နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့….

Linn LettSeptember 28, 20101min510

ဂုဏ်ဝင့်မာန်တက်နေတဲ့ သူဌေးမကြီးတစ်ဦးက အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားသောက်ရင်း ဟိုဟာမကောင်းဘူး၊ ဒီလိုမရဘူးနဲ့ မကျေမနပ် ရေရွတ်နေခဲ့တယ်။ စားပွဲထိုးတွေက ခွင့်လွတ်သည်းခံပြီး ဘေးမှာခစားနေသည့်တိုင် သူဌေးမက မာန်မလျော့တဲ့အပြင် ပိုမောက်မာပြတော့တယ်။ ပြီးတော့ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြီး “ပြောစမ်း! ဒါက ဘာဟင်းလဲ? ဒီလိုဟင်းကို ဝက်ကတောင် စားမှာမဟုတ်ဘူး” လို့ အော်တယ်။

အဲဒီမှာ သည်းမခံနိုင်တော့တဲ့ စားပွဲထိုးတစ်ဦးက “သူဌေးကတော်.. တကယ်ပဲ ဝက်ကတောင် စားမှာမဟုတ်ဘူးလား! ဒီလိုဆိုရင် သူဌေးကတော်အတွက် ဝက်စားတဲ့အစာ သွားယူခဲ့မယ်”လို့ ပြောလိုက်တယ်။

ဒီနှစ်ယောက်ထဲမှာ တစ်ဦးက “စိတ်ကောင်း လုံးဝမရှိသူ”ဖြစ်ပြီး ကျန်တစ်ဦးက “ခွင့်လွတ်သည်းခံစိတ် လုံးဝမရှိသူ”ဖြစ်တယ်။ ဒါဟာ အခုခေတ်လူတွေရဲ့ ဆက်ဆံရေး အမျိုးအစားပုံစံပဲဖြစ်တယ်။

အောက်က သာဓကတွေကို ဆက်ကြည့်ရအောင်…

ခင်ပွန်း “မင်းစကားကို နားထောင်ရတာ လူနုံလူအတစ်ယောက်ရဲ့စကားကို နားထောင်နေရတာသလိုပဲ”

ဇနီး “ကျွန်မဒီလိုပြောမှ ရှင်နားလည်မယ်ဆိုတာ ရှင်မသိဘူးလား?”

ခင်ပွန်း “ပင်မင်းဆိုင်ပို့ထားတဲ့ ရှပ်အင်္ကျီတွေ ယူခဲ့ပြီလား?”

ဇနီး “ကျွန်မက ရှင်ရဲ့ဘာမို့လို့လဲ? အိမ်ဖော်လား?”

ခင်ပွန်း “အိမ်ဖော် မဟုတ်ပါဘူး။ မင်းသာအိမ်ဖော်ဆိုရင် အနည်းဆုံးတော့ အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သိမှာပေါ့”

ကျွန်တော်တို့ဟာ ထောင်ချောက်တစ်ခုထဲ အမြဲပြုတ်ကျနေတယ်။ အဲဒီထောင်ချောက်က ငြင်းခုန်မှုတိုင်းမှာ “အနိုင်နဲ့အရှုံး” ရှိရမယ်ဆိုတဲ့ ထောင်ချောက်ဖြစ်တယ်။ ငြင်းခုန်မှုတိုင်းမှာ လူတွေက ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုပဲ စွဲစွဲမြဲမြဲလက်ကိုင်ထားပြီး နောက်မဆုတ် အရှုံးမပေးစတမ်း ငြင်းခုန်လိုကြတယ်။ ပိုဆိုးတာက နှစ်ဦးနှစ်ဘက်စလုံး “နောက်ဆုံးစကားတစ်ခွန်း”ကို လက်မလျော့တမ်း ပြောချင်ကြတယ်။ အကျိုးအကြောင်း ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးစကားပြောနိုင်သူက အနိုင်ရသူအဖြစ် သတ်မှတ်ကြတယ်။ ဒါနဲ့ပဲ ငြင်းခုန်ပွဲက မရပ်နားနိုင် ဖြစ်ခဲ့ရတယ်။

ရှုပ်ထွေးနေတဲ့ ငြင်းခုန်ပွဲကို ဖြေလျော့ချင်ရင် အားစိုက်ပြီး သွားဆွဲ၊ သွားခွဲလို့ မရပါဘူး။ အားစိုက်ပြီး သွားခွဲလေပိုရှုပ်ထွေးလေဖြစ်ပြီး နောက်ဆုံးမှာ ငြင်းခုန်ပွဲက ပိုတင်းသွားတတ်ပါတယ်။ လူလူချင်းဆက်ဆံရေးမှာလည်း လူအများက “အကျိုးအကြောင်းမှန်ရင် ဘယ်သူ့ကိုမှ အလျော့မပေးဘူး” ၊ “မီးလောင်ရာလေပင့်” ဆိုတာကိုပဲ ပိုသိခဲ့ကြတယ်။ “စကားနဲရန်စဲ”၊ “သည်းခံခြင်းသည် အရာရာကိုအောင်နိုင်၏”ဆိုတာကို မသိခဲ့လေတော့ ငြင်းခုန်မှုက နောက်ဆုံးမှာ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ကြတယ်။

ငြင်းခုန်ခြင်းက ပျော်ရွှင်ခြင်းလောက် အရေးမကြီးခဲ့ပါတယ်။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က “နောက်တစ်လှမ်းဆုတ်”တာဖြစ်ပြီးတစ်ဘက်သားကို ချစ်ခင်ရင်းနှီးတဲ့လက် အရင်ကမ်းတာပဲဖြစ်တယ်။ တစ်ဘက်သားကို “မှန်ကန်သူ” ပေးလုပ်လိုက်တာကကိုယ်ဟာ “မှားယွင်းသူ” အဖြစ်ရောက်သွားစေတာ မဟုတ်ပါဘူး။ အရာအားလုံး ပြီးဆုံးပြေငြိမ်းသွားတဲ့အချိန်ကျမှ ကိုယ်အရယူနိုင်ခဲ့တဲ့အရာက “ငြိမ်းချမ်းခြင်း” ဆိုတာကို သင်သတိထားမိသလို တစ်ဘက်သားကို “အမှန်”ပေးလိုက်ရတဲ့ ဝမ်းသာမှုတွေကိုလည်း သင်ခံစားမိပါလိမ့်မယ်။ သင် “မှန်ကန်” ခဲ့ပါတယ်။

ဆာလ်ဝင်စတန်ချာချီ (Winston Churchill)နိုင်ငံရေးနယ်ပယ်က အနားယူပြီးနောက် တစ်ရက်မှာ စက်ဘီးစီးပြီး မြို့အနှံလည်ပတ်ခဲ့တယ်။ တစ်နေရာမှာ ဆန့်ကျင်ဘက်က စက်ဘီးအမြန်နင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချာချီထိပ်တိုက်တိုးခဲ့တယ်။ အမျိုးသမီးက ဘရိတ်မအုပ်နိုင်ဘဲ ချာချီကိုအရှိန်နဲ့ ဝင်တိုက်ခဲ့တယ်။

“ဟဲ့.. အဘိုးကြီး စက်ဘီးရောစီးတတ်ရဲ့လား? မျက်စိမပါဘူးလား?”

အမျိုးသမီးက ကိုယ့်အမှားကိုမသိဘဲ ချာချီကို ရိုင်းရိုင်းစိုင်းစိုင်း အရင်စဆဲဆိုခဲ့တယ်။

“ဟုတ်ကဲ့.. တောင်းပန်ပါတယ်…. တောင်းပန်ပါတယ်။ ကျွန်တော် စက်ဘီးသိပ်မစီးတတ်သေးလို့ပါ။ ကြည့်ရတာ ခင်ဗျားက ကျွန်တော်ထက် စက်ဘီးစီး ပိုကျွမ်းပါတယ်။ ဟုတ်တယ် မဟုတ်လား?”

ချာချီက အမျိုးသမီးရဲ့ ကြမ်းတမ်းတဲ့အပြုအမှုကို ဂရုမစိုက်ဘဲ မပြတ်တောင်းပန်နေခဲ့တယ်။ တောင်းပန်သံကိုကြားတော့ အမျိုးသမီးရဲ့ဒေါသတွေ တစ်ဝက်လျော့ကျသွားခဲ့ပြီး ချာချီကို သေချာကြည့်လိုက်တယ်။ သူစက်ဘီးတိုက်မိသူက မြင့်မြတ်တဲ့ဝန်ကြီးချုပ်ဖြစ်နေတာကို တွေ့တော့ အမျိုးသမီးက ရှက်ရွံ့အားနာစွာနဲ့ “ဟို…. မဟုတ်ဘူး… မဟုတ်ပါဘူး ကျွန်မ အခုမိနစ်ပိုင်းအတွင်းမှာပဲ စက်ဘီးစီးတတ်သွားတာပါ။ ကျွန်မကို စက်ဘီးစီးသင်ပေးလိုက်တာကလဲ အရှင်ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်”လို့ ပြောလိုက်တယ်။

ပညာရှိတစ်ဦးက “သည်းခံခြင်း၊ စိတ်သဘောထားကြီးခြင်းက အမုန်းရန်ငြိုးကို သူငယ်ချင်းမိတ်ဆွေအဖြစ် ပြောင်းလဲစေနိုင်တယ်” လို့ဆိုပါတယ်။

တစ်ခါက သားအဖနှစ်ဦး ရထားစီးပြီး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ လက်မှတ်စစ်နဲ့ကြုံတော့ ဖခင်ဖြစ်သူက အိတ်ထည့်ထားတဲ့လက်မှတ်ကို ချက်ချင်းရှာမတွေ့ဖြစ်ခဲ့တယ်။ အဲဒီအခါ ဒေါသကြီးတဲ့လက်မှတ်စစ်ရဲ့ ဆူပူကြိမ်းမောင်းတာကို ခေါင်းငုံ့ခံခဲ့တယ်။ အဖြစ်အပျက်ပြီးနောက် သားက “အဖေ… လက်မှတ်ပါရက်သားနဲ့ ဘာဖြစ်လို့ ပြန်မပြောခဲ့တာလဲ?” လို့မေးတယ်။

ဖခင်က “သား… သူ့ဒေါသ၊ သူ့စိတ်သဘောထားကို သူတောင်တစ်သက်လုံး ခံနိုင်ခဲ့သေးတာပဲ။ အဖေက ဘာဖြစ်လို့ ဒီမိနစ်ပိုင်းလေးမှာ သည်းမခံနိုင်ဖြစ်ရမလဲ?” လို့ ပြန်ပြောခဲ့တယ်။

“နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို ရပ်တန့်နိုင်ပါတယ်”…. ဒါကလည်း ကျွန်တော့်ကိုယ်ကျွန်တော်အမြဲသတိပေးတဲ့စကားဖြစ်ခဲ့တယ်။