အနားသား ….တူး (Another Two)
တစ်ခါတစ်လေ ကျတော့ တချို့အရာတွေက ကိုယ့်နားနဲ့ ဆတ်ဆတ် ကြားလိုက်
ရတာတောင်မှ အမှန်လို့ ယူဆလို့ မရဘူး။ တကယ်ကို ဒီလို ကြားလိုက်ပါတယ်
ဆိုတာတောင်မှ မှားချင်လည်း မှားနေနိုင်တယ်။
ဘာလို့လည်း ဆိုတော့ အဖြစ်အပျက်လေး တစ်ခုက ဒီလို ပြောတယ်။
တစ်ခါက . . .
မြန်မာနိုုင်ငံကို လာလည်တဲ့ နိုင်ငံခြားသား တစ်ယောက်က သူ့ရဲ့ လမ်းပြ
အဖော်နဲ့ ရွှေတိဂုံဘုရားကို သွားလေ့လာပြီး အရှေ့ဘက် မုခ်ကနေ ဆင်းလာခဲ့တယ်။
ပြီးတော့ နောက်တစ်နေရာကို စိတ်ကူးပေါက်တဲ့ အတိုင်း လမ်းလျှောက်ပြီး
သွားနေတုန်း တစ်နေရာ အရောက်မှာ ဒီနိုင်ငံခြားသားရဲ့ နှာခေါင်းထဲကို
အမွှေးနံ့တစ်ခု ဝင်လာတယ်။
သူ ဘေးပတ်လည်ကို ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ တဲလေးထိုးပြီး
မုန့်ရောင်းနေတဲ့ အဒေါ်ကြီး တစ်ယောက်ကို တွေ့လိုက်တယ်။ အခု
သူ့နှာခေါင်းထဲကို ရောက်နေတဲ့ အမွှေးနံ့တွေကလည်း ဒီမုန့်ဆိုင်လေးက
ထွက်လာတာ။ ဒီတော့ သူရဲ့ အဖော်ကို မေးလိုက်တယ်။
“ ဒါ ဘာလို့ ခေါ်လဲ။ ”
သူ့ရဲ့ လမ်းပြ အဖော်က အဒေါ်ကြီး ရောင်းနေတဲ့ မုန့်ကို ကြည့်ပြီး . . .
“ ဒါ မြန်မာ့ အစားအစာ တစ်ခုပါ။ ဘိန်းမုန့်လို့ ခေါ်ပါတယ်။ ”
“ အရမ်းမွှေးတယ်။ ငါ စားလို့ ရမလား။ ”
“ ရတာပေါ့။ မင်း ကြိုက်တယ် ဆိုရင် စားပေါ့။ ”
ဒါနဲ့ နိုင်ငံခြားသားလည်း ဘိန်းမုန့်ရောင်းနေတဲ့ အဒေါ်ကြီး ဆီကို
သွားပြီး သူပြောတတ်သလို ဘိန်းမုန့်ကို မှာစားတယ်။ သူက မြန်မာလို ဘာမှ မှ
မပြောတတ်တော့. . လက်ညှိုးလေး တစ်ချောင်းထောင်ပြီး . . .
“ One pc. ”
လို့ပဲ ပြောတယ်။ အဒေါ်ကြီးကလည်း နိုင်ငံခြားသား ဘာပြောတယ် ဆိုတာ မသိပေမဲ့
လက်လေး တစ်ချောင်းထောင်ပြီး သူ့မုန့်ကို ကြည့်ပြီး ပြောနေတာ ဆိုတော့
သူကလည်း ငါ့မုန့် တစ်ခုလို့ ပြောတာနဲ့ ထင်တယ် ဆိုပြီး မုန့်တစ်ခုကို
အိတ်လေးနဲ့ ထုပ်ပေးလိုက်တယ်။
လက်ထဲရောက်လာတဲ့ ဘိန်းမုန့်ကို နိုင်ငံခြားသားက တစ်ကိုက်စားလိုက်ပြီး
သူ့ဖာသာ အရသာ ခံနေတယ်။ ပြီးတော့ သူ့ရဲ့ လမ်းပြ အဖော်ကို . . .
“ ဒီမုန့်က ငါတို့ ကိတ်မုန့်လိုပါပဲလား။ ”
“ ဟုတ်ပါတယ်။ ဒါက ကိတ်မုန့်လိုပါပဲ။ မြန်မာအခေါ် ဘိန်းမုန့်လို့ ခေါ်ပေမဲ့
မြန်မာကိတ်မုန့် ဆိုပါတော့။ ”
ဘိန်းမုန့်ကို တစ်ကိုက်ပြီး တစ်ကိုက်စားနေရင်း နိုင်ငံခြားကြီးက အရမ်းကို
သဘောကျနေတယ်။ နောက်တော့ သူ့လက်ထဲက ဘိန်းမုန့်ကုန်သွားတော့ သူက
အဒေါ်ကြီးဘက်ကို မျက်နှာ မူလိုက်ပြီး ပြောလို်က်တယ်။
“ အနားသား တူး ( Another Two ) ၊ ”
သူ ဆိုလိုချင်တာက “ နောက်ထပ် နှစ်ခု ပေးပါ။ ” ပေါ့။ ဒီတော့ အဒေါ်ကြီးကလည်း
သူရဲ့ ဘိန်းမုန့်ခွက်လေးထဲကို မုန့်ရည်တွေကို လောင်းထည့်လိုက်ပြီး အပေါ်က
မီးသွေးအုပ်လေးကို အုပ်လိုက်တယ်။
အဒေါ်ကြီး လုပ်နေတာကို နိုင်ငံခြားသား နဲ့ လမ်းပြ အဖော်ကလည်း
စောင့်ကြည့်နေတယ်။ ခဏနေတော့ အဒေါ်ကြီးက ပြီးလည်း ပြီးရော ခုနကလိုပဲ
အိတ်ထုတ်ပေးလိုက်တယ်။ ဒါကို သူ့လက်ထဲ ရောက်လာတဲ့ ဘိန်းမုန့်ကို
နိုင်ငံခြားသားက အိတ်ထဲက ထုတ်ပြီး တစ်ကိုက် ကိုက်လိုက်တယ် ဆိုရင်ပဲ . . .
“ ထွီးးးးးးးးး ”
သူ ချက်ချင်း ပါးစပ်ထဲက ဘိန်းမုန့်ကို ထွေးထုတ်လိုက်တယ်။ ဒီတော့ လမ်းပြ
အဖော်လုပ်သူက . .
“ ဘာဖြစ်လို့လဲ။ ”
ဒီတော့ ပါးစပ်ကို ပွစိပွစိ လုပ်နေတဲ့ နိုင်ငံခြားသားက . .
“ ပထမ တစ်ခုလောက် မကောင်းဘူး။ ဒါက အရမ်းခါးတယ်။ ”
ဒီတော့ လမ်းပြ အဖော်က နိုင်ငံခြားသား လက်ထဲက ဘိန်းမုန့်ကို
ကြည့်လိုက်တော့ ဘိန်းမုန့်ရဲ့ အနားသားတွေက မီးကျွမ်းပြီး တူးနေတယ်။
ဒါကြောင့် လမ်းပြ အဖော်လုပ်သူက အဒေါ်ကြီးကို. . .
“ အဒေါ်ရယ် ဘယ်လိုများ လုပ်လိုက်တာလဲ။ သူက ကျွန်တော်တို့ မြန်မာ
ဘိန်းမုန့်ကို ကြိုက်နေတာလေ။ ပထမ တစ်ခု ကောင်းလို့ သူက နောက်ထပ် နှစ်ခု
ဆိုပြီးတော့ တောင်မှ ဝယ်စားတာလေ။ ဒါကို ဘာလို့ တူးအောင်
လုပ်ပေးလိုက်ရတာလဲ။ ”
ဒီတော့ ဘိန်းမုန့်သည် အဒေါ်ကြီးက လမ်းပြအဖော်ကို စိတ်ဆိုးမာန်ဆိုးနဲ့. . .
“ အောင်မာ . . ငါက တမင် လုပ်တာမှ မဟုတ်တာ။ သူပဲ ငါ့ကို “ အနားသား တူး ”
ဆိုလို့ ငါ့မှာ မတူးတူးအောင် လုပ်ပေးလိုက်ရတာလေ။ သူပဲ ကြံကြံဖန်ဖန်
စားချင်နေတာလေ။ အနားလေးတင်တူးအောင် လုပ်တယ် ဆိုတာ လွယ်တယ်များ မှတ်နေလား ………..”တဲ့။
ကဲ…ဘာပြောချင်သေးလဲ။