ဂျပန်မလေးပေးတဲ့ သင်ခန်းစာ Jgirl
ကျောင်းတက်တုန်းက ဂျပန်မလေး တယောက်နဲ့ သိကျွမ်း ဖူးပါတယ်။ (ကိုယ်ကတော့ ရရင်
ပိုချင်ခဲ့တာ ပေါ့လေ) ကျောင်းသား အများစု အိမ်ပြန်သူပြန်၊ ခရီးသွားသူ သွားနဲ့ မတက်လည်း ဖြစ်တဲ့
ကြားဖြတ်ရာသီ မိုလို့ အတန်းထဲမှာ လူသိပ်မရှိ။ ကျောင်းအမြန် ပြီးချင်သူ အချိန်ပြည့် ကျောင်းသား တွေ နဲ့ အချိန်ပိုင်းတွေ ပဲရှိတယ်။ ရှိတာကလည်းး တရုတ်နဲ့ ထိုင်ဝမ်တွေ များတယ်။ တရုတ် ဂျပန် ကျောင်းတော်က ရန်စက ယနေ့တိုင် ကြေသေးပုံမရ။ ဒီတော့ ကျွန်တော့် ဂျပန်မလေး ခမျာ သင်းကွဲ ငှက်လေး ဖြစ်နေ ရှာသပေါ့။ ကျွန်တော်လည်း အားနည်းသူကို ကူညီဖို့ ဝတ္တရားရှိတဲ့ အတိုင်း ဝင်လုံး တာပေါ့၊ အဲလေ မိတ်ဆွေ ဖွဲ့တာပေါ့။ ဒါနဲ့ ခင်သွားရော ဆိုပါတော့ဗျာ။ တနေ့သူက ဂျပန်တွေ မြန်မာ ကို ကျူးကျော်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို သဘောထား သလဲလို့ မေးတယ်။ ကျွန်တော် လည်း အခွင့်အရေးကို လက်မလွှတ် စေဘဲ ဒါတွေက အတိတ်က ဖက်စစ်ဝါဒကြောင့် ရတဲ့ ဖြစ်ရပ်ဆိုးတွေ၊ ဂျပန် ပြည်သူတွေနဲ့ မဆိုင်လို့ ဖြေလိုက်တော့ ပိုခင် သွားကြတာပေါ့။
နောက်တခါ ကြတော့ မေးပြန်တယ် သူ ရန်ကုန်ကို သွားလည်ဖို့ လုံခြုံ စိတ်ချရ ရဲ့လားတဲ့။ ကျွန်တော်လည်း ချက်ချင်း မဖြေနိုင်။ ဘာလို့လဲ ဆိုတော့ စစ်အစိုးရ သက်ဆိုးရှည်စေမဲ့ ကမာ္ဘလှည့် တိုးရစ်ခရီးသွား လုပ်ငန်းကို အားမပေးချင်။ ဒဲ့ပြောဖို့ကလည်း သူ့အသိက ရန်ကုန်မှာ ရှိတယ်ဆိုလား ဘာဆိုလား။ လုံခြုံရေး မကောင်းဆိုပြီး ရွှီးဖို့ကလည်း ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်မှာစိုးလို့ ရှဉ့်လဲ လျှောက်သာ ပျားလည်းစွဲသာ ဖြေလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေးရဲ့ တခုတည်းသော ကောင်းချက်က လုံခြုံရေးလို့။ ဒါနဲ့ သူလဲ ဆက် မမေးတော့။ ဒါနဲ့ သင်တန်း ပြီးဆုံးဖို့ လိုအပ်တဲ့ တဦးချင်း ရှင်းလင်း တင်ပြမှု လုပ်ဖို့ ဆရာက ကေ့စ်အသေး တခုပေးပါတယ်။ မှတ်မိတာက ယူအက်စ်မှာရှိတဲ့ ခလေး တွန်းလှည်း ရောင်းတဲ့ ကုမ္မဏီကြီး တခုကို ခလေးမိဘတွေက ဘရိတ်စနစ် ချို့ယွင်းချက်ကြောင့် လှည်းရွေ့သွားပြီး အထဲက သူတို့ခလေးတွေ ထိခိုက် သေဆုံး ပါတယ်ဆိုပြီး တရားစွဲမယ် ဆိုလို့ မီဒီယာတွေမှာ မပါခင် ဘာလုပ် သင့်လဲ ဆိုတာ ဆုံးဖြတ်ရတာပါ။ ကေ့စ်တွေက သိပ်မကြီးရင် ပျော်ဖို့ ကောင်းပါတယ်။ ဘယ်လောက် တော်တဲ့ မန်နေဂျာချုပ် ဖြစ်ဖြစ် ကိုယ့်လက်ကိုယ့်ခြေ စိတ်ထဲမတွေ့ရင် ဖြုတ်လိုက်တာပဲ။
တင်ပြမှုတွေ လုပ်တော့ မှတ်မိသလောက် ဂျပန်မလေးပဲ ဈေးကွက်ထဲက တွန်းလှည်း တွေကို ချက်ချင်း ပြန်သိမ်းဖို့ (recall) ပြောတယ်။ စရိတ်စကထက် ဈေးကွက် ကျေနပ်အောင် အရင်လုပ်၊ ပြီးမှ တရား တဘောင် ရင်ဆိုင်လို့ဆိုတယ်။ ကျန်သူအားလုံးက အချက်အလက်တွေ စုဆောင်းပြီး လုံခြုံရေး လိုင်းကို သေချာအောင် လုပ်ဖို့၊ ပြီးမှ တရားလိုတွေနဲ့ တရားခွင် ပြင်ပ စေ့စပ်ညှိနှိုင်းဖို့ ပြောကြတယ်။ မသေချာသေးဘဲ အလျင်စလို ပြန်သိမ်းရင် ဝန်ခံသလို ဖြစ်သွားလို့ နာမည်ပျက်ပြီး အရောင်း ကျမယ်။ ပစ္စည်းပြန်သိမ်းရတဲ့ စရိတ်လည်း ထောင်းမယ်ပေါ့။ ၊ စီးပွားရေးလုပ်ငန်း ကျင့်ဝတ်လိုကို့စ် ကလည်း သူ့ အရင် ယူရမဲ့ ဟာတခုရှိတော့ ကျောင်းပြီးခါနီးမှ ယူလေ့ရှိကြတယ်။ မားကက်တင်းဘာသာ ကလည်း ပထမဆုံးရာသီမှာသာ အခြေခံကို့စ် တခုအနေနဲ့ ယူခဲ့ရလို့ အားလုံးက ကိုယ့်မေဂျာအပေါ် အခြေခံပြီး ဆွေးနွေးကြ တဲ့အထဲမှာ သူမရဲ့ ပြောဆိုချက်က ထူးခြားနေပါတယ်။
ပရော်ဖက်ဆာက မှားတယ်မှန်တယ် ဝေဖန်ချက်မပေးဘဲ ကော်ပိုရေးရှင်းကြီးတွေက သူ့မိတ်ဆွေ အရာရှိကြီးတွေရဲ့ သဘောထား မှတ်ချက်တွေကို ဖတ်ပြတယ်။ အားလုံးလိုလိုက ကျောင်းသားအများစု ရဲ့ အမြင်နဲ့ တူပါတယ်။ ဈေးကွက်ထက် အချက်အလက်နဲ့ ပစ္စည်း အရည်အသွေး လုံခြုံ စိတ်ချရမှု မှတ်တမ်းကို ပြင်ထားဖို့ ဦးစားပေးတာ တွေ့ရတယ်။ မြန်မာပြည်က လာသူ အတွက် မထူးဆန်း ပေမဲ့ ဂျပန်မလေး ခင်မျာမှာ တအံ့တဩ ဖြစ်နေလေရဲ့။ အဲဒီမှာ ဂျပန်တွေရဲ့ တာဝန်သိတတ်တဲ့ ယဉ်ကျေးမှု ဆိုတာကို သွားခံစားမိတယ်။ ကေ့စ်သေးလို့ မပြည့်စုံ၊ လက်တွေ့ မဟုတ်လို့ အမှန်၊ အမှား မသိခဲ့ပေမဲ့ ရလိုက်တဲ့ သင်ခန်းစာကတော့ တာဝန် သိတတ်မှုပါ။ စီးပွားရေး ကျင့်ဝတ်ဆိုတာ များသောအားဖြင့် လက်တွေ့မှာ မေ့ပြစ်လိုက်တာ များပါတယ်။ ဒါပေမဲ့ စာထဲမှာတင် မဟုတ်ဘဲ ယဉ်ကျေးမှု တခုအနေနဲ့ လက်ခံရမဲ့ အရာလို့ သဘောပေါက် ထားကြရင် အဲဒီ ကျင့်ဝတ်တွေ အပေါ် အခြေခံပြီး စီးပွားကုန်သွယ် ဖို့ ဆိုတာ မထူးဆန်း၊ လိုက်နာဖို့ ပင်ပန်းကြမှာ မဟုတ်လို့ ကောက်ချက် ချမိပါတယ်။ ကျွန်တော်လည်း ဂျပန် ယဉ်ကျေးမှုကို ရှေ့ဆက်ပြီး ကိုယ်ဖိရင်ဖိ ဆက်လက်လေ့လာဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ နောက်အတန်း တွေ မှာ သူနဲ့ဆုံဖို့ ကံမပါခဲ့ တာကြောင့် ရှေးရိုးစဉ်လာ မြန်မာ့ ယဉ်ကျေးမှုကိုပဲ ဆက်လက် ထိန်းသိမ်းလိုက် ရပါတယ်။
12 comments
fatty
September 20, 2010 at 5:17 am
ကောင်းသဗျာ post လေးက … presentation လုပ်ရတဲ့အကြောင်းလေးတွေ essay လေးတွေ ဒီကလူငယ်တွေ ဗဟုသုတ တိုးရအောင် များများလေး
ရေးပေးစေချင်တာပါ ။
eros
September 20, 2010 at 8:38 am
နောက်တခါ ကြတော့ မေးပြန်တယ် သူ ရန်ကုန်ကို သွားလည်ဖို့ လုံခြုံ စိတ်ချရ ရဲ့လားတဲ့။ ကျွန်တော်လည်း ချက်ချင်း မဖြေနိုင်။ ဘာလို့လဲ ဆိုတော့ စစ်အစိုးရ သက်ဆိုးရှည်စေမဲ့ ကမာ္ဘလှည့် တိုးရစ်ခရီးသွား လုပ်ငန်းကို အားမပေးချင်။
အဲဒီကိစ္စလက်မခံချင်ပါ။ ကမာ္ဘလှည့် တိုးရစ်ခရီးသွား လုပ်ငန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရှာဖွေပေးနိုင်တာက ပိုများလို့ပါ။
bigcat
September 22, 2010 at 3:40 am
ပြည်တွင်းမှာ သုံးမဲ့ဒေါ်လာတွေက လက်လုပ်လက်စား ပြည်သူတွေဆီကို ရောက်သွားတယ် တကယ့်ပြည်သူတွေနဲ့ နီးစပ်ကြမယ်ဆိုရင် ကန့်ကွက်စရာမရှိပါဘူး။ ဒါကြောင့်လည်းနောက်ပိုင်းမှာ ခရီးသွားတွေကို ပညာပေးစည်းရုံးနေတာတွေ တွေ့ရပါတယ်။ ဘယ်လောက်အောင်မြင်သလဲဆိုတာ တော့မသိရပါဘူး။ ကြားတာတော့ အစိုးရက နိုဝင်ဘာရွေးကောက်ပွဲ နီးရင်ဗီဇာဝင်ခွင့်တွေ ကျပ်မယ်လို့ပြောသံကြားပါတယ်။
windtalker
December 12, 2011 at 8:11 pm
ဪ ကိုကိုကြောင် ရဲ ့၊ စိတ်ကိုဒုံးဒုံးမချင်ခင်တုန်းက ဇါတ်လမ်းဟောင်းလေး ကို အခုမှ ဖတ်ရတယ် ဗျား
naywoonni
December 12, 2011 at 8:18 pm
ပြောတော့ တရုတ်မလေးတဲ့….။ ခုတော့ ဂျပန်မလေး ဖြစ်သွားရပြန်ပြီ…..။ သူလည်း အပြောင်းအလဲ အတော်များတာပဲ…။ ယုံချင်စရာမကောင်းဘူး….။ ဟင်းးးးး 😛
inz@ghi
December 12, 2011 at 8:34 pm
အဟမ်း ….
ပြောလော့ ပါဝူး ..သူက စွာတယ်…..
ခစ်ခစ်…
သဂျီးရေ …သဂျီး …
ကိုယ့်သားမက်ကိုယ်ထိန်းဗျို့
unclegyi1974
December 12, 2011 at 10:46 pm
မြန်မာမှာဆိုပစ္စည်းတွေအမြန်ကုန်အောင်ပရိုမိုးရှငိးနဲ့ကိုလုပ်ပြီးရောင်းအုန်းမှာ
ဝယ်ကြအုန်းမလားအရပ်ကတို့ရေဟောဒီကလျှော့ဈေး
TTNU
December 12, 2011 at 11:48 pm
(တနေ့သူက ဂျပန်တွေ မြန်မာ ကို ကျူးကျော်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို သဘောထား သလဲလို့ မေးတယ်။ ကျွန်တော် လည်း အခွင့်အရေးကို လက်မလွှတ် စေဘဲ ဒါတွေက
အတိတ်က ဖက်စစ်ဝါဒကြောင့် ရတဲ့ ဖြစ်ရပ်ဆိုးတွေ၊ ဂျပန် ပြည်သူတွေနဲ့ မဆိုင်လို့
ဖြေလိုက်တော့ ပိုခင် သွားကြတာပေါ့။)
ကိုကြီးကြောင်… ကိုကြီးကြောင် …တော်ရှာပါပေတယ်။ သံခင်းတမန်ခင်းနဲ့ ပြောလိုက်ပုံလေး
များညက်နေတာပါ့။ စကားပြောကောင်းတဲ့ ကိုသည်းအူပဲ။
(နောက်တခါ ကျတော့ မေးပြန်တယ် သူ ရန်ကုန်ကို သွားလည်ဖို့ လုံခြုံ စိတ်ချရ ရဲ့လားတဲ့။ ကျွန်တော်လည်း ချက်ချင်း မဖြေနိုင်။) You see?…
ကိုကြီးကြောင် အခုတလောပိုင်းကသာ မဂျပန်မေးရင် ရှင်တော့ ပိုမဖြေနှိုင်ဘူးဖြစ်သွားမှာ။
ပုဂံညောင်ဦးမှာ ဟိုဥစ္စာဖြစ်လို့ ဟိုလိုဖြစ်သွားတဲ့ တိုးရစ် ဂျပန်မလေး အဖြစ်လေ။
kai
December 13, 2011 at 4:25 am
ငှင်းငှင်းင်း…
မိပြီ..
ကျုပ်က.. ဂျပန်တွေစိတ်ဓါတ်နဲ့..ဓလေ့တို့ရဲ့အခြေခံ.. ဇမ်ဗုဒ္ဓဘာသာကို မြန်မာပြည်တင်သွင်းသင်ကြားစေမယ်ဆိုတုံးကတော့.. ဇိမ်ဘုန်းကြီးလေး.. ဘာလေးတဲ့..
သူ့ကျ.. 🙁
=
ကိုရင်ကြောင်ကြီးက.. မြန်မာတွေအတွက်.. ရာဇဝင်ကြေးမဆပ်လိုက်ရဘူးပေါ့နော..။
အဲဒီတာဝန်ယူတတ်တဲ့ ဂျပန်မလေး နောက်တွေ့ရင်.. ဆပ်ခိုင်းလိုက်ပါလားဟင်င်င်..။
inz@ghi
December 13, 2011 at 2:17 pm
ဆပ်မယ် ဆပ်မယ်…. ဦးကြောင်ကိုယ်စား…
ဂီ ပြန် မာ လာပြီဆိုတာနဲ့ သမိုင်းကြွေးကို
အကျေဆပ်လိုက်ပါ့မယ် သဂျိုင်ခီးရယ်…
😀
အဟွတ်အဟွတ်…
kgmalay.girl
December 13, 2011 at 2:12 pm
ကျေးဇူးတင်ပါတယ် ဒီပို့စ်လေးအတွက်….. မှန်မှန်ကန်ကန်ကိုထောက်ပြသွားတာပဲ တာဝန်သိစိတ်ဆိုတာကို အခုနောက်ပိုင်းလူငယ်တွေကိုယ်နဲ့မဆိုင်သလိုနေနေကြတာ ဒါလေးဖတ်ပြီးအသိတရားရနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်နော်…..
char too lan
December 13, 2011 at 2:55 pm
ဘာတဲ့ .. လုပ်ရဲရင် ခံရဲရမယ် …
ဒါကတော့ လူငယ်တွေကြား ကြားနေကြစကားပဲ
တကယ့် တကယ်မှာတော့ ဘယ်နားမှာသွားထူးချွန်မလဲ မသိပေါင်…………… 🙂