အရှက်တရားကိုအောင်နိုင်ခဲ့တဲ့မေတ္တာ

thura.ng2September 24, 20101min780

၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့
လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။

“၁၉၉၂ ခုနှစ် ၅လပိုင်း ၁ရရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက်
အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း
အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။
ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ
သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့
အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော
မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို
ဖတ်မိတဲ့ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက်ဆေးရုံ ဒေါက်တာအင်ဒရေယာ နဲ့
ဆက်သွယ်ပါ”

ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက်တစ်ခု ထသွားစေခဲ့တယ်။
လူတော်တော်များများ ဝေဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း
ထွက်လာပြီး ဝန်ခံပါ့မလား? တကယ်လို့ ထွက်လာပြီးဝန်ခံရင် သူ့နာမည်ပျက်မယ်။
သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင် သူဟာ
လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကိုထပ်ကျူးလွန်သူဖြစ်သွား လိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးက ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကိုလူတွေက စိတ်ဝင်စားနေကြတယ်။
———————————————————————————————–
အီတလီ ဗွိုင်လာရီ မြို့ရဲ့ ရပ်ကွက်တစ်ခုက မော်နီကာ ဆိုတဲ့ လူမည်း ကလေးမ တစ်ဦးဟာ အရှက်တစ်ခုရဲ့ လျှို့ဝှက်ချက်ကို အစဆွဲထုတ်ခဲ့တယ်။ သူ့အမေ… မုဒိန်းကျင့်ခံခဲ့ရဖူးတဲ့ အသက် ၃၅ နှစ်အရွယ် မာမိတာ
ကလူတကာရဲ့ပစ်မှတ်ဖြစ်လာခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ပီတာကလူဖြူတွေဖြစ်တယ်။
ဒါပေမဲ့ သူတို့ကလေးတွေက အဖြူတစ်ယောက်၊
အမည်းတစ်ယောက်ဖြစ်နေတယ်။ အဲဒီထူးခြားတဲ့ မြင် ကွင်းက ပတ်ဝန်းကျင်က
လူတွေကို
ပိုပြီးသံသယဝင်စေခဲ့တယ်။ ဒါကို မာမိတာကဘယ်လိုပြောလဲဆို တော့ သူ့အဘွားက
လူမည်းဖြစ်ပြီး အဘိုးကလူဖြူဖြစ်တဲ့အကြောင့် ဒါကြောင့် သမီးလေးမော်နီကာ
ကျမှ
သွေးကလာဆန့်ကျင်တာပါပေါ့လေ။ ၂၀၀၂ ခုနှစ် ဆောင်းဦးပေါက်မှာ လူမည်းလေး
မော်နီကာ နာမကျန်းဖြစ်ပြီး ကိုယ်အပူချိန်တွေတက်ခဲ့တယ်။ နောက်ဆုံး ဒေါက်တာ
အင်ဒရေယာက မော်နီကာမှာ သွေးကင်ဆာရှိနေတဲ့အကြောင်း ရိုးတွင်းချဉ်ဆီ
ရွှေ့ပြောင်းကုသနည်းကမှ သူ့အတွက် တစ်ခုတည်း သော အကောင်းဆုံး
ကုသနည်းဖြစ်ကြောင်း ပြောတယ်။

ဆရာဝန်က ဆက်ပြီး “မော်နီကာနဲ့ သွေးသားတော်စပ်တဲ့ လူတွေမှာ လိုအပ်တဲ့
ရိုးတွင်းချဉ်ဆီကို အလွယ်တကူ ရှာနိုင်ပါတယ်။ ဒါကြောင့်
ခင်ဗျားတို့ဆွေမျိုးတွေအားလုံး ဆေးရုံလာပြီး စစ်ဆေးပါ” လို့ ပြောတယ်။
မာမိတာ
ကမျက်စိမျက်နှာ ပျက်လို့ပေါ့။ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးကို
ခေါ်ပြီးစစ်ဆေး ခဲ့ပါတယ်။ နောက်ဆုံးရတဲ့ အဖြေက သွေးချင်း “မကိုက်ညီပါ”တဲ့။

မော်နီကာရဲ့ ရောဂါအခြေအနေက သူနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီရဖို့နှုန်း
အင်မတန်သေးငယ်တဲ့ အကြောင်း ဆရာဝန်က ပြောပြန်တယ်။ ဖြစ်နိုင်ဖို့အခြေအနေတစ်ခုက မာမိတာ နဲ့ သူ့ခင်ပွန်း နောက် ထပ် ကလေးတစ်ယောက် မွေးပြီး
အဲဒီကလေးရဲ့သွေးတွေ မော်နီကာထဲ သွင်းပေးဖို့ ဆရာဝန်က အကြံ ပေးပြန်တယ်။
ဒီအကြံကို ကြားတော့ မာမိတာ တစ်ယောက် တုန်လှုပ်ခဲ့မိတယ်။ “ဘုရားရေ…
ဘာဖြစ် လို့ ဒီလို ဖြစ်ရတာလဲ” လို့ သူ့နှုတ်က လွတ်ခနဲ့ အော်လိုက်မိတယ်။
ခင်ပွန်းဖြစ်သူ ကို မျှော်လင့်ချက်မဲ့တဲ့ အကြည့်၊ ချောက်ချားတဲ့ အကြည့်နဲ့
သူကြည့်လိုက်မိတယ်။

ခင်ပွန်းသည် ပီတာလည်း အဲဒီအကြံကြောင့် မျက်မှောင်ကြုတ်လို့။ ဒေါက်တာအင်ဒရေ
ကလူအတော် များများလည်း ဒီလိုသွေးသွင်းနည်းနဲ့ သွေးကင်ဆာကို ကုသကြကြောင်း၊
ဒီလိုကုသလို့လည်းမွေးဖွား လာတဲ့ ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို
မထိခိုက်နိုင်တဲ့အကြောင်း ထပ်တလဲလဲ ရှင်းပြနေခဲ့တယ်။ဇနီး မောင်နှံနှစ်ဦးက
ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနားထောင်နေခဲ့တယ်။ နောက်မှ“ကျွန် တော်တို့ စဉ်းစားပါရစေဦး” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်။

နောက်တစ်နေ့ညနေ ဒေါက်တာအင်ဒရေတစ်ယောက် ဆေးရုံမှာ တာဝန်ကျနေတုန်း မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦး ရောက်လာခဲ့တယ်။ နှုတ်ခမ်းကို
တင်းတင်းစေ့ထားတဲ့ မာမိတာရဲ့ လက်ကို ခင်ပွန်း သည်က တွဲထားတယ်။ မျက်နှာ
မသာမယာနဲ့ ဆရာဝန်ကို “ ဒေါက်တာကို ကျွန်တော်တို့ အဖြစ်အပျက် တစ်ခု
ပြောပြချင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ဒေါက်တာလျှို့ဝှက်ပေးရမယ်။ဘာဖြစ်လို့လဲဆို တော့ ဒါဟာကျွန်တော်တို့ နှစ်ပေါင်းအတော်ကြာ လျှို့ဝှက်လာတဲ့ ကိစ္စမို့ပါ” ဆရာဝန်ကတလေးတစား ခေါင်းညိတ်ပြလိုက်တယ်။

“လွန်ခဲ့တဲ့ ၁ဝနှစ် ၁၉၉၂ခုနှစ် မေလမှာ ကျွန်တော့်သမီးလေး ယီလီယာနာ နှစ်နှစ်ပြည့်တယ်။ ကျွန်တော့်ဇနီး မာမိတာက စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်တယ်။ သူက ညတိုင်း(၁၀) နာရီမှ အလုပ်ဆင်းတယ်။ အဲဒီညသူအလုပ်ဆင်းတော့ မိုးအကြီးအကျယ် ရွာနေခဲ့တယ်။ လမ်းပေါ်မှာလည်း
လူခြေတိတ်နေတယ်။ စွန့်ပစ်ထားတဲ့ ကားရပ်နားနေရာ တစ်ခုရောက်တော့ နောက်ဖက်မှာ ခြေသံတစ်ခု ကို သူကြားလိုက်မိတယ်။ နောက်လှည့်ကြည့်လိုက်တော့ လူမည်း
လူရွယ်တစ်ဦး သူ့နောက်မှာ ရပ်နေ တာကို တွေ့လိုက်တယ်။ လူမည်းက လက်ထဲကတုတ်နဲ့
သူ့ကိုရိုက်လိုက်တယ်။ မူးမေ့သွားတော့ သူ့ကို မဖွယ်မရာ လုပ်တော့တာပဲ။
သတိရလာတော့ အိမ်ကို အမြန်ဆုံး သူပြန်ပြေးခဲ့တယ်။ အိမ်ရောက်တော့
မနက်(၁)နာရီ ထိုးနေပြီ။ အရူးတစ်ယောက်လိုကျွန်တော်အိမ်ထဲကနေ ကမူးကရူးပြေးထွက်ပြီး အဲဒီ လူမည်းကိုလိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့
အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။ အဲဒီညကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ”
ပီတာက စကားကို ခဏရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။

ပီတာက ဆက်ပြီး “ အဲဒီကိစ္စပြီးတော့ မကြာပါဘူး မာမိတာ မှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်က လူမည်းရဲ့ ကိုယ်ဝန်ပဲဖြစ်မယ်ဆိုပြီးကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်ခဲ့တယ်။ မာမိတာ က ကိုယ်ဝန်ဖျက်ချ မလို့ဘဲဒါပေမဲ့
ကျွန်တော်တို့ရဲ့ ကလေးဖြစ်နေမှာလဲ စိုးခဲ့တယ်။စိုးရိမ်ကြောင့်ကြမှုနဲ့ ကျွန်တော်တို့ လအတော်ကြာ စောင့်နေခဲ့တယ်။ ၁၉၉၃ခုနှစ် မတ်လမှာ ကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။အဲဒီကလေးက
လူမည်းဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကလေးကို မိဘမဲ့ဂေ ဟာပို့ဖို့
ကျွန်တော်တို့စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကလေးရဲ့ငိုသံကြားတော့
မလုပ်ရက်ခဲ့ဘူး။ သူ့က လည်း
ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ သက်ရှိတစ်ခုပါပဲလေ။ ကျွန်တော်နဲ့ မာမိတာ
ကသစ္စာတရားရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေပါ။ နောက်ဆုံး သူ့ကို
ကျွန်တော်တို့မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့နာမည်ကို မော်နီကာလို့ပေးလိုက်တယ်။

ဒေါက်တာအင်ဒရေယာ ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ တွဲခိုနေတယ်။
ဒီဇနီးမောင်နှံ့နှစ်ဦး ဘာဖြစ်လို့ နောက်ကလေးတစ်ယောက်
ထပ်မွေးဖို့ဒီလောက်တောင် ကြောက်ရွံ့နေရသလဲဆိုတာကို သူအခုမှ
သဘောပေါက်တော့တယ်။ ဆရာဝန်က
အလေးအနက်စဉ်းစားတဲ့ ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး “အင်း…
ဒီအဖြစ်အပျက်အတိုင်းဆိုရင် ခင်ဗျားတို့ နောက်ထပ်
ကလေး(၁၀)ယောက်မွေးလဲမော်နီကာနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီကို
ရမှာမဟုတ်ဘူး” မာမိတာ
ကိုသူတစ်ချက်ကြည့်ပြီး “ ဒီပုံအတိုင်းဆိုရင် ခင်ဗျားတို့
မော်နီကာရဲ့ဖခင်အရင်းကို ရှာရလိမ့်မယ်။ သူ့ရဲ့ ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ်
သူ့ကလေးရဲ့
ချဉ်ဆီကမှ မော်နီကာအတွက် သင့်တော်လိမ့်မယ်။ ဒါပေမဲ့
ခင်ဗျားတို့ဘဝထဲသူနောက်ထပ်တစ်ကြိမ် ပေါ်လာမှာကို ခင်ဗျားလို့ လိုလားသလား”

“ကလေးအတွက်ဆိုရင် သူ့ကို ကျွန်မခွင့်လွတ်နိုင်ပါတယ်။ တကယ်လို့ ကလေးကို ကယ်တင်ဖို့ သူထွက်လာမယ်ဆိုရင် သူ့ကို ကျွန်မတို့
တရားမစွဲပါဘူး”မိခင်တစ်ဦးရဲ့ ကြီးမားလေးနက်တဲ့ မေတ္တာ စကားက
ဒေါက်တာအင်ဒရေယာကို ကိုင်လှုပ်ခဲ့တယ်။ ရိုးတွင်းချဉ်ဆီ လှူဒါန်းဖို့အတွက်
ထူးခြားတဲ့ လူပျောက်ကြော်ငြာနဲ့ လှုပ်ဆော်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာလည်း
နှစ်နဲ့ချီကြာခဲ့ပြီ။ လူ့ပင်လယ်မှာ တရားခံကို ဘယ်လိုရှာကြမလဲ?
မာမိတာနဲ့ခင်ပွန်းက သေချာစဉ်းစားပြီး နာမည်အမှန်ကို မထုတ် ဖော်ဘဲ
သတင်းစာမှာ လူပျောက်ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၂၀၀၂ခုနှစ် ၁၁လပိုင်း ဗွိုင်လာရီမြို့ရဲ့ သတင်းစာတိုင်းမှာ အထက်က
ဖော်ပြခဲ့တဲ့အတိုင်း ထူးခြားတဲ့ လူပျောက်ကြော်ငြာပါလာခဲ့တယ်။
မုဒိန်းကျင့်ခဲ့တဲ့ တရားခံကို မားမားမတ်မတ် ထွက်လာပြီး ကင်ဆာရောဂါ
ခံစားနေရတဲ့ ကလေးရဲ့အသက်ကို ကယ်ဖို့ဖြစ်တယ်။ အဲဒီသတင်းက လူထုတွေကြားမှာ
တောမီးလို ဟုန်းဟုန်းတောက်ခဲ့တယ်။ ဒေါက်တာ အင်ဒရေယာရဲ့ စာတိုက်ပုံးနဲ့
ဖုန်းက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဓားစာခံအမျိုးသမီးက ဘယ်သူလဲ? သူ့ကို
လူချင်းတွေ့ပြီး အကူအညီ အားပေးစကားတွေ ပေးချင်ကြောင်း
လူတွေပြောကြမေးခဲ့ကြတယ်။

ဒါပေမဲ့ မာမိတာက လူတွေရဲ့ အကူအညီကို ငြင်းဆန်ခဲ့သလို သူ့နာမည်အမှန်ကိုလည်း
ထုတ်ဖော်မပြောပြခဲ့ဘူး။ မော်နီကာက အဲဒီမုဒိန်းကောင်ရဲ့ သမီးပါလို့
လူတွေကို ပိုမသိစေချင်ခဲ့ဘူး။ သတင်းထောက်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး
ဝေဖန်ဆွေးနွေးကြပြန်တယ်။ရောမသတင်းစာက “အဲဒီလူမည်း ထွက်လာပြီး ဝန်ခံရဲပါ့မလား? တကယ်လို့ သူက သတိ္တရှိရှိနဲ့ ထွက်လာရဲတယ်ဆိုရင် လူတွေက သူ့ကို ဘယ်လို ဆက်ဆံကြမလဲ?
တရားဥပဒေကရော သူ့ကိုဘယ်လို စီမံချက်ချမလဲ? ဖြစ်ခဲ့တဲ့ ပြစ်မှုအတွက်
အပြစ်ပေးတာကို သူခံရမလား? ဒါမှမဟုတ် မားမားမတ်မတ် သတိ္တရှိရှိနဲ့
ထွက်ပြီးဝန်ခံတာကို အချီးကျူးခံမလား?” လို့ ဝေဖန်ပြန်တယ်။ တစ်ဖန်
ဗွိုင်လာရီမြို့ခံ သတင်းစာက “ တကယ်လို့ ခင်ဗျားဟာ အဲဒီလူမည်းဆိုရင်
ခင်ဗျားဘယ်လိုလုပ်မလဲ?” လို့ သတင်းဖတ်သူ အများနဲ့ ရှေ့မတိုးသာ
နောက်မဆုတ်သာတဲ့ ပြဿနာကို ဆွေးနွေးပြန်တယ်။

မြို့ခံ ထောင်တွေကလဲ မာမိတာကို ကူညီကြတယ်။ ၁၉၉၂ ခုနှစ်က တရားခံတွေရဲ့
စာရင်းကို ဆေးရုံကို တင်ပြတယ်။ အဲဒီမြို့မှာ လူမည်းတွေက နည်းတော့
၁ဝနှစ်အတွင်း ပြစ်မှုကျူးလွန်တဲ့ လူမည်းတရားခံ တွေကလည်း နည်းခဲ့တယ်။
သူတို့က
မာမိတာကို “အဲဒီနှစ်တုန်းက မုဒိန်းမှုမဟုတ်တဲ့ ပြစ်မှုနဲ့ထောင်ကျ တဲ့
လူတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဖူးဘူးလို့လဲ
မပြောနိုင်ဘူးလေ” လို့ အားပေးခဲ့တယ်။ တစ်ချို့က
ထောင်ကလွတ်သွားခဲ့ပြီးတစ်ချို့က ထောင်ကျနေတုန်းပဲ။ မာမိတာနဲ့ ခင်ပွန်းက
သူတို့ရဲ့ အကူအညီနဲ့
သဲလွန်စကို လိုက်ရှာခဲ့တယ်။ ထောင်သားတွေက ရိုးသား
ဂရုစိုက်တဲ့ပုံစံနဲ့သဲလွန်စရဖို့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေက မာမိတာကို အနိုင်ကျင့်ခဲ့တဲ့ လူမည်း
မဟုတ်ခဲ့ပါဘူး။ မာမိတာရဲ့ အဖြစ်အပျက်ကထောင်ထဲမှာ ပြန့်လို့နေတယ်။
မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက ထောင်သား အများကို ထိခိုက်ခံစားစေခဲ့တယ်။
လူဖြူပဲဖြစ်ဖြစ်၊လူမည်းပဲဖြစ်ဖြစ် မော်နီကာအတွက် ချဉ်ဆီလှူဒါန်းဖို့ သူတို့သဘောတူ
အစစ်ဆေးခံခဲ့ကြတယ်။ ဒါပေမဲ့ သင့်လျှော်တဲ့လူ တစ်ယောက်မှ
မတွေ့ခဲ့ဘူး။ဒီအဖြစ် အပျက်က လူအတော်များများကို စိတ်ထိခိုက်စေခဲ့တယ်။
သင့်တော်တဲ့ ချဉ်ဆီရဖို့ ပါဝင်စစ်ဆေးကြတဲ့ စေတနာရှင်တွေကလည်း
မနည်းခဲ့ဘူး။စေတနာရှင်တွေ တစ်နေ့တစ်ခြား ပိုပိုများလာခဲ့တယ်။ မြို့မှာချဉ်
ဆီလှူဒါန်းတဲ့ ဂယက်လှိုင်းတစ်ခု ထသွားခဲ့တယ်။ သွေးကင်ဆာ
ခံစားနေရတဲ့ဝေဒနာရှင်တော်တော် များများက ဒီစေတနာရှင်တွေကြောင့်
ကယ်တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မော်နီကာလေးကအဲဒီကံကောင်း ခြင်းထဲမှာ
မပါခဲ့ပါဘူး။

မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦးက အဲဒီလူမည်း ထွက်ပေါ်အလာကို
စိုးတထိတ်ထိတ်နဲ့စောင့်စားခဲ့ကြ တယ်။ (၂)လကြာတဲ့အထိ
လူမည်းရဲ့အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ဒီလူမည်း လူ့ပြည်မှာ ရှိပါသေး
သလားလို့
သူတို့စိတ်တွေ မတင်မကျဖြစ်ခဲ့ရတယ်။ ဒါမှမဟုတ် ဒီမြို့နယ်က ခွာသွားပြီလား?
အီတလီမှာကော ရှိသေးရဲ့လား? ဒါမှမဟုတ် သူ့မိသားစု ပြိုကွဲမှာစိုးလို့
ထွက်မလာရဲတာလား? ဘယ်လိုပဲဖြစ်ဖြစ် မော်နီကာ တစ်ရက် အသက်ရှင်နေသေးရင်
လူမည်းကိုရှာဖို့ မျှော်လင့်ချက်တစ်ရက် ရှိတယ်ဆိုတဲ့စိတ်နဲ့ သူတို့
လက်မလျှော့ခဲ့ကြဘူး။

အသက်ဝိညာဉ်တစ်ခုက နာကျင်တဲ့ ဝေဒနာကြားမှာ အလူးအလှိမ့် ခံစားလို့နေတယ်။
မမျှော်လင့်တဲ့ အဖြစ်တစ်ခုက မျှော်လင့်ချက်မဲ့နေချိန်မှာ ရောက်လာခဲ့တယ်။
ထူးခြားတဲ့ လူပျောက်ကြော်ငြာက အသက်(၃၀)ရှိ လူမည်း ဟိုတယ်ပိုင်ရှင်
“အာချီလီ” ကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ၁၉၉၂ ခုနှစ် မေလ ၁ရ ရက်နေ့
မိုးညတစ်ညမှာ အဲဒီလို အိပ်မက်ဆိုးတစ်ခု သူမက်ခဲ့ဖူးတယ်။ သူဟာ
ဒီဇာတ်လမ်းရဲ့ ကာယာကံရှင်ပါပဲ။ လူကြီးလူကောင်း သူဌေးအာချီလီကို
တစ်ချိန်တစ်ခါက ပန်းကန်ဆေးသမားလို့ ဘယ်သူထင်ရက်ခဲ့မလဲ? သူငယ်ငယ်ကတည်းက
မိဘတွေ ကွယ်လွန်သွားခဲ့ပြီး စာလည်း သေချာမ သင်ခဲ့ရဘဲ အလုပ်ထွက်လုပ်ခဲ့ရတယ်။
အလုပ်ကြိုးစားပြီး ထက်မြက်တဲ့ အာချီလီဟာ ကိုယ်ပိုင်လုပ်အား ငွေနဲ့ လူတွေရဲ့
လေးစားမှုကို ခံယူချင်ခဲ့တယ်။ ဒါပေမဲ့ သူ့အလုပ်ရှင်က လူတန်းစားခွဲခြားတဲ့
လူဖြစ်ပြီး သူဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လဲ အဆူအဆဲပဲ ခံခဲ့ရတယ်။

၁၉၉၂ ခုနှစ် မေလ ၁ရရက်နေ့က အာချီလီ အသက် ၂ဝပြည့်တဲ့နေ့ဖြစ်တယ်။
အလုပ်စောစောဆင်းပြီး ကိုယ့်မွေးနေ့ပွဲကို ကျင်းပမလို့ပါပဲ။ ဒါပေမဲ့သူ့ရဲ့
အလျှင်လိုမှုကြောင့် ပန်းကန်တစ်ချပ် ကျကွဲသွားခဲ့တယ်။ သူဌေးက သူ့ခေါင်းကို
အတင်းဖိနှိပ်ပြီး ပန်းကန်ကွဲတွေကို မြိုချခိုင်းတယ်။အာချီလီက
သူဌေးကိုမုန်းမုန်း တီးတီးနဲ့ ဆွဲထိုးပြီး ဆိုင်ထဲကနေ ထွက်ပြေးလာခဲ့တယ်။
ဒေါသစိတ်ကြောင့် လူဖြူတွေကို ကလဲ့စားချေဖို့

သူဆုံးဖြတ်လိုက်တယ်။ မိုးညက လမ်းပေါ်မှာ တိတ်ဆိတ်နေခဲ့တယ်။ ကားပတ်တစ်ခုမှာ
မာမိတာကို တွေ့တော့ လူဖြူတွေကို မုန်းတီးတဲ့စိတ်နဲ့ အပြစ်မဲ့သူအမျိုးသမီးတစ်ဦးကို သူအနိုင်ကျင့်ခဲ့မိတယ်။

အနိုင်ကျင့်ပြီး အာချီလီ ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်။
အဲဒီညမှာပဲမွေးနေ့အတွက် စုထားတဲ့ငွေနဲ့ နေပယ်လ် မြို့ကိုသွားမဲ့
ရထားလက်မှတ်ကိုဝယ်ပြီး ဒီမြို့နဲ့ ဝေးရာကို သူထွက်ပြေးခဲ့တယ်။
နေပယ်လ်မြို့မှာသူကံကောင်းတယ်လို့ ဆိုရမယ်။ အမေရိကားလူမျိုးတစ်ဦး ဖွင့်ထားတဲ့
စားသောက်ဆိုင်မှာ သူအလုပ်ရခဲ့တယ်။ ကြိုးစားပြီး အပင်ပန်းခံနိုင်တဲ့အာချီလီကို ဆိုင်ပိုင်ရှင် သူဌေးလင်မယားက သဘောကျခဲ့တယ်။
သမီးဖြစ်သူ“လီနာ”ကိုပါ သူနဲ့လက်ဆက်ပေးတဲ့အပြင် ဆိုင်တစ်ခုလုံးကိုလဲ
အာချီလီလက်ထဲအပ်ခဲ့တယ်။ လာဘ်မြင်တဲ့ အာချီလီက စားသောက်ဆိုင်လေးကို

ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သလို ချစ်စရာကောင်းတဲ့ သားသမီး၃ဦးဖွားမြင်ခဲ့တယ်။

အလုပ်သမားနဲ့ မိသားစုရဲ့ အမြင်မှာ အာချီလီဟာ
သူဌေးကောင်း၊ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်။
ပြစ်မှုတစ်ခုကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုလည်း သူဘယ်တော့မှမမေ့ခဲ့ဘူး။သူကျူးလွန်ခဲ့မိတဲ့ အမျိုးသမီးကို ဘုရားသခင် စောင့်ရှောက်ဖို့၊ ဘေးမသီရန်မခဖို့ သူအမြဲဆုတောင်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှ အဲဒီလျှို့ဝှက်ချက်ကိုသူမပြောပြရဲခဲ့ဘူး။ အဲဒီနေ့မနက်က သတင်းစာထဲက သတင်းကိုဘယ်နှစ်ကြိမ် မြောက်သူကြည့်မိခဲ့လဲ မသိဘူး။ သူဟာ
သူတို့အလိုရှိနေတဲ့ တရားခံပဲဖြစ်ရမယ်လို့သူ့သိစိတ်ထဲကနေ သိလိုက်မိတယ်။ သနားစရာကောင်းတဲ့ အဲဒီအမျိုးသမီးကိုယ်ဝန်ရှိသွားမယ်လို့ သူလုံးဝ တွေးမထားမိခဲ့ဘူး။ ကလေးကိုမွေးခဲ့မယ်လို့လဲ မထင်ခဲ့မိဘူး။

ဒီရက်ပိုင်းအတွင်း ဒေါက်တာအင်ဒရေယာဆီ အာချီလီဖုန်းဆက်ချင်ခဲ့တယ်။ဒါပေမဲ့ဖုန်းနံပါတ် လှည့်ပြီးတိုင်း ဖုန်းကို သူချလိုက်မိတယ်။ သူစိတ်တွေမတင်မကျနဲ့ တကယ်လို့ ဒီကိစ္စကို သူဝန်ခံခဲ့ရင် သူ့ရဲ့ အတိတ်ဆိုးကိုလူတွေသိကုန်တော့မယ်။ သားသမီးတွေက သူ့ကို မချစ်မနှစ်သက်တော့ဘဲ အေးချမ်း တဲ့သူ့အိမ်ထောင်ရေး ပြိုကွဲတော့မယ်။ လှပတဲ့ ဇနီးမယားတစ်ဦးနဲ့
ပတ်ဝန်းကျင်ရဲ့လေးစားမှုတွေ ဆုံးရှုံးရတော့မယ်။ ဒီလိုချမ်းအေးတဲ့
အခြေအနေတစ်ခုရောက်အောင်သူမနည်း ကြိုးစားခဲ့ရတယ် မဟုတ်လား..?

တစ်ည ညစာစားနေတဲ့အချိန်မှာ မိသားစုအားလုံးက ယခင်ပုံမှန်အတိုင်းပဲအဲဒီသတင်းကို ဆွေးနွေးနေကြတယ်။ မယားဖြစ်သူ လီနာက “မာမိတာကိုကျွန်မအရမ်းချီးကျူးမိတယ်။ တကယ်လို့ ကျွန်မသာ သူဖြစ်ခဲ့ရင် သတိ္တရှိရှိနဲ့ကလေးကို မွေးခဲ့မှာ မဟုတ်ဘူး။ မာမိတာရဲ့ ခင်ပွန်းကို ကျွန်မ
ပိုချီးကျူးမိတယ်။ သူဟာ ဒီလိုကလေးတစ်ယောက်ကို လက်ခံပေးနိုင်တဲ့လေးစားထိုက်တဲ့ လင်ယောက်ျားတစ်ဦးပါပဲ” အာချီလီက
နှုတ်ဆိတ်ပြီး မယားရဲ့စကားကို နားထောင်နေခဲ့တယ်။

ရုတ်တရက် သူက “အဲဒီ တရားခံကို ဘယ်လိုမြင်သလဲ?” လို့ မေးလိုက်တော့
လီနာက“သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီးပြီ။ အခုလို
အချိန်မှာသူထပ်ပုန်းရှောင်နေသေးရင် အဲဒီလူကို ကျွန်မ လုံးဝခွင့် လွတ်မှာ မဟုတ်ဘူး။သူဟာ စက်ဆုပ်ဖို့ကောင်းတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊သူရဲဘောကြောင် တဲ့လူ၊ သတိ္တနည်းတဲ့လူပဲ” လို့ပြောတော့စိတ်ဆိုးမာန်ဆိုးပြောနေတဲ့ ဇနီးသည်ရဲ့စကားကို နားထောင်ပြီး အဖြစ်မှန်ကိုပြောပြဖို့ အာချီလီ တွန့်ဆုတ်နေခဲ့တယ်။

အဲဒီညက အာချီလီရဲ့ (၅)နှစ်အရွယ်သားတစ်ယောက် အိပ်ချိန်မှာ မအိပ်လို့
အာချီလီ စိတ်မထိန်းနိုင်ဘဲ ရိုက်လိုက်မိတယ်။ ကလေးက ငိုပြီး “ ဖေဖေကလူဆိုးကြီး၊ ဖေဖေ့ကို မခေါ်တော့ဘူး။ သားရဲ့ ဖေဖေမလုပ်နဲ့တော့”
လို့ပြောလိုက်တဲ့ စကားက အာချီလီရဲ့ ရင်ဝကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ သားကို
ပွေ့ဖက်ပြီး “ဖေဖေမှားပါတယ်။ နောက်ကို မရိုက်တော့ပါဘူး” လို့ တောင်းပန်ရင်းသူမျက်ရည်ကျနေမိ ခဲ့တယ်။

အဖေ မျက်ရည်ကျတာကို မြင်တော့ သားဖြစ်သူက အံ့ဩသွားတယ်။ “ဖေဖေ့ကို
သားခွင့်လွတ်ပါတယ်။ ဆရာမက ပြောတယ်။ အမှားကို ပြင်နိုင်တဲ့သူဟာလူကောင်းတဲ့”
လို့ အဖေကို ပြန်ချော့မေ့နေခဲ့တယ်။ အဲဒီညတစ်ညလုံး သူ့ကိုယ်သူ
ငရဲရောက်နေသလားလို့ အာချီလီ ထင်မှတ်ခဲ့တယ်။ အတိတ်ဆိုးဆိုး
မိုးသည်းညနဲ့ အမျို်းသမီးရဲ့ ပုံရိပ်တစ်ခုကို သူမြင်ယောင်နေမိတယ်။
အမျိုးသမီးရဲ့ အကူအညီမဲ့သံနဲ့ ငိုကြွေးသံကို သူကြားယောင် နေမိတယ်။
“ငါဟာလူကောင်းလား.. လူဆိုးလား ” လို့ သူ့ကိုယ်သူ မေးမိတိုင်း ဘေးမှာ
အိပ်စက်နေတဲ့ ဇနီးရဲ့ စည်းချက်မှန်မှန် အသက်ရှုသံကို နားထောင်ပြီး ထ,ရပ်
ဝန်ခံဖို့ အင်အားတွေ ပျောက်ဆုံးခဲ့ရတယ်။

မနက်မိုးလင်းတော့ ခါတိုင်းနဲ့မတူဘဲ မျက်နှာမသာမယာဖြစ်နေတဲ့ သူ့ကို ဇနီးက
သတိထားမိလိုက် တယ်။ “ဘာဖြစ်တာလဲ” ဆိုတဲ့အမေးကို “နေမကောင်းလို့ပါ”
ဆိုတဲ့အဖြေနဲ့ သူကွေ့ရှောင်ခဲ့မိတယ်။ အလုပ်သမားတွေရဲ့ နွေးထွေးတဲ့
နှုတ်ဆက်မှုအောက်မှာ သူလိပ်ပြာမလုံဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ပြည့် ကျပ်နေတဲ့
ရှက်ရွံ့ထိတ်လန့်ခြင်းတွေက သူ့ကို ဝါးမြိုမတတ်ပါပဲ။

အရှက်တရားနဲ့ ဖုံးဖိထားတဲ့ သူ့ဘဝကို လွတ်မြောက်ဖို့ အာချီလီ
နှုတ်ဆိတ်မနေနိုင်တော့ဘူး။ အများသုံးဖုန်းနဲ့
ဒေါက်တာအင်ဒရေယာဆီသူဖုန်းဆက်ခဲ့တယ်။ အတတ်နိုင်ဆုံး အသံကို တည်ငြိမ် အောင်ထားပြီး “ကံခေတဲ့ ကလေးရဲ့ ကျန်းမာရေးကို သိချင်လို့ပါ” လို့ မေးတော့ “ကလေးရဲ့
အခြေ အနေကတော်တော်ဆိုး နေတယ်။ သူ့ဖခင်ကို သူတွေ့ခွင့်ရမှ ရနိုင်ပါ့မလား
မသိတော့ဘူး” လို့ ပြန်ဖြေ လိုက်တဲ့ ဆရာဝန်ရဲ့ စကားက ရင်ထဲမှာကိန်းအောင်းနေတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကို လှုပ်နိုးခဲ့တယ်။ သူဟာ ငါ့ရဲ့
သွေးသားပါလား..? တစ်ခါမှားခဲ့ဖူးတဲ့ အမှားကို သူထပ်မကျူးလွန်မိဖို့၊မော်နီကာအတွက် ထရပ်ဖို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။

ညရောက်တော့ အရဲစွန့်ပြီး ဇနီးသည်ကို အကြောင်းစုံ သူပြောပြလိုက်တယ်။ “ငါဟာ မော်နီကာရဲ့အဖေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ငါသူ့ကို ကယ်မှဖြစ်မယ်”သူ့စကားကို ကြားတော့ လီနာတုန်လှုပ်သွားခဲ့တယ်။ ဝမ်းနည်းခြင်းတွေနဲ့အတူ
စိတ်ဆိုးဒေါသထွက်ပြီး “ရှင်ဟာ လူလိမ်ပဲ” အော်ပြီး ကလေးတွေနဲ့ မိဘအိမ်ကို
ပြန်သွားခဲ့တယ်။ အာချီလီရဲ့ အကြောင်းစုံကို မိဘတွေကို ပြောပြလိုက်တယ်။
စစခြင်းမှာ ယောက္ခမတွေက စိတ်ဆိုးဒေါသထွက်ကြပေမဲ့ ခဏအတွင်းမှာပဲ
စိတ်တွေတည်ငြိမ်သွားပြီး…. “မှန်တယ်။သူပြုခဲ့တဲ့ အပြုအမှုတွေအတွက်
ငါတို့သူ့ကို ဒေါသထွက်သင့်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုပြောပြဖို့ သူ့အတွက်
သတိ္တတွေ ဘယ်လောက်လိုခဲ့သလဲ ဆိုတာကို ငါတို့ ပြန်တွေးကြည့်သင့်တယ်။ ဒါဟာ
သူ့စိတ်ရင်းအမှန် မမှေးမှိန်သေးဘူးဆိုတာ သက်သေပြနေတာပဲ။ အမှားလုပ်ခဲ့ပြီး
အမှန်ကို ပြုပြင်တဲ့ ခင်ပွန်းတစ်ယောက်ကို သမီးအလိုရှိသလား..? ဒါမှမဟုတ်
တစ်သက်လုံး အမှားကို ဖုုံးကွယ်ထားတဲ့ ခင်ပွန်းတစ်ယောက်ကို အလိုရှိသလား?”
မိဘစကားကို နားထောင်ပြီး လီနာ ခဏ နှုတ်ဆိတ်သွားခဲ့မိတယ်။

နောက်တစ်နေ့ မနက်အစောကြီး အိမ်ကို လီနာပြန်ခဲ့တော့ ရီဝေကြေကွဲနေတဲ့ မျက်လုံးနဲ့ အာချီလီကို တွေ့လိုက်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့
အာချီလီကို “ဒေါက်တာ အင်ဒရေယာကို ရှင်သွားရှာပါ။ ကျွန်မ အဖော်လိုက်ခဲ့မယ်”
ဆိုပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဒေါက်တာ အင်ဒရေယာနဲ့ သူတို့
အဆက်အသွယ်ရခဲ့တယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ အယ်လီဇဘက်ဆေးရုံမှာ အာချီလီကို DNA
စစ်ဆေးခဲ့တယ်။ ရလဒ်က မော်နီကာဟာ အာချီလီရဲ့
သွေးသားပဲဖြစ်တယ်။မုဒိန်းတရားခံ လူမည်းကြီး သတိ္တရှိရှိနဲ့
လာရောက်ဝန်ခံတယ်ဆိုတဲ့သတင်းကိုကြားတော့ မာမိတာမျက်ရည်ကျမိတယ်။ လူမည်းအပေါ်ထားတဲ့ သူ့ရဲ့အမုန်းရန်ငြိုးဟာ ၁ဝနှစ်ရှိပြီဆိုပေမဲ့ အခုလို
သတိ္တရှိရှိ ထွက်ပြီးဝန်ခံလာတာကိုတော့ သူစိတ်လှုပ်ရှားမိတယ်။
ကာယကံရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ အရာအားလုံးကို လျှို့ဝှက်တင်းကျပ်စွာ
စစ်ဆေးခဲ့တယ်။ ဆေးရုံက တာဝန်ရှိသူများကလည်း ကာယကံရှင်တွေရဲ့နာမည်အမှန်ကို
သတင်းထောက်တွေဆီ မပေါက်ကြားစေဘဲ မော်နီကာရဲ့
ဖခင်ကိုရှာတွေ့ပြီဖြစ်ကြောင်းပဲ သတင်းပေးခဲ့တယ်။

ဒီသတင်းကို ဂရုစိုက် အလေးထားကြားတဲ့ လူထုတွေက ဒေါက်တာ အင်ဒရေယာကိုဖုန်းတွေ၊ စာတွေနဲ့ ဆက်သွယ်ပြီး တရားခံလူမည်းကို သူတို့
ခွင့်လွတ်လေးစားကြောင်း သတင်းပါးစေတယ်။ “တစ်ချိန်တစ်ခါမှာ သူဟာပြစ်မှုကျူးလွန်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ သူဟာ
သူရဲကောင်းတစ်ဦးဖြစ်တယ်” လို့လည်း အားပေးစကားပြောကြတယ်။ ဖေဖော်ဝါရီ၁ဝရက်နေ့မှာ အာချီလီကို တွေ့ဆုံခွင့်ပေးဖို့ မာမိတာ တို့ လင်မယား
တောင်းဆိုခဲ့တယ်။ စစခြင်းမှာတော့ သူတို့နဲ့
မျက်နှာချင်းဆိုင်တွေ့ဖို့အာချီလီ သတိ္တမရှိခဲ့ဘူး။ ဒါပေမဲ့ မာမိတာ ရဲ့ ထပ်သလဲလဲ တောင်းဆိုမှုကို
သူသဘောတူလိုက်တယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ တာဝန်ရှိသူတွေရဲ့ လျှို့ဝှက်စီစဉ်ပေးမှုနဲ့ဆေးရုံမှာ သူတို့တွေ့ခွင့်ရခဲ့ကြတယ်။ ဆံပင်ညှပ်ပြီးစ အာချီလီဟာ
မာမိတာ ကိုတွေ့တော့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရွေ့မရအောင် လေးလံနေသလိုမျက်နှာတစ်ခုလုံး ဖြူရော်လို့နေတယ်။ မာမိတာ တို့ ဇနီးမောင်နှံ့က
ရှေ့တိုးပြီး အာချီလီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။သုံးယောက်သားရဲ့ ပါးပြင်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့နေတယ်။
အာချီလီက ဆို့နင့်တဲ့ အသံနဲ့ “ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွတ်ပါဆိုတဲ့ စကားက ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေတာ
၁ဝနှစ်ရှိခဲ့ပါပြီ။ ဒီနေ့မှပဲ ကျွန်တော့်နှုတ်နဲ့
တောင်းပန်ဖို့အခွင့်ရတော့တယ်“ “ ရှင်အခုလို ထွက်ပြီး ဝန်ခံလာတာကို
ကျွန်မတို့ကျေးဇူးတင်ပါတယ်။ ရှင်ရဲ့ချဉ်ဆီနဲ့ ကျွန်မသမီးလေးကို
ကယ်တင်ဖို့ဘုုရားသခင်က ရှင့်ကို ကောင်းချီးပေးပါစေ”

ဖေဖော်ဝါရီ ၁၉ရက်မှာ အာချီလီရဲ့ ချဉ်ဆီကို ဆရာဝန်တွေက ခွဲစိတ်စစ်ဆေးခဲ့ကြတယ်။ ကံကောင်းစွာပဲ သူ့ရဲ့ချဉ်ဆီတွေ မော်နီကာအတွက်
လုံးဝသင့်တော်နေခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့ လူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့ လာပါပြီ။ အာချီလီရဲ့
ရိုးတွင်းချဉ်ဆီတွေ မော်နီကာကိုယ်ထဲ ရွေ့ပြောင်းပေးလိုက်ကြတယ်။ အသက်အန္တရာယ်ကနေ မော်နီကာ သီသီလေးလွတ်ခဲ့ပြီး (၁) ပတ်အတွင်းမှာ
နေကောင်းကျန်းမာလာခဲ့တယ်။ မာမိတာ တို့ လင်မယား အာချီလီကိုလုံးဝခွင့်လွတ်ပေးပြီး ဒေါက်တာ အင်ဒရေယာနဲ့ အတူ ထမင်းဖိတ်စားခဲ့တယ်။

ဒါပေမဲ့ ထမင်းစားဖိတ်တဲ့နေ့မှာ အာချီလီကိုယ်စား ဒေါက်တာ အင်ဒရေယာက စာတစ်စောင်ယူလာခဲ့တယ်။ စာထဲမှာ အားနာခယစွာနဲ့ “ခင်ဗျားတို့ရဲ့
တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့ ဘဝကို ကျွန်တော် မနှောင့်ယှက်ပါရစေနဲ့တော့။
မော်နီကာလည်း ပျော်ရွှင်စွာ ခင်ဗျားတို့နဲ့ အတူရှိနေနိုင်ဖို့ ကျွန်တော်
မျှော်လင့်ပါတယ်။ တကယ်လို့ အကူအညီလိုခဲ့ရင် ကျွန်တော့်ကို ပြောပါ။ အတတ်နိုင်ဆုံး ကျွန်တော်ကူညီပါ့မယ်။ တစ်ဆက်ထဲမှာပဲ မော်နီကာကိုလည်း
ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် အပြစ်တစ်ခုကို ဝန်ချဖို့
ကျွန်တော်အခွင့်ရခဲ့တယ်။ သူ့ကြောင့် ကျွန်တော်ရဲ့ လက်ကျန်ဘဝလေး
ပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါဟာ သူပေးတဲ့ ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်တယ်”
လို့ပြောခဲ့ပါတယ်……………………………….။။

သတင်းတစ်ပုဒ်ကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ အပြုမှုကို တာဝန်ယူဖို့အတွက် သတိ္တတွေ
ဘယ်လောက်လိုသလဲ? လူတိုင်းရဲ့ ရင်ထဲမှာ စံပေတံတစ်ခု ရှိပါလိမ့်မယ်။
ဒီစာကို ဖတ်ပြီး မာမိတာ တို့ လင်မယားကို အရမ်းလေးစားမိတယ်။ အဖြူတစ်ယောက်၊
အမည်းတစ်ယောက် မွေးထားတဲ့ ကလေးတွေကြောင့် လူတွေရဲ့ အထင်အမြင်လွဲမှားတဲ့
အကြည့်နဲ့ ကြည့်ခံခဲ့ရပေမဲ့ ကလေးလေးကို လူလားမြောက်အောင် သူတို့
ပြုစုခဲ့တယ်။ အာချီလီရဲ့ လုပ်ရဲခံရဲတဲ့ သတိ္တကိုလဲ ချီးကျူးမိတယ်။