လက်ဆော့လိုက်တာ မုန်းမေရာ

Shwe Zin USeptember 9, 20101min1420

ဓမ္မပဒ

ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက် လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ထို အကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ် သည် နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်၊ပေါ်ပေါက် ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။

ထိုု အနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ထို တရားပုုဒ်ကလေးများကို ရှေးယခင်က ရဟနာ္တအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ သံဂါယနာတင်ထားခဲ့ကြ၏။ တစ်ဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ၊ စာရွက်အက္ခရာ တင်ခဲ့ကြ၏။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြ၏။

ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က ဓမ္မပဒဟူသည့် တရားအနှစ်ချုပ် စာပုဒ်ကလေး များသည် ယခု ကျွန်ုပ်တို့၏ မျက်မှောက်သို့ မြန်မာဘာသာဖြင့် ရောက်လာရခြင်း ဖြစ်ပေသည်။

ထိုစာပုဒ်ကလေးများသည် ဖတ်ကောင်းရုံ၊ ဖတ်၍ သိရရုံမျှသာမဟုတ်။ ဖတ်ရှုပြီးနောက် လိုက်နာကျင့်ကြံ ကြိုးကုတ် အားထုတ်ပါက အလုပ်၏ အရည်အသွေးအလျောက် အကျိုးတရားပေါ် ပေါ်ပေါက်နိုင်သည့် စာပုဒ်ကလေးများ ဖြစ်ပေသည်။

အရှင်သေဋ္ဌိလ။

ပဏ္ဍိတ သာမဏေဝထ္ထု

(မဟာဒုဂ် ဖြစ်စဉ် အကျဉ်း)

ဤတရားဒေသနာတော်ကို ဂေါတမ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဏ္ဍိတ သာမဏေကို အကြောင်းပြု၍ ဟောတော်မူလေသည်။

လွန်လေပြီးသောအခါက ကဿပမြတ်စွာဘုရား သည် ရဟန္တာ နှစ်သောင်းခြံရံတော် မူလျှက် ဗာရာဏသီ ပြည်သို့ ကြွမြန်းတော်မူလေ၏၊ လူတို့သည် မိမိ အစွမ်းရှိသမျှ အာဂန္တုက အလှူ ပေးလှူ ကြ၏။

ထိုအခါ တနေ့တ၌ မြတ်စွာဘုရားသည် ဆွမ်းဘုန်းပေးပြီး နောက် တရားကို ဟောတော်မူခဲ့သည်။

၁။ ဥပသကာ ဒါယကာတို့ – ဤလောက၌ အချို့သောသူတို့သည် မိမိ၏ဥစ္စာကိုသာ လှူဒါန်းသင့်၏၊ သူတပါးကို တိုက်တွန်းစေသဖြင့် အဘယ်အကျိုးရှိအံနည်း ဟု နှလုံးသွင်း၍ မိမိသာလျှင် အလှူပေးလှူ၏။ ထိုသူတို့သည် ဖြစ်ရာဘဝ၌ ဥစ္စာ ပြည့်စုံခြင်းကို ရ၏၊ အခြံအရံ ပြည့်စုံခြင်းကိုမရ။

၂။ အချို့သောသူတို့သည်သူတပါးကို နှိုးဆော်တိုက်တွန်း၏၊ မိမိက မလှူဒါန်း၊ ထိုသူသည် ဖြစ်ရာဘဝ၌ အခြံအရံပြည်စုံခြင်းကို ရ၏။ ဥစ္စာပြည့်စုံ ခြင်းကိုမရ။

၃။ အချို့သောသူတို့သည် မိမိ လည်းမပေးမလှူ၊ သူတပါးကိုလည်း မနှိုးဆော်၊ မတိုက်တွန်း၊ ထိုသူသည် ဖြစ်ရာဘဝ၌ ဥစ္စာပြည့်စုံ ခြင်းကိုမရ၊ အခြံအရံပြည့်စုံခြင်း ကိုလည်းမရ၊ စားကြွင်းစား ဖြစ်၍သာ အသက် မွေးရ၏။

၄။ အချို့သောသူတို့သည် မိမိလည်း လှူဒါန်း၏၊ သူတပါးကို လည်း နှိုးဆော်တိုက်တွန်း၏၊ ထိုသူသည် ဖြစ်ရာဘဝ၌ အခြံအရံပြည်စုံခြင်းကို ရ၏။ ဥစ္စာပြည့်စုံ ခြင်းကိုလည်းရ၏။

ထိုတရားကို ကြားနာ ရသော ပညာရှိယောက်ကျားသည် မြတ်စွာဘုရားနှင့် ရဟန်းနှစ်သောင်း တို့အား မနက်ဖြန် တပည့်တော်၏ ဆွမ်းကိုခံယူတော်မူကြပါဟု ပင့်ဖိတ်ခဲ့၏။

ထိုနောက် ထိုပညာရှိ ယောက်ကျားသည် ရွာသို့ဝင်၍ မြတ်စွာဘုရားနှင့် ရဟန်းနှစ်သောင်း တို့အားမိမိတို့ တတ်နိုင်သလောက် လှူဒါန်းကြရန် တိုက်တွန်းနှိုးဆော်လေ၏။

လူအများလည်း မိမိတို့တတ်နိုင်သလောက် ဆွမ်းလုပ်ကျွေးရန် စာရင်းမှတ်စေ၏။

မဟာဒုဂ် ရဟန်းတပါးအတွက် တာဝန်ခံခြင်း

ထိုအခါက ဗာရာဏသီ ပြည်တွင် အလွန်ဆင်းရဲခြင်း အဖြစ်ကြောင့် မဟာဒုဂ် အမည်ရ သာမဏေ အလောင်းလျာ သူဆင်းရဲနှင့် သူ့မယားတို့လည်း နေထိုင်ကြပါတယ်။ ဆွမ်းဖိတ်သော ယောက်ကျားသည် မဟာဒုဂ် ကိုလည်း တိုက်တွန်း၏၊ မဟာဒုဂ် ကမရှိဟု ပြောဆိုသောလည်း ဆိတ်ဆိတ် မနေ၊ ဆက်လက်၍ အခစားလုပ်ပြီး အစွမ်းရှိသလောက်လှူရန် ထပ်မန် တိုက်တွန်းပြန်၏။

ထိုကြောင့် မဟာဒုဂ်လည်း ရဟန်းတပါးအား ဆွမ်းလုပ်ကျွေးရန် ပညာရှိ ယောက်ကျားအား စာရင်း မှတ်စေ၏။ ပညာရှိ ယောက်ကျား လည်း ရဟန်းတပါးစာတော့ ကိစ္စမရှိတန်ရာဟုထင်၍ စာရင်းမမှတ်ဘဲ ထား၏။

မဟာဒုဂ် လည်း သံဃာတစ်ပါးရပြီဆိုပြီး အိမ်သို့ဝမ်းသာအားရပြေးပြီး ဇနီးမယား ကိုဖြစ်ကြောင်း ကုန်စင် ပြောပါတော့သည်။ မယားကလည်း စိတ်ထားခြင်းထပ်တူကျခဲ့ပါသည်။

ဆွမ်းကပ်မည့် နေ့တွင် မဟာဒုက်သည် သံဃာအပါးတစ်ထောင် လုပ်ကျွေးရန် တာဝန်ယူထားသော သူဌေးကြီး၏အိမ်တွင် အလုပ်ရခဲ့သည် ။ စိတ်ရွှင်လန်းစွာဖြင့် အလုပ်လုပ်နေသော မဟာဒုဂ် ကိုကြည့်ပြီး သူဌေးကြီးမှ သဘောကျကာ သလေးဆန်၊ ဆီ၊ဆားနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပေးအပ်လိုက်ပါသည်။ မဟာဒုဂ်၏ ဇနီးသည်လည်း ထိုအိမ်တွင်ပင် အလုပ်ရခဲ့ပြီး မဟာဒုဂ် နှင့်ထပ်တူရခဲ့သည်။

မဟာဒုဂ် သည် သီချင်းတစ်ကြော်ကြော်ဖြင့် ဟင်းရွက်ရှာ ထွက်လာပြန်ရာ လမ်းတွင် ငါးဖမ်း နေကြသော တံငါများက ပျော်ရခြင်း အကြောင်းကို မေးပြီး ငါးကြင်းများကို သီရန်ခိုင်းစေပါသည်။ ငါးကြင်းများ သီပြီးနောက် ဆွမ်းကိစ္စများရှိနေသဖြင့် ငါးများလာဝယ်ကြသဖြင့် ရှိသမျှသော ငါးများ ကုန်သွားသော ကြောင့် တံငါသည်များမှ ၎င်းတို့စားရန်ချန်ထားသော ငါးကြင်းတစ်တွဲကိုပေးလိုက်ကြသည်။

အိမ်တွင် ဆွမ်းချက်နေချိန်တွင် သိကြားမင်း၏ကျောက်ဖျာ တင်းမာလာသောကြောင့် သိကြားမင်းသည် အဘိုးအိုတစ်ဦးဟန်ဖြင့် ခရီးသွားဟန်ဆောင်ကာ နတ်ဩဇာများဖြင့် ဆွမ်းများကူညီကာချက်လေသည်။

ဆွမ်းကပ်ရန် အချိန်ကျသောကြောင့် မဟာဒုဂ် သည် သံဃာသွားပင့်ရာ ပညာရှိ ယောက်ကျား (နိဗ္ဗာန်ဆော်) မှ သံဃာတစ်ပါး ဆိုသဖြင့် စာရင်းမမှတ်မိကြောင်း ပြောကြား၍ မဟာဒုဂ် အား မည်သို့လုပ်ရမည်ကို အကြံပေးလေသည်။ ဘုရားရှင်တို့မည်သည် သူဆင်းရဲတို့အား ချီးမြှောက် တတ်ကြောင်း ပြောကြားလေသည်။

ထို့ကြောင့် မဟာဒုဂ်လည်း ဘုရားရှင်၏ ဂန္ဓကုဋိတိုက် တော်တွင် ဦးတိုကြ်ပီး ဘုန်းတော်ကြီး တော်မူသော သဗ္ဗညု မြတ်စွာဘုရား – ဤဗာရာဏသီပြည် ကြီး၌ ဘုရားတပည့်တော်အောက် ပင်ပန်း ဆင်းရဲသူ မည်သူ မှ မရှိပါဘုရား၊ ဘုရားရှင်တို့သည် တပည့်တော်၏ ကိုးကွယ်မှီခိုရာ ဖြစ်တော်မူ ကြပါသည်။ တပည့်တော်အား ချီးမြှောက်ခြင်းကို ပြုတော်မူပါဘုရားဟု လျောက်ကြားရာ မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက် တံခါး ကိုဖွင့်လှစ် တော်မူ၍ မဟာဒုဂ် အား သပိတ်တော် ကို ကမ်းပေးလေသည်။

ထိုအချိန်တွင် ဆွမ်းပင့်ရန်ရောက်ရှိလာသော ရှင်ဘုရင် ၊ စစ်သူကြီးနှင့် အိမ်ရှေ့မင်းတို့သည် သပိတ်တော် အားမည်သည့် ငွေကြေးဖြင့်မဆို ရောင်းပါရန်ပြောသော်လည်း မရောင်း၊ ဘုရားရှင် ကိုယ်တော်တိုင် ပေးတော်မူထားသောကြောင့် အနိုင်အထက်လည်းမယူရဲကြ သို့ဖြင့် ၎င်းတို့လည်း ဤမဟာဒုဂ် ၏လှူဘွယ် ဝထ္ထူ မည်သည် အဘယ်မျှရှိသည် ဖြစ်လတ္တံနည်း၊ မဟာဒုဂ် လှူပြီးသောအခါ မြတ်စွာဘုရားကို နန်းတော်သို့ ပင့်ဆောင်ပြီးလျှင် ငါတို့၏ ကောင်းစွာ စီရင်အပ်သော အာဟာရကို ပေးလှူပေအံ ဟု ကြံလျှက် မြတ်စွာဘုရား နှင့် အတူတကွ လိုက်ပါသွားလေသည်။

မဟာဒုဂ် တို့၏ အိမ်သို့ရောက်သော် အိမ်မှာ အလွန်နိမ့်သော်လည်း ဘုရားရှင်၏ တန်ခိုးတော်ကြောင့် မြေကြီးလည်း နိမ့်ဝင်သွားပြီး အမိုးမှာလည်း မြင့်တက်သွားခဲ့သည်။ ယာဂုခဲဘွယ် တို့၏ တကြိုင်ကြိုင် လှိုင်သော အနံတို့သည် တစ်ပြည်လုံးကို လွှမ်းမိုး ၍ တည်လေ၏။

မင်းကြီးသည် စသည်တို့ကို ကြည့်ရှု့ပြီးလျှင် ဘုရားအားလျှောက်လေ၏၊ တပည့်တော်သည် ဤ သို့ သဘောရှိသော အဟာရကို ရှေးအခါက မမြင်ဘူးပါ၊ ဤအရပ် ၌ တပည့်တော် နေသည်ရှိသော် မဟာဒုဂ် သည် ပင်ပန်းရာ၏ ဟုလျှောက်ထား၍ ဘုရားရှင်အား ရှစ်ခိုး၍ သွားလေ၏။

သို့နှင့် ဆွမ်းအနုမောဒနာပြီးမြောက်ကာ ဘုရားရှင်ကျောင်းတော်သို့ပြန်ကြွချိန်တွင် သိကြားမင်းသည် အိမ်ပြင်သို့ထွက် ကောင်းကင်သို့မော့ကြည့်ကာမျှဖြင့် ရတနာ ရပါးဖြင့် ပြီးသော မိုးရွာကာ အိမ်လုံးပြည့် ပါသည်။

သို့ဖြင့် မဟာဒုဂ်သည် သူဌေးကြီးအရာဖြင့် ဘုရင်၏မြောက်စားခြင်းခံရကာ သေလွန်သောအခါ နတ်စည်းစိမ် လူစည်းစိမ် အကြိမ်ကြိမ် ခံစားပြီးနောက် ဂေါတမ ဘုရားရှင် လက်ထက်တော်တွင် အရှင်သာရိပုတ္တရာ အား ဥပဇ္ဇျာယ်ပြုကာ သာမဏေပြုပြီးနောက် (၇)နှစ်သားမျှဖြင့် မြင့်မြတ်သော ရဟန္တာ ဖြစ်လေသည်။

အရှင်ဓမ္မဿမီဘိဝံသ စီရင်ခဲ့သော ပုံတော်စုံ ဓမ္မပဒဝထ္ထုတော်ကြီး နှင့် အခြားဖတ်ဘူးသော ဓမ္မပဒ စာအုပ်များ မှ မှီငြမ်းပါသည်။

ပရိက္ခရာ(၈) ပါးထဲမှာ ပါဝင်တဲ့ သပိတ် အကြောင်းနဲ့ မြသပိတ် အကြောင်း

သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တဝင့် ပြောချင်တယ်။ ဘုရား အလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရ ဗြဟ္မာကြီး က ပရိက္ခရာ လှူဒါန်းပါတယ်။ ဒီပရိက္ခရာ ထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့ သပိတ်ဟာ ဘာနဲ့ လုပ်ထားတယ် ဆိုတာ တိတိပပ မဖေါ်ပြပေမဲ့ သုဇာတာ သဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းတဲ့ ကာလမှာ (ဃဋိကာရ မဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပ တ္တော) ဗြဟ္မာကြီး လှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ် (မြေသပိတ်) လို့ ဆိုပါတယ်။ ဘုရား အလောင်းတော်ဟာ ဒုက္ကရ စရိယာအကျင့် ကျင့်နေတဲ့ ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာ သူဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက် သွားခဲ့တယ်။

ဘုရား အလောင်းတော်ဟာ မဟာ သက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် နေ့မှာ ဘုရား အဖြစ်သို့ ရောက်တော် မူပါတယ်။ အဲဒီကနေ သတ္တာသတ္တဟ စံတော်မူကာ နောက်ဆုံး ရာဇာယတန သတ္တာဟ စံနေတော် မူတဲ့ အချိန်မှာ နတ်မင်းကြီး လေးပါးက (ဣန္ဒနီလ မဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သပိတ် (မြသပိတ်)ကို ကပ်လှူကြ ပါတယ်။

ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တဖန် ပဲနောက် အဆင်းရှိတဲ့ ကျောက်နဲ့ လုပ်ထားတဲ့ သပိတ် လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော် မူပါတယ်။ ဘုရားရှင်က ထိုပဲနောက် အဆင်းရှိတဲ့ သပိတ် လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ် လေးလုံးကနေ အနားရစ် လေးရစ်ပါတဲ့ သပိတ် တစ်လုံးတည်း မြင်တွေ့ရ ပါတယ်။

ဒါကြောင့် ဘုရားရဲ့ သပိတ်တော် အရောင်ဟာ ပဲနောက် အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။ တဖန် ပါတိမောက် ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံသပိတ် နှစ်မျိူးသာ အပ်ပါတယ် လို့ဆိုပါတယ်။ ဒီနှစ်မျိူးမှာ မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်ပြီး သံသပိတ်ကို ၅-ကြိမ် မီးဖုတ်ရမယ် လို့ အဋ္ဌကထာက ဆိုထား ပါတယ်။

ဒီလို မီးဖုတ် ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်း ရှိစေလိုရင်း ဖြစ်တယ်။

သပိတ် အမဲရောင် ဖြစ်အောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ- (သမဏသာ ရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ- ကျက်ပြီးသော) ဟုဆိုထားတဲ့ အတွက် သမဏ သာရုပ္ပ ဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ

ဘုရား အလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော် မူတာက မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့် နေ့ဖြစ်ပြီး၊ သတ္တာ သတ္တာဟ ၄၉-ရက်အကြာ ဝါဆို လဆန်း (၄)ရက်နေ့ခန့်မှာ နတ်မင်းကြီး လေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော် မူတဲ့အတွက် သပိတ် သတ်မှတ်ရာ ကာလကို မဟာ သက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆို လဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါ တယ်။

မြသပိတ် လို အစိမ်းရောင်တွေ ပေါ်လာတာကို ပြောရမယ်ဆိုရင်-

ဘုရား ဖြစ်တော်မူပြီး ၄၉-ရက်ခန့် အကြာမှာ နတ်မင်းကြီး လေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ် လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရား ရုပ်ပွားတော် မြတ်အား မြသပိတ် လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ ခေါ်ကြတဲ့ ဖန်သပိတ် တွေပါ။ အဲဒီသပိတ် တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော် ဘူးလို့ ထင်ပါတယ်။

ဘုန်းဘုန်းဦးကောဝိဒ(မြိတ်) ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။

လက်ဆော့လိုက်တာ မုန်းမေရာ

ကျနော်တို့ ရွာမှာ နှစ်စဉ် ပြုလုပ်တဲ့၊ အလှူပွဲလေး တခုအကြောင်းနဲ့ အဲဒီ အလှူပွဲလေးကို အမှီပြုပြီး ရွာကလေး မှာ အသုံးတည့် သွားတဲ့ စကားလေး တခွန်းအကြောင်းကို ပြောပြချင်ပါတယ်။

ဒီအလှူ ပွဲလေးအကြောင်းကို ပြောပြတဲ့ အခါမှာ အထက်မှာ ဖော်ပြခဲ့တဲ့ တရားလေးတွေ ကို ဗဟုသုတ အလိုငှာ တင်ပြပေးခြင်း ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း နဂိုက သိချင်သလိုလို ရှိနေပေမဲ့ ပိုမိုပြီးတော့ ရှင်းလင်းသွားချင်လို့ ဖတ်မှတ်ထားခဲ့ တာလေးတွေကို ပြန်လည် စုစည်းဖော်ပြခြင်း ဖြစ်ပါတယ်။ သိပြီးသားပုဂ္ဂိုလ် များအတွက် တော့ sorry ပါဘဲဗျာ။

ရွာကလေး မှာ နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့ မှာ အလှူပွဲလေး တခုပြုလုပ်လေ့ ရှိပါတယ်။ လပြည့်နေ့ မတိုင်မှီ ဒီအလှူပွဲ လေးအတွက် တရွာလုံး မဲနှိုက်လေ့ ရှိပါတယ်။ အဲဒီ မဲထဲမှာ ပါလေ့ရှိတဲ့ မဲတွေကတော့ လပြည်နေ့ မှာ မြသပိတ် ထဲကို ဆီဥ ထောပတ် အကောင်းအမွန် ဆွမ်း၊ ဆွမ်းဟင်း များ ထည့်ပြီး၊ ရွာထိပ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ဘုရား မှာ မြတ်စွာဘုရားအား ရည်ညွှန်းပြီး ဆွမ်းကပ်လှူ ခွင့် ရရှိခြင်း၊ ကျန်မဲများကတော့ ဘုရားရုပ်ထုတော်မှာ ရွှေသင်္ကန်း ကပ်လှူခွင့် ရခြင်းနဲ့ တခြား ဘုန်းကြီး ကျောင်းမှာ လိုအပ်တဲ့ အရာအားလုံးကို မဲပြုလုပ်ထားပြီး ဝိုင်းဝန်း လှူဒါန်း ကြခြင်း ဖြစ်ပါတယ်။

အဲဒီင်္မဲတွေထဲမှာ မြသပိတ် ပေါက်တဲ့ အိမ်ကတော့ ကံထူးသူပါဘဲ။ ရွာကလေးက ဉာဏ်ကို မမှီ ကံကို မှီပြီး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေဘဲဆိုတော့ ဒီလို မြသပိတ် ပေါက်ခဲ့ရင် မဟာဒုဂ် လို ရွှေမိုးငွေမိုး ရွာဘို့ အခွင့်အခါ ရောက်ပြီလို့ ယူဆပြီး ဝမ်းသာအားရ နဲ့ မြသပိတ် မဲကို အထွတ်အမြတ်ထားကြပါတယ်။

ထူးခြားချက် တွေကလည်း ရှိပါတယ်။ မြသပိတ် ပေါက်တဲ့ အိမ်များဟာ တချို့က အလှူပွဲ မတိုင်ခင် တချို့က အလှူပွဲ အပြီးမှာ ရွှေတွေ ကျောက်တွေ အောင်တဲ့ ထုံးစံရှိပါတယ်၊ အဲဒီတော့ မြသပိတ် မဲကို မက်ကြတာပေါ့။ မြသပိတ် ပေါက်တဲ့ သူကတော့ မဲအားလုံးထဲမှာ အဓိက အကျဆုံးမဲဆိုတော့ ငွေတော့ အတော်ကုန်ပါတယ်။ ဘုန်းကြီးကျောင်းက သံဃာတွေကိုလည်း ဆွမ်းကပ်ရပါတယ်။ လူတွေအားလုံး တရွာလုံးမက (တခြားရွာက လာတဲ့ ဧည့်သည်များ လည်းရှိတဲ့ အတွက်ပါ) ကိုလည်း ကျွေးမွေးဧည့်ခံ ရပါတယ်။

တချို့က မြသပိတ်ပေါက်ရင် မန္တလေးဆင်းပြီး မြသပိတ် တလုံးဝယ်ပြီး အသစ်စက်စက်ထဲမှာ ကပ်လှူကြပါတယ်။ တချုို့ ကတော့ ဘုန်းကြီးကျောင်းက မြသပိတ်ငှားပြီး ကပ်လှူကြပါတယ်။ အမျိုးမျိုးပေါ့ ဒါပေမဲ့ ရွာကလေး ကတော့ ဘယ်လောက်ဘဲ ဆင်းရဲ ဆင်းရဲ မြသပိတ် ဟာဆင်းရဲတွင်း လွတ်ကင်း အောင် ရွှေအောင် ကျောက်အောင် စေမဲ့ ဘုရားပေးတဲ့ သပိတ် အစစ် အဖြစ် ယူဆပြီး မက်မက်မောမော နဲ့ တောင့်တ ကြပါတယ်။

ကျနော်တို့ရွာမှာ ဗာရာဏသီ ပြည်က မဟာဒုဂ် လင်မယားကဲ့ သို့ဆင်းရဲသော မမုန်းမေ တို့လင်မယားနဲ့ သားသမီးများ ရှိပါတယ်။ အဲဒီနှစ်ကတော့ မှတ်မှတ်ရရပါဘဲ မြသပိတ် ပေါက်မဲ ကို မယားဖြစ်သူ မမုန်းမေ ကိုယ်တိုင် နှိုက်ယူပြီး ကံထူးသူ အဖြစ်ခံယူသွားပါတယ်။ အဲဒါကို ယောက်ကျား ဖြစ်သူ က တောထဲ သွားနေတဲ့ အတွက် တောက အပြန်မှ သိရပါတယ်။

ယောက်ကျားဖြစ်သူ တောထဲက အပြန်မှာ တရွာလုံးနီးပါးက ဝိုင်းအုံပြီး ကောင်းသတင်း ဆိုတော့ ပြောကြ တာပေါ့။ မုန်းမေ ကလည်း သူယောက်ကျား ကို သူ မဲပေါက်တာကို ပြောချင်လွန်းလို့ ဝမ်းသာအားရ ခုန်ပေါက် ထွက်လာပြီး ပြောတော့တာပေါ့။

အဲဒီမှာ ယောက်ကျား လုပ်သူရဲ့ ရွာကလေး ရဲ့ ရာဇဝင် ကို တွင်စေမဲ့ စကားတရပ် ထွက်ပေါ်လာတော့ တာပါဘဲ၊ ` လက်ဆော့လိုက်တာ မုန်းမေရာ` တဲ့။ အမှန်တော့ ယောက်ကျားလုပ်သူက ဒီလောက် ဆင်းရဲ နေတော့ မြသပိတ် ပေါက်ရင် ကုန်ရမဲ့ စရိပ်စက တွေမှန်းပြီး(ရွှေအောင်တာက ဘယ်နေမှန်းမှ မသိသေးတာကိုး) တော်တော် စိတ်ညစ်သွားလို့၊ စိတ်ပျက်လက်ပျက် ပြောလိုက်တဲ့ စကားလေး တခွန်းပါဘဲ။

အဲဒီ နောက်တော့ ရွာကလေး မှာ တခုခုကို ကိုယ့်သဘောနဲ့ ကိုယ်လုပ်ပြီး ငွေကုန်ကြေးကျ များမယ် ဆိုရင် လက်ဆော့လိုက်တာ မုန်းမေရာ ဆိုတဲ့ စကားလေးကို အခုထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြ ဆဲပါခင်ဗျား။

(ညီမငယ် seeseinshin@gmail.com ၏ပြောပြချက်များအား ခံစားရေးဖွဲ့ပါသည်)

လေးစားစွာဖြင့်
စာရေးသူ – ရွှေစင်ဦး
.