Poem
ဓါတု…ပဋိဇီဝ
တိုင်းရင်းဆေးများနဲ့ကျားကန်ရင်း
ခန္ဓာကိုယ်ကိုဗေလင်စီညှိပြီး
ကိုယ့်အသက်ကိုယ်ပိုးမွေးသလိုပြန်ပြီးမွေးမြူခဲ့ရ…။
ဟင်းလင်းပြင်ဒဿနကို
ဖယောင်းတိုင်မီးတောက်အောက်မှာ
အဆုံးအစမရှိမွှေနှောက်ရှာဖွေရင်း
ခေတ်တစ်ခုကိုအပြေးအလွှားဖြတ်သန်းခဲ့ရ….။
ည……..
လ……
ဘဝ………
လုံးကောက်အဓိပ္ပာယ်တွေလဲပြို
ယိုယွင်းနေတဲ့စိတ်ဓါတ်ကိုဖာထေး
လှေတစ်စင်းနဲ့
အပူတစ်ပြင်းရေစုန်မျောခဲ့သူပါ..။
ခရီးတစ်ဝက်ရောက်ခါမှ
ဘာအတွက်လာခဲ့ရသလဲဆိုတာကို
အသေအချာပြန်သုံးသပ်ရင်း
အဖြေရှာမရသူ…။
ရှေ့တိုးမလား….နောက်ပြန်ဆုတ်မလား
ရှေ့သွားနေတာလား
နောက်ပြန်သွားနေတာလား
အသေအချာဝေခွဲမရတဲ့သူ
မြစ်ခွဲများရဲကလမ်းကြောင်းတိုင်းမှာ
လှေငယ်တွေများမှများ…..။
နေဝန်းနီ