတော့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း တွေအားလုံးမှာ ဖြစ်ပေါ်နေတာကို
ပထမဆုံးအကြိမ်အဖြစ် သိရှိရကြောင်း UNOCHA က ပြောပါတယ်။

Oct 01 ။ မြန်မာပြည်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အရင်ကတည်းက ကျင်လည်လှုပ်ရှားနေခဲ့ပေမဲ့ ၂၀၂၁၊ စစ်အာဏာသိမ်းပြီးချိန်က စ
ပိုဆိုးဝါးလာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြုစုတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။ ဒီအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှဒေသက
ကာစီနိုလောင်းကစားရုံတွေနဲ့ အွန်လိုင်းလောင်းကစားက အစပျိုးလာတာလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိ ခန့်မှန်းလူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက
ခန့်မှန်း ထုတ်ပြန်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ နောက်ဆုံးကောက်ယူခဲ့တဲ့
သန်းခေါင်စာရင်းက ၁၉၈၃ က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဖြစ်ပြီး ၂၀၁၄ မှာ တနိုင်ငံလုံအတိုင်းအတာနဲ့ ပြန်လည်ကောက်ယူခဲ့ရာ ၂၀၁၄၊ မတ်လ ၂၉ ရက်ညအထိ
မြန်မာပြည်ရဲ့ လူဦးရေမှာ ၅၁,၄၈၆,၂၅၃ ဦး ရှိပါတယ်။

Sep 30 ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသွားပြည်သူတွေ နိုင်ငံခြားကအပြန် ဝယ်ယူလာတဲ့ iPhone 15 ၊15 Pro၊15 Pro max စတဲ့ ဖုန်းအသစ်တွေကို
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သိမ်းဆည်းပြီး ငွေညှစ် ပြန်လည်ရွေးယူခိုင်းကာ အကျင့်ပျက် လာဘ်စားနေကြကြောင်း လေဆိပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်လေဆိပ်မှာ အဖွဲ့အစည်းရှိတဲ့ထဲ စစ်ကောင်စီတပ်နဲ့ အကောက်ခွန်ဦးစီးဌာနက ပိုမိုပညာပြပြီး ဖုန်းတွေကို သိမ်းဆည်းကာ အကောက်ခွန်(ကာကွယ်ရေး)ဌာနကို လာရောက်
ရွေးယူခိုင်းတယ်လို့ သိမ်းဆည်းခံရသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၃၊ ဇန်နဝါရီက စတင်ကာ ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့ ကုန်စည်တွေကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39” ကို စစ်ကောင်စီက
ဖွဲ့စည်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ပိုမိုဖောက်ဖျက်လာပြီး မှတ်တိုင်မှာ အချိန်မြင့်စွာ ရပ်တန့်တာတွေ ပိုလုပ်လာကြောင်း
ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ လက်ရှိ ရန်ကုန်မှာ YBS ယာဉ်လိုင်း ၁၀၀ ကျော်၊ ယာဉ်စီးရေ ၃,၀၀၀ ကျော်၊ နေ့စဉ်စီးနင်းတဲ့ ခရီးသည်အရေအတွက် ၁ သန်းကျော်အထိ ရှိတယ်လို့
YRTC ရဲ့ စာရင်းတွေအရ သိရပါတယ်။

Sep 29 ။ တော်လှန်ရေးအင်အားစုတွေက နိုင်ငံရဲ့ ၆၀ % အထိ ထိန်းချုပ်ထားနိုင်ပြီး အာဏသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရဲ့ ၁၇ % ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက Bloomberg သတင်းဌာနကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကို
စတင်ခဲ့တာ ၂နှစ်ကျော်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ရလဒ်ကောင်းတွေ ရနေပြီး ခုဆိုရင်
စစ်ကောင်စီဌာနချုပ်တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ
မြန်မာပြည်တဝန်းက စစ်ကောင်စီတပ်စခန်း ၁ဝဝ ထက်မနည်း သိမ်းယူနိုင်ခဲ့ပြီး မြန်မာစစ်တပ်ကနေ ဘက်ပြောင်းလာသူ တပ်မတော်သား ၁၄,ဝဝဝ လောက်ကိုလည်း အကူအညီပေးခဲ့ကြောင်း
ပြောပါတယ်။

အာဏာသိမ်းကာလမှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဘာသာရေးအဆောက်အအုံများ အပါအဝင် နေအိမ်၊ အဆောက်အအုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း
လွတ်လပ်တဲ့ သုတေသနအဖွဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု(ISP-Myanmar)က သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ကို ၂၀၂၃ အတွက် ငြိမ်းချမ်းရေး
နိုဘယ်လ်ဆု နောက်ဆုံးဆန်ခါတင်စာရင်းမှာ နော်ဝေအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့(PRIO) ဒါရိုက်တာအဖွဲ့က ထည့်သွင်း ကြေညာလိုက်ပါတယ်။

Sep 28 ။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေကို ဆီကုန်သည်များအသင်းက စားအုန်းဆီ တပိဿာ ကျပ် ၄,၄၀၀ နဲ့ လိုက်လံရောင်းချပေနေရာ အဆိုပါ စာအုန်းဆီရောင်းချတဲ့ နေရာတွေမှာ
ဆီဝယ်ယူဖို့ တန်းစီရင်း ခိုက်ရန်ဖြစ်ပွားမှုတွေ နေ့စဥ်ဖြစ်ပေါ်နေကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။ စာအုန်းဆီဝယ်ယူဖို့ လာရောက်တန်းစီသူတွေထဲက တချို့ကတော့ တပိဿာကို
ကျပ် ၈,၀၀၀ နဲ့ အပြင်ဆိုင်တွေကို ပြန်လည်ရောင်းချတဲ့သူတချို့လည်း ပါဝင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားအုန်းဆီဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး ပြင်ပဈေးကွက်မှာ စားအုန်းဆီ
တပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကြား ရှိနေပါတယ်။

၂၀၂၃- ၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ငါးလကျော်ကာလအတွင်း ပြည်ပကို စက်မှုကုန်ချော တင်ပို့မှုကနေ US ဒေါ်လာ ၄ ဒသမ ၄၆၈ ဘီလီယံ
ရရှိထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။ အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိင်းယှဉ်ရင် US ဒေါ်လာ ၁ ဘီလီယံ ကျော်
လျော့ကျနေပါတယ်။

Sep 27 ။ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အတွင်း ကရင်နီဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၄၅၀ ကျော် ရှိပြီး
အသက် ၁၈ နှစ်အောက် ကလေးလူငယ် ၅၀ လောက် ပါဝင်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက်
ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး လက်လှမ်း မမီတဲ့နေရာတွေ ရှိတာကြောင့် မြေပြင်မှာ ဒီထက်မက သေဆုံးမှု များနိုင်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ပြောပါတယ်။

၁၉၈၈၊ စက်တင်ဘာလ ၂၇ မှာ စတည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဟာ ဒီနေ့မှာ ၃၅ နှစ် ပြည့်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲ၊
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သောင်ပြိုကမ်းပြို လူထုထောက်ခံမှု ရခဲ့ပါတယ်။ ခေတ်အဆက်ဆက် စစ်အစိုးရများရဲ့ ဖိနှိပ်မှုတွေကို
ဒီနေ့အထိ ကြုံနေရပြီး စစ်အာဏာသိမ်းမှု ၂နှစ်ခွဲ ကျော်အတွင်းမှာ လွှတ်တော်အမတ်များ အပါအဝင် NLD ပါတီဝင် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း
NLD လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့(HRDT-NLD)က ဒီနေ့ ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတဝန်းက NLD ပါတီရုံးများ အကြိမ် ၁၆၀ ခန့်
တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး လွှတ်တော်အမတ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၃၇၃ ဦးရဲ့ အိမ်၊ ခြံ၊ မြေ စုစုပေါင်း ၃၉၀ ခု၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ မော်တော်ယာဉ် ၁၆ စီး ချိပ်ပိတ်
သိမ်းယူခံခဲ့ရကြောင်းလည်း ပြောပါတယ်။ လွှတ်တော်အမတ် ၃ဦး အပါအဝင် ပါတီဝင် ပေါင်း ၁၀၀ ကတော့ သတ်ဖြတ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ
ဖမ်းဆီးထောင်ချခံထားရပါတယ်။ “ပြည်သူရှိနေသရွေ့ NLD ပါတီ ဆက်ရှိနေဦးမှာပဲ”လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက်
အခမ်းအနားမှာ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုရွာထဲက နေအိမ်တအိမ်ကို ဒီနေ့ ညနေ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့်
နေအိမ်ထဲရှိ မိသားစုဝင် ၄ယောက် သေဆုံးပြီး ဒီမြင်ကွင်းကို မြင်တွေ့တဲ့ နောက်ထပ် မိသားစုဝင် အမျိုးသမီး ၁ယောက်လည်း နှလုံးရပ် သေဆုံးခဲ့ပါတယ်။ ကလေးမြို့နယ်
တောင်ပိုင်းကို စကစတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲများ ပြင်းထန်နေပြီး အခုလက်နက်ကြီးကတော့
စကစတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအနီးဝန်းကျင်ရှိ နေအိမ်တချို့ကိုလည်း စကစတပ်က မီးရှို့ဖျက်ဆီးတာတွေရှိနေပြီး အရပ်သားတွေလည်း တိုက်ပွဲနဲ့ လွတ်ရာကို
ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Sep 26 ။ မြန်မာပြည်မှာ ဇီဝဗေဒ အချက်အလက် မှတ်ပုံတင်စနစ် အသုံးပြုနိုင်ဖို့ စစ်ကောင်စီက ချိုင်းနားပြည်ကနေ အကူညီရယူတဲ့ စီမံကိန်းတခု လုပ်နေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်း လူ့အခွင့်အရေး ကန့်သတ်ချုပ်ခြယ်ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။ စစ်ဘေးဒုက္ခတွေ
ကြုံနေရတဲ့ မြန်မာပြည်မှာ တနိုင်ငံလုံးအနှံ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေပြီး လူတယောက်ချင်းစီရဲ့ အထောက်အထားအချက်အလက်တွေကို ကွန်ပျူတာသုံး
ဇီဝဗေဒအထောက်အထား မှတ်ပုံတင်စနစ်နဲ့ မှတ်တမ်းယူ စာရင်းပြုစုသွားနိုင်ရေး ချိုင်းနားရဲ့ အကူအညီရယူဖို့ စကစ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင် ဘေဂျင်းကို
သွားရောက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အလှည့်ကျ မီးပေးစနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဝေပေးနေကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာထားပေမဲ့
လျှပ်စစ်မီး ပုံမှန် မရတာကြောင့် နေ့စဉ်လူမှုဘဝ အခက်အခဲများစွာ ကြုံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။ မကြာမခဏ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် မီးစက်သုံးပြီး
လုပ်ကိုင်နေရတဲ့ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေဟာ ဆီဖိုး၊ မီတာခတွေ ကုန်ကျစရိတ် ပိုများလာတဲ့အပြင် ရန်ကုန် တိုက်ခန်းတွေမှာ နေကြတဲ့ မိသားစုတွေဟာ
မီးပုံမှန် မလာတဲ့အခါ ကျန်းမာရေးနဲ့ စားသောက်ရေး အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ ကြုံရကြောင်း ပြောဆိုကြပါတယ်။

Sep 25 ။ မသမာမှုတွေနဲ့ စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။ သူ့ရဲ့ဖွဲ့စည်းပုံကို မကြာခဏပြောင်းလဲလေ့ရှိတဲ့ စကစဟာ မကြာသေးခင် ဩဂုတ်လဆန်းကမှ
သူ့အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားခဲ့တာပါ။

ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ တိုက်ကြီးနဲ့ လှည်းကူးတို့မှာ ငလျင်တွေ ခပ်စိတ်စိတ် လှုပ်ခတ်လာတာကြောင့် ပြည်သူတွေ စိတ်မလုံခြုံမှု ဖြစ်နေပြီး နောက်ဆက်တွဲငလျင်တွေ
လာမှာကို စိုးရိမ်နေကြပါတယ်။ ယနေ့မနက်က အင်အား ရစ်ချ်တာစကေး ၄ ဒသမ ဝ အဆင့်ရှိ မြေငလျင်တခု ရန်ကုန်၊ မှော်ဘီမြို့နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်သွားပါတယ်။

မောင်းသူမဲ့ယာဉ် ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာအနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေကြောင်း စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊
ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ချိုင်းနားမှာကျင်းပတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံအတွင်း ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်
နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေဘက်မှာ ဒရုန်းနည်းပညာအသုံးပြုမှု အားသာလာနေကြောင်း လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ
စကစ ဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

Sep 24 ။ လာမယ့် ၃ လအတွင်း ပြည်ပကို ဆန်တန်ချိန် ၆ သိန်းကျော် တင်ပို့သွားဖို့ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာ့ဆန်တွေကို ချိုင်းနား၊ ဖိလစ်ပိုင်နဲ့ ဥရောပနိုင်ငံတွေကို အဓိကထား တင်ပို့နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လူဦးရေ ၄ထောင်ကျော် မတရားသတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင်ခဲ့ကြောင်း
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။ ဒီစာရင်းဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ
အခု ၂၀၂၃ စက်တင်ဘာလ ၁၅ ရက်အထိ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။

Sep 23 ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေတွေထဲက ဆယ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်ထုတ်ပြန်တဲ့ ၂ဝ၂၃၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ အောက်တိုဘာ ၁ ရက်နေ့ကစပြီး
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတိုင်းက သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ကိုပေးရတဲ့အပြင်
နိုင်ငံသားတွေရဲ့ ရရှိထားတဲ့ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနစ်ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပြီး
အခုပြန်လည်ကောက်ခံတော့မှာဖြစ်ပါတယ်။

Sep 22 ။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့အတွက် စက်တင်ဘာ ၁၆ ရက်ကနေ ၂၂ ရက်အထိ တပတ်အတွင်း အရပ်သား ၂၀ ဦးကို
ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ နိုင်ငံတော်တည်ငြိမ်းရေးကို ပျက်ပြားအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေကို
စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ပြည်သူ
၁၉၂၆၀ ဦး ဖမ်းဆီးခံထားရပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခဲ့ကြောင်း ရုပ်အလောင်းတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက RFA ကို ပြောပါတယ်။ ခြေရာတော်ရွာအနီး မြင်းမူ- မြောင်လမ်းခွဲကို PDF တပ်ဖွဲ့ဝင်တွေလာတဲ့အချိန်
ကြိုတင်ရောက်နှင့်နေတဲ့ စစ်ကောင်စီတပ်တွေက အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Sep 21 ။ မြန်မာပြည်တဝန်းရှိ ပုဂ္ဂလိကကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေမှာ နိုင်ငံတော်အလံကို အလေးပြုတာ၊ နိုင်ငံတော်သီချင်းကို သီဆိုရမယ်လို့ စစ်ကောင်စီက
ညွန်ကြားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူတွေထံက သိရပါတယ်။ ၂၀၂၃ ကျောင်းတက်ရာသီက စတင်ပြီး ပုဂ္ဂလိက ကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေမှာ အမျိုးသားစိတ်ဓာတ်
ရှင်သန်ထက်မြတ်ရေးအတွက်ဆိုပြီး စစ်ကောင်စီက အတင်းအကျပ် လုပ်ခိုင်းနေတာတွေလည်း ရှိပါတယ်။

မြန်မာပြည်တွင်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူတွေကို NUG,PDF က အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့‌အကြောင်းကိုပါ
သင်ကြားပေးဖို့ စစ်ကောင်စီက ထည့်သွင်းပြောဆိုခိုင်းနေပါတယ်။ ရန်ကုန်တိုင်းပညာရေးမှူးရုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုယ်ပိုင်ကျောင်းပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး
အဲ့ဒီအကြောင်းအရာတွေကို မိမိတို့ကျောင်းတွေမှာ ပြန်လည် အသိပေးဖို့နဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ အသိပေးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်က ကိုယ်ပိုင်ကျောင်းပိုင်ရှင်တဦးက
ပြောပါတယ်။

Sep 20 ။ ပြည်ပကိုဆန်တင်ပို့သူတွေအနေနဲ့ ဆန်ဝယ်ယူတဲ့အခါ သက်ဆိုင်ရာ ကုန်စည်ဒိုင်တွေက ဦးစားပေးဝယ်ယူဖို့နဲ့ တိုင်းနဲ့ပြည်နယ်ဖြတ်ကျော် စပါးဝယ်ယူတာကို ကြိုတင်အသိပေး
ခွင့်ပြုချက်မရှိဘဲ မလုပ်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန် လိုက်ပါတယ်။

အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ပြီးခဲ့တဲ့ ဩဂုတ် တလတာအတွင်း တိုက်ပွဲအကြိမ်ရေ ၄၃၀ ထိ ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ် ဘက်က အယောက် ၃၃၀ သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၈ ယောက် ကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။