မဂဓဘာသာစကား Universal
သတ္တဝါတိုင်း နားလည်တဲ့ မာဂဓဘာသာ ကို မြတ်စွာဘုရားဟာ စကားပြောရင် သုံးတယ်လို့ မှတ်သားဖူးပါတယ်။ ဘုရားရဲ့ တရားတော်ကို ရှေးဦးစွာ နှုတ်တိုက်အာဂုံ ဆောင်ခဲ့ကြပြီး ကာလကြာမှ သက္ကတ အက္ခရာနဲ့ မှတ်တမ်းတင်တယ် နောက်တော့မှ ပါဠိဘာသာ ကိုပါ။ အခုတော့ အွန်လိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ မြန်မာလိုပါ ရနေပြီပေါ့။ တလောက အသိအိမ်ကို် ရောက်ပါတာနဲ့ ကြုံလို့ မြန်မာဘာသာပြန် သူတို့ ဘာသာရေး စာအုပ်တအုပ်ကို ကြည့်မိပါတယ်။ စာအုပ်က နိုင်ငံခြားစာ နဲ့ ဘာသာပြန် မြန်မာစာကို အပေါ်အောက် တလိုင်းစီ ရေးထားတာပါ။ ကျွန်တော် သတိထားမိတာက မူလဘာသာနဲ့ စာကြောင်းတွေက တိုပြီး မြန်မာလိုတွေက ဖေါင်းပွနေတာကို သတိပြုမိ ခဲ့ပါတယ်။ အဲဒီတုံးက ကိုယ်နဲ့မဆိုင် ဇတ်ပြတ်မှာစိုးလို့ အာမချောင် ခဲ့ပေမယ့် အရင်ထဲက ရှိနေတဲ့ အတွေးကို ပိုရင့်သန်စေ ခဲ့ပါတယ်။
ကျွန်တော် လက်လှမ်းမှီ သလောက် သိတဲ့ ဘာသာတွေရဲ့ ကျမ်းစာတွေဟာ မူလ ဘုရားဟော လို့ လက်ဆုပ် လက်ကိုင် မပြနိုင် ကြပါဘူး။ ယုံကြည်မှု သဒ္ဓါ နဲ့ မိမိတို့ရဲ့ ပစ္စုပ္ပန် ဆင်ခြင် တွေးခေါ်မှု တွေနဲ့ လက်ခံရတာပါ။ ဒီလိုပြောလို့ ဘာသာတရားတွေ အပေါ် လိုက်ပြီး စော်ကားနေခြင်း မဟုတ်ဘဲ ဝေနေယျ အားလုံးနဲ့ ဆိုင်တဲ့ ဘာသာစကား နဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေကို တင်ပြခြင်းပါ။ လူ့သမိုင်း
ယဉ်ကျေးမှုမှာ ကြေးခတ်၊ သံခေတ်၊ ကျောက်ခေတ်.. ဆိုပြီး ခေတ်တွေ အမျိုးမျိုး ရှိပါတယ်။ စာပေ၊ ဘာသာစကား ဆိုတာကလည်း ပြောင်းလဲနေတဲ့ ခေတ်ကိုလိုက်လို့ ပြန့်ပွားစည်ပင် လာကြပါတယ်။ ကမာ္ဘဦးကာလ ယောက်ျားနဲ့မိန်းမ နှစ်ဦးရဲ့ ချစ်ကြိုက်စကားဟာ နူတ်စကားလုံးထက် ကိုယ်ဟန် အမူ အယာပါ။ ပြောလည်း ဝူးဝူးဝါးဝါးနဲ့ စိတ်ခံစားချက်ကို ပြတဲ့ အသံ များသာ ဖြစ်ပါလိမ့်မယ်။ နှစ်ပရိစ္ဆေဒ ကြာလာတာနဲ့ အမျှ စာပေ၊ ဘာသာစကား တို့လည်း ပြောင်းလဲ တိုးတက် လာပြီး နင့်ကို ငါချစ်တယ် ကနေ ကောင်းကင်က ကြယ်ကိုဆွတ်ပေးမယ်တို့ ရင်ထဲအသဲထဲက တို့စတဲ့ ခိုင်းနှိုင်းသိုင်းဝိုင်း တင်စား ပြောဆိုမှုတွေ ဖြစ်လာပါတယ်။
ဆိုလိုချင်တာက ဘာသာစကားတွေရဲ့ မူလအစဟာ ယနေ့ခေတ်လို သိမ်မွေ့နက်ရှိုင်း ကြမှာ မဟုတ်ပါဘူး။ ဘာသာတရားတွေ စတင်တဲ့ အချိန်တွေမှာ စာပေ၊ စကား စတာတွေဟာ တိုးတက်နေပြီ ဆိုပေမဲ့ ယနေ့ထက် ပိုပြီး သိသိသာသာ ရိုးစင်းကြ ပါလိမ့်မယ်။ ဘုရားစကား ဖြစ်လို့လည်း လိုတိုရှင်း ဖြစ်မယ် ဆိုတာ တွေးကြည့်လို့ ရပါတယ်။ လူတွေ ကိုယ်တိုင်ကလည်း ယနေ့ခေတ်လို ရှုပ်ထွေးပွေလီ မှု မရှိနိုင်။ ယနေ့ခေတ် တရားစာပေတွေဟာ မစစ်တော့လို့ ဆိုလိုတာ မဟုတ်ဘဲ ယုံကြည်မှုသဒ္ဓါကို အခြေပြုပြီး မိမိတို့ စာပေ အက္ခရာနဲ့ ဘာသာပြန်တဲ့အခါ ဖြစ်လာနိုင်တဲ့ အနက်အဓိပ္ပါယ် ဖေါင်းပွမှုကို ပြောခြင်း ဖြစ်ပါတယ်။ အရှင်းဆုံး သာဓက အနေနဲ့ မြတ်စွာဘုရားရဲ့ ပထမဆုံး ဂုဏ်တော် ကိုကြည့်ပါ။ ပါဠိလို အရဟံ ကို မြန်မာလိုပြန်လိုက်တော့ လူ၊နတ်၊ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ဆိုပြီး ဖြစ်သွားပါတယ်။ ကြည်ညိုစိတ်နဲ့ ချဲ့ချင်ရင် ထပ်ချဲ့လို့ ရပါသေးတယ်။ မူရင်း အနက် အဓိပ္ပါယ် လွဲပါသလား။ လုံးဝမလွဲပါ။ ဒါပေမဲ့ ဘယ်လောက်ထိ ဖေါင်းပွ သွားသလဲ ဆိုတာ တွေ့နိုင်ပါတယ်။ ဘုရားဂုဏ်တော် ကိုးပါးရှိပါတယ်၊ တချို့လည်း ဆယ်ပါးလို့ ဆိုပါတယ်။ ဆက်တွေးဖို့ ပြောရရင် ပါဠိလို ဂုဏ်တော်တွေသည် ပထမဆုံး စာလို မှတ်တမ်းတင်ခဲ့တဲ့ သက္ကတ လိုဆိုရင် ဘယ်လိုဖြစ်နိုင်မလဲ။ အတူတူပဲလား၊ မတူတော့ဘူးလား၊ လား….လား…..လား…. အဲဒီကနေ နောက်ပြန်လို့ ဘုရားဟော မူရင်း မာဂဓဆိုရင်ကော…….. စဉ်းစားစရာတွေ အများကြီးပါ။
အဆုံးသတ်ရရင် မာဂဓ ဘာသာစကား ကို အဲဒီခေတ် ကိုးကွယ်သူ တို့ရဲ့ ယဉ်ကျေးမှု အဆင့်၊ ဘာသာစကား စာပေ တို့ရဲ့ ကြွယ်ဝချမ်းသာမှု အပေါ် မူတည်ပြီး ဘာသာပြန် လို့ရတယ် ထင်ပါတယ်။ ဘုရားဆုံးမခဲ့တဲ့သူ တွေဟာဟာ ပညာတတ်တွေ ကြည့်ပဲမဟုတ်ပါဘူး။ လူမဟုတ်တဲ့ အခြားဝေနေယျ တွေလည်း ပါ ပါသေးတယ်။ ကံကို ထည့်ပြောကြကြေးဆို အဲဒီခေတ်က တရားရသွားတဲ့ လူတွေဟာ ဘုရားသာသနာမှာ ကျွတ်ကိုကျွတ်ရမဲ့ လူတွေပါ။ အရမ်းဆို ဆုံးမလွယ်ပါတယ်၊ အခုခေတ် လူတွေလို မဟုတ်ကြ။ တပုဒ်တဂါထာ နာရယုံ၊ အတိုချုပ် ဆုံးမ လိုက်ယုံနဲ့ အကျွတ်တရား ရသွားခဲ့ ကြပါတယ်။ နောက်လူတွေကြတော့ အကျယ်ပြောမှ၊ ဥပမာတွေ တင်စားမှ နားလည်နိုင်ကြပါတယ်။ ဒီလိုဆို ယနေ့ စာမှာပါတဲ့ အရာရာတိုင်းကို ၏သည်မရွေး လိုက်နေဖို့ မလို၊ ဖြစ်သင့်တာက စာအခြေခံ နည်းနည်းနဲ့ တရားအရင် အားထုတ်၊ ပြီးမှ ကိုယ့်အထွာနဲ့ကိုယ် စာနောက်ကို အကျယ်လိုက်တာ ပိုအဓိပ္ပါယ် ရှိလိမ့်မယ်လို့ ထင်မိပါတယ်။
3 comments
kyansitthar101
September 11, 2010 at 2:24 am
ဟုတ်တယ်……
ရှေးခေတ်တုန်းက အခြေအနေနဲ့ အခု အခြေအနေနဲ့ မတူတော့တာအမှန်ပါ။
လူနေမှု ပုံစံအရ အခုခေတ်မှာ တွယ်တာစရာ ခင်တွယ်စရာ တွေ အများကြီးပါ။
အရင်တုန်းက တော့ အခုလောက်တော့ တွယ်တာစရာ ခင်တွယ်စရာ တွေ မများလောက်ဘူးထင်တယ်။
လူနေမှု လူ့အဖွဲ့ အစည်းပုံစံ တွေ လူတွေရဲ့ စရိုက်တွေ တွေးခေါ်ပုံတွေက ခေတ်နဲ့ အလိုက်ပြောင်းလဲ ကုန်ပြီထင်ပါရဲ့။
အရင်က လူတွေက အပေါ်မှာရေးထားသလိုဆိုရင် အဓိပါယ် တစ်ခုကို တိုတိုနဲ့ လိုရင် ပြောကြတယ်။
သူတို့ စိတ်ထဲတွေမှာလဲ သိပ်ပြီး အတွေးများပုံလဲ မရှိလောက်ဘူး။ အတွေးမများတဲ့ အတွတ် သူတို့ဘဝတွေက အေးချမ်းနေမှာသေချာတယ်။
ဒီတော့ သူတို့ အဖို့ တရားရဖို့ ဆိုတာ သိပ်မခက်လောက်ဘူး။
kai
September 11, 2010 at 8:22 am
ဆောရီးနော..
နည်းနည်းကွဲလွဲခွင့်ပြုပါ။
ကျုပ်တော့..အဲဒီရှေးခေတ်ကလူတွေ..တုံး၊အ၊ထုံ၊နသူတွေများမယ်ထင်တာပါပဲ။
သချာင်္မတတ်၊ သိပ်ပံနားမလည်။ စာပေအက်ခရာတောင်မရှိမှတော့…တော်တော်ဆိုးဆိုးဝါးဝါး..လူနေမှုကြီးလို့ထင်မိတာပါပဲ..။
အခုကတွက်ရင်..လွန်ခဲ့တဲ့နှစ် ၂၆၀ဝ ပေါ့နော..။
ကျုပ်တို့အခုနေထိုင်နေတဲ့…လူနေမှုစံနစ်၊ယဉ်ကျေးမှုတွေကိုလည်း…နောင်နှစ် ၂၆၀ဝ ကလူတွေအခုလိုပြောကြမှာပါပဲ။
ဒါက..အီဗော်လူရှင်း နိယာမပဲလေ..။
bigcat
September 11, 2010 at 3:33 pm
ကွန်မန့်ပေးလို့ ကျေးဇူးတင်ပါတယ် ကို ကေအေအိုင်ခင်ဗျား။ ကျွန်တော်ဆိုလိုတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၆၀ဝ ကျော်က ဆိုဆုံးမလွယ်တယ် ဆိုတာ အတတ်ပညာ၊ ခေတ်ပညာတွေနဲ့ မဆိုင်ပါဘူ။ သူတို့ရဲ့ တရားရနိုင်စွမ်း ပါရမီညဏ် ရင့်သန်မှုကို ပြောချင်တာပါ။ အခုခေတ်မှာလည်း စာမတတ် ပေမတတ်ဘဲ ရဟနာ္တဖြစ်သွားတဲ့ စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ ယနေ့ခေတ် လူတွေကြည်ညိုနေကြတဲ့ မြောင်းမြဆရာတော်၊ ရေနံချောင်းက ဆရာတော်တပါးတို့ ဟာ နမူနာပါ။ ပြောင်းပြန်ပြန်ပြောရရင် ပိဋ္ဋကတ်သုံးပုံကို နှောကြေနေပေမဲ့ ရုပ်နာမ်ဖြစ်ပျက်ကို တကယ် ပိုင်းခြားမသိတဲ့ ဆရာတော်တွေလည်း အများကြီးပါ။ ဆိုလိုရင်းက ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ဘာသာရေးစာပေ တွေကို လက်တွေ့အခြေအနေတွေနဲ့ စပ်ဟပ်ဖို့ပါ။ ယနေ့ခေတ် မြန်မာစာပေဟာ ဖွဲ့နွဲ့သိုင်းဝိုင်းတဲ့ အရေးအသားကနေ နေ့စဉ်သုံး စကားပြေ အရေးအသားကို ရောက်လာတာ ကြာပါပြီ။ ဒီတော့ ဘုရားဟော တွေကို မိမိတကယ် မခံစားဘူး၊ မခံစားနိုင်ဘဲ အပေါ်ယံကြော စာအသိတွေနဲ့ လိုက်ဆုံးမ နေလို့ လူတွေခင်မျာမှာ ထွင်းဖောက်နားလည်ဖို့ မပြောနဲ့ သင်ညာသိ ဖြစ်ဖို့တောင် ခဲယဉ်းလို့ တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျား။