“ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ (၅)”

zaw mgOctober 23, 20101min19610

“ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ (၅)”

 ကိုရီးယားနိုင်ငံကို အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ နဲ့ ကိုရီးယားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေ၊ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် ကျနော် ကြားထား သိထား မြင်ထား လေ့လာထားတာ လေးတွေကို ပြန်ပြီး ပြောပြချင်လို့ ဒီဆောင်းပါးလေးကို ဆက်ပြီး ရေးဖြစ်ပါတယ်။

အရင်ဆုံး ကိုရီးယား မှာ နိုင်ငံခြားသား ဘယ်လောက်ရှိတယ် မြန်မာနိုင်ငံသားတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း အခြေခံအကျဆုံး သိထားသင့်တယ် ထင်လို့ ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်တဲ့ စာတွေကို ကိုးကားပြီး ပြောပြချင်ပါတယ်။

၂ဝ၁ဝခုနှစ် ဩဂုတ်လ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ နည်းမျိုးစုံနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားပေါင်း ၁,၂၁ဝ,၇၅၆ဦး ရှိပြီး ထိုအနက်မှ အမျိုးသား ၆၈၄,၄၅၁ဦး နဲ့ အမျိုးသမီး ၅၂၆,၃ဝ၅ဦး နေထိုင် အလုပ်လုပ်ကိုင်နေကြပါတယ်။
မြန်မာနိုင်ငံသားကတော့ အမျိုးသား ၄,၂၆၂ဦး နဲ့ အမျိုးသမီး ၃၉၄ဦး စုစုပေါင်း ၄,၆၅၆ဦး နည်းလမ်းပေါင်းစုံနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြပါတယ်။

အဲဒီအထဲမှာ တရားဝင် နေထိုင်ခွင့် ဗီဇာဖြင့် နေထိုင်နေသူ ၃,၃၃၅ဦး နဲ့ ရက်လွန် နေထိုင်သူ (over stay) ၁,၃၂၁ဦး ရှိပါတယ်။

တရားဝင် နေထိုင်ခွင့် ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင် ကြတဲ့ သူတွေထဲမှာ လူဦးရေ အများဆုံးကတော့ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ လာကြတဲ့ သူတွေပါ။
၂,၈၁၄ဦး ရှိပါတယ်။
အဲဒီ အထဲကမှ အကြောင်းအမျိုးမျိုးနဲ့ ရက်လွန်နေထိုင်သူ (over stay) က ၅၉၃ဦး ရှိပါတယ်။ ကျန်တဲ့ ၂,၂၂၁ဦးကတော့ လက်ရှိ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ အလုပ်လုပ်ကိုင်နေဆဲပါ။

E9 ဗီဇာနဲ့ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဦးရေကို အသေးစိတ် ကြည့်မယ်ဆိုရင် အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ အများဆုံးပါ။
ထိုသူတွေကို E-9-1 ဗီဇာပေးပါတယ်။ E-9 ၊ E-9-1 နဲ့ ပတ်သက်ပြီး မြန်မာတွေ အကြားမှာ အငြင်းပွား ပြောဆိုနေမှုလေးတွေလည်း ရှိနေကြပါတယ်။

ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင် ထုတ်ပြန်ထားတာကတော့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ လုပ်ကိုင်နေသူ နိုင်ငံခြားသားတွေကို E-9-1ဗီဇာ ပေးတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

E-9-1 နဲ့ အလုပ်လုပ်နေသူ ဦးရေကတော့ အမျိုးသား ၂,၂၃၂ဦးနဲ့ အမျိုးသမီး ၁ဦး ရှိပါတယ်။

E-9-2 နဲ့က အမျိုးသား ၆ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်နေတဲ့သူတွေကို ပေးတဲ့ ဗီဇာ အမျိုးအစားပါ။
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့သူတွေကို ပေးတဲ့ E-9-3 ဗီဇာနဲ့က အမျိုးသား ၉ဦး၊
ရေလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို ပေးတဲ့ E-9-4 ဗီဇာနဲ့က အမျိုးသား ၂ရဦး၊
အအေးခန်း လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေကို ပေးတဲ့ E-9-5နဲ့က အမျိုးသား ၂ဦး၊
E-9-95 ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၂၁၄ဦး၊
E-9-96 ဗီဇာနဲ့ နေထိုင်အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၂၄၃ဦး၊
E-9-97 ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၇၆ဦးနဲ့ အမျိုးသမီး ၄ဦး ရှိပါတယ်။

ကိုရီးယား နိုင်ငံပိုင် သဘောင်္များမှာ အလုပ်လုပ်ကိုင်နေတဲ့ သင်္ဘောသားလည်း ၄၆၅ဦး ရှိပါတယ်။

ကိုရီးယားနိုင်ငံကို ပညာသင်ဖို့ ရောက်လာကြသူတွေလည်း တဖြည်းဖြည်းချင်း တိုးပွားလာပါတယ်။
သက်ဆိုင်ရာ ဘာသာတွေအလိုက် ဘွဲ့လွန် ပညာတွေ သင်ယူနေကြသူ အမျိုးသား ၆၁ဦး၊အမျိုးသမီး ၉ရဦး ရှိပါတယ်။
ထိုသူတွေကို D-2-1,D-2-2,D-2-3,D-2-4 စတဲ့ နေထိုင်ခွင့် ဗီဇာတွေ ပေးပါတယ်။

ကိုရီးယား ဘာသာစကား သင်ဖို့ ကျောင်းတက်နေတဲ့ အမျိုးသား ၂၄ဦး ၊ အမျိုးသမီး ၂၈ဦး ရှိပါတယ်။
သူတို့ကိုတော့ D-4-1 ဗီဇာပေးပါတယ်။

ဘာသာရေးအရဆိုရင်လည်း အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၁ဦး ပါ။
များသောအားဖြင့်တော့ ကိုရီးယားနိုင်ငံမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေ များပါတယ်။

မြန်မာနိုင်ငံသားထဲမှာ ထူးထူးခြားခြား နေထိုင်ခွင့်နဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်သူတွေကတော့ လက်ရှိ အမေရိကန် စစ်တပ်မှာ အမှုထမ်းနေတဲ့ အမျိုးသား ၁ဦးနဲ့ အမျိုး ၁ဦးပါ။

တက္ကသိုလ် တစ်ခုမှာ သင်ကြားပို့ချပေးနေတဲ့ ပါမောက္ခ ၁ဦးလည်း ရှိပါတယ်။
ကိုရီးယားနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ဗီဇာနဲ့ အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၁ဦးလည်း နေထိုင်အလုပ်လုပ်ကိုင်နေကြပါတယ်။

ကိုရီးယားနိုင်ငံမှာ ဒုက္ခသည်လျှောက်ထားကြပြီး အသိအမှတ်ပြုခံထားရသူ အမျိုးသား ၅၉ဦးနဲ့ အမျိုးသမီး၂၄ဦး၊ လျှောက်ထားဆဲက အမျိုးသား ၃၅ဦး ၊ အမျိုးသမီး ၁၄ဦး ရှိပါတယ်။ ကိုရီးယားနိုင်ငံသူ/သား တွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူနဲ့ သူတို့ မိသားစုဝင် အဖြစ်နေထိုင်သူ အမျိုးသား ၂ဝဦး၊အမျိုးသမီး ၅၈ဦး ရှိပါတယ်။
ဒီနေရာမှာ ကိုရီးယားကို လာချင်လို့ ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုတဲ့ မြန်မာနိုင်ငံက ညီအစ်မတွေကို အကြံပေးပါရစေ။

လေးလေးနက်နက် စဉ်းစားကြဖို့ပါ။
အဲဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး ကျနော် ကိုရီးယားနဲ့ ပတ်သက်တဲ့ ဆောင်းပါးတိုင်းလိုလိုမှာ ရေးပြဖူးပါတယ်။
ကိုရီးယားပဲ ဆိုပြီး အထင်ကြီးရင်တော့ ငါးပါးတင် မကဘူး ရှိတာ အကုန်မှောက် လိမ့်မယ်လို့ အကြံပြုပါရစေ။

အခုဆိုရင် ကိုရီးယားနိုင်ငံမှာ ကိုရီးနိုင်ငံသားအချင်းချင်း ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်လို့ မကုန်တဲ့ ကိုရီးယား တွေကို ဈေးပေါပေါနဲ့ ရောင်းနေပါတယ်။
အထူးသဖြင့် အရှေ့တောင်အာရှက နိုင်ငံသူတွေနဲ့ ပေးစားတဲ့ မြားနတ်မောင် ကုမ္ပဏီတွေ ဒုနဲ့ဒေးပါ ။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း မြို့တော် ဆိုလ်းနဲ့ နယ်မြို့တစ်မြို့မှာ ကုမ္ပဏီတွေ ဖွင့်ပြီး လုပ်နေကြပါတယ်။

ကျနော်လည်း စပ်စုချင်တာနဲ့ ဆက်သွယ်ပြီး မေးမြန်းဖူးပါတယ်။
လူကုန်ကူးမှု တစ်ခုလို့ပဲ သုံးသပ်လိုက်ပါတယ်။ ဓါတ်ပုံပြပြီး ပေးစားတဲ့ အလုပ်ပါ။
ကိုရီးယားနိုင်ငံမှာ အိမ်ထောင်ပြုကြတဲ့ စုံတွဲ ၁ဝတွဲမှာ ၁တွဲက နိုင်ငံခြားသား/သူနဲ့ ပါ။

အဲဒီလောက်ထိ ဖြစ်နေပါပြီ။ များသောအားဖြင့်တော့ ကိုရီးယားနိုင်ငံသားတွေက တခြားနိုင်ငံသူတွေကို ဝယ်တဲ့ သဘောပါပဲ။
မေတ္တာမပါပဲ အိမ်ထောင်ပြုကြတော့ ကိုရီးယားကို ရောက်လာပြီး မကြာခင်မှာပဲ အိမ်ထောင်ကွဲတာက စပြီး လူသတ်မှုအထိ ဖြစ်ကုန်ကြရော။
အဲဒီအထဲမှာ မြန်မာအမျိုးသမီးတွေ မပါစေချင်တဲ့ စေတနာပါ။
ကိုယ့်ဖာသာကိုယ် ချစ်လို့ကြိုက်လို့ မေတ္တာရှိလို့ကတော့ ဘာမှ ပူပင်စရာမလိုပါဘူး။

ကိုရီးယားနိုင်ငံကို အလုပ်သမားအသုံးပြုခွင့်စနစ်(EPS) နဲ့ လာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာနိုင်ငံက တချို့သော ညီအစ်ကိုတွေ ကျနော့ဆီကို စာရေးပြီး မေးမြန်းကြတာလေးတွေ ရှိကြပါတယ်။

အဲဒီအကြောင်းလည်း ကျနော် သိသလောက်၊ ကြားသလောက်၊ လေ့လာမိသလောက်လေး ပြန်ပြောပြချင်ပါတယ်။
(EPS)နဲ့ လာဖို့ ပြင်ဆင်နေကြတဲ့ ညီအစ်ကို တွေကတော့ ဘယ်တော့လောက် စာမေးပွဲ ဖြေရမလဲ၊ ဘယ်တော့လောက် လူခေါ်မလဲ ၊
(EPS-KLT) အောင်ထားတဲ့ လူတွေရော ဘယ်လိုဖြစ်မလဲဆိုတာတွေ အဓိကဖြစ်မယ်လို့ ထင်ပါတယ်။

ပထမဆုံး (EPS-KLT) နဲ့ ပတ်သက်ပြီး ကျနော်သိသလောက် အကျဉ်းချုံး ရှင်းပြချင်ပါတယ်။
ကိုရီးယားနိုင်ငံမှာ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS) စတင် ကျင့်သုံးပြီး (EPS-KLT) စာမေးပွဲကို အစပိုင်း KOREAN LANGUAGE PROFICIENCY TEST ဌာနက ၂ဝဝ၅ခုနှစ်ကနေ ၂ဝဝရခုနှစ် အထိ ကျင်းပပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနကပဲ ကိုင်တွယ်ကျင်းပပေးခဲ့တာ ယနေ့အထိပါပဲ။

KOREAN LANGUAGE PROFICIENCY TEST ဌာနက ကျင်းပချိန်တုန်းက (EPS)နဲ့ အလုပ်သမားခေါ်ယူဖို့ သဘောတူထားတဲ့ နိုင်ငံတော်တော်များများမှာ အတတ်နိုင်ဆုံး တပြိုင်နက်တည်း ကျင်းပပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အနေအထားပေါ် မူတည်ပြီး စာမေးပွဲ ကျင်းပခဲ့ပါတယ်။

လောလောဆယ် မြန်မာပြည်မှာ ဘယ်တော့လောက် (EPS-KLT) စာမေးပွဲ ဖြေရမလဲဆိုတဲ့ အဖြေကတော့ မသိပါဘူးလို့ ဖြေရမှာပါပဲ။
ကျနော်လည်း သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနကို မေးမြန်းကြည့်ပြီး သိခဲ့ရတဲ့ အဖြေပါ။

ကျနော့်ကို ဖြေတဲ့ ဝန်ထမ်းက တကယ်ပဲ မသိတာလား ၊ မဖြေချင်လို့လား ၊ဖြေခွင့်မရှိလို့လားတော့ အတိအကျ မသိရပါ။
ဘယ်တော့လောက် လူခေါ်မလဲ ဆိုတာရဲ့ အဖြေကလည်း အတူတူပါပဲ။
ကိုရီးယားနိုင်ငံမှာ နှစ်တိုင်းလိုလို နိုင်ငံခြားသား အလုပ်သမား ခေါ်ယူဖို့ကို ဩဂုတ်လမှာ အစည်းအဝေးထိုင်ပြီး သတ်မှတ်ပါတယ်။၂ဝ၁ဝခုနှစ် အတွက် နိုင်ငံခြားသား အလုပ်သမားခေါ်ယူဖို့ အရေအတွက်က ၂၄,ဝဝဝဦးပါ။
အဲဒီအနက်ကမှ ထက်ဝက်ဖြစ်တဲ့ ၁၂,ဝဝဝဦးက ကိုရီးယားနွယ်ဖွားတွေပါ။
ကျန်တဲ့နိုင်ငံသားတွေက ၁၂,ဝဝဝဦးပေါ့။

အဲဒီ အထဲကမှ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းကို နိုင်ငံခြားသား အလုပ်သမား ၃,ဝဝဝ ခေါ်ယူမယ်လို့ ခွဲတမ်းချထားတယ်လို့ ကိုရီးယား သတင်းတွေမှာ တွေ့လိုက်ရတယ်ဗျ။
ကိုရီးယားနိုင်ငံကို (EPS)နဲ့ အလုပ်သမားလွှတ်ဖို့ သဘောတူထားတဲ့ နိုင်ငံပေါင်း မြန်မာနိုင်ငံ အပါအဝင် လက်ရှိ ၁၂နိုင်ငံရှိပါတယ်။
ညီတူမျှတူ ခွဲတမ်းအရဆိုရင်တော့ လူ ၁,ဝဝဝလောက်တော့ မြန်မာတွေ ခေါ်နိုင်တာပေါ့(ကျနော် ဖြစ်ချင်တာကို ပြောတာပါ။)
ဒါပေမယ့် မြန်မာပြည်က လုပ်ပိုင်ခွင့်ရ ကိုယ်စားလှယ်တော်ကြီးများ အရှုပ်တော်ပုံကြောင့် ကိုရီးယားက လူခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ပဲ သတင်းတွေ ရထားပါတယ်။
(ခိုင်လုံမှုတော့ မရှိသေးဘူးပေါ့။စုံစမ်းဆဲပါ)

ကိုရီးယားနိုင်ငံရောက် မြန်မာတွေ စစ်တမ်းရေးရင်း စာနည်းနည်း ရှည်သွားပြီ ထင်တယ်။
ကျန်တဲ့ အကြောင်းလေးတွေကို နောက်တစ်ပိုင်း အဖြစ် ပြောပြပေးချင်ပါတယ်။

မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်း ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေမှု အပေါင်းနဲ့ ပြည်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုလူချစ်(ကိုရီးယား)—
http://mabaydar88.blogspot.com/search/label/–  ဆီမှကူးယူဖေါ်ပြပေးလိုက်ပါသည်။

10 comments

  • bigcat

    October 23, 2010 at 5:07 am

    တခြားတော့ စိတ်မဝင်စားဘူး၊ ကိုရီးယားမတွေကတော့ ချောတယ်ဗျို့။ ယေဘူယျပြောတာပါနော်။ မချောတာတွေလည်း ရှိမှာပေါ့။ အယ်လ်အေဖက်က လာတဲ့အသိတယောက်ပြောဖူးတာတော့ ယူအက်စ်မှာရှိတဲ့ ကကြီးမတွေက ရိုင်းတယ်တဲ့။ ဒီကောင် ဘာသွားလုပ်လိုက်လဲတော့ မသိဘူး။ ယူအက်စ်ပေါက် ကကြီးတွေ အားလုံးလိုလိုက ခရစ်ယာန်ဘာသာကို ပြောင်းတာများပါတယ်။ အမေရိကန် ကိုရီးယားစစ်မှာ သွားပြီးအခြေချခဲ့တာကိုး။ သူတို့ဘဝတိုးတက်မှုအတွက် ဘာသာတရားကို လဲလိုက်တဲ့ သဘောပါပဲ။ အသိတယောက်က ကိုရီးယားသူဌေးဆီမှာ လုပ်တော့ သူ့သူဌေးက ဘာသာပြောင်းဖို့ဆွယ်တယ်။ သူတို့လည်း အရင်က မိရိုးဖလား ဗုဒ္ဓဘာသာတဲ့၊ ဒါပေမဲ့ ဘာသာပြောင်းပြီးနောက် ကြီးပွားလားတယ်လို့ပြောတာပဲ။ ဒီနေရာမှာတော့ ဂျပန်က သူတို့ထက်သာတယ်။ သူတို့ဘဝကို စစ်ရှုံးပြာပုံဘဝကနေ ဘာနဲ့မှမလဲဘဲ ရုန်းထပြီး ကိုယ်ဘာသာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ကြတယ်။

  • ဆူး

    October 23, 2010 at 5:23 am

    ကကြီးမလို့ ပြောတဲ့ ကိုရီးယားမတွေ မြင်ခဲတာတော့ သာမာန်ပါဘဲ.. ဂျပန်ပြည်က ဂျပန်မတွေကမှ တကယ်လှတာ.. သူတို့ကို ဘယ်တော့ ကြည့်ကြည့် မိတ်ကပ်အပြည့်နဲ့ ကျော့ကော့နေတာဘဲ.. ကိုရီးယားမတွေကတော့ ရွက်ကြမ်းရေကျို.. ရုပ်ရှင်ထဲမှာသာ.. ဘာပဲပြောပြောပေါ့လေ.. တရုတ်မျိုးနွယ်တော့ အသားဝင်းတယ်.. အအေးဓါတ်များတဲ့ တိုင်းပြည်ဆိုတော့ ချွှေးမထွက်တော့ မျက်နှာမှာ လိမ်းထားတဲ့ မိတ်ကပ် အဆီမပြန်ဘူးပေါ့.. ဒါလေးတွေက အားသာချက်ဘဲ..

  • weiwei

    October 23, 2010 at 5:40 am

    ကကြီးမတွေ တော်တော်ကဲတယ် … ကြည့်လိုက်ရင်တော့ ငယ်ငယ်လေးတွေ .. ရိုးရိုးသားသားမျက်နှာလေးတွေနဲ့ ထင်ရက်စရာမရှိဘူး …

  • ဆူး

    October 23, 2010 at 5:46 am

    ဟုတ်ပါ့ စပ်စလူးကို ထနေတာဘဲ.. တခုခုဆို အော်ဟစ်နေတာဘဲ.. သူတို့ စရိုက်နဲ့ ကိုယ်စရိုက်က တော့ တခြားစီဘဲ.. မျက်စိထဲမှာ ကန့်လန့်ကြီး.. အခုတော့ မြန်မာမှာ ရုပ်ရှင်တွေ ကြည့်ပြီး အတုတွေ ခိုးပြီး စရိုက်တွေက စပြီး ပျက်ချင်နေပြီ။

  • weiwei

    October 23, 2010 at 6:22 am

    ဗမာတွေက ရုပ်ရှင်ထဲကမြင်ရသလောက်ပဲ အတုခိုးလို့တော်သေးတယ်မှတ်နော် … တကယ့်အစစ်အတိုင်းသာမြင်ပြီး အတုခိုးရင်တော့ မတွေးရဲစရာပဲ … အဲဒီဇာတ်လမ်းတွေသာရေးတင်လိုက်ရင်တော့ အလုအယက်ဖတ်ကြမှာ မြင်ယောင်သေးတယ် …

  • kai

    October 23, 2010 at 7:12 am

    သိသလောက် အသိကကြီး(က – ကိုရီးယား)တွေပြောသလောက်..ယူအက်စ်မှာက်ုရီးယန်းအနေနဲ့အခြေချဖို့က..ခရစ်ယန်ဖြစ်မှလွယ်ပါတယ်.။
    ဆိုလိုတာက..ဘာသာရေးRဗီဇာပေါ့..။
    အဲဒါကြောင့်..ကိုရီးယားချပ်ချ်တွေကခေါ်တာ.ဗီဇာလျှောက်တာကပိုလွယ်ပါတယ်..တဲ့။
    သူတို့မှာ…တခြားအခွင့်အရေးသိပ်မရှိပါတဲ့..။ အဲဒါကြောင့် အယ်လ်အေမှာကိုရီးယားချ်ပ်တွေ..အရမ်းများနေတာသတိပြုမိကြမှာပေါ့..။

    ကိုရီယားပြည်ကိုယ်နှိုက်က..တကယ်ကိုခရစ်ယန်တွေများသလား…။ ဗုဒ္ဓဘာသာနဲ့ယှဉ်ရင်…ဘယ်အရေအတွက်ကပိုများသလည်း.. ကိုရီးယားမှာနေသူတွေဝေဖန်ပြောတာကို နားထောင်ကြည့်ချင်သား..။

    တောင်နဲ့မြောက်ကွဲနေသမျှ… တောင်ကိုရီးယားက…အလုပ်သမားတွေခေါ်နေဦးမှာလို့ထင်ပါတယ်..။
    သူတို့တွေ..ပြန်ပေါင်းတဲ့နေ… နိုင်ငံခြားသားအလုပ်သမားတွေ…ပြန်ကန်ထုတ်မဲ့နေ့ပါပဲ..။
    ဒါက..ဂျာမဏီအတွေ့အကြူံတွေကို ..ကြားပြီးမှန်းတာဖြစ်ပါကြောင်း..။

  • ဆူး

    October 23, 2010 at 7:49 am

    ဆရာ ခရိယာန်ပြောင်းပြီး နိုင်ငံသား ဖြစ်နိုင်တယ် ဆိုတော့ အတု ပြောင်းရင်ကော.. နောက်ဆက်တွဲလေး သိချင်တယ်..

    • kai

      October 23, 2010 at 8:00 am

      ယူအက်စ်ကကိုရီးယားချပ်ချ်က .. ကိုရီးယားမှာလူရှာတာဆိုတော့ … ကိုရီးယားအချင်းချင်း..မြွေမြွေချင်းခြေမြင်မှာပေါ့..။
      အတုမလုပ်သလောက်ပဲလို့ထင်ပါတယ်..။
      နောက်ပြီး..ခရစ်ယန်ဆိုတာက… ဘုရားသခင်သိမဲ့အလုပ် သိပ်မလုပ်ရဲတာလည်းပါပါတယ်..။
      အဲဒါကြောင့် ယူအက်စ်မှာ ကိုရီးယန်းချပ်ချ်တွေ..ဆက်မြဲနေတာပေါ့..။ သူတို့တွေ တကယ်ကို ဘာသာရေး.. လူမှုရေးတွေမှာ တက်တက်ကြွကြွလုပ်နေကြတာ..။

      Rဗီဇာက မြန်မာဘုန်းကြီးတွေလည်းပေးပါတယ်..။ ကြားထဲကကပ်ပိယတွေက ..ကပ်ပါလာနိုင်သပေါ့..။
      အဲလိုနဲ့ မြန်မာဘုန်းကြီးတွေ နိုင်ငံသားဖြစ်ကြတာ..။ ဆက်ပြောရင်.. ယူအက်စ်သံရုံးက ဓါတ်ပေါက်ကုန်ဦးမယ်..။ 🙂
      Ref: http://travel.state.gov/visa/temp/types/types_1272.html

  • winkyawaung

    October 23, 2010 at 5:07 pm

    အင်း ကြားလိုက်ရတာ ဘာသာပြောင်းတဲ့အကြောင်း ကို သိရတော့ စိတ်မကောင်းပါဘူးကွယ်.။

  • kounglay

    October 23, 2010 at 5:13 pm

    ကောင်းတယ်တခါလာလဲအိုပါးချင်နေကြတဲ ့ဟာတွေကိုဒါလေးတွေပေးဖတ်စေချင်တယ်ဗျာ
    ကူးခွင် ့ပြုနိုင်ပါ ့မလားဗျ…..ko aungkyawkhant

Leave a Reply