Myanma NewsNews
မြန်မာပြည်သတင်း ဒိုင်ယာရီ Nov/Dec 2024
သင့်အေးရိပ် စုဆောင်းတင်ပြသည်။
Dec 28 ။ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ စစ်ကောင်စီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ သမဝါယမဦးစီးဌာန ဝန်ထမ်းတွေက ဒေသခံ တောင်သူတွေ စိုက်ထားပြီးဖြစ်တဲ့ မတ်ပဲစိုက်ခင်းတွေကို ဝန်ကြီးဌာန အမိန့်အရဆိုကာ ဖျက်ဆီးခိုင်းပြီး နေကြာတွေ ပြန်လည်စိုက်ပျိုးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ အထဲ စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က သတင်းထုတ်ပြန်ပါတယ်။
Dec 27 ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ထဲက စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ထဲက မြို့ကြီးတွေမှာ ညအချိန်မှာ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ ရှိကြောင်း BBC သတင်းက စုံစမ်းဖော်ပြပါတယ်။
Dec 26 ။ မြန်မာပြည် စစ်အာဏာသိမ်းပြီးနောက် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်ခဲ့တဲ့ ၂၀၂၄ မှာ စပါး၊ မြေပဲ၊ နှမ်းရောင်စုံ၊ ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်အများစု အထွက်နူန်းလျော့ကျခဲ့တဲ့အပြင် ချိုင်းနားအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို အပြန်အလှန် ကန့်သတ်ပိတ်သိမ်းလိုက်တာကြောင့် ကုန်သွယ်မှု ပြတ်တောက်ခဲ့ရပြီး၊ တောင်သူတွေနဲ့ ကုန်သည်တွေအတွက် ပျက်စီးမှု အများဆုံး၊ ဆုံးရှုံးမှု ကြီးမားတဲ့နှစ်လို့ သတ်မှတ်ပြောဆိုကြပါတယ်။
သွင်းကုန်၊ ပို့ကုန်တွေအပေါ် ကျသင့်တဲ့ အကောက်ခွန်ကို တွက်ချက်ရာမှာ အရင်က ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ တွက်ချက်ကောက်ခံနေရာကနေ လာမယ့်နှစ်သစ်မှာတော့ ဇန်နဝါရီ ၁ ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ဈေးကွက်ငွေလဲနှုန်းနဲ့ ပြောင်းလဲ အခွန်စည်းကြပ်သွားမှာ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပါတယ်။
Dec 25 ။ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ ကြေညာပါတယ်။
နိုင်ငံတဝန်းမြို့ပေါင်း ၂၅၀ နီးပါးမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာပြည်မှာ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်ဟာ စစ်ဘေးရှောင်မြို့ ဖြစ်လာပြီး ရွှေ့ပြောင်းသူတွေ များလာတာကြောင့် အိမ်ခြံမြေ ဝယ်ရောင်းတွေလက်ထဲ ကြိုက်စျေးခေါ်တာတွေဖြစ်၊ စျေးနှုန်းတွေကလည်း ပုံမှန် ဝယ်ငှားစျေးတွေထက် ၃ ဆနီးပါးမြင့်တက်သွားခဲ့ပါတယ်။
Dec 24 ။ ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ပြီးခဲ့တဲ့ လပိုင်းအတွင်း ခန့်မှန်းခြေ လူ ၃ သိန်း ၆ သောင်းလောက်ထပ်ပြီး အိုးအိမ်မဲ့ထွက်ပြေးကြရတဲ့အတွက် အခုဆိုရင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် ၅ သိန်း ၇ သောင်း နီးပါး ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆက်သွယ်ရေးရုံး UNOCHA က
သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ညဘက်မှာ အသွားအလာနည်းကုန်ပြီး ညဘက်ဖွင့်ရောင်းချတဲ့ အစားအသောက်ဆိုင်တွေ အရောင်းပါးသွားတဲ့အပြင် ဆိုင်တချို့က ပိတ်ထားရတဲ့ထိ ဖြစ်နေခဲ့ပါတယ်။
Dec 23 ။ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီခရိုင်၊ ရွှေက္ကိုလ်မြို့သစ်မှာ ချိုင်းနိစ်တွေက စပြီး ကူးစက်တဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနေတာကြောင့် လူနာတချို့ကို ထိုင်းဘက်က တာ့ခ်ခရိုင်ထဲက မယ်လမ၊ မဲဆောက် စတဲ့ ဆေးရုံတွေကိုပို့ ကုသနေရသလို ထိုင်းဘက်ကို ထပ်ကူးစက်ပြန့်ပွားမှာ စိုးရိမ်ပြီး နယ်စပ်တောလမ်းတွေကိုလည်း ထိုင်းဘက်က တင်းကျပ်စွာ စစ်ဆေးနေပါတယ်။ မြန်မာဘက်က သေဆုံးတာတွေရှိနေပြီး လူ ၃၀၀ ထက်မနည်း ကူးစက်နေတာပါ။
စစ်ကောင်စီတပ်ရော တော်လှန်ရေးတပ်တွေမှာပါ ဒရုန်းတွေကို အဆင့်မြှင့်သုံးစွဲနေတာကြောင့် လာမယ့်နှစ်မှာ နည်းပညာတိုက်ပွဲတွေ ပိုတွေ့လာရနိုင်ကြောင်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
Dec 22 ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၁၁ လအတွင်း ယာဉ်မတော်တဆမှု ၁၈၉ မှုကြောင့် လူ ၈၇ ယောက်ထိ သေဆုံးခဲ့ပြီး၊ အမျိုးသား ၂ဝ၇ ယောက်၊ အမျိုးသမီး ၁၃၁ ယောက် စုစုပါင်း ၃၃၈ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း DVB သတင်းအရ သိရပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းတောင်ပိုင်းတခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီး ချင်းပြည်ရဲ့နယ်မြေ ၈၀ % ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
Dec 21 ။ ချိုင်နားအစိုးရက ဖောက်လုပ်ဖို့ ပြင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းပေါ်က မြို့နယ်တွေကို စစ်ကောင်စီက အဓိကပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ၂လအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ဒီဇင်ဘာ နှောင်းပိုင်းနဲ့ ၂၀၂၅ ပြက္ခဒိန်အတွင်း အစိုးရရုံးပိတ်ရက်တွေ၊ အများပြည်သူရုံးပိတ်ရက်တွေကို တဆက်တည်း ပိတ်ပေးမှာဖြစ်လို့ စနေနေ့တွေကို အစားထိုး ရုံးတက်ရက်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
Dec 20 ။ မြန်မာပြည်မှာ ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ ဝင်ရောက်စွက်ဖက်တာ ကြုံနေရကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတဲ့အပြင် မြန်မာ စစ်တပ်ဟာ ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေးသမားတွေအတွက် တိတ်တဆိတ်သတင်းပေးသူလျှိုတွေကြောင့် တပ်တွင်း အက်ကြောင်းလိုက်နေကြောင်း BBC က စုံစမ်းသိရှိပါတယ်။ သတင်းပေးစစ်သားတွေကို အပြင်ဘက်က စိမ်းပြီး အထဲက နီနေလို့ “ဖရဲသီးတွေ”လို့ ခေါ်ကြပါတယ်။
အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan က တောင်းဆိုလိုက်ပါတယ်။
Dec 19 ။ စစ်ကောင်စီဟာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို လက်ရှိကာကွယ်ရေးဝန်ကြီးရာထူးကနေ ဖယ်ရှားလိုက်ပြီး နိုင်ငံတော်ဝန်ကြီးချုုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်တဲ့အပြင် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
နေရပ်ပြန်မရသေးဘဲ ၃ နှစ်ကျော်ကြာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောရွာမှာ စစ်ရှောင်နေသူတွေအတွက် စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ခြုံစောင်တွေ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
Dec 18 ။ ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်လာတာကြောင့် အာဏာသိမ်းပြီးထဲက စစ်ကောင်စီတပ် တောက်လျှောက်စိုးမိုးထားနိုင်ခဲ့တဲ့ ဧရာဝတီတိုင်းနားထိ တိုက်ပွဲတွေနီးကပ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်၊ ခြံအမှတ် ၅၄ လေလံတင်နိုင်ရေး ဒုတိယအကြိမ် လေလံဈေး ဘီလီယံ ၃၀၀ ကနေ တရားလို ဦးအောင်ဆန်းဦးဘက်က ၁၀ ဘီလီယံ လျှော့ဈေးခေါ်လိုက်တဲ့ လေလံကြမ်းခင်းဈေး ၂၉၀ ကို တရားရုံးဘက်က လက်မခံဘဲ ၃ ဘီလီယံသာ လျော့ခွင့်ပေးလိုက်ပါတယ်။
Dec 17 ။ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့ အခုနှစ်ထဲမှာ လုပ်သား တသောင်းကျော်ကို ကိုရီးယားနိုင်ငံ စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့မှာ ၃ ရက်အတွင်း လူငယ် ၂၀ ကျော်ဟာ စစ်ကောင်စီ ထောက်ခံသူ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အပြင် အခြားမြို့နယ်တွေမှာလည်း လူငယ်အများအပြားဖမ်းဆီခံနေရကြောင်း VOA သတင်းက ဖော်ပြပါတယ်။
Dec 16 ။ ၂၀၂၄ အတွင်း မြန်မာပြည်မှာ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုတွေ ကြုံခဲ့ရသလို၊ လာမယ့် ၂၀၂၅ မှာလည်း ဒီအတိုင်းဆက်သွားရင် ဆင်းရဲမွဲတေမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးဘေး ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ပြည်တွင်းပဋိပက္ခနဲ့ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာတာနဲ့အမျှ လာမယ့် ၂၀၂၅ မှာ မြန်မာပြည်တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ဦးရေ ၄ သန်းခွဲထိ ထပ်တိုးလာနိုင်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
Dec 15 ။ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အာရက္ခတပ်တော်(AA)အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြီးချိန်မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း စစ်တပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တခုဖြစ်တဲ့ တောင်ကုတ်အခြေစိုက် စကစတပ်၊ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)ကို အပြီးသတ် သိမ်းလိုက်ကြောင်း အာရက္ခတပ်တော်(AA)က ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ လေကြောင်းစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါနေတာကြောင့် လေတပ်ကို အပြည့်အဝသုံးဖို့ ပြောင်းလဲရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပြီး၊ တိုင်းပြည်အနှံ့ တိုက်ပွဲဖြစ်တဲ့နေရာတွေအပြင် အရပ်သားနေထိုင်ရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်နေပါတယ်။
Dec 14 ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လေကြောင်းဗုံးကြဲ ခံရပြီးနောက် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ပိတ်ထားတာကြောင့် သတင်း၊ ဆက်သွယ်ရေးနဲ့ ငွေကြေးလွှဲပို့တာမျိုးတွေ ခက်ခဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ပြည်တွင်း ဘုရားဖူးသူတွေ လာရောက်မှု များပြားနေပြီး ၂၀၂၅ ဇန်နဝါရီထိ ဟိုတယ်အခန်းတွေ ပြည့်နေခဲ့ပါတယ်။
Dec 13 ။ ၂၀၂၄ ခုနှစ်မှာ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၅,၀၀၀ ကျော်ရှိနေပြီး အဲဒီပမာဏရဲ့ ၉၀ % နီးပါးဟာ ရှမ်းပြည်နယ်မှာ စိုက်ပျိုးတာဖြစ်ကြောင်း (၂၀၂၄) မြန်မာဘိန်းစစ်တမ်း အစီရင်ခံစာကို UNODC ရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ ဖွင့်ဖို့ အခုလဆန်းပိုင်းက,စ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်သားစုဆောင်းမှုအတွက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ဖိအားပေးမှုတွေရှိနေပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပိုလုပ်ဆောင်နေခဲ့ကြောင်း BBC သတင်းက ဖေါ်ပြပါတယ်။
Dec 12 ။ လာမယ့်ဘဏ္ဍာနှစ်ကုန် ၂၀၂၅ မတ်လအထိ မြန်မာ့စီးပွားရေးခန့်မှန်းချက်ဟာ အနုတ် ၁ % အထိဖြစ်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သတိပေးလိုက်တဲ့အပြင် နိုင်ငံအတွင်း မြို့နယ်စုစုပေါင်းရဲ့ထက်ဝက်ခန့်က ပဋိပက္ခအခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဆက်လက်အကျိုးသက်ရောက်နေမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့ ၂မြို့လုံး အာရက္ခတပ်တော်(AA)ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Dec 11 ။ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာပြည်က ဆူဒန်နဲ့ ပါလက်စတိုင်းအပြီး တတိယနေရာမှာ ရှိနေကြောင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ(IRC) သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
ရန်ကုန်မြို့မှာ နေစရိတ်၊ စားစရိတ် ကြီးမြင့်လာတာကြောင့် အဆောင်နဲ့ စားသောက်ရေး စီစဥ်ပေးတဲ့အလုပ်တွေကို ရွေးချယ်မှုများလာကြောင်း ဒေသခံတွေထံက ပြောပါတယ်။
Dec 10 ။ မြန်မာပြည်စီးပွားရေးဟာ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၁ % ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့အပြင် မကြာခင်လပိုင်းက ရေလွှမ်းမိုးမှုဘေးဒဏ်တွေ ထပ်ကြုံခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ ခန့်မှန်းချက်တွေနဲ့ ကွဲလွဲ၊ နောက်ထပ် ကျဆင်းနိုင်ခြေရှိနေကြောင်း သတိပေးထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနှစ်အတွင်း မိတ္ထီလာမြို့ကို ၄ ကြိမ်အထိသွားရောက်ခဲ့ပြီး နေပြည်တော်လို စံပြမြို့ဖြစ်အောင် လုပ်မယ်လို့ ထုတ်ပြောထားပါတယ်။
Dec 09 ။ စစ်မှုထမ်း အပတ်စဥ်(၈) အတွက် တပ်သားလိုအပ်နေတာကြောင့် နည်းလမ်းမျိုးစုံ သုံးပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် လူငယ်တွေနဲ့ ပြည်သူအများစု စိုးရိမ်ပူပန်နေကြရကြောင်း သိရပါတယ်။
မြန်မာပြည်အပါအဝင် ကမ္ဘာတလွှားက စစ်ဖြစ်နေတဲ့နေရာတွေမှာ ခရစ္စမတ်ကာလ မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
Dec 08 ။ ချိုင်းနား – မြန်မာ နယ်စပ်အနီးမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA)နဲ့ လောက်ကိုင်မြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်(MNDAA)တို့ ကုန်စည်တင်သွင်းခွင့် အပြန်အလှန် ပိတ်ထားတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံနေခဲ့ရပါတယ်။
ရန်ကုန်မှာ လျှပ်စစ်မီးပျက်ချိန် ပိုများလာပြီး ဂျိူးဖြူရေ ရရှိမှုလည်း နည်းပါးလာတာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြရကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
Dec 07 ။ မြန်မာ့အရေး ရှေ့ဆက်မဟာဗျူဟာအတွက် US အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
အိန္ဒိယနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီအနေနဲ့ ဆန်တန်ချိန် ၂,၂၀၀ ကို မြန်မာပြည်ထံ ပေးပို့ခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ အိန္ဒိယသံရုံးက ပြောပါတယ်။
Dec 06 ။ မြန်မာပြည်ဟာ လူဦးရေနည်းပါးတဲ့ နိုင်ငံဖြစ်ပြီး ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မှုတွေ များလာတာကြောင့် အလုပ်လုပ်နိုင်မယ့်စွမ်းအားတွေ လျော့သွားကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောခဲ့ပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် ၈ အတွက် တပ်သားသစ်စုဆောင်းဖို့ ရန်ကုန်၊ မြို့နယ်တချို့မှာ အတင်းအကျပ် လုပ်ဆောင်နေတာတွေကြောင့် ဒေသခံ လူငယ်တွေ စိုးရိမ်နေကြပါတယ်။
Dec 05 ။ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း (ICH) စာရင်းဝင်အဖြစ်သတ်မှတ် ကြေညာခဲ့ပါတယ်။ မြန်မာ့အတာသင်္ကြန်ပွဲတော်ဟာ ရေပက်ကစားတာ တခုတည်းမဟုတ်ဘဲ တခြားလေးနက်တဲ့ အဓိပ္ပာယ်ပြည့်ဝမှုတွေ ပါဝင်ပြီး သင်္ကြန်သင်္ကေတတွေထဲ အစားအသောက် စတုဒိသာ ကျွေးတာ၊ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး၊ သင်္ကြန်ထမင်း စတဲ့ ရိုးရာမုန့်တွေကို ကျွေးကြတာပါ။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းလာလို့ ရန်ကုန်ရဲ့ မြို့နယ်အများစုမှာ လျှပ်စစ်မီးဖြတ်တောက်ချိန် ပိုများလာနေပြီး ရေပြတ်လပ်မှုတွေလည်း ကြုံနေရကြောင်း သိရပါတယ်။
Dec 04 ။ စစ်ကောင်စီကဖွင့်လှစ်တဲ့ အွန်လိုင်းထီက ထီပေါက်သူတချို့ ဆုငွေမရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။
အရပ်ဘက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတလုပ်ဆောင်မယ့်အသင်းတွေဟာ ၂၀၂၄ နိုဝင်ဘာကစပြီး ပြည်ထောင်စု၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် မှတ်ပုံတင်ကြေးတွေကို စစ်ကောင်စီက ကျပ်သိန်းရာချီပေးသွင်းခိုင်းကြောင်း အသင်းတွေက ပြောပါတယ်။
ဒီဇင်ဘာလထဲမှာ တရားဝင်မှတ်ပုံတင်ခဲ့တဲ့ အသင်းတွေထဲမှာ တိုင်းအဆင့်အသင်းတွေက ကျပ်ငွေ သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့် အသင်းတွေက သိန်း ၁,၀၀၀၊ ခရိုင်အဆင့်က သိန်း ၃၀၀၊ မြို့နယ်အဆင့်က သိန်း ၁၅၀ အထိ ဘဏ်စာအုပ်ထဲ ပိုက်ဆံပမာဏ ရှိနေရကြောင်း သိရပါတယ်။
Dec 03 ။ ရခိုင်ပြည်နယ်မှာ ယခုနှစ် စပါးအထွက်နှုန်း ကျဆင်းကြောင်း လယ်ယာလုပ်ကိုင်သူတွေထံက သိရပါတယ်။ ရခိုင်မှာ အခု ၂၀၂၄ မိုးစပါးစိုက်ပျိုးချိန်အတွင်း မြေသြဇာ ၅၀ ကီလိုဂရမ် တအိတ်ကို ကျပ် ၆ သိန်းကနေ ၈ သိန်းထိ စျေးရှိခဲ့တာကြောင့် လယ်ယာလုပ်ကိုင်သူတွေ မြေသြဇာ လိုအပ်သလောက် အသုံးပြုနိုင်မှု မရှိခဲ့တာပါ။
မြန်မာပြည်မှာ မြွေကိုက်ခံရတဲ့ ဖြစ်စဉ်တွေ ပိုများလာပြီး မြွေဆိပ်ဖြေဆေးရဖို့ အခက်အခဲတွေ ရှိနေတာကြောင့် သေဆုံးတာတွေလည်း ရှိနေခဲ့ပါတယ်။
Dec 02 ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာလို့ လုပ်ငန်းတွေ ပိတ်သိမ်းတာ၊ လုပ်ငန်းချုံ့ပြီး လုပ်သားအင်အားလျှော့တာ၊ လုပ်ငန်းအသစ်တိုးချဲ့မှု လျော့နည်းလာတာကြောင့် လုပ်သားအသစ် ခေါ်ယူတာတွေ ကျဆင်းနေခဲ့ပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့လည်း လုပ်ငန်းရပ်ဆိုင်းလိုက်ရတာတွေ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှု၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူပေါင်း ၁,၈၀၀ ကျော်ထိ ရှိခဲ့ကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ခဲ့ပါတယ်။
Dec 01 ။ “ICC က ဖမ်းဝရမ်းထုတ်ခံရမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်သွားမယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားတပ်ဦးတို့ ပူးတွဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အနီးမှာ စစ်တပ် စခန်းသိမ်းတိုက်ပွဲတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဟားခါးနဲ့ ထန်တလန်လမ်းခွဲကြားက စစ်တပ်စခန်းပေါင်း ၃ ခု ထက်မနည်းကို ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တဲ့အပြင် မြို့တော်အနီးအထိ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတချို့ ပြောင်းရွှေ့ခဲ့ရပြီး ကုန်စည်အဝင်လမ်းတချို့လည်း ပိတ်ထားခဲ့ရပါတယ်။
Nov 30 ။ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသား စုစုပေါင်း ၅၀၀ ဝန်းကျင်ကို သာယာဝတီအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီက ပြောပါတယ်။
မြန်မာပြည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မနေ့က သတင်းထုတ်ပြန်ပါတယ်။ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး တကယ် သေဆုံးသူ အရေအတွက် ဒီထက် ပိုများနိုင်ကြောင်း ပြောပါတယ်။
Nov 29 ။ မြန်မာပြည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) သတင်းအရ သိရပါတယ်။ ဒီပမာဏက လက်လှမ်းမီသမျှ ကောက်ယူရရှိထားတာသာ ဖြစ်ပြီး တကယ်သေဆုံးတဲ့အရေအတွက်ဟာ ဒီထက် ပိုများနိုင်ကြောင်း ပြောပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာ ဒီနေ့ကစပြီး စပိန်နိုင်ငံထုတ် ရထားတွဲသစ် DEMU စတင်ပြေးဆွဲနေပြီလို့ မြို့ပတ်ရထားစီးနင်းသူတွေက ပြောပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ၃၃ ဘူတာရှိ မြို့တပတ်စာကို ကျပ်ငွေ ၈၀၀၊ ၁၅ ဘူတာကို မြန်မာငွေ ကျပ် ၄၀၀ ကျသင့်မှာဖြစ်ပါတယ်။
Nov 28 ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄၊ နိုဝင်ဘာ ၄ ရက်ကနေ ၂၀ ရက်ထိ ၁၇ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၄ မှာ တောင်ကုတ်မြို့ တခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်း ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့မှာ နေအိမ်၊ တိုက်ခန်းငှားခတွေ အဆမတန် မြင့်တက်လာတာကြောင့် စပ်တူစုပေါင်း ငှားရမ်းနေထိုင်တာတွေ တွင်ကျယ်လာကြောင်း အိမ်ငှားနေထိုင်သူတွေဆီက
သိရပါတယ်။
Nov 27 ။ ရိုဟင်ဂျာတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီ တရားသူကြီးတွေကို ရှေ့နေချုပ် ကာရင် ခန်းက မနေ့က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အိုင်စီစီရဲ့ ပြောကြားချက်တွေကို အသိအမှတ် မပြုဘူးလို့ တုံ့ပြန်ပါတယ်။
မုံရွာ-မန္တလေး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေဟာ အရပ်သား ခရီးသည်တွေကို အသုံးချပြီး လမ်းတလျှောက်မိုင်းတွေ ရှာခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေကပြောပါတယ်။