သွေးသည် အသက် – ဇာတ်သိမ်း
အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။
“ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ”
“အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။”
ဇာတ်ရှိန်တက်ကာ စိတ်ခံစားမှုမြင့်လာသည်နှင့်အမျှ ကမူကလေးပေါ်မှ သဏ္ဌာန်သည်လည်း ကျနော်တို့၏ မျက်လုံးတွင် ရှေးကထက်ပင် ပို၍ ပြတ်သားလာတော့သည်။
“အေး…ဒီလိုနဲ့ မကြာပါဘူးကွာ..ရွာကလည်း သူတို့ရဲ့ ငြီးငွေ့စရာ နိစ္စဓူဝ အလုပ်တွေနဲ့ ပြန်ပြီး လည်ပတ်နေ တာပေါ့။ ဦးဩကြီးကိုလည်း ဘယ်သူမှ သတိမရတော့ပါဘူး။ ဒီလူကြီးကလည်း အရင်ကတည်းက အရပ်တကာ လည်သွား၊ စီးပွားရှာနေတဲ့ သူဆိုတော့ သူ့ဇာတိရွာက လူတွေနဲ့ကလည်း ဒီလောက်ကြီး ရင်းနှီးတယ် မဟုတ်ဘူးပေါ့။ မောင်ညိုအေးလည်း တပိုင်းတစပြင်ထားတဲ့ သူ့အိမ်မှာပဲ တယောက်တည်း နေတယ်။ ပေးစရာ ငွေမရှိလို့ ဟို အိမ်စေ အဘွားကြီးတောင် မနေတော့ဘူး။ တခါတလေတော့ အဘွားကြီးက အဝတ်ကလေး ဘာလေး လာလျှော်ပေးတယ်။ သနားလို့ပဲလား၊ အရင်တုန်းက ခင်မင်ခဲ့တာ ထောက်ထားလို့ပဲလားတော့ မသိဘူး။ အဲ..မြေလေးတကွက်တော့ ဦးဩကြီးမှာ ရှိသေးသကွ။ ရွာနဲ့တော့ လှမ်းတယ်။ အဲဒီမြေလေးမှာ ထွန်ယက်ပြီး တခုခု စိုက်ပျိုးကြည့်ဖို့ မောင်ညိုအေးက ကြိုးစားသေးသကွ။ ဒါပေမဲ့ သူ စိတ်မပါလှပါဘူးကွာ။ တော်တော်ကြာတော့ ဟိုအခွန်၊ ဒီအခွန်တွေ လာရင် သူ့မယ် ပေးစရာက မရှိဘူးလေ။ ကျန်တဲ့ အိမ်နဲ့ မြေလည်း အစိုးရကပဲ ချိတ်ပိတ်မလား၊ ဆောက်လုပ်ရေးပစ္စည်း ရောင်းတဲ့ ဆိုင်ကပဲ လာသိမ်းမလား သူတွေးနေမှာပေါ့။ အဲဒီ ကုန်မာဆိုင်ကလည်း သူ့ဆိုင်က ဝယ်ထားတဲ့ ပစ္စည်းတွေကို ပြန်သွင်းတာ မယူဘူးလေ။”
“ ဒီတော့ မောင်ညိုအေး ခမျာမှာ အင်မတန်မှ စိတ်ဆင်းရဲ နေတာပေါ့ကွာ။ သူ့အဖေကြီး ရှိတုန်းကတော့ ခေါ်ချင် ပြောချင်သူ မရှား၊ ကျွေးချင် မွေးချင်သူလည်း ပေါ၊ သမက်တော်ချင်သူတွေလည်း မနည်းနဲ့ မျက်နှာပွင့်ခဲ့တာ။ အခုတော့ အဲဒီလို ဘယ်ဟုတ်ပါတော့မလဲ။ အားလုံးက အေးစက်စက်နဲ့ ခပ်တည်တည်ပဲ ဆက်ဆံကြတာ။ ကွယ်ရာမှာတော့ သူများဘုန်းသွားလို့ အမွေဆုံးရရှာတဲ့ ငတုံးလေး ဆိုပြီး ရီကြတယ်လေ။ ဒီလိုနဲ့ မောင်ညိုအေးလည်း ဖြစ်သလို နေထိုင်စားသောက်ရင်း ဝမ်းနည်း ညှိုးငယ်ရာကနေ မှိုင်တွေငေးမော ပြီး သုန်သုန်မှုန်မှုန် ဖြစ်လာတော့တာပဲ။”
“ညနေချိန်ဆို ရွာက လူငယ် ကာလသားတွေ စုပြီး ခြင်းခတ်ကြ၊ ဘောလုံးကန်ကြ နဲ့ပေါ့။ မောင်ညိုအေးက တော့ ဘယ်သူနဲ့မှ သွားမပေါင်းတော့ဘဲ ရွာစွန်က လူရှင်းတဲ့ နေရာတွေမှာ မိုးချုပ်တဲ့အထိ လျှောက်သွား နေတာ။ အတော်ကြီး မှောင်တော့မှ အိမ်ကို အသာပြန်လာပြီး အိပ်ယာထဲ တန်းဝင်တော့တာပဲ။ နို့မို့ရင် မီးထွန်းနေရလို့ ပိုက်ဆံ ကုန်နေဦးမယ်လေ။ အေး..နောက်တော့ အဲဒီအထီးကျန် ဆည်းဆာချိန်တွေမှာ ထူးဆန်းတဲ့ နိုးတဝက် အိပ်မက်တွေ သူမက်နေတယ်လို့ စပြီး ထင်လာရော။ ဟောဟို လျှိုထိပ်နားထိ ဆင်းသွားလို့ရတဲ့ လမ်းမြှောင်ကလေး နားက သစ်ငုတ်တိုလေးပေါ် ထိုင်နေတိုင်း သူ တယောက်တည်းရယ် လို့ မဟုတ်တော့ဘူး။ မိန်းမ တယောက်က အသံမပေး ဘာမပေးနဲ့ လျှိုထိပ်ကို အသာလေး တက်လာပြီး တမာပင်တန်းအောက်မှာ မတ်တပ်ရပ်နေတာ အသေအချာမလို့ပဲ။ သူနဲ့က ပေလေးငါးဆယ်လောက်ပဲ ဝေးတာ။ အဲဒီ မိန်းမက စကားတော့မပြောဘူး။ ခြေဟန်လက်ဟန်ပဲ လှမ်းပြတာ။ အမှောင်ထဲမှာ ခပ်ကွယ်ကွယ် ဆိုပေမဲ့ နီရဲနေတဲ့ နှုတ်ခမ်းတွေရယ်၊ သူ့ကို ပြုံးပြလို့ ခပ်ဟဟ ဖြစ်သွားတဲ့ အဲဒီနှုတ်ခမ်းတွေ ကြားက သွားစွယ် သေးသေးလေးတွေကိုပါ မောင်ညိုအေးက သတိထားမိသတဲ့။ အဲဒါကလည်း မြင်တယ် ဆိုတာထက် တွေ့တွေ့ခြင်း ချက်ချင်းလိုလို သိသွားတာမျိုးဆိုပဲ။ နောက်ပြီး အဲဒီ မိန်းမက ခင်ရတီသာ ဆိုတာရော၊ သေသွားပြီ ဆိုတာရော (အလိုလို) သူသိတာပဲတဲ့။ ဒါပေမဲ့ သူ့မှာ ကြောက်စိတ်တော့ မရှိဘူး။ အိပ်မက် မက်နေတယ်ပဲ ထင်တာ။ အိပ်မက်သာ မဟုတ်ရင် သူ ကြောက်နေမှာပေါ့လို့ စဉ်းစားနေတာတဲ့။”
“နောက်ပြီးတော့ နှုတ်ခမ်းရဲရဲနဲ့ သေပြီးသားမိန်းမ ဆိုတာ အိပ်မက်တွေထဲမှာပဲ ဖြစ်နိုင်မှာပေါ့။ နေဝင်ပြီးလို့ အဲဒီနား သွားကြည့်တိုင်း သူ့ကို အဲဒီမိန်းမက စောင့်နေတာ အမြဲတမ်း တွေ့ရသတဲ့။ တခါတလေ သူ စောနေရင်လည်း ခဏကြာတော့ အဲဒီနားမှာ ပေါ်လာတာပဲ။ နှုတ်ခမ်းရဲရဲနဲ့ဆိုတာ သူ့စိတ်ထဲ ထင်နေတာပဲ မှတ်တာ။ နောက်တော့ နှုတ်ခမ်းရဲရဲတွေတင်မကဘူး တခြားမျက်နှာ အစိတ်အပိုင်းတွေပါ ထင်ထင်ရှားရှား၊ ကွဲကွဲပြားပြား မြင်လာရော။ ဖြူလျော်လျော် မျက်နှာက နက်ရှိုင်းပြီး ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတာ။”
“အဲဒီ မျက်လုံးတွေက အရောင်မှိန်မှိန်လေး ထွက်နေသလိုမျိုးပဲတဲ့။ နောက်တော့ သူ တဖြည်းဖြည်း သိလာတာက သူ အဲဒီလို အိမ်ဘက် လှည့်ပြန်သွားတာနဲ့ ဒီအိပ်မက်က ဆုံးမယ် မဟုတ်တော့ဘူး ဆိုတာပဲ။ ဆိုတော့ ဒီအိပ်မက်ရဲ့ အဆုံးသတ် ဘာဖြစ်မလဲ သိချင်တာနဲ့ အဲဒီမိန်းမ ပေါ်ပေါ်လာတဲ့ လျှိုထဲ ဆင်းကြည့်တော့ တာပေါ့။ ဟို မိန်းမကလည်း လက်ကလေး တပြပြနဲ့ အမြဲ လှမ်းခေါ်နေတာလေ။ အဲဒီလိုနဲ့ အနား ရောက်တော့ ဒီမိန်းမရဲ့ အသားအရည်က လူသေကောင်လို ပြာနှမ်းနှမ်းတော့ မဟုတ်ဘူး၊ မတရား ငတ်ပြတ်နေလို့ ဖြူဖျော့နေသလိုမျိုးတဲ့။ အာသာငမ်းငမ်းနဲ့ မျက်လုံးတွေကလည်း မောင်ညိုအေးကို ဝါးစားမတတ် ကြည့်နေတာလေ။ အေး..အဲဒီမျက်လုံးတွေက သူ့ဝိဉာဉ်ကို စုပ်ယူစားသုံးပြီး သူ့ခန္ဓာကိုယ် ကိုလည်း မှော်အစွမ်းနဲ့ ဖြားယောင်း ညှို့ယူလိုက်သလိုမျိုး အလိုလို အဲဒီမိန်းမအနား သူရောက်သွားရောတဲ့။ ဒီမိန်းမရဲ့ ထွက်သက်က မီးလိုပဲ ပူသလား၊ ရေခဲလိုပဲ အေးသလား သူ မပြောနိုင်ဘူး။ နှုတ်ခမ်းရဲရဲတွေ ကလည်း သူ့ကို လောင်မြိုက်စေသလား၊ အေးခဲစေသလား သူ မဆိုနိုင်ဘူး။ ခါးကိုဖက်ထားတဲ့ လက်ချောင်းတွေကလည်း သူ့အသားကို ဆီပူထိုးသလို ကျွမ်းမြေ့သွားစေသလား၊ နှင်းကိုက်သလို ပြာနှမ်း ပုပ်ရိသွားစေသလား သူ မတွေးတတ်ဘူး။ သူ အိပ်နေသလား၊ နိုးနေသလား သူမဝေခွဲတတ်ဘူး။ ဒီမိန်းမကလည်း အသက်မဲ့နေသလား၊ ရှင်သန်နေသလား သူမသိတော့ဘူးတဲ့။ အဲ..သူသိတာကတော့ ဒီမိန်းမက သူ့ကိုချစ်တယ် ဆိုတာပဲ။ ဒီမိန်းမသာလျှင် သူ့ရဲ့အရာရာ ဖြစ်လာသလိုမျိုး၊ စွမ်းအားကြီးတဲ့ ညှို့ချက်အောက်မှာ သူ ကျရောက်သွားသလိုမျိုး..အဲဒီလို ဖြစ်လာတာ။”
“အင်း…အဲဒီညက လရောင်ကလည်း မြင့်လာရော..ဟို အောက်က ကမူလေးပေါ်မှာ အရိပ်ကလည်း တခုတည်း မဟုတ်တော့ဘူးပေါ့။”
“မောင်ညိုအေးက အေးစက်နေတဲ့ အရုဏ်မတက်ခင် အချိန်လေးမှာ လန့်နိုးလာရော။ တကိုယ်လုံးလည်း နှင်းတွေနဲ့ရွှဲလို့ အသွေးအသားထဲတင်မကဘူး အရိုးထဲထိပါ အေးစိမ့်နေတာ။ ကောင်းကင်ကို မော့ကြည့် လိုက်တော့ ကြယ်တွေတောင် လင်းနေသေးသတဲ့။ သူက အတော့်ကို အားနည်းနေပြီးတော့ နှလုံးကလည်း နှေးနှေးလေးပဲ ခုန်နေတာ မေ့မျောနေတဲ့ လူလိုပဲ။ ကမူလေးကို ခေါင်းအုံးလို အုံးပြီး လှဲနေရာက တဘက်ကို အသာလေး လှည့်ကြည့်လိုက်တော့ ညက မြင်ခဲ့ရတဲ့ မျက်နှာကို မတွေ့တော့ဘူး။ အဲဒီမှာ ကြောက်စိတ်က ဒိန်းကနဲ စောင့်တက်ရော။ အဲဒီ ကြောက်စိတ်ဆိုတာ ဘယ်လို ဘယ်ပုံရယ်လို့ မသိသလို ပြောလည်း ပြောမပြတတ်ဘူး။ အဲဒါနဲ့ ခုန်ထပြီး လျှိုပေါ် တက်ပြေးတော့တာ။ သူ့အိမ် ရောက်တဲ့အထိ နောက်ကိုတောင် တချက်မှ ပြန်လှည့်မကြည့်ပဲ ပြေးတာလေ။ အဲဒီမနက်မှာ ထိုင်းမှိုင်းလေးလံနေပေမဲ့ သူ့ယာကွက်လေး ဆီတော့ ရောက်အောင်သွားပြီး အလုပ်ကလေး ဘာလေး လုပ်လိုက်သေးသကွ။ တနေကုန်လည်း နုန်းချိ နေမှာပေါ့။ အဲဒီလိုနဲ့ အနောက်ဘက် တောင်တန်းတွေ နောက်ကို နေက ဝင်သွားပြီး အရှေ့ဘက် ကောင်းကင်ကြီးကတော့ ပြာနှမ်းလာတာပေါ့။”
“မောင်ညိုအေးလည်း ပေါက်ပြားကို ပုခုံးမှာ ထမ်းလို့ သူ့ယာကနေ ပြန်လာခဲ့တာ။ မနက်ကနဲ့စာရင် ခုချိန်ကြ နည်းနည်း ပိုပြီး လန်းလာတယ်လို့ သူခံစားရသတဲ့။ အဲဒီ လျှိုဘက်ရော၊ တခြား ဘယ်နေရာကိုမှ သဝေထိုး မနေဘဲ အိမ်ကို တန်းပြန်မယ်လို့ ကိုယ့်ဘာသာ သတိပေးထားတာ။ အိမ်ရောက်တာနဲ့ ရှိတာလေးနဲ့ ကောင်းကောင်းစားပြီး ကောင်းကောင်း အိပ်လိုက်မယ်ပေါ့။ နှုတ်ခမ်းရဲရဲ တစုံနဲ့ အေးစက်တဲ့ ထွက်သက်ရဲ့ ဆွဲဆောင်မှုကြောင့် အဲဒီ လမ်းမြှောင်အောက်က လျှိုထဲကို နောက်တခါ သူမဆင်းတော့ဘူး။ ချောက်ခြားမှုနဲ့ ယစ်မူးစရာ ရောထွေးနေတဲ့ အဲဒီအိပ်မက်ကို သူ ထပ်မမက်တော့ဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို ကတိပေးပြီး ပြန်လာတာ ရွာနား ရောက်လာရော။ နေရောင်လည်း ပျောက်လို့ အမှောင်လည်း ကျနေပြီ။ ရွာထဲက ကြေးစည်သံကို သူကြားလိုက်သေးတယ်။ ခုချိန်က တနေ့တာ အလုပ်တွေပြီးလို့ လူတိုင်း အိမ်ပြန်ကြပြီပေါ့။ တို့တွေ ငယ်ငယ်က ရွာဘက်တွေမှာ ဒီလိုအချိန်ဆို အပြင်မထွက်ကောင်းဘူး..ဘာညာ လူကြီးတွေက တားတတ်ကြတာ။ မောင်ညိုအေးက လမ်းဆုံလေးမှာ ခဏတော့ တွေပြီး ရပ်နေသေးတယ်။ ဘယ်ဘက်က ရွာကို သွားတဲ့လမ်း။ ညာဘက်ကတော့ တမာပင်တန်းလေးနဲ့ အုပ်ဆိုင်းနေတဲ့ လမ်းမြှောင်လေးပေါ့။ မောင်ညိုအေးလည်း ခေါင်းပေါ်က ခမောက်စုတ်လေးကို ချွတ်ပြီး မြစ်ကမ်းစပ်ထိ ဆင်းသွားတဲ့ အဲဒီ လမ်းမြှောင်လေးကို ငေးကြည့်နေမိရော။ နှုတ်ခမ်းကတော့ တလှုပ်လှုပ်နဲ့ ဘုရားစာရွတ်ဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ ခေါင်းထဲမှာတော့ ဗလာကျင်းနေပြီး ဘာဘုရားစာမှ သတိမရတော့ဘူး။ တခုခုတော့ ရွတ်မှ ဆိုပြီး အတင်းဖျစ်ညစ် စဉ်းစားရင်း နောက်ဆုံး တလှုပ်လှုပ်ဖြစ်နေတဲ့ ပါးစပ်ကနေ အကျယ်ကြီး ထွက်သွားတာက ခင်ရတီသာ တဲ့။ ကိုင်း.. အဲဒီ နာမည်လည်း ထွက်သွားရော တင်းထားတဲ့ စိတ်တွေ ပြိုကွဲသွားတော့တာပဲ။ လက်တွေ့ ဘဝကနေ လွတ်ထွက်ပြီး အိပ်မက်ကမ္ဘာရဲ့ ဖြားယောင်းမှုထဲ ကျသွားရော။ စိတ်ညှို့ခံရသူလို လမ်းမြှောင်ကလေးအတိုင်း အမှောင်ထဲကို ဆင်းချသွားတာ။ ခင်ရတီသာကလည်း သူ့အနားကို စွေ့ကနဲ ရောက်လာပြီး နားနားကပ်လို့ တီးတိုးစကားတွ ပြောသတဲ့။ ဘာတွေ ပြောမှန်း သူ သေသေချာချာ နားမလည်ပေမဲ့ သူ့တသက် ကြားဖူးသမျှ အဆန်းကြယ်ဆုံး၊ ကြည်နူးစရာ အကောင်းဆုံး၊ အချိုမြိန်ဆုံး စကားလုံး တွေ ဖြစ်သတဲ့လေ။ ပြီးတော့ သူ့ကို နမ်းသေးတယ်။ ပါးတွေ၊ နှုတ်ခမ်းတွေကိုတော့ မဟုတ်ဘူး။ သူ့ လည်ပင်းကို။ အနမ်းကလည်း လည်ပင်းမှာ စူးကနဲ ဖြစ်သွားပြီး အဲဒီမိန်းမရဲ့ နှုတ်ခမ်းတွေကလည်း ရဲရဲနီ သွားတော့တာ။ ဆည်းဆာ အမှောင်ပျိုးချိန်ကနေ လမွန်းတည့်လို့ နွေဦးညရဲ့ ကျက်သရေ ကုန်ဆုံးသည်အထိ အဲဒီ အိပ်မက်ရိုင်းက အရှိန်ကောင်းကောင်းနဲ့ ဖြတ်ကျော်သွားတော့တာပေါ့။ အဲ..အေးစက်နေတဲ့ အရုဏ်တက်မှာ သူပြန်နိုးလာပြီး မသေမရှင် လူတယောက်လို အဲဒီကမူလေးပေါ်မှာ လှဲရင်း အဲဒီ နှုတ်ခမ်းရဲရဲ တစုံကို ထူးထူးဆန်းဆန်း တောင့်တနေမိသေးသတဲ့။ ပြီးတော့ ကြောက်လာရော။ အမည်တပ်လို့ မရတဲ့ အလွန်ဆိုးရွားတဲ့ ထိတ်လန့်မှုမျိုးလေ။ ငါတို့ မသိ မမြင်နိုင်တဲ့ ဘုံကမ္ဘာနယ် နယ်နိမိတ်နား ရောက်ရင် ခံစားရတဲ့ ချောက်ခြားမှုမျိုးကွာ။ အရိုးထဲထိ စိမ့်တက်သွားပြီးတော့ ဆံပင်တွေ ထောင်လာသလိုမျိုး။ အဲဒီမှာ မောင်ညိုအေးလည်း ကမူလေးပေါ်ကနေ ခုန်ထပြီး လျှိုပေါ် တက်ပြေးရပြန်တာပေါ့ကွာ။ ခြေဦးတည့်ရာ ပြေးရင်း ရွာပြင်က စမ်းရေတွင်းလေးနား ရောက်တော့ ခေါင်းနှစ်ပြီးတော့ကို ရေကို အငမ်းမရသောက်တာ။ စစ်ပွဲမှာ ဒဏ်ရာရပြီး တညလုံး သွေးလွန်နေတဲ့ လူတယောက် ရေဆာနေသလိုမျိုး။”
“အေး..ဒီလိုနဲ့ မောင်ညိုအေးမယ် ညနေစောင်းလို့ မိုးချုပ်ပြီဆိုတာနဲ့ အဲဒီလျှိုထဲပဲ သွားသွားနေတော့တာ။ ခင်ရတီသာရဲ့ လက်ကနေ ဘယ်လိုမှ လွတ်မြောက်နိုင်စွမ်း မရှိရှာတော့ဘူး။ နေဝင်လို့ အလုပ်သိမ်းရင် အဲဒီလမ်းက မပြန်ဘဲ တခြားလမ်းကနေ ရွာကို ပြန်မဟဲ့ ဆိုပြီး ဆုံးဖြတ်ထားလဲ အလကားပဲ။ နောက်တနေ့ အရုဏ်တက်မှာ လျှိုပေါ်တက်ပြေးတဲ့အချိန် နောက်တခါဆိုတာ မရှိစေရလို့ ကိုယ့်ကိုယ်ကို ကတိပေး ခဲ့လည်း အချည်းနှီးပဲ။ ဘာမှ မတတ်နိုင်ဘူး။ တောင်စွယ် နေကွယ်တဲ့အခါ ညနေခင်းရဲ့ အေးမြမှုက ငြီးငွေ့စရာ ကောင်းတဲ့ ဟောဒီ လောကကြီးကို အလှဆင်ဖို့ ပုန်းခိုရာကနေ အသာလေးထွက်လာပြီဆို မောင်ညိုအေးရဲ့ ခြေလှမ်းတွေကလည်း အဲဒီသွားနေကျ လမ်းကိုပဲ အလိုလို ဦးလှည့်တော့တာကလား။ ဟို တယောက်ကလည်း တမာပင်တွေရဲ့ အောက်က အမှောင်ရိပ်မှာ အမြဲစောင့်လို့။ သူလာတာနဲ့ လည်ပင်းကို ပြေးနမ်း။ နှုတ်ခမ်းကို လည်ပင်းက မခွာဘဲ လက်တဘက်နဲ့ မောင်ညိုအေးကို ပွေ့ချီပြီး အသာအယာပဲ လိပ်ပြာလေးများ ဝဲသလို လျှိုထဲကို ဆင်းသွားရော။ မောင်ညိုအေးရဲ့ သွေးအားက နည်းလာတာနဲ့ အမျှ ဟိုမိန်းမကလည်း တနေ့ထက် တနေ့ ပိုပိုပြီး ဆာလောင်လာတယ်။ မွတ်သိပ်လာတယ်။ မောင်ညိုအေး ခမျာမှာလည်း တရက်ပြီး တရက် မနက် အရုဏ်တက်ဆို မနည်း ခေါင်းထူထပြီး လျှိုပေါ်ကို ဖြစ်ညှစ် ကုတ်ကပ်တက်။ သူ့ ယာခင်းလေးဆီ ရောက်အောင် ခြေတရွတ်ဆွဲပြီးသွား။ နောက်တော့ သူ့ပေါက်ပြားတောင် သူ မထမ်းနိုင်ရှာတော့ဘူး။”
“ဘယ်သူ့ကိုမှ သူက စကား ဟဟမပြောပေမဲ့ ရွာက လူတွေကတော့ သူ့ရှေ့မှာ ပြောင်ပြောင်ပဲ အတင်းချပြီး ရီမောကြတယ်လေ။ ဒီကောင်လေးတော့ အမွေကဆုံး၊ ချစ်သူမုန်းနဲ့ လုံးပါး ပါးရှာပြီပေါ့။ တကယ့်လူတွေ။ ကိုယ်ချင်းစာစိတ် မရှိကြဘူး။ အဲ..အဲဒီအချိန်မှာ ဒီဥယျာဉ်ခြံပိုင်ရှင် ငါ့မိတ်ဆွေကြီး ဦးအံ့မောင်က ဒီပြန် ရောက်လာရော။ သူက ဦးဩကြီး မဆုံးခင်လေးမှာ သူ့အမျိုးတွေရှိတဲ့ ရွာကို ခဏပြန်သွားတာလေ။ ဆိုတော့ ဒီရွာမှာ ဖြစ်ပျက်နေတာတွေ သူ ဘာမှ မသိဘူး။ နေ့လည်ကျော်လောက်မှာ ဒီကို ပြန်ရောက်လာပြီး ထမင်းတွေ ဘာတွေစားပေါ့။ ပင်ပန်းနေတာနဲ့ ဘယ်မှ မသွားတော့ဘဲ ဒီမျှော်စင်ပေါ် တက်ပြီး ထိုင်နားနေရင်း တခါတည်း အိပ်ပျော်သွားရောတဲ့။ သန်းခေါင်ကျော်လောက်မှာ ဖျတ်ဆို နိုးလာရော။ ဟိုကြည့် ဒီကြည့်နဲ့ ကြည့်နေတုန်း ကမူလေးပေါ်မှာ တခုခုကို သူမြင်သွားတာပဲ။ အဲဒီည သူ ပြန် မအိပ်တော့ဘူး။ မနက် မိုးစင်စင်လင်းတော့ အဲဒီနေရာကို သွားကြည့်တယ်။ ဘာမှတော့ မရှိဘူး။ အနီးကပ် သွားကြည့်တာတော့ မဟုတ်ပေမဲ့ ကျောက်တုံး ကျောက်ခဲတချို့ ဖရိုဖရဲ ဖြစ်နေတာရယ်၊ သဲတွေ ပွနေတာရယ်က လွဲပြီး အဲဒီကမူလေးနားမှာ ဘာမှ မမြင်မိဘူးတဲ့။ ။ အဲဒါနဲ့ သူလည်း ရွာဘက် ပြေးသွားတယ်။ ရွာထဲတော့ မဟုတ်ဘူး။ ရွာစွန်က ဘုန်းတော်ကြီး ဦးသီလရဲ့ တဲကျောင်းလေးဆီကို ပြေးတာ။ ဟိုရောက်တော့ ဦးသီလက သူ့ကျောင်းလေး ရှေ့မှာ ထိုင်နေတယ်။ အဲဒီမှာ ဦးအံ့မောင်က အမောတကောနဲ့ အရှင်ဘုရား..ညတုန်းက တပည့်တော် မကောင်းဆိုးဝါးကို မြင်လိုက်ရတယ် ဘုရား ဆိုပြီး လျှောက်တာပေါ့။ ဘုန်းတော်ကြီးကလည်း ဘယ်လိုမြင်လို့လည်း ဒကာကြီး ဆိုပြီး ပြန်မေးတော့ ဦးအံ့မောင်က မကောင်းဆိုးဝါးက လူတယောက်ရဲ့ သွေးကို သောက်နေတာ မြင်လို့ပါ ဘုရားလို့ ပြန်လျှောက်ရော။ ပြီးတော့ သူက သွေးဆိုတာ အသက်ဖြစ်လို့ အဲဒီလို မသောက်ရဘူး မို့လား ဆိုပြီး ထပ်လျှောက်သေးတာ။ ဘုန်းတော်ကြီးကလည်း ငါတို့တော့ အဲဒီလို အယူမရှိပေမဲ့ တခြားဘာသာတွေ မှာတော့ ရှိချင် ရှိမှာပေါ့လို့ ပြန်ဖြေတယ်။ ဦးအံ့မောင်ကလည်း ဘာပဲဖြစ်ဖြစ် အဲဒီ မကောင်းဆိုးဝါးကို နှိမ်နင်းပေးပါ ဆိုပြီး လျှောက်တော့ ဘုန်းတော်ကြီးက ငါက အပနှင်တဲ့သူလည်း မဟုတ်၊ ပယောဂ ဆရာလည်း မဟုတ်လို့ မတတ်နိုင်ပါဘူးလို့ ပြန်ဖြေရော။ အဲဒီမှာ ဘုန်းတော်ကြီးရဲ့ ကျောင်းကို ဝေယျာဝစ္စ တခါတလေ လာလုပ်ပေးတဲ့ ကပ္ပိယတပိုင်း ဦးပွား ဆိုတဲ့လူက ရောက်လာပြီး နားစွန် နားဖျားနဲ့ ဝင်ပြောတာ။ အရှင်ဘုရား ပရိတ်ချည်၊ ပရိတ်ကြိုးတို့၊ ပရိတ်ရေတို့ ရှိရင် ပေးလိုက်ပါလား တဲ့။ ဘုန်းတော်ကြီးကလည်း ခပ်ပြတ်ပြတ်ပဲ အဲဒီလို ပစ္စည်းတွေမှာ မကောင်းဆိုးဝါးကို နိုင်တဲ့ အစွမ်း ရှိမယ်လို့ မထင်ဘူး ဆိုပြီး ကျောင်းပေါ် ပြန်တက် သွားရော။”
“ဦးပွားက ဒီ တောထွက် ကိုယ်တော်ကြီးကတော့ စကားပြောရ လက်ပေါက်ကပ်ပါသဗျာ လို့ဆိုသတဲ့။ ပြီးတော့ ခင်ဗျား ပြောတာ ကြားလိုက်တယ် ကိုအံ့မောင်ရဲ့..ဒီလို မကောင်းဆိုးဝါးတွေက နေရောင်ပျောက်လို့ အမှောင်ရောက်ချိန်မှာ သူတို့ သင်္ချိုင်းမြေကနေ ထွက်ပြီး သွေးသောက်ဖို့ လူတွေကို အမဲလိုက်တာကလားဗျ။ ကျုပ်ကြားဖူးတယ် ဆိုပြီး ဆက်ပြောတယ်။ ဦးအံ့မောင်လည်း တအံ့တဩနဲ့ နားထောင်နေတုန်း သူတို့နားကို လူတယောက်က ဗြုန်းဆို ရောက်လာရော။ အဲဒီလူက မြေကြီးထဲက ထွက်လာ သလားလို့တောင် သူတို့ ထင်မိသွားသေးတယ်။ နောက်တော့မှ ဘုန်းတော်ကြီးဆီ လာတုန်းက ဘုရားပျက်နားမှာ တွေ့ခဲ့တဲ့လူ ဆိုတာ ဦးအံ့မောင် မှတ်မိသွားတာ။ အဲဒီလူက မျက်နှာစိမ်းပဲ။ ဒီ အနီးအနား တဝိုက်မှာ တခါမှ သူတို့ မမြင်ဖူးဘူး။ သူ့ပုံစံကလည်း ထူးထူးခြားခြားတော့ မဟုတ်ဘူး။ ဖီးဂျက်ကက် အဟောင်းနဲ့ ပုဆိုးနွမ်းနွမ်း ဝတ်ထားတဲ့ လူရွယ် တယောက်ပါပဲ။ သူက ဦးကြီးတို့ ပြောတာ ကြားလိုက်ပါရဲ့ဗျာ..သွေးသည် အသက် ဆိုတာ အမှန်ပါပဲ လို့ပြောတော့ ဦးအံ့မောင်ကလည်း မောင်ရင်က ဘယ်သူတုန်းလို့ ပြန်မေးတာပေါ့။ အဲဒီတော့ သူက ကျွန်တော်က ခရီးသွား တယောက်ပါပဲ လို့ ပြန်ဖြေတယ်။ ဦးအံ့မောင်က ကိုင်း..ထားပါလေ..မောင်ရင်က ကျုပ်တို့ပြောတာ ကြားတယ်ဆိုတော့ ဒီကိစ္စမှာ ဘယ့်နှယ်ထင်သလဲလို့ မေးတော့ လူစိမ်းက ဘယ့်နှယ်မှ မထင်ပါဘူးဗျာ..ဦးကြီးတို့ ယုံကြည်ရာ ရဲရဲသာ လုပ်ကြပါလို့ ဆိုသတဲ့။ ပြီးတော့ သားရေအိတ်စွပ်ထားတဲ့ ပုလင်းပြားကလေး တလုံးကို ပေးတယ်။ ပရိတ်ရေတော့ မဟုတ်ဘူး..ရဲဆေးပါ့ဗျာတဲ့။ ဦးအံ့မောင်တို့ နှစ်ယောက် အဲဒီပုလင်းလေး ကိုင်ကြည့်နေတုန်း ဟိုလူစိမ်းက ထွက်သွားရော။ အဲဒါနဲ့ သူတို့ နှစ်ယောက်လည်း ညကျရင် တွေ့ဖို့ အချိန်းအချက် လုပ်ကြတယ်။ ဦးအံ့မောင်က ကိုပွားရေ ခင်ဗျား ယူချင်တဲ့ အဆောင်သာ ယူလာခဲ့၊ ညကျ ကျနော် လာခေါ်မယ်ဗျာ လို့ပြောပြီး လူချင်းခွဲလိုက်ကြတာပဲ။”
“ဦးအံ့မောင်က သူခြံထဲပြန်ပြီး အလုပ်လေး ဘာလေး လုပ်သေးတယ်။ အလုပ်ထဲ စိတ်က သိပ်မရောက်ဘူး။ ဟို ကိစ္စပဲ ခေါင်းထဲစွဲနေတာနဲ့ အဲဒီကမူလေးနား ထပ် သွားကြည့်တယ်။ ဝင်ပေါက် ထွက်ပေါက်များ ရှိမလား ဆိုပြီး အဲဒီကမူလေးကို လှည့်ပတ်ကြည့်ပေမဲ့ ဘာမှ မတွေ့ဘူး။ ညနေစောင်းတော့ အိမ်ပြန်ပြီး လုပ်စရာ ရှိတာလုပ်။ ပြီးတော့မှ ဦးပွားကို သွားခေါ်တာပေါ့။ ဦးပွားက ကြိမ်ခြင်းကလေး တလုံးမှာ ပရိတ်ရေ၊ ပရိတ်ချည်တွေနဲ့ တခြား စုံစီနဖာ အဆောင်ပစ္စည်းတွေ ထည့်ယူလာသကွ။ အမယ်..ပရိတ်ရေ ဆိုရင်လည်း ခရစ်ရှန် ဆရာတော် တပါးဆီက သွားတောင်းလာတာလည်း ပါတယ်။ ဗုဒ္ဂဘာသာ ဘုန်းတော်ကြီးတွေ ပရိတ်ရွတ်ရင် ရေပုလင်းလေး အနား သွားချထားပြီး အိမ်မှာဆောင်ထားတဲ့ ပရိတ်ရေလည်း ပါတယ်။ ကျန်တဲ့ စုံစီနဖာ ဆိုတာတွေကလည်း ဘာသာပေါင်းစုံက အန္တရာယ်ကင်းတယ်လို့ ယူဆထားတဲ့ အဆောင် လက်ဖွဲ့တွေ။”
“အဲဒီလိုနဲ့ သူတို့နှစ်ယောက်က ဟောဒီ မျှော်စင်အောက်မှာ မှောင်တဲ့အထိ စောင့်ကြတယ်။ အလင်းရောင် လက်ကျန် နည်းနည်းလေးပဲ ရှိတော့တဲ့ မှောင်ရီတရော အချိန်မှာ လူရိပ်နှစ်ခုကို တွေ့လိုက်ရော။ လမ်းလျှောက်နေတဲ့ ယောက်ျားတယောက် ဘေးမှာ မိန်းမတယောက်က မှီနွဲ့ပြီး ပါလာတာ။ အဲဒီမိန်းမက ယောကျ်ားရဲ့ ပုခုံးကို မှီထားရာကနေ လည်ပင်းကို ဖျတ်ကနဲ နမ်းလိုက်သတဲ့။ ဦးပွားက ငါ့ကို ပြန်ပြောတာ သူဖြင့် မေးတွေရိုက်ပြီး ဦးအံ့မောင်ရဲ့ လက်မောင်းကိုတောင် ယောင်ယမ်း ဆုပ်မိသတဲ့။ နောက်တော့ အဲဒီ လူရိပ်နှစ်ခုက အမှောင်ထဲကို ဝင်ပြီး ပျောက်သွားရော။ ဦးအံ့မောင်လည်း လူစိမ်းပေးသွားတဲ့ ပုလင်းလေးကို ထုတ်ပြီး အဖုံးဖွင့်လိုက်တယ်။ အနံ့ကတော့ အရက်နံ့ပါပဲ။ ဦးအံ့မောင်က အရက်သောက်တယ် ဆိုပေမဲ့ တခါတလေမှ သောက်တာ။ ခု လူစိမ်းပေးတဲ့ အရက်ကို သောက်ရကောင်းနိုးနိုး ခဏ စဉ်းစားပြီး မော့ချလိုက်ရော။ ဘာအရက်ရယ်လို့ သူမခွဲတတ်ပေမဲ့ တခါတည်း အကြောပေါင်း တထောင်ပွင့်ပြီး လူငယ် တယောက်လို အားအင်တွေ ပြည့်လာရော ဆိုပဲ။ ဦးပွားကတော့ မသောက်ဘူး။ ပရိတ်ချည်၊ ပရိတ်ကြိုးတွေ လည်ပင်းစွပ်၊ ပရိတ်ရေ ပုလင်းတွေကို လက်ကကိုင်ပြီး တခြားအဆောင်တွေကို အိတ်ထဲ ထည့်လို့ နှစ်ယောက်သား လုပ်စရာရှိတာ လုပ်ကြဖို့ ချီတက်သွားတော့တာ။ ဦးအံ့မောင်က အရက်တန်ခိုးနဲ့ ခွန်အားတိုးလာပေမဲ့ ဒူးတုန်တာတော့ မပျောက်ချင်သေးဘူး။ ဦးပွားကလည်း ဘုရားစာတွေ ရွတ်လာတာ ဘာမှ အဆီအငေါ် မတည့်၊ ကပေါက်တိ ကပေါက်ချာနဲ့။ ကမူလေးနဲ့ ခပ်လှမ်းလှမ်းနေရာ ရောက်တော့ သူတို့ ယူလာတဲ့ မီးအိမ်အလင်းရောင်နဲ့ မောင်ညိုအေးရဲ့ ဖြူဖွေးနေတဲ့ မျက်နှာကို လှမ်းမြင်လိုက်ရသတဲ့။ အိပ်ပျော်နေသလိုလို၊ မေ့မျောနေသလိုလို ပုံစံပဲ။ လည်ပင်းက လည်နေပြီးတော့ သွေးစီးကြောင်း မျှင်မျှင်လေးက သူ့အင်္ကျီ ကော်လံပေါ်ထိ စီးကျနေတာ။ မှိတ်တုတ် မှိတ်တုတ် မီးအိမ်လေးကို အသာ မြှောက်ကြည့်လိုက်တော့ မောင်ညိုအေးရဲ့ လည်ပင်းပေါ်မှာ နောက်ထပ် မျက်နှာတခုကို တွေ့လိုက်ရသတဲ့။ နက်ရှိုင်းပြီး အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ သူတို့ကို ကြည့်နေတာ။ ခပ်ဟဟ ဖြစ်နေတဲ့ နှုတ်ခမ်းကြားက သွားစွယ် ဖွေးဖွေးမှာ သွေးတွေ စွန်းကျံနေပြီးတော့ စီးတွဲကျလာတဲ့ သွေးပေါက်က မီးရောင်နဲ့ နှင်းဆီရောင် ရဲရဲတောက်နေရော။ အဲဒီမှာ ဦးပွားလည်း မျက်လုံးကို စုံမှိတ်ပြီး ပရိတ်ရေနဲ့ လှမ်းပက်၊ ပါးစပ်ထဲ ပေါ်လာတဲ့ ဘုရားစာကို အသံကုန်အော်ပြီး ရွတ်တော့တာ။ ဦးအံ့မောင်ကတော့ ကြောက်သလိုလို ရွံ့သလိုလိုစိတ်တွေ တမုဟုတ်ချင်း ပျောက်သွားပြီး လက်တဘက်က ပေါက်ချွန်းကို ကိုင်၊ နောက်လက်တဘက်က မီးအိမ်ကို ကိုင်လို့ ရှေ့ကို အတင်းစွတ်တက်သွားတာ။ ဘာဖြစ်မယ်၊ ဘာကြုံမယ် သူမသိဘူး။ အဲဒီလို ရှေ့တိုးသွားတော့ မိန်းမတယောက်ရဲ့ အော်သံကို သူ ကြားလိုက်ရတယ်လို့ ကျိန်တွယ်ပြီးတောင် ငါ့ကို ပြောတာ။ အနားရောက်တော့ ဟိုသတ္တဝါက မရှိတော့ဘူး။ မောင်ညိုအေး တယောက်ထဲ အဲဒီကမူလေးပေါ်မှာ ခွေခွေလေးလဲပြီး သတိလစ်နေတာ။ လည်ပင်းမှာ သွေးတွေက စိမ့်ထွက်နေတုန်းပဲ။ အေးစက်နေတဲ့ နဖူးမှာ ဆီးကင်းလောက် ချွေးလုံးကြီးတွေ သီးထနေရောတဲ့။ သူတို့နှစ်ယောက်လည်း လူသေတပိုင်းလို ဖြစ်နေတဲ့ မောင်ညိုအေးကို ကမူလေးပေါ်ကနေ မပြီး ဘေးကို ချထားလိုက်တယ်။ ဦးအံ့မောင်က ကမူလေးကို စပြီး တူးတော့တာပဲ။ ဦးပွားက ဦးအံ့မောင်ထက် အသက်ပိုကြီးတဲ့ အဘိုးကြီးပေမဲ့ သူနိုင်သလောက် ကူပေးရှာပါတယ်။ တော်တော် နက်နက် တူးပြီးတော့ ဦးအံ့မောင်က ကျင်းနှုတ်ခမ်းနားက မီးအိမ်ကို လှမ်းယူလို့ ဘာများတွေ့မလဲ တွေးရင်း ကျင်းထဲမှာ ခါးလေးကိုင်းပြီး ကြည့်တာ။”
“ဦးအံ့မောင်က အရင်တုန်းကတော့ ဆံပင်က ကျိုးတိုးကျဲတဲလောက်ပဲ ဖြူတာ။ အဲဒီ အဖြစ်အပျက် ပြီးတဲ့နောက် တဖြည်းဖြည်း ဖြူလာလိုက်တာ ဒီနေ့တွေ့တဲ့အတိုင်းပဲ။ ငါတောင် အံ့အားသင့်သွားရော။ အေး..သူ့တသက် နေရာပေါင်းစုံမှာ အလုပ်ပေါင်းစုံ လုပ်လာခဲ့တဲ့သူ။ မိုင်းတွင်းတွေ ဘာတွေမှာတောင် လုပ်ဖူးတယ်။ ဆိုတော့ အရုပ်ဆိုး အကျည်းတန်တဲ့ အနိဋ္ဌာရုံအမျိုမျိုးကို မြင်ဖူးတဲ့ လူတယောက်ပါပဲ။ ဒါပေမဲ့ အဲဒီညမှာ သူကြုံရတဲ့ဟာကတော့ သူ့တသက်မှာ တခါမှ မတွေ့ဘူးတဲ့ ဟာမျိုးပဲ။ သေတာလည်း မဟုတ်၊ ရှင်တာလည်း မဟုတ်တဲ့ဟာကြီး။ မြေကြီးပေါ်မှာလည်း မအပ်စပ်သလို မြေကြီးအောက်မှာလည်း မဖြစ်အပ်တဲ့ အရာတဲ့။ ဦးအံ့မောင် ယူလာတဲ့ ပစ္စည်းတခု ရှိသေးတယ်။ ဦးပွားကတော့ သတိမထားမိဘူး။ အဲဒါဘာလဲဆိုတော့ ရေမျောကမ်းတင် ထင်းတွေ ဘာတွေ ကောက်ရင်း ပါလာတဲ့ သစ်သားချောင်းမာမာကြီး တချောင်းကို စို့ပုံစံ ဖြစ်အောင် ချွန်ထားတဲ့ ဟာပဲ။ မီးအိမ်ကို ကျင်းထဲချ၊ လက်တဘက်က ပေါက်ချွန်းကို ကိုင်ပြီး နောက်လက်တဘက်က အဲဒီ သစ်သားစို့ကြီးကို ဆွဲထုတ်လိုက်တာ။ အင်း..အဲဒီနောက် ဘာဖြစ်တယ် ဆိုတာတော့ ဘယ်လိုစွမ်းအားမျိုးကမှ သူ့ကို ထုတ်ပြောလာအောင် တတ်နိုင်မယ် မထင်ပါဘူးကွာ။ ဦးပွားကို မေးတော့လည်း သူက ကြောက်လွန်းလို့ မကြည့်ရဲတာနဲ့ မသိဘူးတဲ့။ သူ ကြားရတာတော့ ပြောပြတယ်။ ဦးအံ့မောင်က သားရိုင်းကောင်ကြီးလို တရှူးရှူးနဲ့ အသက်ရှူနေပြီးတော့ အင်မတန် သန်မာတဲ့ တစုံတယောက်နဲ့ တိုက်ခိုက်နေသလိုမျိုးတဲ့။ မကောင်းဆိုးဝါးရဲ့ အသံ၊ ထိုးသံ၊ ခုတ်သံတွေကြားရပြီး နောက်ဆုံး တခုခုက အသားတွေ အရိုးတွေကို ရက်ရက်စက်စက် ဖောက်ထွင်းသွားတဲ့ အသံကြီးကို ကြားရတာပဲ။ တပြိုင်တည်းလိုလို အဲဒီနောက်မှာ ကပ်ပါလာတာက အလွန်ဆိုးဝါးပြီး ချောက်ခြားစရာ ကောင်းတဲ့ မိန်းမတယောက်ရဲ့ စူးခနဲ အာခေါင်ခြစ် အော်တဲ့ အသံပဲ။ အဲဒီအသံဆိုးကြီးက ဟောဒီ သက်ရှိလောကမှာ ဘယ်လို လူသားကမှ မအော်နိုင်၊ မထွက်နိုင်လောက်တဲ့ အသံမျိုးတဲ့။ အဲဒီမှာပဲ သနားစရာ ဦးပွားခမျာ မျက်စိမှိတ်၊ နားပိတ်ပြီး မြေကြီးပေါ်မှာ ဒူးထောက်လို့ ရတတ်သမျှ ဘုရားစာတွေကို တုန်တုန်လှုပ်လှုပ်နဲ့ ရွတ်နေရှာတော့တာ။ အဲဒီနောက်မှာ ရုတ်တရက် သံသေတ္တာလေးတလုံး သူ့ ဒူးခေါင်းနားထိ လိမ့်လာမှ မျက်လုံးဖွင့်ပြီး ကြည့်မိလိုက်တာ။ ခဏကြာတော့ ဦးအံ့မောင်ကလည်း သူ့ဘေးနားမှာ ရပ်နေသတဲ့။ မီးအိမ် အလင်းရောင်နဲ့ ဦးအံ့မောင်ရဲ့ မျက်နှာက စာရွက်တရွက်လို ဖြူဖွေးနေပြီး သူ့ကိုယ်ပေါ်က သဲတွေ ဖုန်တွေကို လက်နဲ့ ခပ်ကြမ်းကြမ်း ခါထုတ်ရင်း တဝက်တပျက် မြေဖို့ပြီးသွားတဲ့ ကျင်းကို ငုံ့ကြည့်နေတာ မြင်ရတာပဲ။ ပြီးတော့ ဦးအံ့မောင်ရဲ့ အင်္ကျီနဲ့ လက်တွေမှာ သွေးတွေ ရွှဲလို့တဲ့။”
ကျနော်၏ ဇာတ်လမ်း အဆုံးသတ်သို့ ရောက်သောအခါ အောင်တိုးသည် သူ၏ အရက်ခွက်ကို လက်စသတ်ရင်း ပက်လက်ကုလားထိုင်တွင် ကျောမှီချလိုက်လေသည်။
“အင်း..အဲဒီတော့ မောင်ညိုအေးက သူ့ပစ္စည်း သူပြန်ရသွားတယ်ပေါ့။ အဲ..ဟို ဗိုင်းကောင်း ကျောက်ဖိ သူ့ရည်းစား ဝတုတ်မလေးနဲ့ရော ယူဖြစ်လား။”
“ဟင့်အင်း..မယူဖြစ်ပါဘူး။ မောင်ညိုအေးလည်း အတော်ကို ကြောက်လန့်သွားပြီး အောက်ပြည် အောက်ရွာဘက် ဆင်းသွားတာ အဲဒီကတည်းက သူ့သတင်း ဘာမှ မကြားတော့ဘူး။”
“ဩော်..သနားစရာ ကလေးမ အလောင်းကတော့ အဲဒီမှာ ရှိဦးမယ် ထင်တယ်။ အခုတော့ တကယ် သေရှာပြီ ထင်ပါရဲ့..နော်။”
တကယ် သေ မသေ နေ့ခင်းကြောင်တောင်မှာပင် ထိုနေရာသို့ ကျနော် သွား၍ မစူးစမ်းချင်တော့ပါ။ အောင်တိုးသည် ခင်ရတီသာအား သနားနေမည်မှာ မုချပင် ဖြစ်ပေမည်။ အသက်ရှိစဉ်ကလည်း မည်သူ တဦးတယောက်ကမျှ အလေးပေး ဆက်ဆံခြင်း မရှိသလို လူဆိုးသူခိုးများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ကိုလည်း ခံရရှာလေသည်။ ထို့နောက်တွင်လည်း သေခြင်းနှင့် ရှင်ခြင်းကြား မကောင်းဆိုးဝါး ဖြစ်လာရသည်မှာ မည်သို့သော ကံကြမ္မာ အငြိုးများကြောင့်ပင်နည်းဟု ကျနော်လည်း စဉ်းစားနေမိပါသည်။