လူမိုက်သား ရမ်းကားနှင့် ကျွန်ပ်တို့၏ ပြည်သူလူထု၏ …

True FaithSeptember 10, 20101min810

ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်မှာ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွားသွားခဲ့တဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူသတ်မှုအကြောင်းကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

လူမိုက်သားတွေကတော့ ရမ်းကားသွားခဲ့ပြန်ပါပြီ။ အများပြည်သူလူထုရှေ့မှာ ပြည်သူလူထုက မွေးဖွားထား တဲ့ အရွယ်ကောင်းသား ယောက်ျားလေးနှစ်ယောက်ကို အော်တော်မစ်တစ် သေနတ်တွေနဲ့ ပစ်သတ်သွားခဲ့ပါ ပြီ။ ပစ်သတ်သွားရုံသာမကသေးဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်” လို့တောင် ပြည်သူလူထုကို ကြိမ်းမောင်း စိန်ခေါ်သွားလိုက်ပါသေးတယ်။ အဲဒီသူတွေဟာ ဘယ်သူတွေပါလဲ။ စစ်အစိုးရက “တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖ” လို့ ဆိုထားတဲ့ တပ်မတော်သားတွေပါ။ အဲဒီလူသတ်မှုကို ကျူးလွန်သူတွေဟာ ပြည်သူလူထုရဲ့သားတွေပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလောက်ရက်စက် ရိုင်းစိုင်းသွားကြတာပါလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လူစိတ်ကင်းမဲ့သွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါ တယ်။ သူတို့ရဲ့ပထွေးတွေဖြစ်တဲ့ စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေမှာ၊ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေးအခေါ်တွေကြောင့်ပါပဲ။

“တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန် လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့”

သူတို့ ဆိုနေကျသီချင်းတပုဒ်ကို သတိရပါသေးတယ်။ “ပြည်သူနဲ့တွေ့တော့ ပန်းလို၊ ရန်သူနဲ့တွေ့တော့ မီးလို” ပါတဲ့။ ဒီလူငယ်လေးနှစ်ယောက်ဟာ သူတို့ရဲ့ ရန်သူဖြစ်နေခဲ့ပါသလား။ ဘာဖြစ်လို့များ စစ်မြေပြင်မှာ သုံးရ မယ့် ဒီလိုလက်နက်မျိုးတွေကို ပြည်သူလူထုကြားထဲ အလွယ်တကူ သယ်ယူလာ၊ အလွယ်တကူ ပစ်ခတ် သတ်ဖြတ်နိုင်ခဲ့ကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။သူတို့ရဲ့ ပထွေးတွေက ပြည်သူလူထုကို ရန်သူလို သဘောထားခဲ့လို့ပါပဲ။ ဒါ အခုမှ မဟုတ်သလို ဒီဖြစ်ရပ်မျိုးတွေဟာလည်း အခုမှ မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေ တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်လိုက်ကတည်းက ဒီလိုဖြစ်ရပ်မျိုးတွေ နေရာအနှံ့ ဖြစ်ပွားခဲ့ဖူးပါ တယ်။ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာ၊ မြို့ပြတွေမှာပါ။ စစ်အာဏာရှင်တွေက အညိုရောင်၊ အမည်း ရောင် သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင်တော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေခိုင်းတဲ့အတိုင်း၊ အမိန့်ပေးတဲ့အတိုင်းကိုလည်း ပြည်သူလူထုထဲက စစ်တပ်ထဲ ရောက်သွားကြတဲ့ တပ်မ တော်သားဆိုသူ စစ်သားတွေကလည်း နာခံလုပ်ဆောင်ပေးခဲ့ကြပါတယ်။

ကျနော်တို့ ၁၉၈၉ ခုနှစ် စစ်အစိုးရ စစ်ခုံရုံးတခုက မတရား ပြစ်ဒဏ်ချမှတ်မှတ်လို့ အကျဉ်းကျနေခဲ့တဲ့ အချိန် တုန်းက တခါသားမှာ ကျနော်တို့တိုက်တွေကို အစောင့်တာဝန်ကျလာတဲ့ စစ်တပ်က အသွင်ပြောင်း အကျဉ်း ထောင်ဝန်ထမ်း ဖြစ်လာကြသူတွေ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒု-တပ်ကြပ် ဖြစ်လာကြပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတိုက်တွေမှာ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က သူတို့ကို ရန်သူလို သဘောမထားခဲ့ပါဘူး။ ကိုယ့်ညီလေးတွေလိုပဲ သဘောထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၊ ကိုယ့်ရှိတဲ့ အစားအစာလေးတွေကို ချကျွေးပြီး မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာခဲ့ကြပါတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ရှေ့တန်းတနေရာ (ကရင်ပြည်နယ်အတွင်း) က ထိုးစစ်တခုမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ တုန်းက တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြခဲ့ပါတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ ကျနော် သူပြောတဲ့ ဖြစ်ရပ်ကို နားထောင်ရင်း ကြက်သီးမွေးညင်းထ အံ့ဩ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် စက်ဆုပ်ရွံ ရှာသွားခဲ့ရပါတယ်။

သူ ပြောပြခဲ့တဲ့ ဖြစ်ရပ်က ဒီလိုပါ။ ကရင်ပြည်နယ်ထဲက ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင် ရောက်စီးနင်းခဲ့တုန်း ကပါတဲ့။ ရွာက ကြိုတင်သတင်းရထားပုံ ရပါတယ်တဲ့။ ရွာထဲမှာ ဘယ်သူမှမရှိကြတော့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အလောတကြီး ထွက်ပြေးတိမ်းရှောင်သွားကြပုံပေါ်ပါတယ်။ ဆန်ရွေးလက်စ ဆန်ကောတွေ၊ ချက် လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရပါတယ်။ အိမ်မွေးတိရိစာ္ဆန် တချို့လည်းရှိနေပါတယ်လို့ဆိုပါတယ်။ သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြပါတယ်။

တဲတလုံးထဲမှာတော့ ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေးတယောက်ကို မမျှော် လင့်ဘဲ တွေ့ခဲ့ကြပါတယ်။ ကလေးလေးက လာပြီး ပွေ့ချီတဲ့ စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေ မယ့် မငိုပါဘူးတဲ့။ ရဲဘော်တွေလည်း ကလေးလေးကို ပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကို မီးရှို့ရမှာမို့ ကလေးကို ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။ နောက် တရွာလုံးက အိမ်တွေ၊ စပါးကျီ တွေကို မီးတိုက်ပြီး သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြပါတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တ ယောက်တလှည့် ကျောမှာ အဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ ခေါ်ခဲ့ကြပါတယ်တဲ့။

ကံကောင်းချင်တော့ သူတို့တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေး မလုပ်ခိုင်းတော့ဘဲ နောက်ထပ်အရေးကြီး တဲ့ တာဝန်တခုပေးဖို့ ရှေ့တန်း နောက်တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့်ရလာခဲ့ပါတယ်။ ရဲဘော်
တွေလည်း အားရဝမ်းသာ ပြန်ကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည် သားလောက် ကလေးတယောက်တွေ့လို့ ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သတင်းပို့ခဲ့ရပါတယ်။ ဗျူ ဟာမှူးရဲ့ တုန့်ပြန်အမိန့်ကတော့ “အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့” တဲ့။ အမိန့်ကို တပ် ခွဲမှူးက သူ့တပ်သားတွေကို ပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ မျက်စေ့မျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မ ပြောနိုင်ကြတော့ပါဘူး။

အချိန်တန်လို့ တပ်ခွဲပြန်ခေါက်တဲ့အချိန်မှာ ကလေးလေးဟာ ရဲဘော်တယောက်ရဲ့ နောက်ကျောမှာ ပါလာခဲ့ပါ တယ်။ တပ်ခွဲမှူးက ကလေးကို သတ်ပြီး ထားခဲ့ဖို့ ဘယ်သူတာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီ တာဝန်ကို မယူခဲ့ဘူးလို့ ဆိုပါတယ်။ တပ်ခွဲမှူးကလည်း ဗျူဟာမှူးရဲ့အမိန့်ကို မလိုက်နာလို့ မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့ အမိန့်ပေးပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက ဘယ်သူမှ တာဝန်မယူတဲ့အ တွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့ စစ်တပ်ရမ် အရက် (Army Rum) ကို ပေးမယ်လို့ မက်လုံးပေး ခဲ့ပါသတဲ့။

နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကို အပြတ်ရှင်းခဲ့ဖို့ အမိန့် ပေးလာပါတယ်။ ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေ ရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ စစ်တပ်ရမ်ကို ပေးဖို့ တောင်းပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက် လောက်နီးပါးကို တခါတည်း မော့သောက်ပစ်လိုက်ပါတယ်။ နောက်ခဏကြာတော့ ကလေးကို သူ့ကိုပေးခဲ့ဖို့ ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကို ထားခဲ့ပြီး ခရီးဆက် ထွက်ခဲ့ပါတယ်။

အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီး ပြေးလိုက်လာတာ တွေ့ ရပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန် လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော် ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါ တယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တ ပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့။

ကျနော် အခုတင်ပြလိုက်တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒီတပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျနော့်ကို ပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြပါဘူး၊ ဒီအမိန့်ကို ပေးရက်ခဲ့သူက ဗျူဟာမှူးလို့ခေါ်တဲ့ ဗိုလ်မှူးကြီးတယောက်ပါ။ စစ်အာဏာရှင်တွေဟာ လူစိတ်လုံးဝမရှိဘူးလို့ဆိုရင် မလွန်ဘူးလို့ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က လူစိတ်ရှိပြီး အဲဒီကလေးကို မသတ်ချင်ခဲ့တဲ့ ရဲဘော်မျိုးတွေကို စစ်အာဏာ ရှင်တွေက လူစိတ်မရှိတဲ့ ပါးကွက်အာဏာသားတွေဖြစ်လာအောင် မွေးမြူထားခဲ့ပါပြီ။ တောထဲမှာ၊ ရှေ့တန်း စစ်မျက်နှာမှာတင် မကတော့ဘဲ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာတောင် အပြစ်မဲ့တဲ့ လူငယ်လူ ရွယ်တွေကို သတ်ဖြတ်ရဲတဲ့အထိ ရိုင်းမိုက်လာပါပြီ။

ကျနော်တို့ ပြည်သူလူထု ဘယ်လောက်အထိ သည်းခံနေကြဦးမှာပါလဲ။ မကျေမနပ် ရေရွတ်ပြောဆိုနေရုံနဲ့ တင် စစ်အာဏာရှင်တွေက ဒီလိုရက်စက် ရမ်းကားတဲ့ အပြုအမူတွေကို ရပ်ဆိုင်းစွန့်ပစ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုတွေ ကြောက်ရွံ့လေ သူတို့ အာဏာခိုင်မြဲလေ ဖြစ်မှာပါပဲ။ ပြည်သူလူထုက မတရားဖိနှိပ်ရက် စက်မှုတွေကို မခံတော့ဘူး၊ အုံကြွ အာခံဆန့်ကျင်လာပြီဆိုရင် စစ်အာဏာရှင်တွေ ဆက်ပြီး ဖိနှိပ်ညှင်းပန်းအုပ် ချုပ်လို့မရပါဘူး။ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် စစ်တပ်ဟာ (၄၀၀,၀၀၀) လောက်ပဲ ရှိပါတယ်။ ကျ နော်တို့ ပြည်သူလူထုဟာ သန်း (၅၀) ကျော် ရှိပါတယ်။ စစ်အာဏာရှင်တွေက အားလုံးကို ပစ်မသတ်နိုင်သလို ဖမ်းဆီးထောင်ချလို့ မရနိုင်ပါဘူး။

လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ ကျနော်တို့ ပြည်သူလူထုတဦးချင်းအနေနဲ့ မိမိကိုယ် ကို ကာကွယ်စောင့်ရှောက်ဖို့၊ မိမိတို့ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အ မှန်တရားနဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရေးပါတီတွေ နိုင်ငံ ရေးသမားတွေကိုပဲ အားကိုယ်းပြီး တို့က ဘာတတ်နိုင်မှာလဲဆိုတဲ့ အညံ့ခံအရှုံးပေးရေး အတွေးအခေါ်ကို ကိုင် စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်နေကြရမှာပါ ပဲ။

အကြောက်တရားတွေကို ဖယ်ရှားထိန်းချုပ်ပြီး မတရားတဲ့ စစ်အာဏာရှင်စနစ်ကို တညီတညွတ်တည်း တွန်း လှန်ဖယ်ရှားပစ်ကြရအောင်ပါ။ ။

စိုးနေလင်း

(အင်တာနက်ပိတ်ဆို့ထားခြင်းခံရသော မြန်မာပြည်တွင်းနေ မိတ်ဆွေသူငယ်ချင်းများအတွက် ဦးစားပေးရည်ရွယ်ကာ ဒေါက်တာလွဏ်းဆွေ ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။)