ဟေ့လူ…….ပစ်မနော်
ကျွန်တော်ငယ်ငယ်က မှတ်သားဖူးခဲ့တဲ့ ဟာသလေးပါ။ သတိတရ ရှိနေခဲ့လို့ အခုချိန်ထိ မမေ့သေးတဲ့အတွက် ပြန်ပြီး ပြောပြချင်ပါတယ်။
တစ်ခါက သူခိုးတစ်ယောက်ရှိတယ်။ ခိုးတဲ့နေရာမှာ ကျွမ်းကျင်တော့ တော်ရုံလူတွေက သူ့ကို ဖမ်းမမိသေးတဲ့အချိန်ပေါ့။ သူက ခိုးမယ်လို့ စိတ်ကူးတဲ့အိမ်ကို သေချာလေ့လာပြီးမှ ဝင်ခိုးလေ့ရှိတယ်။ သူ့မှာ အားနည်းချက်တစ်ခုပဲ ရှိတာက နားလေးခြင်းပါပဲ။
တစ်နေ့မှာ ရွာတစ်ရွာကို ဝင်ပြီးလေ့လာတော့ ပိုက်ဆံရှိပြီး တစ်ယောက်တည်းနေတဲ့ အဘွားကြီးတစ်ယောက် အိမ်ကို သတင်းရခဲ့တယ်။ ဒါကြောင့်မို့ အဲဒိညမှာ အဘွားကြီးအိမ်ကို ဝင်ခိုးဖို့ ဆုံးဖြတ်လိုက်တယ်။ ညရောက်တော့ သူက အဘွားကြီးအိမ်နားကို ချဉ်းကပ်ပြီး အိပ်မယ့်အချိန်ကို စောင့်နေတာပေါ့ဗျာ။ အဲဒိအချိန်မှာ အဘွားကြီးက မအိပ်သေးဘဲ ဘုရားရှိခိုးနေတာနဲ့ကြုံတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေတာပေါ့။
အဘွားကြီးဘုရားရှိခိုးတာက ဩကာသ ကနေစပြီး ရှိခိုးတာ တော်တော်လေးကို ကြာတာပေါ့။ သူ့ခမျာ ညအမှောင်ထဲမှာဆိုတော့ ခြင်ကလည်းကိုက်နဲ့ စိတ်မရှည်ချင်စရာ ဖြစ်နေရတယ်လေ။ နောက်ဆုံး စိတ်မရှည်လွန်းလို့ ပြန်မယ်လို့ စိတ်ကူးမိတဲ့အချိန်မှာ သူကြားလိုက်ရတဲ့အသံက …….
ဟေ့လူ…….ပစ်မနော်………
အားရပါးရ…….ပစ်မနော်………
မထိတထိ…….ပစ်မနော်………
မထိ ထိအောင်…….ပစ်မနော်………တဲ့။
သူက နားလေးတော့ သေချာအောင် ထပ်နားထောင်ကြည့်တော့လည်း
ဟေ့လူ…….ပစ်မနော်………
အားရပါးရ…….ပစ်မနော်………
မထိတထိ…….ပစ်မနော်………
မထိ ထိအောင်…….ပစ်မနော်……..ပဲ ကြားရတယ်။
ဒါကြောင့်မို့ အဘွားကြီးသူ့ကို တွေ့သွားပြီလို့ထင်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားတော့တယ်။
တကယ်တော့ အဘွားကြီးဘုရားရှိခိုးတာက ပဌာန်း(၂၄) ပစ္စည်းပဲ ဖြစ်ပါတယ်။
ဟေတု ပစ္စယော …………………………….
…………………………………………………
အဓိပတိ ပစ္စယော …………………………..
…………………………………………………
One comment
ဆူး
October 15, 2010 at 4:53 am
ဘာများလဲလို့.. သူ့ အကြားက သူကို ခြောက်သကိုး.. နားလေးတော့လည်း ခံပေါ့..