အထက်တန်းကျောင်းသားများအား ဆာဗေးကောက်ယူခြင်း

etoneSeptember 29, 20101min1100

ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို အမှန်အတိုင်း သိနိုင်ရန်အတွက်
အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သက်ဆိုင်ရာနယ်ပယ်တွင် ကျင်လည်
နေသူများကို Survey ခေါ် တစ်ဦးချင်း စစ်တမ်းကောက်ယူခြင်းပင် ဖြစ်သည်။
၎င်းတို့၏ ထင်မြင်ချက် ရာခိုင်နှုန်းများကို မူတည်၍ ပြောင်းလဲစရာများကို
ပြောင်းလဲကြပြီး ဆက်လက် ထိန်းသိမ်းသင့်သည် များကိုလည်း
ဆက်လက်ထိန်းသိမ်းလေ့ရှိကြသည်။

ပြည်တွင်းပြည်ပရောက် မြန်မာပြည်သူများကြားတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း
မြန်မာ့ပညာရေးအကြောင်းမှာ ဆွေးနွေးစရာ ခေါင်းစဉ်ကောင်းတစ်ခုဖြစ်လာပြီး
မိဘများက သားသမီးတို့၏ အနာဂတ်အတွက် အမျိုးမျိုးစဉ်းစားကြရသည်။
ကျောင်းသားများ ကိုယ်တိုင် ကလည်း သူတို့၏ အနာဂတ်အတွက် အကောင်းဆုံးနှင့်
အဖြစ်သင့်ဆုံးကို ရည်ရွယ်ထားတတ် ကြသည်။ ဘဝအတွက်
ကောင်းကောင်းစဉ်းစားတတ်နေပြီဖြစ်သော အထက်တန်း ကျောင်းသား များ၏
လက်ရှိအခြေအနေ၊ အနာဂတ်ရည်မှန်းချက်များနှင့် နေ့စဉ်ဘဝများကို
ထင်ဟပ်စေသည့် Survey တစ်ခုကို သံလွင်အိပ်မက်က ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင်
ကောက်ယူခဲ့သည်။ ရန်ကုန်မြို့မှ အထက်တန်းကျောင်းသား ၅ဝ ကို မေးခွန်း ၁၀
ခုပါသော စစ်တမ်း ကောက်ယူထားခြင်းပြီး ရလဒ်ရာခိုင်နှုန်းများမှာ
အောက်ပါအတိုင်း ဖြစ်သည်။

ဆာဗေး နမူနာပုံစံ

အထက်ပါ ဆာဗေးများတွင် လူငယ်တို့၏ အိပ်မက်များကို မြင်သာရုံသာမက ပညာရေး၏
အံချော်နေသော အချက်များကိုလည်း တွေ့နိုင်သည်။ ဥပမာ
ဆယ်တန်းအောင်မြင်ရန်အတွက် ကျူရှင်ကို အားထားသူက ၇၃% ၊ ကျန် ၂၇% ကသာ
ကျောင်းကို အားထားကြသည်ဟုဆိုသည်။ အစိုးရစာမေးပွဲအတွက်
အစိုးရကျောင်းတွေထက် ကျူရှင်ကိုသာ အားကိုးကြရသည် ဆိုသည်မှာ
မသင့်လျော်လှပေ။ ထို့အတူ အင်တာနက် သုံးဖူးပါသလား ဆိုသောမေးခွန်းကို ၆၉% က
မသုံးဖူးပါဟု ဖြေသည်။ ရန်ကုန်မြို့ကြီးမှ အထက်တန်းကျောင်းသားကြီးများ
ဖြစ်နေသည့်တိုင်အောင် အင်တာနက်ဆိုသည်မှာ ဘာမှန်းမသိ၊ အီးမေးလ်၊ ဂူးဂဲလ်
ဘယ်လိုသုံးရမှန်း မသိသေး။ အစိုးရကျောင်းများက ကွန်ပျူတာကို ဆယ်တန်းပြီးမှ
အပြင်မှာ သင်ကြတော့ဟု ဆိုလိုလေသလား။ တကယ်တော့ ကျောင်းအများစုတွင် ရှိသော
Multimedia Room များသည် မေးခွန်းစာရွက်များ Print ထုတ်ရန်၊
သော့ကြီးကြီးဖြင့်ခတ်ထားရန်ထက် ပိုအသုံးဝင်သင့်နေပြီ ဖြစ်သည်။ မေးခွန်း
(၁၀) အရ ဘဝမှာ ပညာတတ်ဖို့ အရေးအကြီးဆုံးဟု ယူဆထားသည့် ၂၇% သော
ကျောင်းသားများအတွက် ကွန်ပျူတာနှင့် အင်တာနက်သည် မရှိမဖြစ်ပင်
မဟုတ်ပါလော။ ဆာဗေးများအရ သတိထားမိသည့်အချက် နောက်တစ်ခုမှာ
ကျောင်းသားများသည် ဒါသင်၊ ဒါကျက်၊ ဒါမေး ဖြစ်နေသည့်
ပညာရေးမှိုင်းမိနေကြခြင်းပင် ဖြစ်သည်။ မေးခွန်း (၂) တွင်
ဆယ်တန်းအောင်သည့်အခါ မည်သည့်ဘာသာရပ်ကို သင်ကြားလိုသနည်းဟု မေးပြီး
စစ်ပညာ၊ ဗိသုကာ စသည့် ဥပမာတချို့ ပေးထားသည်။ ကျောင်းသားများသည်
ဥပမာများထဲက ဘာသာများကိုသာ စိတ်ကြိုက်ရွေးထည့်ကြပြီး
ထိုဥပမာများထဲတွင်မပါသည့် အင်ဂျင်နီယာ၊ ကွန်ပျူတာကဲ့သို့သော
ဘာသာရပ်များကို တဦးတလေမှပင် ကွန့်၍ မထည့်ကြပေ။ ကျောင်းသားများသည်
မေးခွန်းတစ်ခုအတွက် သင့်လျော်သည့်အဖြေကို ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့်
လွတ်လွတ်လပ်လပ် ဖြေဆိုသင့်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်ဖို့သာ
ဘဝအတွက် အရေးအကြီးဆုံးဟု ခံယူထားကြသည့် အဖြေများ အတွက် ကျေနပ်မိပါသည်။
ဤဆာဗေးများသည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည်ဟု
မဆိုနိုင်သည့်တိုင်အောင် တစုံတရာသော အတိုင်းအတာထိ အထောက်အပံ့ ဖြစ်စေမည်ဟု
ယုံကြည်ပါသည်။ နောင်အခါများတွင်လည်း အလျဉ်းသင့်သလို အကျိုးရှိမည့်
ဆာဗေးများကို စီစဉ်တင်ဆက်ပေးသွားပါဦးမည်။