ကွာရှင်းဟိုတယ်

thura.ng2September 23, 20101min1002

သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး….

“မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူသွားစားရအောင်”

“ကောင်းပြီလေ… “ကွာရှင်းဟိုတယ် (Divorce hotel)” ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ အဲဒီ”ကွာရှင်းဟိုတယ်”က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်” သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။

သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြတယ်။

“ကောင်းသော ညနေခင်းပါ”

အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။

“ဘာများ သုံးဆောင်ကြမလဲရှင်?”

“မင်း မှာကွာ” သူမကို ကြည့်ပြီး သူပြောလိုက်တယ်။

“ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ” သူမခေါင်းခါပြီး ပြောတယ်။

“ဆောရီး….. ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို “နောက်ဆုံးအမှတ်တရ” လို့ ခေါ်ပါတယ်”

“ကောင်းပြီလေ” ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။

“ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား….အော်.. ဒီအမျိုးသားက အဲတာတွေမစားဘူး”

“လူကြီးမင်းကရော ဘာမှမလဲ?” ဝန်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။

တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။

“ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ” သူ့အဖြစ်ကို သူမက အလျင်အမြန် ဝင်ကယ်တယ်။

ဝန်ထမ်းကောင်မလေးက ရယ်ပြီး “တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ”နောက်ဆုံးအမှတ်တရ” ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်”

“အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့” သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။

သိပ်မကြာဘူး။ ဝန်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။

“ဒီအအေးတွေကို “မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်” လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ”

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။

“တောက်… တောက်.. တောက်”

တံခါးခေါက်သံနဲ့အတူ ဝန်ထမ်းကောင်မလေး ဝင်လာပြန်တယ်။

“လူကြီးမင်း… သူ့ကို ပထမဆုံးအကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား? အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး”

သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁ဝပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ရွှင်ခဲ့မိတယ်။

(၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘဝ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျမိတယ်။

“မလိုတော့ပါဘူး…” လက်ကာပြပြီး သူမပြောတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။

“လိုတယ်.. ပန်းယူမယ်” လက်ပြပြီး သူပြောတယ်။

ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက အအေးထဲပျော်ဝင်ကုန်တယ်။

“ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို “ရောင်ပြန်အလှ” လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ”

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်။

“xx…ဟို…. မောင် ……”

သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။

“ဖပ်”

ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။

“ဘာဖြစ်တာလဲ?”

နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။

“ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ”

အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။

“မောင်…. ကျွန်မကြောက်တယ်!” သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။

“မကြောက်နဲ့… မောင်ရှိတယ်။ လာ… အပြင်ကို ထိုးထွက်ရအောင်” သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။

အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ ဝန်ထမ်းကောင်မလေးရောက်လာပြီး…

“ဆောရီး… လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို “ရင်ထဲက ရွေးချယ်ခြင်း” လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ”

အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး…

“ဟန်နီ… ဝန်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ”

“မောင် ဆန္ဒရှိလို့လား?” နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။

“ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့….” ပြောပြောဆိုဆို ဝန်ထမ်းကောင်မလေးကို သူလှမ်းအော်လိုက်တယ်။

ဝန်ထမ်းကောင်မလေးဝင်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။

“လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို “ထာဝရတောင်းခံလွှာ” လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ”

စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။

“ဘာဖြစ်တာလဲ?” သူမ စိုးရိမ်တကြီးမေးတယ်။

“ဟန်နီ… မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ” စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။

စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက…….

နွေးထွေးတဲ့ မိသားစုတစ်စု
ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ
သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့်
ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား
အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု
ယောက္ခမအတွက် အပြုအစု
ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု
သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်
သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ….
ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။

“မောင်…. မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်”

လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက….

ယောက်ျားတစ်ယောက်ရဲ့တာဝန်
ကြီးလေးတဲ့တာဝန်ကို ပုခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်
ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်
စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်
ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ
မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ
ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ
ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ
မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ….
ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး သူတို့ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ်ညိတ်နေတယ်။

“သိပ်ပျော်စရာကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်းဟိုတယ်က မိသားစုတစ်စုကို ကယ်တင်လိုက်ပြန်ပြီ”

မူရင်း–google search or http://blog.jxwmw.cn/u/3747/archives/2009/17838.html

နိုင်းနိုင်းစနေ ဘာသာပြန်သည

2 comments

  • eros

    September 24, 2010 at 2:19 am

    စာဖတ်ပြီးတော့ ရင်ထဲမှာ နင့်ကနဲ နေအောင်ခံစားလိုက်ရပတယ်။

  • ko ko

    September 24, 2010 at 3:54 am

    အမြင်မှန်ရဖို့ အရေးကြီးပါတယ်။

Leave a Reply