မြန်မာ့ဂဇက် အယ်ဒီတာ့ သင်ပုန်း – သြဂုတ် ၂၀၂၅
ပုဂံပြည်၏နောက်ဆုံးမင်း နရသီဟပတေ့ (၁၂၅၆-၁၂၈၇)သည် မွန်ဂိုတာတာခေါ် တရုတ်တို့၏ မြို့သိမ်းဘေးရန်မှထွက်ပြေးရခြင်းကြောင့် “တရုတ်ပြေးမင်း”ခေါ်သည်ဟု မှန်နန်းရာဇဝင်တွင်ရှိကာခေတ်ပြိုင် မာကိုပိုလို၏ မှတ်တမ်းလည်းရှိသည်။ သမိုင်းအထောက်အထားများအရ “တရုတ်”ဟူသည် စိန့်တိုင်းခေါ် ဂန္ဓလရာဇ်ပြည်(ယခု China)နှင့် လားလားမှမဆိုင်။ ပထမမြန်မာနိုင်ငံ အနော်ရထာမင်းလက်ထက်ကထဲက ဟန်လူမျိုးများကို စိန့်တိုင်းသား(ဂန္ဓလရာဇ်ပြည်သား) ဟု ကွဲပြားစွာအခေါ် အဝေါ်ရှိပြီးလည်းဖြစ်သည်။
ပုဂံပြည်ကိုဝင်သိမ်းခဲ့သူများမှာ ထိုခေတ်က ယူနန်ပြည်ကိုသိမ်းပိုက်ထားသော မွန်ဂိုဧက္ကရာဇ်ကူဘလိုင်ခံ၏ မြေး Esen-Temür နှင့် သူ့တပ်များဖြစ်ရာ Turk, Tatar နှင့် Yi လူမျိူးစုတပ်သားများပါလာသဖြင့် မြန်မာတို့က လွှမ်းခြုံ၍ “တတာရုတ်”များအား “တရုတ်”ဟု ခေါ်ဆိုလိုက်ခြင်းသည် သင့်လျှော်ပါသည်။ ထိုမှသည် ငါးစီးရှင်ကျော်စွာ(၁၃၄၄-၁၃၅၀)ရေးသော မြင်စိုင်းဘွဲ့ ကာချင်းတွင်ထည့်စပ်၍ ပါသော “တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။” တရုတ်သည်လည်း စိန့်တိုင်းသား/Han Chinese များမဟုတ်ချေ။ မွန်ဂိုများသာဖြစ်၏။
မွန်ဂိုတို့၏ဓလေ့ထုံးစံအရ သိမ်းပိုက်ပြီးနယ်များမှ ဆုတ်ခွာထွက်သွားခြင်းမျိုးမရှိ အခြေချနေထိုင်ပြီး အုပ်ချုပ်လေ့ရှိကာ ဒေသခံလူမျိုးများနှင့် သွေးနှောသွားတတ်သည်။ ပုဂံပြည်ကိုသိမ်းပိုက်ခဲ့သော မွန်ဂို(ဝါ) တရုတ်များ ဘယ်ရောက်ကုန်သနည်း။ အညာဒေသ၊ စစ်ကိုင်း၊မန္တလေး၊ကချင်ပြည်နယ်တို့၏ လူများ၏ မျိုးရိုးဗီဇစစ်ကြယုံသာတည်း၊ မွန်ဂို/တရုတ်ဗီဇများ ရာခိုင်နှုန်းကြီးစွာပါမည်ဟု သေချာပါသည်။
“中国人 သည် တရုတ်မဟုတ်”
Chinaသည် မြန်မာတို့၏ ဝေါဟာရအသုံးအားနည်းခြင်းကို အရကောက်ကာ “တရုတ်”အမည်ကို ကောက်ယူသုံး၍ (The People’s Republic of China (PRC)) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်ပြည်)၊ Chinese များအား တရုတ်လူမျိုးများဟု တရားဝင်သုံးစွဲနေပေသည်။ မြန်မာအစိုးရထုတ်တရားဝင် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ “လူမျိုး/ဘာသာ” နေရာတွင်လည်း မြန်မာနိုင်ငံသားများအား “တရုတ် ” ဟု ရေးပေရာ တရုတ်ဟူသည် Chinese များသာမက မြန်မာနိုင်ငံသားများကိုလည်း အစိုးရနှစ်ဖက် တပြိုင်တည်း တရားဝင်ခေါ်ဝေါ်ထားသည်သဘောသက်နေသတည်း။ မြန်မာတို့၏ အချုပ်အခြာအာဏာကို ထိခိုက်စေသော သုံးစွဲမှုဖြစ်သည်။
Chinese ဘာသာဖြင့် China 中国 ကို “ကျုံးကော်” “Zhongguo”ဟုခေါ်သည်။
မြန်မာပြည်ပေါက် Chinese ဇာတိနွယ်ကို 缅甸华侨 or 缅甸华人 မြန်
တျန့်ဟွာရန် Miandian Huaqiao/Huaren ဟုခေါ်သည်။
PRC နိုင်ငံသားကို Zhongguoren 中国人 ကျုံးကော်ရန်ဟု ကွဲပြား ပြတ်သားစွာရှိပြီးဖြစ်၏။ သို့ငြား မြန်မာဘာသာဖြင့်မူ အားလုံး “မြန်တျန့်ဟွာရန်” နဲ့ “ကျုံးကော်ရန်”ကို “တရုတ်”ဟု တရားဝင် အမည်တခုထဲ သုံးနှုန်းနေ၏။
သို့ဆိုသော် မြန်မာနိုင်ငံ၏ နိုင်ငံသားစိစစ်ရေးတတ်တွင် “တရုတ်”ဟု မှတ်တမ်းတင်ထားသူများအား ချိုင်းနားနိုင်ငံပတ်စ်ပို့ထုတ်ပေး၍ နိုင်ငံသားပေးမည်လော?
မြန်မာအစိုးရသည် ဤကိစ္စကို နောင်သို့အမျှော် အမြင်ကြီးစွာဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ခုရှုပ်မှနောင်ရှင်း ပြတ်သားသင့်ပါသည်။
တရုတ်ဟူသည် ခရစ်သက္ကရာဇ် ၁၂၈၇ ကထဲကရှိပြီး မျိုးနွယ်စုအမည်ဖြစ်သဖြင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) အပိုဒ် (၃) အရ ဆိုလျှင် မြန်မာတိုင်းရင်းသားများထဲတွင်မှ အစောဆုံးအမည်ပေါက်တိုင်းရင်းသားဟုပင်ခေါ်နိုင်သည်။ ထိုအမည် “တရုတ်”ကို China မှ သုံးစွဲနေခြင်းကို ခွင့်ပေးရန်မသင့်၊ China နိုင်ငံအား တရုတ်ပြည်ဟူ၍ တိုက်ရိုက်ယူသုံးခွင့်မရှိစေရ။
ဤသို့ဆိုခြင်းအားဖြင့် China အပေါ် ရန်လိုမုန်းထားရန်မဟုတ်၊ နှစ်ထောင်ချီ “ဆွေမျိုးပေါက်ဖေါ် “ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ထားကြရန်သာတည်း။
“台灣人 သည်လည်း တရုတ်မဟုတ်”
ဩဂုတ် ၂၂ ရက်ထုတ်မြန်မာနိုင်ငံပိုင်သတင်းစာများတွင် China၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Ms. Ma Jia မှ ဆောင်းပါးရှည်ကြီးရေးကာ မြန်မာလွတ်လပ်ရေးရသည်ပင် “တရုတ်”ဟူသောခေါင်းစဉ်အောက်၌ ယခု ကွန်မြူနစ်China၏ အကူအညီမကင်းသည့်သဘောရေးလေသည်။ ဒုကမ္ဘာစစ်ကြီးတွင် အင်္ဂလိပ်/မဟာမိတ်ဖက်မှ ကူညီ၍ ဖက်ဆစ်ဂျပန်များအားတိုက်ထုတ်ပေးခဲ့သော ချန်ကေရှိတ်၏ ကူမင်တန်(Kuomintang ) တပ်များအား မော်စီတုံး၏Chinese Red Army ယောင်ရောထွေးရေးထား၏။ တကယ့်ဖြစ်ရပ်တို့တွင် ထိုကမ္ဘာစစ်ကြီးကာလ(1939 – 1945) တွင် China သည် ကွန်မြူနစ်နိုင်ငံမဖြစ်သေးပဲ မြန်မာတို့လွတ်လပ်ရေးရပြီးနောက် October 1, 1949,တွင်မှ People’s Republic of China (PRC) ကိုထူထောင်ခြင်းဖြစ်ပါသည်။
Kuomintang တို့သည် ယခု Taiwan (Republic of China) တည်ထောင်ထားသည့် သူများဖြစ်၍ အမည်သညာခေါ်စရာမှာ Taiwanese 台灣人 ဖြစ်ပါသည်။
မြန်မာနှင့်အမေရိကားတို့သည်လည်း ချိုင်းနား၏ တပြည်ထောင်တည်းမူဝါဒကိုလိုက်နာထားသဖြင့် ထိုင်ဝမ်အား နိုင်ငံဟူ၍ ဤသူမရေးပါသော်လည်း “တရုတ်” အသုံးက မြန်မာနိုင်ငံသား၊ PRC Chinese၊ Taiwanese များကို ရောထွေးစေပါသည်။
ဤသို့ ရောထွေးမှုသည် China နှင့် မြန်မာနိုင်ငံတို့ ပထဝီ နိုင်ငံရေးအရ အရှုပ်အရှင်းတို့ဖြစ်တိုင်း လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းတို့ဆီဦးတည်သွားလေ့ရှိသဖြင့် မြန်မာပြည်ပေါက် မြန်မာနိုင်ငံသားစစ်စစ် တရုတ်တို့သည် ဤသို့သောအသုံးအနှုန်းပဋိပက္ခကို သိလျှက်နှင့် မျက်စိမှိတ်ထားရန်မသင့်ပါ။
မြန်မာတိုင်းရင်းသား ၁၄၄မျိုး (၁၉၇၃)တွင်ပါသော မြန်မာ-တရုတ်တို့တွင် ငွေကြေးချမ်းသာသူများ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များစွာရှိလေရာ အဆိုပါ”တရုတ်”အခေါ်ကြောင့် လူမျိုးရေးခွဲခြားပြဿနာတက်ကြရာတိုင်း တိုင်းပြည်၏ အင်အားစုကြီးအတွင်း ဘက်လိုက်ရမှုပျက်ကာ စည်းလုံးမှုလည်းထိခိုက်၏။
အချို့မြန်မာများက ပုဂံပြည်ဖျက်ဆီးမှုကို China က ကျူးကျော်ခဲ့သည်ဟု မှားယွင်းထင်မှတ်ပြီး အမုန်းတရားကြီးထွားနေ၏။China ၏အုပ်ချုပ်သူများကိုယ်တိုင် သံတမန်ရေးကြွယ်ဝပါလျှင် “တရုတ်” အမည်သုံးကို ပြန်သုံးသပ်သင့်ပါ၏။ China ကို ကမ္ဘာသိ ချိုင်းနားဟုသာ သုံးစွဲခြင်းသည် များစွာကောင်းမွန်သင့်မြတ်ပါ၏။
“ရွေးချယ်နိုင်ခြင်းသည်သာ အဖြေ”
မြန်မာပြည်၏အခြေအနေမှာ “ပြည့်အင်အားသည်ပြည်တွင်းမှာသာရှိသည်”လည်းမဟုတ် “ငါတို့မှာငါတို့ပဲရှိတယ်”လည်းမမည်ပေ။ အပြောသာရှိ၍ တိုင်းပြည်နှင့်ပြည်သားတို့၏ကြမ္မာကို မြန်မာတို့ဖန်တီးရန် မလုံလောက်ပေ။
ဤသည်ကို China ထောက်ခံမှုဖြင့်အောင်မြင်ခဲ့သော လက်ရှိခေတ်၏ ညီနောင်မဟာမိတ်သုံးဖွဲ့( AA,TNLA,MNDAA )၏ စစ်ဆင်ရေး ၁၀၂၇ မှပြသပြီးဖြစ်သလို
ဟိုင်ဂင်သဘောတူညီချက်အကြောင်းပြု လားရှိုးမြိုပြန်အပ်ရခြင်း နယ်စပ်ဂိတ်များဖွင့်ရခြင်း ကျားဖြန့်အားဖြင့် ကိုးကန့်နှင့် ဝခေါင်းဆောင်များဖြိုခွင်းခံရခြင်းတို့အပြင် ယခုနောက်ဆုံး UWSA(United Wa State Army) တို့၏ အစည်းအဝေးခေါ်ကာ စစ်ရေးအကူထောက်ပံ့ခြင်းမပြုနိုင်တော့ဟု ဆိုခြင်းများကပြသည်။ ကရင်တို့၏ ရွှေကုက္ကိုလ်ဒေသနှင့် ကချင်တို့၏ မြေရှား ကျောက်စိမ်း လိုင်ဇာဒေသတို့အားလုံးနောက်ကွယ်တွင် လက်မဲကြီး China ရှိနေသည်။
မြန်မာစစ်တပ်၏ နောက်ကွယ်တွင် ဝက်ဝံကြီးရုရှားကရပ်နေသည်။ ဒီမိုကရေစီအရေးခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံရေးရာများကိုဝင်စွက်ဖက်လေ့ရှိသော အမေရိကားသည် ယခု သမ္မတထရမ့်၏ပေါ်လစီသစ်အရ ကမ္ဘာ့ဝါစဉ်မှဆုတ်၍နှုတ်သိမ်းနေသော အခြေအနေတွင်ရှိသည်။
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် China အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများစွက်ဖက်မှုဖြင့် ကွဲပြားပျက်ဆီးရာသို့ဦးတည်နေပါသည်။ အချိန်မနှောင်းခင် မြန်မာအပေါင်းတို့ ဘက်လိုက်ဆုံးဖြတ်ရွေးချယ်ကြစေလိုသည်။
၁) ဓနသဟာယသို့ပြန်ဝင်လျှောက်၍ အင်္ဂလိပ်တို့၏ ခေတ်မှီအုပ်ချုပ်ရေးစနစ်၊ ခိုင်မာပြီးဥပဒေများအတိုင်းကျင့်သုံးကာ ပင်လုံစာချုပ်မတိုင်ခင် ကိုလိုနီခေတ်ကကဲ့သို့ တစုတည်းစည်းလုံးပြီးသော နိုင်ငံတော်သစ်ဆီသွားမည်လော။
၂) စူပါပါဝါသို့တက်လှမ်းလာသော စီးပွားရေးအင်အားကြီး China နှင့် အိမ်နီးချင်းရွှေလမ်းငွေလမ်းဖေါက်ကာ ဆွေမျိုးပေါက်ဖေါ်လုပ် စီးပွားရေးအရမှီခို အကူအညီယူ ချမ်းသာ၍ နိုင်ငံရေးအရတည်ငြိမ်သော ကွန်မြူနစ် နိုင်ငံဖြစ်လိုသည်လော။
၃) နည်းပညာ ခေတ်သစ်ကြီး၏ ဦးဆောင် စူပါပါဝါနိုင်ငံတော် အမေရိကားအောက်ခိုဝင်ကာ ယခုဂျပန် ကိုရီးယားတို့ကဲ့သို့ နည်းပညာမြင့် တိုးတက်သော နိုင်ငံအခြေအနေတွင်ရပ်တည်လိုသလော
၄) လက်ရှိစစ်အုပ်စု၏ ပေးထားချက်နှင့် ရည်မှန်းထားချက်ဖြစ်သော ရေနံစွမ်းအင်မှီခို၍ စိတ်ဓာတ်ပြင်းထန်မာကျောသော ရုရှားတို့၏ အုပ်မိုးမှုအောက်မှ လက်ဝေခံနိုင်ငံတော် ဖြစ်လိုသည်လော ?
ဆုံးဖြတ်ကြရန်ဖြစ်ပါသည်။
ပတ်လည်အိမ်နီးချင်းဟူသမျှ ပတ်မုန်းကြပြီး ဆဲဆိုတိုက်ခိုက်နေခြင်းအားဖြင့်မူ နိုင်ငံတော်သစ်မရနိုင်၊ ပြိုကွဲခြင်းသာ မျက်မှောက်ပြု၍ ကမ္ဘာအနှံ့ ခြေဆန့် အောက်ခြေသိမ်းအလုပ်များလုပ်ရသော လူမျိုးဘဝသာ ရနိုင်ပါသည်။
ရွေးချယ်မှုတခုတည်းမဟုတ်ပဲ ပူးတွဲ၍ ယူနိုင်ချေလည်းရှိပါ၏။ ကမ္ဘာပထဝီနိုင်ငံရေးပါးတော့ကျွမ်းကျင်စွာဝရမည်ဖြစ်သတည်း။