ရေမဆေးကျောက်

thura.ng2September 23, 20101min932

ကျင်းနှင့် ၃ကိုက် အကွာ သဲပြင်ပေါ်မှာ ဂေါက်သီးလေးကို ပါတာဖြင့် ကျင်းလေးထဲသို့ ချိန်သားကိုက် ရိုက်သွင်းလိုက်သည်။ ဂေါက်သီးလေးက တစ်လိမ့်လိမ့်နှင့် ကျင်းထဲသို့ လှလှပပလေး ကွက်တိ လိမ့်ဆင်းသွားတော့ ရိုက်ဖော်ရိုက်ဖက်တို့ဆီမှ လက်ခုပ်သံများ တစ်ဖြောင်းဖြောင်း ထွက်လို့လာသည်။ လုံးခင်းရဲ့ မြစိမ်းမြေဂေါက်ကွင်းဆိုတာ ရန်ကုန်၊ မန္တလေးတို့လို မြက်ခင်းစိမ်းနဲ့ကျင်းများ မဟုတ်ပါ။ ကိုးကျင်းလုံးက သဲကျင်းတွေသာဖြစ်ပြီး ၁၈ကျင်းပြည့်ဖို့ဆိုတာ ၉ကျင်းကို ၂ကျော့ ရိုက်ရပါသည်။ ဒီနေ့ ပြုလုပ်တဲ့ မြစိမ်းမြေဂေါက်ကလပ်ရဲ့ နှစ်ပတ်လည် ဖလား ပြိုင်ပွဲမှာ ၁၈ကျင်းကို ပါ ၅ကျင်းနှင့် ဘာဒီ ၂ကျင်းဖြင့် သူ ပထမရသွားပြီ မဟုတ်လား။

ဒီလိုဘဲ ဖြစ်ရမည်လေ။ ကျောက်စိမ်းတွင်းဒေသရဲ့ မြစိမ်းမြေ ဂေါက်ကလပ်ဆိုတာ နှယ်နှယ်ရရ မဟုတ်… မြန်မာပြည်ရဲ့ အကျော်ကြားဆုံး ကျောက်စိမ်းသမား လောပန်းကြီးများရဲ့ စုဝေးရာ၊ တွေ့ဆုံကြရာနေရာ တစ်ခုဖြစ်သည်မို့ ဒီလိုလူတွေကြားထဲတွင် ဂေါက်ရိုက်တာ ညံ့ဖျင်းနေလျှင် ရှက်စရာ ကောင်းမည်။ ဒီလိုတော့ ဖြင့် ဦးကျင်ဟုတ် အဖြစ်မခံနိုင်ပေ။ ဒီလက်ခုပ်သံတွေကို လိုချင်လို့၊ ဂေါက်ရိုက် ကောင်းသည် ဆိုတဲ့ နံမည်ကို လိုချင်လို့မှ ဂေါက်ရိုက်တာကို ပိုက်ဆံအကုန်အကျ များစွာခံပြီး ဆရာနှင့် စံနစ်တကျ သင်ယူထားသည်ဘဲလေ။ ဆရာကို ဖားကန့်မြို့ရှိ သူ့အိမ်မှာ လပေါင်းများစွာ လာနေစေပြီး အချိန်များစွာ ပေးကာ အနီးကပ် လေ့ကျင့်သင်ကြားခဲ့ရသလို၊ ဆရာငှားခတင် သိန်းပေါင်းများစွာ အခကြေးငွေ ပေးခဲ့ရပြီး သူ ငှားသည့်ဆရာကလဲ မြန်မာ့လက်ရွေးစင် ဂေါက်သမားဟောင်းတစ်ဦး ဖြစ်သည်။ ကျောက်လောပန်းတွေမှာ ဂေါက်ရိုက်တတ်ဖို့ကလဲ အရည်အချင်းတစ်ရပ်အနေနှင့် လိုအပ်ပါသေးသည်။ ဒါမှလဲ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့မည်။ ကျောက်သတင်းများ ရမည်။ စီးပွားရေး လောကမှ လူကြီးများ နှင့်လည်း အဆက်အစပ် ရနိုင်မည်။ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့် ရမည်။ အသိမိတ်ဆွေ ပေါများလာမည်။ တံခါးပေါက်တွေပွင့်ဖို့ ဂေါက်ရိုက်တာကလဲ အခွင့်အရေးတစ်ခု ဖြစ်သည်ဘဲလေ။

ဦးကျင်ဟုတ် အတွက် ဂေါက်ရိုက်တာကို ဆရာငှားပြီး သင်ရပေမဲ့ သင်စရာမလိုဘဲ အတွေ့အကြုံနှင့်ရင်း၍ တတ်လာသော ပညာရပ်ကတော့ ကျောက်စိမ်းကို အကဲခတ်သည့် ပညာရပ် ဖြစ်လေသည်။ ဒီဖားကန့်ဒေသ မှော်နယ်မြေကို သူရောက်လာတာ ၁၅နှစ်ပြည့်တော့မည်။ ကျောက်အရောင်းအဝယ် လုပ်ရင်းကိုင်ရင်းဖြင့် ကျောက်တစ်လုံးရဲ့ အရည်အသွေးကို အပြင်ဘန်းကိုကြည့်ပြီး အကဲခတ်၊ ခန့်မှန်းရသော ပညာကို သင်စရာမလိုဘဲ သူတတ်လေပြီ။ အတွေ့အကြုံနှင့် သဘာတို့ပေါင်းစပ်၍ ကျောက်တစ်လုံးကို ကောင်းကောင်းကြီး ခေါင်းတတ်နေပြီ။ ကျောက်လောကထဲ စတင်ဝင်ရောက်စဉ်ကတော့ အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ဖူးပါသည်။ အလိမ်ခံရပေါင်းလဲ ခနခန၊ ဆုံးရှုံးရပေါင်းလဲ အကြိမ်ကြိမ်။ သို့သော်လည်း ကြာလာသည့် အခါတွင်တော့ ပညာစုံသလောက်ဖြစ်လာကာ ခုချိန်မှာတော့ ကျောက်တစ်လုံးကို ကြည့်ပြီး ဦးကျင်ဟုတ် ခန့်မှန်းလျှင် လွဲခဲပြီ။ သူခန့်မှန်း၍ ဝယ်ယူလိုက်သော ကျောက်အတော်များများသည်လည်း ဖြတ်တောက် လိုက်သည့်အခါ အောင်ကျောက်များဖြစ်ကာ ပြန်ရောင်းသည့် အချိန်တွင် ဝယ်ယူသည့်ဈေးထက် အဆပေါင်းများစွာ ပိုပိုရပြီး ခုချိန်မှာတော့ လောပန်းကြီး ဦးကျင်ဟုတ်ဆိုလျှင်ဖြင့် မှော်နယ်မြေမှာ မသိသူ မရှိပြီ။ ငွေကြေးချမ်းသာမှုရော၊ ကျောက်စိမ်းနှင့်ပါတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်မှုကြောင့်ပါ နံမည်ကျော်ကြား လှပါသည်။ ဒီကြော်ကြားမှုတွေ၊ အောင်မြင်မှုတွေ၊ ငွေကြေးတွေကို သူမမက်မောဘူးလားဟု မေးလာလျှင်တော့ မက်မောလှပါသည်ဟု ရိုးရှင်းစွာ ပြန်ဖြေရပါလိမ့်မည်။ လူမှန်လျှင်ဖြင့် အောင်မြင်မှုနှင့် ငွေကြေးကို မမက်မောသူဟူ၍ ရှိပါမည်လား။ မက်မောလွန်းလှ၍လည်း ဒီလိုဖြစ်လာအောင် ကြိုးစားခဲ့ရသည်ပါဘဲလေ။

ကျင်းထဲသို့ ဂေါက်သီးလေးကို ရိုက်သွင်းပြီးသွား၍ ဂေါက်တံလေးကို ဘေးမှာရပ်နေသော သူ့ဂေါက်အိတ် သယ်ပေးနေသည့် ကယ်ရီကောင်မလေးအား ပေးလိုက်စဉ် ဧည့်ရိပ်သာဖက်မှ သူ့ဆီသို့ အလျှင်စလို လျှောက်လာသော သူ၏လူယုံတပည့် ကျော်စွာကို တွေ့လိုက်ရသဖြင့် သတင်းတစ်ခုခု ပြောစရာ ရှိနေပြီဆိုတာ သူသိလိုက်၍ ကျန်သောရိုက်ဖော် ရိုက်ဖက်များ ကျင်းစိမ်နေတာကို ရပ်ကြည့်ရင်း ကျော်စွာကို စောင့်နေလိုက်သည်။ သူ့နားသို့ ကျော်စွာ ရောက်လာသောအခါ ခပ်တိုးတိုး လှမ်းပြောသည်။

“ဆရာ မှော်စီစာမှော် မြေစာပုံကနေ ရေမဆေးကျောက်တစ်လုံး ထွက်တယ်.. ကျွန်တော်ကြားခဲ့ရတာတော့ ပစ္စည်းက အရည်အသွေး တော်တော်ကောင်းလို့ လူ၂ယောက်က ၅ဝ ပေးပြီး ဝယ်သွားတယ်.. သူတို့က ကြိုက်ဈေးရတာနဲ့ ပြန်ထုတ်မယ်လို့ ပြောကြတယ်.. အဲဒါ သတင်းရလာလို့ ဆရာ့ကို လာပြောတာ.. ဆရာ သွားကြည့်မလား.. ကျောက်ကတော့ မှော်စီစာမှော် မြေစာပုံကနေ ဝယ်တဲ့သူတွေ ယူသွားလို့ လုံးခင်းရွာထဲ ရောက်သွားပြီ.. ခုမှ ရတာဆိုတော့ ဘယ်သူမှ မမြင်သေးခင် အရင်သွားကြည့်လိုက်ရင် ကောင်းမယ်ထင်လို့ ကျွန်တော် အမြန်လာပြောတာ ”

ဦးကျင်ဟုတ် တစ်ချက် စဉ်းစားလိုက်သည်။ သွားကြည့်လိုက်လျှင် ကောင်းမည်ဟု စိတ်ကူးရမိသည်။ ကျောက်က ခုမှ မြေစာပုံက ရသည်ဆိုလျှင် လူများများ မတွေ့နိုင်သေး.. ရေမဆေးကျောက် ဆိုတာကလည်း လူတွေဘာမှ ပြုပြင်ဖန်တီးထားခြင်း မရှိသေးသည့် ခုမှ မြေကြီးထဲက သဘာဝအတိုင်းရသည့် ကျောက်ကို ပြောသည်မဟုတ်လား။ ကျောက်ဝယ်ရတာလဲ ဒီလို လူများများမသိသည့် ကျောက်ကို သူက ပိုပြီး စိတ်ဝင်စားသည်။ ခုလို ချက်ခြင်း ရသည့်ကျောက်က ဝယ်ရတာ ပို၍ စိတ်ချရသည်။ လူတွေလက်ထဲ အဆင့်ဆင့်ရောက်ပြီးသား ကျောက်တစ်လုံးသည် ပြုပြင်ဖန်တီးမှု အမျိုးမျိုး လုပ်ပြီးသားလဲ ဖြစ်နေတတ်သည်။ သို့သော် ကျောက်လောကမှာ အတွေ့အကြုံ များလှပြီဖြစ်သော ဦးကျင်ဟုတ်ကတော့ သူဝယ်သည့် ကျောက်သည် မှားခဲလှသလို သူ့ကိုလည်း လိမ်ညာ၍ မရဟု ကျောက်လောကမှာ နံမည်ကြီးသည်လေ။ ဒါကလဲ အတွေ့အကြုံက သင်သွားပေးသည် မဟုတ်လား။

ကျော်စွာက သူ့ဆီမှာ အလုပ်လုပ်တာ ၅နှစ်ပြည့်တော့မည်။ ယခင်ကတော့ ကျော်စွာက သာမန် ကျင်းတူးသမားလေး တစ်ယောက်အဖြစ် သူ့ဆီရောက်လာသူ။ နောက်တော့ လုပ်ရည်ကိုင်ရည်လဲရှိ၊ အရည်အချင်းရှိရှိ အလုပ်ကိုလဲ ကြိုးစားသဖြင့် သူ့ကျင်းဦးစီး ကိုယ်စားလှယ် ဖြစ်လာပြီး နောက်မှာတော့ သူ့လူယုံဖြစ်လာတော့သည်။ ခုလဲ ကျော်စွာကို သူယုံသည်။ ရိုးသားဖြောင့်မတ်သူ တစ်ဦးမှန်းလည်း သူက သိသည်။ သူစိတ်ချရသောသူ၊ သူ့အပေါ် သစ္စာရှိသောသူ တစ်ယောက်ဖြစ်သဖြင့် ကျော်စွာက သူ့အပေါ် ဘယ်တော့မှ လိမ်ညာမည့်သူ မဟုတ်ဟု သူယုံကြည်သည်။ သူ့ကိုခေါ်သည်ကပင် အများကခေါ်သလို လောပန်းဟု မခေါ်၊ တရိုတသေ ဆရာဟုသာ ခေါ်သည်။ ကျောက်သတင်းကို ရွာတွေ၊ မှော်တွေမှာ ခုလို လိုက်စုံစမ်းပြီး သူ့ကို ပြန်သတင်း ပို့နေကျ၊ ပြီးတော့မှ သတင်းရသည့် ကျောက်ကို ဦးကျင်ဟုတ်က လိုက်ကြည့်ပြီး ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်လေ့ရှိသည်။ ဦးကျင်ဟုတ်တွင် သူ့ကုမ္ပဏီနံမည်နှင့် ကိုယ်ပိုင်လုပ်ကွက် ကျောက်စိမ်းတူးဖော်သည့် ကျင်းလည်း များပြားစွာရှိပါသည်။ သူ့လုပ်ကွက် ကျင်းမှထွက်သော ကျောက်ကောင်းများစွာကို ကျောက်မျက် ရတနာပြပွဲသို့ တင်ပြီး ရောင်းချလေ့ရှိသလို အခြားသူများ၏ ကျင်းမှ ထွက်သော ကျောက်များ၊ စွန့်ပစ်မြေစာပုံများတွင် လိုက်ရှာကြသော သူများထံမှာ ရေမဆေး ကျောက်သတင်းများကို စုံစမ်းပြီးလည်း ကျောက်အရည်အသွေး ကောင်းပါက ဝယ်ယူကာ ဖြတ်တန်ဖြတ်၊ ပြန်ရောင်းတန်ရောင်း လုပ်လေ့ရှိပါသည်။

“ကဲ ဒါဖြင့်လဲ သွားကြည့်မယ်.. ပြီးတော့မှ ငါဒီကိုပြန်လာမယ်.. မင်းက ဖားကန့်ကိုပြန်လိုက်ပေါ့. ဘာနဲ့လာခဲ့တာလဲ ကားနဲ့လား ဆိုင်ကယ်နဲ့လား”သူမေးလိုက်တော့ ကျော်စွာက “ကျွန်တော် ဖိုးဝီးနဲ့ လာခဲ့တာဆရာ.. အခု ဆရာ့ကားနဲ့သွားမလား ကျွန်တော်ယူလာတဲ့ ဖိုးဝီးကားနဲ့ပဲ သွားမလားဆရာ”

“အင်း ဖိုးဝီးနဲ့ သွားကြတာပေါ့.. ငါ့ကားကို ဒီမှာထားခဲ့မယ်.. ပြီးတော့ ငါက ဒီပြန်လာရဦးမှာဘဲဟာ ”

ထို့နောက် ဂေါက်ရိုက်ဖော်များကို ညနေ ဆုချီးမြှင့်ပွဲအမှီ ပြန်လာခဲ့မည်ဖြစ်ကြောင်း အသိပေးကာ သူနဲ့ကျော်စွာတို့ လုံးခင်းရွာထဲသို့ ကားနှင့် ထွက်လာကြသည်။ ရွာနှင့် ဂေါက်ကွင်းမှာ မဝေးလှပါ။ ကျောက်ရှိနေသည် ဆိုသော အိမ်နှင့်လည်း ကားနှင့်သွားတော့ ၁၅မိနစ်လောက်တွင် ရောက်သွားပါသည်။ ကားပေါ်မှ ဆင်းပြီး ကျော်စွာဦးဆောင်ရာ နောက်ကို သူလိုက်ခဲ့ရာ အိမ်တစ်အိမ်၏ အနောက်ဖက်တွင် အလေးချိန် ၅ ပိဿခန့် ရှိမည့်ကျောက်တစ်လုံးကို လူငယ်၃ဦး ဝိုင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၃ဦး အရွယ်က ကျော်စွာတို့ အရွယ်တွေ။ သူတို့က ဦးကျင်ဟုတ်ကို တွေ့လိုက်သည်နှင့် မတ်တပ်ရပ်လိုက်ကြပြီး သူလွတ်လပ်စွာ ကျောက်ကိုကြည့်နိုင်ရန် ဘေးကို ဖယ်ပေးလိုက်ကြသည်။ ဦးကျင်ဟုတ်ဆိုတာ ဒီနယ်မြေမှာ မသိသူ မရှိမဟုတ်လား။

ကျောက်စိမ်းတုံးမှာ ရေပင်ကောင်းမွန်စွာ ဆေးကြောရသေးဟန်မတူ။ ရွံ့့များက ကျောက်တုံးအချို့နေရာတွင် ကပ်လျှက်သား ရှိနေသေးသည်။ ပါလာသည့် ကျောက်ကြည့်ဓာတ်မီးကိုထုတ်ကာ အစိမ်းရည်ပြချက် (မန်းအုံ) များကို သူ စေ့စေ့စပ်စပ် ကြည့်တော့သည်။ ကျော်စွာက ရေခွက်ကို ကိုင်ကာ သူညွှန်ပြသည့်နေရာတွင် ရေဆေးပေးသည်။ ရွံ့ပေနေသော နေရာ အချို့ကို သံဘရပ်လေးနှင့် အသာအယာပွတ်တိုက်ကာ ကျောက်သားနှင့် အခွံအခြေအနေကို သူကြည့်သည်။ ကျောက်က အမျိုးလည်းကောင်းသည်။ အသားလည်း မဆိုး။ အရည်ပြချက်လေးများကလည်း တော်တော်ကိုကောင်းသည်။ အတွင်းထဲတွင် စိမ်းနေသော အရည်များကို ကျောက်ကြည့်ဓာတ်မီးရောင်နှင့် ထင်ထင်ရှားရှား တွေ့ရသည်။ အခွံပေါ်တွင် အနာဖြစ်နေသော အက်ကြောင်းများကို မြင်နေရသော်လည်း အတွင်းထဲထိ ရောက်မည့်ပုံ မပေါ်။ ကျောက်တစ်လုံးလုံးကို လှန်လှော၍ သူအသေးစိတ် စေ့စေ့စပ်စပ် လေ့လာသည်။ စစ်ဆေးသည်။ ကျောက်တွင် မသင်္ကာစရာ အနေအထားမျိုး မတွေ့ရဟု သူယုံကြည်သည်။ ပြီးတော့လည်း ခုမှ မြေကြီးထဲက ရလာသည့် ကျောက်တစ်လုံးသည် ပြုပြင်ထားဖို့ အချိန်လဲ ရဦးမည်မဟုတ်။ ဒီကျောက်ကို မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ တင်နိုင်လျှင် နိုင်ငံခြားသားများ အကြိုက်တွေ့မည့် အမျိုးအစားဖြစ်သည်။ ရောင်းရငွေကို ဒေါ်လာနှင့်ရမည်ဖြစ်၍ ဦးကျင်ဟုတ် အတော်ကို စိတ်ဝင်စားမိသည်။ ဒီကျောက်က သေချာပေါက် အမြတ်ရနိုင်မည့်ကျောက်ဖြစ်သည်။

“ကဲ ကျောက်ပိုင်ရှင်ဘယ်သူလဲ.. ဘယ်ဈေးနဲ့ရောင်းမလဲ ပြော”

လူငယ်၂ဦးက ပိုင်ရှင်ဖြစ်ဟန်တူသည်။ ပြီးတော့ ဒီကျောက်လောကထဲ ရောက်တာ ကြာသေးပုံမရ။ သူတို့ကို ဦးကျင်ဟုတ် တစ်ခါမှတော့ မတွေ့ဖူး။ ရောင်းမည့်ဈေးကို ကြိုတင် တိုင်ပင်ပြီးဟန်တူသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ယောက်ထံမှ အသံထွက်လာသည်။

“ကျွန်တော်တို့က ၂၀ဝ ရရင် ရောင်းမှာပါ လောပန်း ”

သူတို့ပြောသည့် ၂၀ဝ ဆိုသည်မှာ သိန်း၂၀ဝ ကိုပြောခြင်းဖြစ်သည်။ ဈေးစကား အသုံးအနှုန်းဆိုတာက အရောင်းအဝယ်လုပ်ရာတွင် အချင်းချင်း နားလည်ပြီးသား။ သိန်းဆိုတာ ထည့်မပြောလဲ ဘယ်လောက်ကို ရည်ရွယ်တာဆိုတာ လူတိုင်း နားလည်ကြသည်။ ဒီမှာက အရောင်းအဝယ်စကားတွင် သိန်း ဂဏန်းကို အသုံးပြုကြသည်။ ဥပမာ ၅ဝ ဆိုတာ သိန်း၅၀၊ ၂၀ဝ ဆိုတာ သိန်း ၂၀ဝ ကိုပြောခြင်းဖြစ်သည်။ ကျောက်ကို သူတစ်ချက် ပြန်ကြည့်လိုက်သည်။ ကျောက်က သူတို့ပြောသော ဈေးဖြစ်သည့် ၂၀ဝ ဆိုတာ မဆိုးလှပါ။ ဖြတ်သင့်သည့်နေရာကို ဖြတ်လိုက်လို့ သူထင်ထားသလိုဖြစ်လာ၍ ပြပွဲတင်နိုင်လျှင် ဒေါ်လာသန်းနှင့်ချီ၍ တန်သွားနိုင်သည်။ သို့သော် ဈေးကတော့ အနည်းဆုံးရအောင်တော့ ဆစ်ရပေလိမ့်မည်။ သို့နှင့် သူက ၁၀ဝ နှင့်ဈေးဆစ်လိုက်သည်။ ဟိုဘက်က တင်းခံသည်။ သူကလည်း ၁၀ဝ တစ်ပြားမှ တိုးမပေးဟု တင်းသည်။ ဒီလိုနှင့် ဈေးစကား အခြေအတင် ပြောကြရင်း နောက်ဆုံးတော့ ၁၅ဝ နှင့် ဈေးတည့်သွားသည်။ ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက် အရောင်းအဝယ် ပြုကြသဖြင့် ပွဲစားမပါသည့်အတွက် ပွဲခကုန်စရာမလိုတော့ပေ။ ပွဲခ ကုန်တာ မကုန်တာထက် ကျောက်သတင်းအား အပြင်ကို ပြန့်မှာကို သူက ပိုစိုးပါသည်။

“ကဲ ကောင်းပြီး ဒီကျောက်ကို တိပ်စီးထားလိုက်တော့ .. ကျော်စွာက ဖားကန့်အိမ်ကိုပြန်ပြီး ငွေသွားယူ။ ငါဖုန်းဆက်ထားလိုက်မယ်.. ပိုက်ဆံချေပြီးရင် ကျောက်ကို မင်းဘဲ အိမ်သယ်သွားလိုက် သွားကြမယ်.. ငါ့ကို ဂေါက်ကွင်းပြန်လိုက်ပို့တော့ .. ”

တိပ်စီးသည်ဆိုသည်မှာ ရောင်းသူဝယ်သူ ဈေးတည့်၍ အတည်ပြုပြီးသောအခါ ငွေမချေခင် စပ်ကြား အဖြူရောင် ကျောက်စီးသည့်တိပ်နှင့်စည်းကာ ရောင်းသူက သိမ်းထားလိုက်သည်။ တိပ်စည်းထားပြီးလျှင် အခြား ဝယ်လက်များကို ပြ၍ မရတော့ပေ။ ထို့နောက် ဝယ်ယူသူဘက်မှ ငွေလာချေသောအခါတွင်မှ ကျောက်ကို ဝယ်သူလက်ထဲ ထည့်လိုက်ခြင်းဖြစ်သည်။ ကျောက်ဝယ်ရောင်းလုပ်ကြသည်မှာ မည်သူမျှ ငွေထုပ်ကြီးပိုက်ကာ ဝယ်ကြ ရောင်းကြသည်မဟုတ်ပါ။ ပစ္စည်းကြည့်ပြီး ဈေးတည့်ပြီးပြီဆိုမှသာ နောက်မှသာ သင့်ရာနည်းနှင့် ငွေချေကြခြင်းဖြစ်သည်။ အချို့ကလည်း ဈေးတည့်လျှင် စရံငွေ ပေးထားရသည်။ ဝယ်သူဘက်မှ အရောင်းအဝယ် ပျက်ခဲ့လျှင် စရံငွေရှုံးပြီ ဖြစ်သည်။ ဦးကျင်ဟုတ်ကတော့ နံမည်တစ်လုံးနှင့် နေသူမို့ သူ့ကို မယုံကြည်သူလဲ မရှိသောကြောင့် စရံငွေ ပေးလေ့မရှိပါ။
သူတို့၂ယောက် ကားပေါ်တက်ပြီး ကားမောင်းထွက်လာတော့ သူက ကျော်စွာကို လှမ်းပြောလိုက်သည်။

“ကျော်စွာ ကျောက်က မဆိုးဘူး အတော်ကောင်းတယ်.. ဒီဈေးနဲ့ ရတာ တော်တော် တန်သွားပြီ. ငါဒီကျောက်ကို ဖြတ်ပြီးရင် ကျောက်မျက်ပြပွဲကို တင်မယ်.. ”

“ဟုတ်ကဲ့ ကောင်းပါတယ်. ဆရာ” ကျော်စွာက သူ့စကားကို ထောက်ခံလိုက်သည်။

“အင်း ငါဂေါက်ကွင်းကနေ ညနက်မှ ပြန်ရောက်တော့မယ်. ဆုပေးပွဲပြီးရင် အစားအသောက်တွေက ပါဦးမှာဆိုတော့ ညတော်တော်နက်မဲ့ပုံ ရတယ်.. မင်း ဖားကန့်အိမ်ကနေ ငွေယူလာပြီး ကျောက်လာတင်တဲ့ အခါ ငါ့ဆီ ဝင်မလာနဲ့တော့.. အိမ်ကိုသာ ပြန်သွားတော့ ဟုတ်ပြီလား.. သတင်းမပေါက်ကြားခင် ကျောက်ကို မနက်ဖန် ဖြတ်မယ်.. အချိန်က သိပ်မရှိတော့ဘူး ပြပွဲလဲနီးနေပြီး.. ပြပွဲတင်ဖို့ဆို ရန်ကုန်ပို့ဖို့ လုပ်ရဦးမယ်.. ဒီကျောက်က အခြေအနေကောင်းမယ်လို့ ငါတော့ ထင်တယ်.. အင်း.. မင်းသတင်းလာပေးတဲ့အတွက် မင်းကိုလဲ ဘောက်ဆူး ကောင်းကောင်းပေးရမှာပေါ့ကွာ.. ”

ကျော်စွာက ပြုံးလိုက်ရင်း “ရပါတယ်ဆရာ” ဟု သာပြန်ပြောသည်။

သူ ဂေါက်ကွင်းမှာ ဆင်းနေခဲ့ပြီး ကျော်စွာကတော့ လုံးခင်းနှင့် ၆မိုင်ဝေးသော ဖားကန့်အိမ်သို့ ပြန်ကာ ငွေပြန်ယူလေပြီ။ အိမ်က သူ့မိန်းမထံ ကျော်စွာ ရောက်လာလျှင် ပိုက်ဆံ သိန်း၁၅ဝ ထုတ်ပေးလိုက်ဖို့ သူဖုန်းကြိုဆက်ထားလိုက်သည်။ ဂေါက်ကလပ်ထဲ သူပြန်ရောက်တော့ ဂေါက်ရိုက်သူအားလုံး သူ့အဖွဲ့လိုက် ၁၈ကျင်းပြည့် ရိုက်ပြီးနေပြီ။ ဆုချီးမြင့်ရန်ပင် အဆင်သင့် ဖြစ်နေပေပြီ။ ဒီနေ့ပွဲစဉ် ကုန်ကျစရိတ်အတွက် Sponsor က ရွှေမြစိမ်း ကုမ္ပဏီပိုင်ရှင် ဦးလောဟန်ဖြစ်သည်။ ပထမရသော သူ့အတွက် အမှတ်တရ ဖလားတစ်လုံးနှင့် လက်ဆောင်ပစ္စည်းများကို ဂေါက်ကလပ်၏ နာယကဖြစ်သူ မြို့နယ် မယက ဥက္ကဌမှ ချီးမြှင့်သည်။ ကျန်သည့် ဒုတိယ၊ တတိယဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ စသည့် ဆုအသီးသီးကို ချီးမြှင့်ပေးပြီး အစားအသောက်ပွဲကြီးကို ကျင်းပတော့သည်။ နံမည်ကြီး လောပန်းကြီးက Sponsor လုပ်သော ပွဲဖြစ်၍ စားစရာ သောက်စရာတွေက အလျှံပယ်ဖြစ်သည်။ ထိုညက တော်တော်ညနက်မှ သူအိမ်ပြန်ရောက်သည်။ အိမ်ရောက်တော့ သူ့မိန်းမပင် အိပ်ပျော်နေပြီ။ အဝတ်အစားလဲကာ သူ့အိပ်ရာပေါ် ဝင်အိပ်လိုက်တော့ သောက်ထားသည့်အရှိန်ကြောင့် ခေါင်းချလိုက်တာနှင့် နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်သွားတော့သည်။

—————————————————————–။

နောက်တစ်နေ့ မနက် ၁ဝနာရီလောက်မှ သူအိပ်ရာက နိုးတော့သည်။ အိပ်ရာက နိုးနိုးချင်း လုပ်စရာ အလုပ်ကို စဉ်းစားတော့ မနေ့ညနေက ဝယ်ထားသော ကျောက်ကို သူသတိရလိုက်သည်။ သူ့မိန်းမကို “မနေ့ညက ကျော်စွာ ကျောက်လာထားသွားတယ် မဟုတ်လား ” ဟု မေးလိုက်တော့ မိန်းမက “ဟုတ်တယ် ကျောက်တွေသိမ်းတဲ့ ဂိုဒေါင်ထဲမှာ သိမ်းထားလိုက်တယ်.. ” ဟု ပြန်ဖြေသည်။ သူမျက်နှာသစ် မနက်စာ စားသောက်ပြီး သူ့ခြံထဲက ကျောက်ဖြတ်ခုံရှိသည့် ဂိုဒေါင်ဘက်သို့ သူထွက်လာခဲ့သည်။ ဖြတ်ခုံတွင် အလုပ်သမား ၃ ယောက်က ယခင်နေ့တွေက သူဖြတ်ရန် ပေးထားသော ကျောက်အချို့ကို ဖြတ်နေကြသည်။ သူ့ကိုယ်စားလှယ် တစ်ချို့က ဘေးမှာ ကြီးကြပ်နေသည်။ ကိုယ်စားလှယ် ဆိုတာက ကျင်းကိစ္စ ကျောက်ကိစ္စများကို ဦးစီးကြီးကြပ်ဖို့ ခန့်အပ်ထားသူများဖြစ်သည်။ သူက ကိုယ်စားလှယ်တစ်ယောက်ကို သူ့မိန်းမထံမှ မနေ့က ဝယ်လာသည့်ကျောက်ကို သွားထုတ်ခိုင်းလိုက်သည်။

ကိုယ်စားလှယ်ကောင်လေး ရောက်လာတော့ ကျောက်ကိုသေချာ ပြန်စစ်ကာ ဖြတ်ရမည့်နေရာကို မှင်ခြစ်ရာလေးနှင့် သူက မှတ်သားပေးလိုက်သည်။ ကျောက်ဖြတ်ရမည်ဟု သူသတ်မှတ်သော နေရာက အတွင်းထဲတွင် အစိမ်းရည် များများ ရှိနိုင်မည့်နေရာ။ အပေါ်ပိုင်း အသား ခပ်ပါးပါးလေးကိုသာ သူက ဖြတ်ခိုင်းလိုက်သည်။ ကျောက်ဖြတ်နေသည့် ကောင်လေးက ဖြတ်လက်စ ကျောက်ပြီးသွားတော့ သူပေးလိုက်သည့် ကျောက်ကို အမှတ်အသား ပေးထားသည့် နေရာတွင် စတင်ဖြတ်သည်။ ထိုအချိန်တွင် သူ့အသိ လောပန်းဖြစ်သူ ဦးမောင်ဟန်နှင့် ဦးဝင်းအောင် တို့၂ယောက် ရောက်လာကြောင်း သူ့မိန်းမက လာပြောတော့ သူက “ဒီကို လွတ်လိုက်” ဟု ပြောလိုက်သည်။ သူတို့က ရန်ကုန်ကျောက်မျက် ရတနာပြပွဲမှာ ကျောက်တင်ရောင်းရန်ကိစ္စ တိုင်ပင်ဖို့ ရောက်လာကြခြင်းသာ။ ကြုံတုန်း သူတို့၂ဦးကို သူဖြတ်သည့် ကျောက် အနေအထားကို ကြွားဖို့ အတော်ဘဲ ဖြစ်သွားသည်။ သူက ဒီကျောက်သည် အောင်ကို အောင်ရမည်ဟု စိတ်ထဲက ယုံကြည်မိလေသည်။

ကျောက်သားအနေအထားက ပြောစရာမရှိ၊ အထဲတွင်လည်း အစိမ်းရည်များများ စားစား ရှိနေမည်ဟု မျှော်လင့်ထားသည်။ သူတို့ကလည်း ကျောက်ဖြတ်တာကို ကြည့်ဦးမည် ပြီးတော့မှ အလုပ်ကိစ္စ စကားပြောမည်ဟု ဆိုကာ စောင့်ကြည့်နေသည်။ ဦးကျင်ဟုတ် ကိုယ်တိုင်လည်း ဘေးနားကနေ အခြေအနေကို စောင့်ကြည့် နေမိသည်။ ကျောက်ကို စက်နှင့် ဖြတ်နေ၍ ကျောက်သားနှင့် စိန်သွား ပွတ်တိုက်နေသည့် တစ်ကျွီကျွီသံက နားငြီးစရာ ပေါ်ထွက်နေသည်။ သို့သော် ကျောက်သမားများ အတွက်တော့ ထိုအသံသည် မျှော်လင့်ချက်တို့ရဲ့ စိန်ခေါ်သံသာ ဖြစ်လေသောကြောင့် နားငြီးသည်ဟု သူကတော့ မထင်ပေ။ ကျောက်က ဖြတ်နေရင်း သုံးပုံ တစ်ပုံလောက် နီးပါးလောက်တွင် မင်္သကာစရာ အနံ့တစ်ခုကို ရလိုက်သည်။

အနံ့….. ဒီအနံ့ သူသိသည်။ သွားတိုက်ဆေးအနံ့ပဲ ဖြစ်သည်။

သူတစ်ကိုယ်လုံး မတ်ခနဲဖြစ်သွားသည်။ မျက်နှာတစ်ပြင်လုံးလဲ နီရဲလာသည်။ စောင့်ကြည့်နေသည့် သူ့မိတ်ဆွေ ၂ယောက်နှင့်၊ ကိုယ်စားလှယ်အချို့ ဒေါသထွက်လာပုံရသည့် သူ့ကို အထိတ်တလန့် လှမ်းကြည့်သည်။ မိတ်ဆွေ လောပန်း၂ယောက်ကလည်း အခြေအနေကို နားလည်သွားသည်။ ကျောက်ကို သူကြည့်ဖို့ မလိုတော့။ သူသိပြီ။ သူအလိမ်ခံလိုက်ရပေပြီ။ ပြုပြင်ပြီး ပိပိရိရိဖြင့် အတု လုပ်ထားသော ကျောက်ကို ကျော်စွာက ရေမဆေးကျောက်ဟု သတင်းလာပေးသည်။ သူကလဲ ကျော်စွာကို ယုံကြည် လွန်းစွာနှင့် သူပြောသည့်နေရာကို လိုက်သွားပြီး သွားကြည့်ခဲ့သည်။ စစ်တော့စစ်ဆေးတာပါဘဲ။ သို့သော် ကျော်စွာကို ယုံကြည်စိတ်ရယ်၊ သူ့ဘက်က ပေါ့လျှော့တာရယ်၊ အတုက အင်မတန် အကွက်စေ့ ပိရိကာ ဘယ်လိုမှ မရိပ်မိနိုင်တာရယ်ကြောင့် သူခံလိုက်ရလေပြီ။

“သွားစမ်း ကျော်စွာကို အခုချက်ခြင်း သွားခေါ်ခဲ့.. ” သူ ဒေါသတကြီး အော်ပြောလိုက်သည်။

တစ်ယောက်က ကမန်းကတန်း ထွက်သွားသည်။ ထိုအချိန်တွင် သူသတ်မှတ်ထားသော ဖြတ်ရာအတိုင်း ကျောက်က ဖြတ်ပြီး၍ နှစ်ခြမ်းဖြစ်သွားသည်။ ကောင်လေးတစ်ယောက် ကောက်ယူကာ သူ့ရှေ့ လာချပေးသည်။ ထင်သည့်အတိုင်းပါပဲ… ကျောက်ထဲတွင် သွားတိုက်ဆေးနှင့် ဖယောင်းသားများကို တွေ့လိုက်ရသည်။ ကျောက်ထိပ်ပိုင်း တစ်နေရာကို အသာဖြတ်ကာ ဂန်းနှင့် ဖောက်ထုတ်ပြီး ကျောက် အတွင်းသားများကို ဖယ်ထုတ်ထားခြင်းပင်။ ပြီးနောက် အရောင်လှသော အစိမ်းရောင် သွားတိုက်ဆေးနှင့် ဖယောင်းသားတို့ကို ကျောက်ကြည့်မီးနှင့် ထိုးကြည့်မည့်နေရာများတွင် အဓိက ထား၍ သိပ်ထည့်ထားသည်။ ဖြတ်ထားသည့် နေရာကို ပိပိရိရိ ပညာပါပါ ကျောက်ကပ်ကော်နှင့် ပြန်ဆက်ကာ ပြန်ဖုံးထားသည်။ ထို့နောက် ဖြတ်ဆက်ထားသည့်အရာကို ဖုံးလွှမ်းမိစေရန် အပေါ်ကမှ ကျောက်အခွံ၏ အရောင်အတိုင်း တစ်ထပ်တည်းဖြစ်အောင် ကျောက်ပြုပြင်သူ ပညာရှင် တစ်ယောက်ယောက်က ကျွမ်းကျင်စွာ မီးဖုတ်ကာ ကျောက်အခွံအတုအဖြစ် ပြုပြင်ထားခြင်းသာ ဖြစ်လေသည်။ ရုတ်ရက်တော့ ဖြတ်ဆက်ထားသည့် နေရာကို မမြင်ရတော့ပေ။ အထဲက စိမ်းမြနေသော သွားတိုက်ဆေး အရောင်ကြောင့်လည်း ကျောက်ကို အပြင်ကနေ ဓာတ်မီးနှင့် ထိုးကြည့်သည့်အခါ အတွင်းထဲက ကျောက်သားအရောင်က စိမ်းစို လှပနေခြင်းသာ။

ဦးကျင်ဟုတ်လို ကျောက်လောကမှာ ဆရာတစ်ဆူအဖြစ် ကျွမ်းကျင်လှပါသည်ဆိုသည့် သူပင် ခံသွားရလောက်အောင် ပိပိရိရိ သေသေသပ်သပ် လှည့်စားသွားနိုင်သည့် ရိုက်ချက်ပြင်းလှသော ရေမဆေးကျောက်။ သူ့အတွက် သိန်း ၁၅ဝ ဆုံးရှုံးတာ ဘာမှ ပြောပလောက်သည် မဟုတ်သော်လည်း ဂုဏ်သိက္ခာဆုံးရှုံးမှုက ပိုတန်ဖိုးကြီးသည်။ ဒီသတင်းက အပြင်ကို ထွက်သွားလျှင် ဦးကျင်ဟုတ် အလိမ်ခံလိုက်ရသည်ဆိုသည့် သတင်းက ကျောက်သမားမား အချင်းချင်း၊ လောပန်းအချင်းချင်းကြားတွင် သူမျက်နှာပျက်ရတော့မည်။ လူတွေရဲ့ ပါးစပ်ပေါက်ဆိုသည်ကား ထိန်းဖို့ ခက်လှသည်လေ။ တားလို့ရမည်မဟုတ်။ ကျောက်ကျွမ်းကျင်လှပါသည်ဟု နံမည်တစ်လုံးနှင့် နေနေသော သူ့အတွက်က ခံရခက်လှစေတော့သည်။ စဉ်းစားတိုင်း ဒေါသဒီရေက တစ်ရှိန်ရှိန်နှင့် တက်လာလေတော့သည်။

မကြာခင်မှာ ကျော်စွာကို သွားခေါ်သော သူ့ကိုယ်စားလှယ် ကောင်လေး ပြန်ရောက်လာသည်။

“လောပန်း.. ကိုကျော်စွာက မနေ့ညကတည်းက ပြန်အိပ်ပုံမရဘူး။ သူ့အခန်းထဲမှာ မရှိဘူး။ပြီးတော့ သူ့ပစ္စည်းတွေလဲ မရှိတော့ဘူး… သူ ဒီက အပြီးထွက်သွားပြီထင်တယ် လောပန်း ” ဟု သူ့ကို ပြောသည်။

“တောက် … ”

ခံပြင်းလွန်းသော ဒေါသစိတ်နှင့် တောက်တစ်ချက် ပြင်းထန်းစွာ ခေါက်လိုက်မိသည်။ သူ့မိတ်ဆွေ ၂ယောက်ရှေ့တွင် ကောင်းကောင်းကြီး အရှက်ကွဲလေပြီ။ ဦးမောင်ဟန်က “ကိုကျင်ဟုတ်.. ခင်ဗျား ဘာဆက်မလုပ်မလဲ.. ဒီကိစ္စ ရဲစခန်းမှာ သွားပြီး အမှုဖွင့်မလား.. ဒါဆို ရောင်းတဲ့သူကိုရော ခင်ဗျားလူ ကျော်စွာကိုပါ ဖမ်းလို့ရတယ်.. ” ဟု ဝင်ပြောသည်။

မဖြစ်ပါ။ ဒီလိုတော့ သူအဖြစ်မခံနိုင်ပြန်။ ရဲစခန်းသွားတိုင်လိုက်လျှင် သူအလိမ်ခံရသည့် သတင်းက ပိုပြီး ပျံ့နှံ့မှာ သေချာသည်။ ခုထက်ပိုဆိုးမည့် အခြေအနေကို သူဖန်တီးခွင့်မပြုနိုင်။

“မတိုင်ဘူး.. ဒီကောင့်ကို မြေလှန်ရှာမယ်.. ကျုပ်ကိုယ်တိုင် သူ့ကို မှတ်လောက်အောင် ပညာပေးရမယ်.. ဒီဒေသမှာ ဒီကောင့်အတွက် နေစရာ လုပ်စားစရာ မြေမရှိစေရဘူး… ငါ့ဆီမှာ အလုပ်လုပ်ပြီး ငါ့ကို သစ္စာဖောက်တဲ့အကောင်.. ငါလိုလူကိုများ ဒင်းက မခန့်လေးစားနဲ့.. တွေ့ကြသေးတာပေါ့ကွာ… ”

ထိုစဉ် ကောင်လေးတစ်ယောက်က သူ့ကို စာတစ်စောင်လာပေးသည်။ လူတစ်ယောက်က ဦးကျင်ဟုတ်အတွက် ပေးသွားသည်ဟု ဆိုသည်။

“ပေးစမ်း အဲဒီစာ ” သူ ဆတ်ခနဲလှမ်းယူကာ သိချင်စိတ်ဖြင့် အလျှင်အမြန်ဖွင့်ကြည့်လိုက်တော့

ဦးကျင်ဟုတ်

လွန်ခဲ့တဲ့ ၁၅နှစ်က အကြွေးလေးတစ်ခုကို ဆပ်လိုက်တယ်လို့ သဘောထားလိုက်ပါ။ ခင်ဗျား ဦးကျော်အောင် ကို မှတ်မိဦးမှာပါနော်။ ဦးကျော်အောင် ဆိုတာ တစ်ခြားသူမဟုတ်ပါဘူး။ ကျွန်တော့်အဖေအရင်းခေါက်ခေါက်ပါ။ အဖေနဲ့ ခင်ဗျားနဲ့ ကျောက်တစ်လုံးကို အတူတူရခဲ့ကြတယ်.. ဒီကျောက်က အောင်မဲ့ကျောက်ဆိုတာ ခင်ဗျားရော အဖေရော သိတယ်.. ပြီးတော့ ဒီကျောက်ကို ဒီမှာဘဲ ရောင်းရင် ဈေးကောင်းမရမှာစိုးလို့ တရုတ်နယ်စပ်မှာ သွားရောင်းဖို့ ခင်ဗျားက အဖေ့ကိုပြောတယ်.. အဲဒီချိန်မှာ အဖေက ငှက်ဖျားကြောင့် နေသိပ်မကောင်းဖြစ်နေတော့ ဖားကန့်မှာဘဲ ဆေးရုံတက်ပြီး နေခဲ့ဖို့ ခင်ဗျားက အဖေကိုအကြံပေးတယ်.. ကျောက်ကို ခင်ဗျားဘဲ တရုတ်ပြည်ထဲကို နယ်စပ်ကနေ သွားရောင်းမဲ့အကြောင်း ပြောတယ်.. အဖေကလဲ သူခင်မင်လွန်းတဲ့ ခင်ဗျားကို ယုံကြည်စိတ်ချစွာနဲ့ဘဲ ကျောက်ကို ခင်ဗျားလက်ထဲ ထည့်လိုက်တယ်.. ဒါပေမဲ့ ၁နှစ်၂နှစ် ကြာတဲ့အထိ ခင်ဗျားက ကျောက်ကို ရောင်းပြီး ဖားကန့်ကိုပြန်မလာခဲ့ဘူး.. အဲဒီကျောက်ကို ခင်ဗျား ရောင်းလိုက်တာ သိန်း တစ်ရာ ရတယ်လို့ တရုတ်ပြည်က ပြန်လာတဲ့ အသိတစ်ယောက်ဆီက အဖေက သတင်းရတယ်.. အဲဒီခေတ်က သိန်းတစ်ရာဆိုတဲ့ ငွေဟာ နည်းနဲ့ ပမာဏမဟုတ်ဘူးဆိုတာ ဒီငွေတွေနဲ လူလူသူသူ ဖြစ်လာတဲ့ ခင်ဗျားက အသိဆုံးဖြစ်မှာပါ။ ငှက်ဖျားဒဏ်ကြောင့်ဘဲ ခင်ဗျားထွက်သွားပြီး ၃နှစ်အကြာမှာ အဖေဆုံးသွားခဲ့တယ်. အဖေဆုံးတယ်ဆိုတာ သိရတော့ ဖားကန့်ကို ပြန်လာပြီး ခင်ဗျားက ကျောက်လုပ်ငန်းဆက်လုပ်ပြီး တကယ့်လောပန်းကြီး လုပ်နေခဲ့တယ်..

ကျွန်တော်တို့သားအမိမှာတော့ ငှက်ဖျားရောဂါဖိစီးပြီး မန္တလေးအိမ်ကို လက်ချည်းသက်သက် ပြန်လာတဲ့ အဖေကို ရှိတာလေးနဲ့ ဆေးကုပေးရင်း လုံးပါးပါးခဲ့ရတယ်.. အဖေပြောပြလို့ ခင်ဗျားအကြောင်းကို ၁ဝနှစ်သားထဲက သေသေချာချာသိခဲ့ရတယ်..မှတ်မိနေခဲ့တယ်.. အဖေက ခင်ဗျားကို သိပ်ကို စိတ်နာခဲ့တယ်.. သူဒီလောက် ခင်မင်တဲ့ ယုံကြည်စိတ်ချတဲ့ ခင်ဗျားက ဒီလို လုပ်သွားမယ်လို့ သူလုံးဝမထင်ခဲ့ဘူး.. သေတဲ့အထိ အဖေက ခင်ဗျား အကြောင်းဘဲ တဖွဖွ ပြောသွားခဲ့တယ်.. ဒါကြောင့် ကျွန်တော် အရွယ်ရောက်လာတော့ ခင်ဗျားအကြောင်းကို သေချာအောင် စုံစမ်းပြီး အဖေ့ရဲ့ ကြွေးကို ဆပ်နိုင်ဖို့ ခင်ဗျားဆီမှာ အလုပ်ဝင်ခဲ့ရတာ။ ခုချိန်မှာ သိန်းတစ်ရာ့ငါးဆယ်ဆိုတာ ခင်ဗျားအတွက် ဘာမှ မဖြစ်လောက်ဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ ခင်ဗျားကို လူယုံသတ်လို့ သေရတဲ့ အရသာ ဘယ်လိုခါးသီးတယ်ဆိုတာ ခံစားတတ်စေချင်တယ်.. ကိုယ်ချင်းစာတတ်စေချင်တယ်.. ကျွန်တော့်အဖေက သူငယ်ချင်းအရင်းဖြစ်တဲ့ ခင်ဗျားရဲ့ လိမ်ညာမှုကို ခံသွားရတယ်..

ဒါကြောင့်လဲ ဒီကျောက်ကိစ္စကို အကွက်စေ့အောင် စီစဉ်ပြီး သေချာပြီ ဆိုတော့မှ ရေမဆေးကျောက်လို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ခင်ဗျားကို လိမ်ခဲ့တာ။ သူငယ်ချင်းတွေက ငွေကြေးကြောင့်မဟုတ်ဘဲ ကျွန်တော့်ကို ခင်မင်မှု သက်သက်နဲ့အတူ ခင်ဗျားကို သင်ခန်းစာပေးချင်တဲ့ စိတ်ကြောင့် သူတို့ ကူညီကြတာဘဲ ဖြစ်တယ်.. ခင်ဗျားဆီက ရလိုက်တဲ့ ငွေ သိန်းတစ်ရာ့ငါးဆယ်ကို ကျွန်တော်လဲ မယူသလို ဘယ်တစ်ဦးတစ်ယောက်မှလဲ မယူပါဘူး… ခင်ဗျားရဲ့ အပြစ်ဒဏ်အတွက် ဆေးကြောဖို့ ဖားကန့်မြို့ အထက်တန်းကျောင်းကို သိန်းတစ်ရာနဲ့၊ လုံးခင်း အလယ်တန်းကျောင်းကို သိန်း၅ဝ ခင်ဗျားနံမည်ရယ် ကျွန်တော့် အဖေနံမည်ရယ် ပေါင်းပြီး လှူလိုက်ပါပြီ. ဒါဆိုရင် အဖေ့အပေါ်တင်နေတဲ့ ခင်ဗျားအကြွေးလဲ ကျေပြီလို့ ကျွန်တော်ယူဆသလို ခင်ဗျားအတွက်လဲ မနစ်နာဘူးလို့ ကျွန်တော်ထင်ပါတယ်.. ဒီနေ့ကစပြီး ခင်ဗျားနဲ့ အဖေကြားက အကြွေး ရှင်းပြီဖြစ်သလို ကျွန်တော်လဲ အလုပ်ထွက်ပါပြီ. ကျွန်တော့အမေရှိရာကို ပြန်ပြီး ကောင်းရောင်းကောင်းဝယ် အလုပ်တစ်ခုခုကို လုပ်ပြီး ဘဝအသစ်ပြန်စပါပြီ။ ယုံကြည်မှုကို ရိုက်ချိုးခံရတာ၊ သစ္စာဖောက်ခံရတာ ဘယ်လောက် ခါးသီးဖို့ကောင်းတယ် ၊ မနှစ်သက်ဖွယ်ကောင်းတယ်ဆိုတာ ခင်ဗျား အခုခံစားလိုက်ရလို့ သိလောက်ပါပြီ။

ဒါပါဘဲခင်ဗျား

ကျော်စွာ

စာကိုဖတ်ပြီး ဦးကျင်ဟုတ်မျက်နှာ တစ်ဖြေးဖြေး ပြောင်းလဲသွားသည်။ ဒေါသတကြီး ဖြစ်ခဲ့သော အမူအရာများပျောက်ကွယ်သွားပြီ။ ကျော်စွာလုပ်ရပ်ကို သူနားလည်နိုင်လိုက်ပါပြီ။ သူ့အပြစ်နှင့် သူဘဲမဟုတ်လား။ ကျော်စွာ့စာထဲမှာ ရေးထားသည်များကလည်း အမှန်ဘဲဖြစ်သည်။ သူနှင့် ကျော်စွာ့အဖေ ဦးကျော်အောင်တို့က ဒီဖားကန့်ရောက်မှ ခင်ကြသိကြပေမဲ့ အတော့်ကို ရင်းနှီး ခင်မင်သွားကြသည်။ အရောင်းအဝယ် အတူတူလုပ်၊ ကျောက်တူးတော့လည်း အတူတူ တူးခဲ့ကြသည်။ ကျောက်တစ်လုံး အတူတူရတော့ တရုတ်ပြည်မှာ သွားရောင်းဖို့ သူက အကြံဖြစ်သည်။ ထိုအချိန်တွင် ကျော်စွာ့အဖေက အပြင်းအထန် နေမကောင်းတာကြောင့် မလိုက်ခဲ့ဖို့ သူက တားခဲ့သည်။ ကျောက်ရောင်းရပြီးတာနှင့် ပြန်လာမည်ဟု ကတိပေးခဲ့သည်။ ဒီလို စီစဉ်တုန်းကတော့ ထိုကျောက်ကို သူလိမ်သွားဖို့ ဆန္ဒမရှိခဲ့တာတော့ အမှန်ပါ။ သို့သော် တရုတ်ပြည်နယ်စပ်တွင် သွားရောင်းချတော့ သူမျှော်လင့် ထားသည်ထက် ငွေက ပိုရသဖြင့် ငွေမြင်လျှင် အလိုရမ္မက် ပိုကြီးလာသော လောဘသားတို့ ထုံးစံအတိုင်း ဒီငွေတွေကို ကျော်စွာတို့အဖေကို သူတစ်ဝက် ခွဲပေးရမှာ ဝန်လေးသွားတော့သည်။ အားလုံးကို အပိုင်လိုချင်စိတ်နှင့် ဖားကန့်သို့ ပြန်မလာတော့ဘဲ ဟိုမှာ နေနေခဲ့သည်။ သူပြန်အလာကို ကျော်စွာ့အဖေက ဖားကန့်မှာ ၂နှစ်လောက်စောင့်နေရင်း ငှက်ဖျားက ပိုပိုဆိုးလာသောကြောင့် မန္တလေးသို့ ပြန်သွားခဲ့ပြီး ဟိုရောက်လို့ သိပ်မကြာခင် ဆုံးသွားသည်လို့ သတင်းရတော့ သူဖားကန့်ပြန်လာပြီး ၂ဦးပိုင် ကျောက်ရောင်းရသည့်ငွေနှင့် လောပန်းကြီးလုပ်ကာ ကျောက်လောကတွင် ပြန်လည်ကျင်လည်ရင်း ပို၍ပို၍ ချမ်းသာလာတော့သည်။

သူစာကို ပြန်ခေါက်လိုက်ရင်း ခုနက ဖြတ်ထားသည့်ကျောက်ကို အိတ်တစ်လုံးထဲထည့်ဖို့ တစ်ယောက်ကို လှမ်းပြောလိုက်သည်။ ထိုအိတ်ထဲတွင်ကျော်စွာရဲ့ စာကိုပါ ထည့်ခိုင်းလိုက်ပြီး အိတ်ကိုပိတ်ကာ လုံခြုံရာ ဂိုဒေါင်ထဲသိမ်းထားဖို့ သူပြောလိုက်တော့သည်။ သူအလိမ်ခံရသည့်သတင်း အပြင်ပေါက်ကြားမှာကိုလည်း သူစိတ်မပူချင်တော့ပါ။ မကောင်းမှုဆိုသည်မှာ အရိပ်တစ်ခုလိုသာ အနောက်ကနေ လိုက်ပါတတ်ကြောင်း သူသိနားလည်လိုက်ပါပြီ။ လောဘစိတ်ကြောင့် သစ္စာမဲ့ခြင်းဆိုသည့် အပြစ်ကို လွန်ကျူးခဲ့သည့်အတွက် သူ့နံမည်၊ သူ့ဂုဏ်သိက္ခာ စွန်းထင်းသွားမည် ကျဆင်းသွားမည် ဆိုလျှင်လည်း ပေးဆပ်ရတော့မည်သာ ဖြစ်သည်။ တကယ်ဆိုလျှင် ကျော်စွာသည် အလွန်စိတ်ထားကောင်းသည်ဟုသာ ဆိုရမည်။ သူ့အပေါ် ဒီထက် ဒုက္ခပေးချင်လျှင် ရပါရက်နဲ့ ခုလောက်သာ လုပ်သွားသည်။ ပြီးလျှင်လည်း ငွေကို ယူသွားသည်မဟုတ်။ သူ့နံမည်၊ သူ့အဖေနံမည်ဖြင့်ပင် စာသင်ကျောင်းကို လှူသွားခဲ့သည်။ ကျော်စွာ့ကို ပြန်တွေ့ခဲ့လျှင် သူ့အပြစ်အတွက် ထိုက်တန်အောင် ခုထက်ပို၍ သူ့ဘက်က ပေးဆပ်လိုပါကြောင်းတော့ဖြင့် ပြောလိုက်ချင်ပါ သေးသည်လေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြီးပါပြီ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(အစိမ်းရောင်လွင်ပြင်)

2 comments

  • bigcat

    September 24, 2010 at 4:15 am

    ကိုသူရရဲ့ ကျောက်နဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ ကောင်းပါတယ်။ နောက်လည်းတင်ပါအုံး။

  • pyaesone

    September 24, 2010 at 7:44 am

    အင်း အတုံ့ အလှည့်ပေါ့

Leave a Reply