မြန်မာပြည်သတင်းဒိုင်ယာရီ April/May


May 28 ။ ၃ နှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြီး(၂)ခုဒဏ် ခံထားရတဲ့ မြန်မာပြည်မှာ အခု မုတ်သုံကာလ အစမှာပဲ မိုးကြီး ရေလျှံမှုတွေ ကြုံနေရပြီး လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများရေကြီးနိုင်ကြောင်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။

မကွေးအကျဥ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား အယောက် ၂၀၀ ကျော် တိုက်ပိတ်ခံထားရပြီး ဆေးဝါးကုသခွင့်လည်း မရကြောင်း   မြန်မာပြည်လုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က မနေ့က သတင်းထုတ်ပါတယ်။

May 27 ။ မန္တလေးတိုင်းအတွင်း ၂၀၂၄ နဲ့ ၂၀၂၅ အတွင်း ရွှေဆိုင် ၁၄ ဆိုင် ဓားပြတိုက်ခံရပြီးနောက် Guardian Link နည်းပညာစနစ် အသုံးပြုဖို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ဒီကုန်ကျစရိတ်အတွက် ရွှေဆိုင်နဲ့ ဘဏ်တွေဟာ တိုင်းရဲတပ်ဖွဲ့ကို စက်ဖိုးကုန်ကျစရိတ် ၁၂ သိန်း အပြင် လစဥ်ကြေး (၁)လ ၂၀,၀၀၀ ကျပ် ပေးရမယ်လို့ DVB သတင်းက ဖော်ပြပါတယ်။

ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၂,၇၅၄ ခု စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး အတည်ပြုလူနာ ၆ ယောက် တွေ့တာကြောင့် ရောဂါပိုးတွေ့ % (၀ ဒသမ ၂၂) ဖြစ်ကြောင်း   ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက သတင်းထုတ်ပြန်ပါတယ်။

May 26 ။ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဂီတဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်းငွေ သန်း ၆၀(US ဒေါ်လာ ၄ သိန်းကျော်) ရခဲ့ပါတယ်။ တိုကျိုမြို့က ကမ္ဘာ့အဆင့်မီ Arina ခန်းမကြီးမှာ Phyu Phyu in Japan အမည်နဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပခဲ့ပြီး ရတဲ့ငွေတွေကို နွေဦးတော်လှန်ရေးအတွက်ရော ငလျင်ဘေးဒဏ်ခံရသူတွေအတွက်ပါ လှူဒါန်းမှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဖြူဖြူကျော်သိန်းဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ပြင်သစ်နိုင်ငံမှာ သွားရောက်နေထိုင်ပြီး UK ၊ ကိုရီးယား လိုနိုင်ငံတွေမှာပါ ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲတွေ ကျင်းပနေတာပါ။

စစ်အာဏာသိမ်းထားတဲ့(၄)နှစ်တာ ကာလအတွင်း ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊  လူသတ်မှုလို ရာဇဝတ်မှုတွေ များပြားလာခဲ့ပြီး  ၂၀၂၅ ထဲမှာ ပိုဆိုးတဲ့ အခြေအနေတွေ ကြုံနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာဆိုရင်လည်း မတ် ၂၈ ရက်နေ့ အင်အားပြင်း ငလျင်ကြီး လှုပ်ပြီးနောက် ဒေသခံတွေဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတာအပြင် ခိုးဆိုးလုယက်၊ ဓားပြမှုတွေကိုပါ ထပ်ပေါင်း ခံနေကြရကြောင်း သိရပါတယ်။

May 25 ။ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်(၆၀၀)ခန့် ကျူးလွန်ခဲ့ပြီး လူပေါင်း(၃၆၀)ခန့် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်းထုတ်ပြန်ပါတယ်။ တရားလက်လွတ်သတ်ဖြတ်ခံရမှု(၁၂၈)မှုနဲ့ ဒီကာလအတွင်း အများဆုံးကျူးလွန်ခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လေကြောင်းတို့နဲ့ ပြည်သူတွေ နေထိုင်ရာကို တိုက်ခိုက်တဲ့ တခြားကျူးလွန်မှု(၁၆၄)ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်နေရာ)ထဲမှာ အင်အား ရာချီတဲ့စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ   တိုက်ပွဲဖြစ်နေကြောင်း ချင်းကာကွယ်ရေးတပ်- စီးယင်း(CDF CDM Siyin)ဥက္ကဋ္ဌက ပြောပါတယ်။

May 24 ။ ကရင်တော်လှန်ရေးတပ်ဖွဲ့(KNU)တွေနဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်သား ၆၂ ယောက် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး)(NMSP-AD)နဲ့  မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့  နှစ်ဖွဲ့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို   ဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်သစ်ပါတီက သတင်းထုတ်ပါတယ်။

May 23 ။ ချိုင်းနားအကူအညီနဲ့ လားရှိုးကနေ ကိုးကန့်တပ် ဆုတ်ခွာတာ (၁)လကျော်ရှိလာပြီးနောက်၊ တိုက်ပွဲကြောင့် အလုံးအရင်းစွန့်ခွာခဲ့ကြတဲ့ မြို့ခံတွေ မြို့ထဲ ပြန်ဝင်နေကြပါပြီ။ စကစတပ်ရဲ့ တိုင်းစစ်ဌာနချုပ်အထိပါ ကိုးကန့်တပ်က မနှစ်က သိမ်းနိုင်ခဲ့ပေမဲ့ လေဆိပ်၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေအပြင် လားရှိုးမြို့ရဲ့ အထင်ကရနေရာတွေပါ ထိခိုက်ပျက်စီးခဲ့တဲ့ထိ အထိနာခဲ့တာပါ။

လှည်းကူးမြို့နယ်၊ ရွှေအင်တုံကျေးရွာ၊ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းမှာ သိမ်ကျောင်း လှူထားတဲ့ ဒါယိကာမကို မေ ၂၁ ရက်မနက်က ကျောင်းထိုင်ဆရာတော်   ဦးသမ္မာစာရ က မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ပြီး ဒါယိကာမက ရုန်းကန်အော်ဟစ်ထွက်ပြေးတဲ့အတွက် ဓားနဲ့ မသေမချင်း ခုတ်သတ်ခဲ့တာကြောင့် ဆရာတော်ကို ဖမ်းဆီးခံရပါတယ်။ 

May 22 ။ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ဟာ ဒီနေ့မနက်ပိုင်း မရမ်းကုန်း မြို့နယ်မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ရှေ့မှာ ပစ်ခတ် သတ်ဖြတ်ခံလိုက်ရပါတယ်။ သူဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ စစ်တပ် အရာရှိတွေကို စာသင်ပေးနေတာကြောင့် ရှင်းလင်းခဲ့တာ ဖြစ်ကြောင်း ပစ်ခတ်မှု လုပ်ဆောင်ခဲ့တဲ့ GOLDEN VALLEY WARRIORS အဖွဲ့က ကြေညာပါတယ်။


အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)အရ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေ ရခိုင်ပြည်နယ်ထဲနဲ့ ပြည်ပထွက်ခွာခွင့် အာရက္ခတပ်တော်(AA)က   တားမြစ်လိုက်တာကြောင့် အသက် ၁၈ ကနေ ၂၅ နှစ်ထိအမျိုးသမီးတွေနဲ့ အသက် ၁၈ ကနေ ၄၅ နှစ်အထိ အမျိုးသားတွေပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။ 

May 21 ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ထိမှန်ပြီး ရွှေကူမြို့နယ်ထဲ ပျက်ကျခဲ့တဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ် အပျက်အစီးတွေကြားကနေ ရုပ်အလောင်း ၁၈ လောင်းကို KIA က တွေ့ခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ပြည်သူလူထု အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ "မြစ်ဆုံဆည် တည်ဆောက်မှုသာ မရပ်ခဲ့ရင် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အခုထက်ပိုရမှာဖြစ်ကြောင်း"   အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ထည့်ပြောခဲ့ပါတယ်။  

May 20 ။ ကချင်ပြည်၊ ဗန်းမော်မြို့ စစ်ကောင်စီတပ်စခန်းကို တပ်ကူလာပို့တဲ့ ရဟတ်ယာဥ် ၃ စင်းထဲက ၂ စင်းကို ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့ပြီး ၃ စင်းထဲက ၁ စင်းဟာ ‌‌ရွှေကူမြို့အနီး မီးလောင်ကျွမ်းနေတဲ့ ရုပ်သံဖိုင်ပျံ့နှံ့၊ သေဆုံးနေတဲ့ စကစ တပ်ဖွဲ့ဝင် ၁ လောင်း တွေ့ရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ပြောတာကို BBC သတင်းက အတည်ပြုပါတယ်။

ဒီနေ့မှာ ပြည်တွင်းရွှေဈေးနှုန်းဟာ  အခေါက်ရွှေတကျပ်သား ၇၆ သိန်းကျပ် ဝန်းကျင်ထိ ရောက်ရှိလာပြီး US(၁)ဒေါ်လာကို (၄,၄၃၀) ကျပ်  ရောက်ရှိခဲ့ပါတယ်။

May 19 ။ သရုပ်ဆောင် အကယ်ဒမီခန့်စည်သူက ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်းတွေနဲ့မိသားစုတွေကို အစားအသောက်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အကယ်ဒမီခန့်စည်သူက ငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းတွေ လှူဒါန်းပေးခဲ့တာပါ။

ရွေးကောက်ပွဲကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံရဲ့ အဆုံးအဖြတ်နဲ့ ကျင်းပနိုင်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာ/လုံကို အာဏာပြန်အပ်ရင် အရေးပေါ် အခြေအနေကို ရပ်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။

May 18 ။ ရာဂီမုန်တိုင်းကြောင့် ရေမြုပ်ခဲ့တဲ့ ပျဉ်းမနားမြို့အရှေ့ဘက်၊ အထက်ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စက်ရုံ ပြင်ဆင်မှု ၈ လ ကြာတဲ့အထိ မပြီးသေးဘူးလို့ သိရပါတယ်။ ၎င်းဆည်ဟာ နေပြည်တော်နဲ့ ရှမ်းပြည်နယ်ကြားမှာရှိကာ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် ထုတ်လုပ်နိုင်ခဲ့တာပါ။

ဒီမနက်အစောပိုင်းက တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို BWM Mission 37 အဖြစ် ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်ခဲ့ရာ ၈ လုံး အောင်မြင်ပြီး   လေယာဉ် ၃ စင်းပျက်စီးကာ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ၂ ယောက်အပါအဝင် ၁၀ ယောက် ပွဲချင်းပြီးသေဆုံးကြောင်း Brave Warriors for Myanmar က သတင်းထုတ်ပါတယ်။ 

May 17 ။ မြန်မာပြည်တွင်း လည်ပတ်နေတဲ့ ဘိလပ်မြေစက်ရုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့လို့ ဘိလပ်မြေထုတ်လုပ်နိုင်တဲ့ ပမာဏ ၄၀ % ကျဆင်းသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ငလျင်မလှုပ်ခင်က စက်ရုံ ၉ ရုံကနေ ၁ရက် ဘိလပ်မြေတန်ချိန် ၃၀,၇၀၀(အိတ် ၆၁၄,၀၀၀) ထုတ်နိုင်ခဲ့ရာ အခုတော့ စက်ရုံ ၆ ရုံကနေ ၁ ရက် တန် ၁၇,၁၀၀ (အိတ် ၃၄၂,၀၀၀) ပဲ ထုတ်နိုင်တော့တာကြောင့် တန်ချိန် ၁၃,၀၀၀ ကျော် ကျဆင်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် (၂)နှစ်ကျော်အတွင်း အရပ်သား(၃)ထောင်ကျော် သေဆုံးခဲ့တဲ့ထဲ အသက် ၁၈ နှစ်အောက်   ကလေး(၄၄၁)ယောက် ပါခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။

May 16 ။ ၂၀၂၅ မေ ၉ ရက်ကနေ ၁၅ ရက်ထိ(၁)ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၄ ယောက် သေဆုံးပြီး ၊ ၂၄၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။



ရန်ကုန်မြို့၊  ခြံအမှတ် ၅၄ ရဲ့ လေလံဈေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က သတ်မှတ်ပေးဖို့  ဦးအောင်ဆန် ဦး တင်ပြခဲ့ပေမဲ့ ဒါဟာ   လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ရှေ့နေတွေက တရားရုံးကို ပြန်တင်ပြပါတယ်။ ဦးအောင်ဆန်းဦးဘက်က ၄ ကြိမ်တိုင် စိတ်တိုင်းကျလေလံဈေး သတ်မှတ်ခဲ့ပေမဲ့  ဝယ်သူ မရှိခဲ့တာပါ။ 

May 15 ။ မြန်မာပြည်စီးပွားရေး အခြေအနေအရ ဆက်လုပ်ကိုင်ဖို့ အဆင်မပြေတော့လို့ ရန်ကုန်၊ သီလဝါ ဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်း စီမံကိန်းကနေ ဂျပန်ကုမ္ပဏီကြီး(၃)ခု ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း Justice For Myanmar အဖွဲ့က သတင်းထုတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အမိန့်ပေးစနစ် အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် တိုက်ခိုက်မှုတွေ အရင်ထက်ရာချီ ပိုတိုးလာကြောင်း  သုတေသနအဖွဲ့အစည်းတွေက ထောက်ပြပြီး ၊ စစ်ရေးပစ်မှတ်သတင်းရတာနဲ့ အမြန်ဆုံးတိုက်ခိုက်နိုင်ဖို့ လေတပ်ဌာနချုပ်တွေမှာ တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေ  အစီး ၂၀၀ ကျော် ဖြန့်ခွဲချထားကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ 

May 14 ။ ရန်ကုန်မြို့က တိုက်ခန်းတွေထဲ မီးစက်နှိုးထားပြီး လေအေးပေးစက် ဖွင့်အိပ်ကြလို့ မိသားစုလိုက်သေဆုံးခဲ့ကြတဲ့ နာရေးဖြစ်စဥ် ၂ ခု မက ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ပြတ်တောက်ချိန်များပြီး လာချိန်မမှန်တဲ့ လျှပ်စစ်မီးနဲ့ အပူဒဏ်မြင့်မားမှုကို အန်တုဖို့ မီးစက်တွေ သုံးစွဲနေကြရတာပါ။

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သာသနိက အဆောက်အုံတွေ၊  ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်စားတိုင်းပဲ  ပြန်တည်ဆောက်ဖို့   ညွန်ကြားချက်စာ ထွက်ပေါ်လာကြောင်း BBC သတင်းက ဆိုပါတယ်။ 

May 13 ။ လာမယ့် ဇွန်လမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်လို့ စာသင်ကျောင်းဝန်းတွေထဲ ယာယီနေထိုင်တဲ့ ငလျင်ဘေးသင့်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားခိုင်းနေပြီး တခြားကယ်ဆယ်ရေး စခန်းတွေမှာ နေရာထိုင်ခင်း လုပ်ပေးတာမျိုး မဟုတ်ဘဲ အဆင်ပြေတဲ့နေရာ ပြောင်းခိုင်းတာကြောင့် ငလျင်ဘေးသင့်သူများ အခက်အခဲ ရင်ဆိုင်နေရကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ငလျင်ဘေးကူညီကယ်ဆယ်နိုင်ရေးအတွက် ဆိုပြီး စစ်ကောင်စီက အကြိမ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာပြီးကာလမှာပဲ လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာကြောင့် ၁ ရက် အနည်းဆုံး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၊ စကစဟာ အရင်ကထက် ဗုံးကြဲမှု ပိုများလာကြောင်း BBC သတင်းက ဖော်ပြပါတယ်။

May 12 ။ ပဲခူးတိုင်း၊ ရွှေကျင်၊ ညောင်ခြေထောက်ကျေးရွာက ခမရ ၅၉၈ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၃ တို့က မေ ၈ ရက်နေ့မှာ ပူးပေါင်းသိမ်းပိုက်ခဲ့ပြီးနောက် (ခမရ ၅၉၈)ကို ပြန်သိမ်းပိုက်နိုင်ကြောင်း စစ်ကောင်စီက သတင်းဖော်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာက  စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ ဆရာ၊ ဆရာမများ  အပါအဝင်   လူ(၂၄)ဦးကျော် သေဆုံးခဲ့ရပြီး လူ(၅၀)ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီစာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်ထားတဲ့ စာသင်ကျောင်းဆိုတာကြောင့် ရည်ရွယ်ချက်ရှိစွာ လေကြောင်း ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

May 11 ။ ရုရှားခရီးစဉ်မှာ တွေ့ဆုံခွင့်ရခဲ့တဲ့ ချိုင်းနားအပါအဝင် နိုင်ငံခေါင်းဆောင်တွေက ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် မြန်မာပြည် ရွေးကောက်ပွဲကို ထောက်ခံကြကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။



ရှမ်းပြည်၊ တောင်ကြီးမြို့နယ်က အေးသာယာမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား‌ပေါင်း ၃၅ သန်းဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး   ငွေကျပ်သန်းပေါင်း တသောင်းခုနစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဒီဆေးပြားတွေကို လျှို့ဝှက်သတင်းပေးပို့မှုကြောင့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

May 10 ။ စစ်ကောင်စီတပ်ဟာ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ကယား(ကရင်နီ)နဲ့ ရှမ်းမြောက်တို့က မြို့နယ် ၈ ခုမှာ ဒီနေ့တရက်တည်းတင် ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှင်ပြု မောင်ရင်လောင်းနဲ့ ဖခင်ဖြစ်သူအပါအဝင် စုစုပေါင်း လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

"နိုင်ငံရေးပါတီတရပ်ရပ်က အစိုးရဖြစ်လာပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မသမာမှု ဖြစ်နိုင်ခြေများပြီး စစ်တပ် ဦးစီးတဲ့ ရွေးကောက်ပွဲဟာ သမာသမတ်ဖြစ်မယ်လို့   ယုံကြည်ကြောင်း" ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ‌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

May 09 ။ နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာပိုင်းသတင်းထုတ်လွှင့်မှုတွေဟာ ရန်ပုံငွေ အခက်အခဲကြောင့် ဒီကနေ့ကစ ရပ်နားလိုက်ပြီး VOA မြန်မာပိုင်းသတင်းဌာနလည်း ဆက်လည်ပတ်ဖို့ တရားရင်ဆိုင်နေရတဲ့ အခြေအနေမှာပါ။

"ငလျင်သင့်ဒေသတွေက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို သွားရောက်လေ့လာခြင်းဖြင့် ဒေသအကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေမယ်"လို့ စစ်ကောင်စီရဲ့   ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

May 08 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ စဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်ထိ US ဒေါ်လာ သန်း (၂၀) ကျော် ထောက်ပံ့ခဲ့ပြီး မြေပြင်မှာ ထောက်ပံ့ငွေရတဲ့ အဖွဲ့တွေရှိသလို မရတဲ့အဖွဲ့တွေလည်း အများအပြားရှိကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ငလျင်ဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ရှေးဟောင်းဘုရား စေတီပေါင်း(၇၀)% ခန့် ပျက်စီးခဲ့ပြီး ဌာပနာပစ္စည်း အများအပြား   ထွက်ပေါ်လာကြောင်း ရှေဟောင်း သုတေသနဌာနနဲ့ ငလျင်အပျက်အစီး ရှင်းလင်းရေး လုပ်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

May 07 ။ ရှမ်းပြည်၊ သီပေါမြို့နဲ့ နောင်ချိုမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ သီပေါကြိုးဝိုင်း၊ ကွမ်းလုံကြိုးဝိုင်း၊ ဂုတ်ထိပ်တံတားတွေမှာ သစ်ဝါးမခုတ်ဖို့၊ တောမီးမရှို့ဖို့ သတိပေးဆိုင်းဘုတ်တွေကို TNLA – တအာင်းတပ်က တပ်ဆင်ခဲ့ပါတယ်။


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ထဲမှာ ပြင်ဦးလွင်အပြင် မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေပါ ဆက်စပ်ရှိနေပြီး ပြင်ဦးလွင်ကလွဲလို့   ကျန်တဲ့မြို့နယ်အများစုဟာ TNLA တပ်နဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက် ရှိနေခဲ့ပါတယ်။

May 06 ။ မြန်မာပြည် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် သီတင်း ၅ ပတ်ကြာ ရန်ကုန်မြို့မှာ ငလျင်ငယ်တွေ ၂ ကြိမ်မက ထပ်လှုပ်ခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။ငလျင်ကြီးလှုပ်ပြီး တလကျော် ရက်ပိုင်းလေးအတွင်းမှာပဲ နောက်ထပ် မိုးကြီးရေလျှံမှုတွေနဲ့ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ရှိနေခဲ့ပြီး ကမ္ဘာမှာ မြန်မာက သဘာဝဘေးအန္တရာယ်ကို ခံရနိုင်ခြေအများဆုံးရှိတဲ့ နိုင်ငံလို့လည်း သဘာဝပတ်ဝန်းကျင်အရေးလေ့လာသူတွေက အသိပေးထားပါတယ်။

May 05 ။ အင်အားပြင်းငလျင်ကြီး လှုပ်အပြီး သီတင်း ၅ ပတ်ကြာထိ ပြိုပျက် အဆောက်အဦတွေကြားကနေ ပျောက်ဆုံး ရုပ်အလောင်းတွေ နေ့စဉ်နီးပါး ဆက်တွေ့နေရဆဲ ဖြစ်ပြီး တချို့နေရာတွေမှာတော့ ပျောက်ဆုံးစာရင်းလည်းမပါ ဘယ်သူဘယ်ဝါမှန်းလည်း ခွဲခြားမရနိုင်တဲ့ ရုပ်အလောင်းတွေ ရှာတွေ့ခဲ့တာပါ။


ပုဂံမြို့ ပတ်လည် အဝေးဆုံး မိုင် ၂၀ ဝန်းကျင်အကွာအဝေးမှာ တိုက်ပွဲသံတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်   ပုဂံမြို့ နဲ့ အနီးဆုံးဆိုရင် ၇ မိုင်ဝန်းကျင်လောက်အထိ တိုက်ပွဲတွေရှိခဲ့ပါတယ်။

May 04 ။ ချိုင်းနား၊ ကူမင်းမြို့ တအာင်းတပ်(TNLA)နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲမှာ မြို့ ၅ မြို့ကနေ TNLA ထွက်ခွာသွားဖို့ စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပေမဲ့ အဲ့အချက်ကို မလိုက်လျောခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း TNLA က ပြောပါတယ်။ ကူမင်းဆွေးနွေးပွဲမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေကနေ TNLA တပ်တွေ စွန့်ခွာပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံနေရာတွေအထိ ဆုတ်ခွာပေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တောင်းဆိုတာကို လက်မခံခဲ့တာပါ။



ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၆ ခုနဲ့ နတ်တလင်းမြို့နယ်ထဲက ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ  သိမ်းပိုက်ရရှိကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ပါတယ်။

May 03 ။ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃,၈၃၉ ယောက် ရှိလာပြီလို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅,၁၀၅ ယောက်၊ ပျောက်ဆုံးသူ ၁၀၁ ယောက်ရှိနေကြောင်း ပြောပါတယ်။

မြေငလျင်ဒဏ်ကြောင့်  ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့တဲ့  မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဒဏ်ခံခဲ့ရသူတွေဟာ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရပြီး   စီးပွားရေးလုပ်ငန်း ကြီးငယ်အားလုံးနီးပါး ပြန် မစနိုင်သေးသလို၊ အလုပ်လက်မဲ့ဦးရေလည်း တိုးနေခဲ့ပါတယ်။ 

May 02 ။ အင်အား ၇ ဒသမ ၇ ရစ်ခ်တာစကေး အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်အပြီးမှာ မြေကြီးထဲက ရေတွေ အလိုအလျောက် ထွက်လာတာ၊ ရေတွင်းတွေက ရေ မရတော့တာတွေ ဖြစ်လာပြီး ၊ မန္တလေး၊ ပျော်ဘွယ်၊ နေပြည်တော်၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ထိခိုက်ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။


ဒီနေ့ညမှာ  စစ်ကောင်စီတပ် လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ပစ်ချခဲ့တာကြောင့် မိုးကုတ်မြို့  အနောက်ပိုင်း အုတ်ပြင်ရပ်ကွက်ဓမ္မာရုံနဲ့   ပြည်သူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

May 01 ။ “ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမား အခွင့်အရေးတွေ ရအောင် ဖန်တီးပေးမယ်”လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။


ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး တလကျော်ကြာလာတဲ့ထိ ပြိုလုနီး အဆောက်အဦတွေကို ဖြိုချတာ၊  ပြိုကျအဆောက်အဦ  ရှင်းလင်းတာတွေ အပြီးသတ်မလုပ်နိုင်သေးပါဘူး။ မိုးရာသီထဲ ဝင်လာပြီး မကြာခဏ လှုပ်နေတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြား ယိုင်နဲ့အဆောက်အဦတွေ  အချိန်မရွေးပြိုကျလာနိုင်တဲ့အန္တရာယ်လည်း မြို့ခံတွေ စိုးရိမ်နေခဲ့ရပါတယ်။ 

Apr 30 ။ မြန်မာပြည် ငလျင်ကြီး လှုပ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၅ ရက်ထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲ
၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦး ပါဝင်ခဲ့တဲ့အပြင် ကလေးငယ် ၃၃ ဦး အပါအဝင် လူ ၃၉၁ ဦး ဒဏ်ရာရခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

မတ်လကုန် ၇.၇ ပြင်းအားရှိ  ငလျင်ကြီး မြန်မာပြည်မှာ လှုပ်လို့ အနည်းဆုံး လူ ၃၇၀၀ သေဆုံးပြီးနောက် စစ်ကောင်စီက ထိုးစစ်တွေရပ်ဖို့ သဘောတူကြောင်း  

ပြောခဲ့ပေမဲ့ အပစ်ရပ်စဲရေး အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း BBC သတင်းက ဖေါ်ပြပါတယ်။

Apr 29 ။ ငလျင်ကြီးကြောင့် မြန်မာပြည်အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ စစ်ရုံးချုပ် အပါအဝင် အဆောက်အဦ အများအပြား ပြိုပျက်ခဲ့ရပြီးနောက် တည်ဆောက်ခဲ့ကြတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ ပြန်လည်ဆက်သွယ်ကြပြီး ပြန်တည်ဆောက်ပေးဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အင်အားကြီးငလျင်လှုပ်မှု(၁)လ ပြည့်ခဲ့ပေမဲ့ မန္တလေးမြို့ပေါ်မှာ အဆောက်အဦတွေ  ဖြိုချရှင်းလင်းတာတွေ လုပ်နေရဆဲဖြစ်ပြီး ဖြိုချဖို့အတွက် လုပ်သားရှားပါး၊  လုပ်အားခ မြင့်တက်မှုကြောင့် အခက်အခဲတွေရှိနေကြောင်း မြို့ခံတွေက ပြောပါတယ်။ မန္တလေး အင်းဝဒေသမှာ ငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ (၉၆၁) ခု အနက် (၆၁၄)ခု ထိခိုက်ပျက်စီးခဲ့တာပါ။

Apr 28 ။ ငလျင်ဒဏ်ကြောင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦပေါင်း ၁,၄၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ပြန်လည် ပြုပြင်ဖို့ စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့အပြင် ယာယီ ထိန်းသိမ်းရေး လုပ်ငန်းတွေပါ ဆောင်ရွက်နေကြောင်း သိရပါတယ်။

အင်အားကြီးငလျင်ကြီး လှုပ်ခဲ့ပြီး  ၁ လပြည့်ချိန် ငလျင်ဒဏ် ကြီးမားစွာ ခံခဲ့ရတဲ့ မန္တလေး ၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ  ငလျင်သင့်ပြည်သူ အများအပြား   လမ်းပေါ် နေထိုင်နေကြရဆဲပါ။ ငလျင်ဒဏ်သင့်အဆောက်အဦတွေလည်း ဖြိုဖျက်နိုင်ဖို့ အလှမ်းဝေးနေပြီး လမ်းပေါ်ကလူတွေ အိမ်၊ ခြံဝင်း၊ လုံခြုံတဲ့ အမိုးအကာတွေအောက်ရောက်ရှိရေး ခက်ခဲနေခဲ့ပါတယ်။

သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Leave a Reply