အိမတို့မိသားစု , လှပသော မြင်ကွင်းတစ်ခု
အိမတို့မိသားစုကို မနေ့ကပဲ နံမည်တွေနဲ့တကွ မိတ်ဆက်ခဲ့ပြီးပါပြီ … ဒီနေ့တော့ သူတို့ရဲ့ကလေးဘဝအကြောင်း ပြောပြချင်သေးတယ် … အငယ်ဆုံးကလေးလေး မေဆဲဗင်းကတော့ အရမ်းသေးညှက်နေပြီး တစ်ရက်ပဲ အသက်ရှင်ပြီး သေသွားပါတယ်။ စကားမစပ် တစ်ခုပြောပြချင်တာက တယ်ရီယာခွေးမတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလက ၂ လမပြည့်တာကို ကျွန်မတို့ သတိထားမိပါတယ်။ ကြောင်မနဲ့ ခွေးမမှာ ကြောင်မတွေက ခွေးမတွေထက် ကိုယ်ဝန်ဆောင်ချိန်ပိုကြာပါတယ်။ ကလေး ၆ ယောက်နဲ့ အိမနဲ့ကို ကျွန်မညီမက သူ့အိပ်ခန်းထောင့်မှာ ခြင်ထောင်တစ်ခုချုပ်ပြီး ထည့်သိပ်ပါတယ် … ခွေးကလေးတွေရဲ့နှာခေါင်းကို ခြင်ကိုက်ရင် သေတတ်တယ်လို့ သူများပြောတာ ကြားဖူးလို့ပါ … ၄ – ၅ ရက်သားလောက်ကြာတော့ ကလေးများတဲ့အိမခဗျာ နို့တိုက်လို့မနိုင်ဖြစ်နေတာကို တွေ့မိတယ် … အဲဒါနဲ့ ဈေးထဲသွားပြီး ကလေးစို့တဲ့နို့ဗူးရယ် နို့မုန့်ရယ်သွားဝယ်လိုက်တယ် … ခွေးလေးတွေကို တစ်ကောင်ချင်း ပေါင်ပေါ်မှာ အဝတ်ခင်းတင်ပြီး ကလေးလေးတွေနို့ဗူးတိုက်သလို တိုက်ရပါတယ်။ အစားပုတ်တဲ့ကောင်က အတင်းစို့ပေမယ့် အစားမမက်တဲ့ကောင်က မစို့ချင်ဘူး … ဒါပေမယ့် ကျွန်မတို့က လီတာအတိအကျနဲ့ အကောင်အားလုံးကို ဇွတ်အတင်းဝင်အောင် နို့တိုက်ပါတယ် …အဲဒီအချိန်မှာ ခွေးမကလေး မေသုံးက ပိုလီယိုရောဂါ မွေးရာပါ ပါလာတာကို စိတ်မကောင်းစွာနဲ့သိလိုက်ရတယ် … သူက မတ်တပ်ရပ်လို့မရဘူး .. ခြေထောက်ကလေးတွေကားပြီး ကြမ်းပြင်ပေါ်မှာပဲ ပြန်ကျသွားတယ် … မေးစေ့က ကြမ်းပြင်နဲ့ကပ်နေပြီး ပြားပြားလေးဖြစ်နေတယ် … သေးတွေချေးတွေလဲ အမြဲလူးနေတာပေါ့ … ဆရာဝန်တွေကို လိုက်ပြတော့မှ ဗဟုသုတတစ်ခုထပ်တိုးခဲ့ပါတယ် … အိမ ကိုယ်ဝန်ဆောင်တုန်းက ကိုယ်ဝန်ဆောင် အားတိုးဆေးမတိုက်ခဲ့လို့တဲ့ … ကယ်လစီယမ်ပါတဲ့ဆေးပြားတွေကို ကိုယ်ဝန်ရှိချိန်မှာ ကျွေးရမယ်လို့ ဆရာဝန်ကပြောတယ် … ကျွန်မတို့က လွန်သွားပြီဆိုတော့ ခွေးလေးကိုပဲ ကုသဖို့ ကြိုးစားရပါတယ်။
ရက် ၂ဝ ကျော်လာချိန်မှာတော့ အစားပုတ်တဲ့ခွေးကလေးတွေက နို့မုန့်အရည်ကို မဝတော့ပါဘူး … အဲဒါနဲ့ ဂိုးဒင်းကောင်းကလေးအာဟာရမှုန့်ရယ် နို့မုန့်ရယ်ရောပြီး နို့ဗူးကို အပေါက်နဲနဲချဲ့ပြီး တိုက်ရပါတယ်။ တစ်လအရွယ်မှာတော့ ခွေးလေးတွေ တော်တော်ကြီးလာပါပြီ။ မေသုံးလေးက ထွားလာပေမယ့် ပိုလီယိုရောဂါကတော့ မပျောက်သေးပါဘူး … သူ့ကိုမြင်တိုင်း စိတ်မကောင်းဖြစ်ကြရတယ်။ ကံကောင်းစွာနဲ့ ခွေးအထူးကု ဆရာဝန်နဲ့သွားပြမိပါတယ် … ဆရာဝန်က အေးအေးဆေးဆေးပဲ ပြန်ကောင်းသွားမှာလို့ပြောတယ် … ခွေးလေးကို အမြဲတမ်း နှိပ်ပေးရမယ်တဲ့ .. လက်ကလေး ခြေကလေးတွေကို အချိန်ရတိုင်း နှိပ်ပေးပါတဲ့ … ပြီးတော့ ကိုယ်လုံးကနေ အဝတ်တစ်ခုနဲ့ သိုင်းပြီး လမ်းလျှောက်ကျင့်ပေးရမယ်တဲ့ … ဆေးတိုက်စရာမလိုဘူးတဲ့ … သူ့ကို တစ်အိမ်သားလုံးက စိတ်ရှည်ရှည်နဲ့ နှိပ်ပေး လေ့ကျင့်ပေးလုပ်ပေးကြပါတယ်။ တစ်လသားကျော်ချိန်မှာတော့ အာဟာရမုန့်ကို ပိုပျစ်အောင်ဖျော်ပြီး ဇွန်းနဲ့ခွံပြီးကျွေးတယ် … သူတို့ ၆ ယောက်က အကျင့်စရိုက် ၆ မျိုးရှိပါတယ် … ဉာဏ်ရေလဲ ကွာတယ် … အကြီးဆုံး မေဝမ်းလေးက အသံလေးက စာနေပြီး အရမ်းစွာတယ် … သူကတော့ အချောဆုံးခွေးမကလေးပေါ့ … ကိုတူးက အရမ်းချွဲပါတယ် … လူကို သိပ်ခင်တယ် … မေသုံးကတော့ ရောဂါသယ်ဆိုတော့ သနားစရာလေး … ကိုလေးက အင်မတန်အစားပုတ်ပြီး ကိုယ်လုံးလေးက ဝတုတ်နေပါတယ် … ကိုညီက အမြှီးကောက်ကလေးနဲ့ ဉာဏ်အရမ်းကောင်းတယ် … ကိုထွေးကျတော့ ခြေထောက်ကလေးရှည်နေပြီး နောက်ကနေကြည့်ရင် တော်တော်လှတယ်။ သူတို့ကို ခွက်ကလေးတွေနဲ့ အာဟာရမှုန့်ကို စမ်းပြီး ကျွေးတဲ့အချိန်မှာတော့ မျက်နှာတွေပေပွကုန်တယ် … အဝတ်စိုကလေးတစ်ခုနဲ့ ပါးစပ်တွေကို လိုက်သုတ်ပေးရပါတယ်။ သူတို့ကို အရိပ်တကြည့်ကြည့်နဲ့ ကျွန်မတို့ မောင်နှမသုံးယောက်မှာ မမောနိုင် မပန်းနိုင်ပါပဲ … ခွေးလေးတွေကို ၄ လ မပြည့်မချင်း ရေမချိုးပေးရဘူးလို့ ဆရာဝန်ကမှာထားတယ်။ ရေကျောက်ပေါက်ပြီးသေနိုင်တယ်တဲ့ .. ပေါက်ကရလဲ မကျွေးရဘူး သွေးဝမ်းသွားပြီး သေနိုင်တယ်လို့မှာထားလို့ ကျွန်တို့လဲ အထူးဂရုစိုက်ကြပါတယ်။ ၂ လ ပြည့်ပြီးနောက်မှာတော့ အိမက အဆန်းတစ်ခုလုပ်ပါတယ်။ သူ့ကိုကျွေးတဲ့ထမင်းတွေကို ငုံထားပြီး သူ့သားသမီးတွေကို ပြန်အန်ကျွေးပါတော့တယ်။ အဲဒါနဲ့ အိမကို ပြောရတယ်။ ကလေးတွေကို ထမင်းကျွေးစေချင်ရင် ကျွေးပါ့မယ်လို့ .. အဲဒီလိုတော့ စိတ်မကောင်းအောင် ပြန်အန်မကျွေးပြနေပါနဲ့လို့ … အဲဒါနဲ့ ဆန်နဲ့ကြက်ရိုးနဲ့ကို ဆန်ပြုတ်ခပ်ပျစ်ပျစ်ကျိုပြီး ကလေးတွေကို ထမင်းစကျွေးပါတယ် …
မေသုံးလေးကိုတော့ နှိပ်ပေးလိုက် လေ့ကျင့်ခန်းလုပ်လိုက်နဲ့ ၃ လ သားအရွယ်တစ်ရက်မှာတော့ တုန်ချိတုန်ချိနဲ့ လမ်းထလျှောက်နေတာကို ဝမ်းသာအားရမြင်တွေ့လိုက်ရပါတယ် … ကျွန်မတို့ မိသားစုအားလုံးအတွက် အင်မတန်လှပသော မြင်ကွင်းတစ်ခုဖြစ်ပါတယ် …
9 comments
ဆူး
November 20, 2010 at 9:52 am
အိမ နဲ့ ကလေး တသိုက် ကြည့်သွားတယ်
manawphyulay
November 20, 2010 at 11:33 am
မနောဘဝလည်း ခု အစာအိမ်ဖြစ်နေတော့ အိမတို့ဘဝနဲ့မခြား ဆန်ပြုတ်သောက်နေရပါလားနော်……….
char too lan
November 20, 2010 at 12:48 pm
ကျန်းမာရေးကိုဂရုစို်က်ကြပါရွာသူရွာသားတို့~~
အိမတို့မိသားစုကလဲအရောင်စုံလေးနော်
weiwei
November 20, 2010 at 1:02 pm
အင်တာနက်က ခွေးမိသားစုပုံကို ထည့်ထားတာ .. အိမတို့မိသားစုလဲ အရောင်စုံလေးတွေပဲ … ဓါတ်ပုံက နယ်ကအိမ်မှာရောက်နေလို့ .. နောက်ကြုံမှပဲ ပြတော့မယ် ..
The Reds
November 20, 2010 at 2:39 pm
လှလိုက်တာ အရောင်တွေလဲစုံပ …
kopauk mandalay
November 20, 2010 at 3:14 pm
ဟယ်လိုမမရေ
ခွေးလေးတွေကိုတောင် ဒီလောက်ချစ်တတ်နေမှာတော့ တူ တူမလေးတွေများဆိုရင်အလိုလိုက်ကြ ကြင်နာလိုက်ကြမှာ များ သူများတွေလိုက်မမှီလောက်ဘူးနော်လို့ တွေးမိပါတယ်။
ခွေးဗဟုသုတလဲ အတော်လေးကို ရလိုက်ပါတယ်။
တစ်ခါထည်းဆက်တွေးမိတာကတော့ မတွေးစကောင်းလို့ပြောရင်လဲရပါတယ်။
မချစ်တတ်တဲ့လူ မိသားစုမှာလူဖြစ်ရတာထက်စာရင် ဟယ်လိုမမတို့လို ကြင်နာတတ်တဲ့အိမ်မှာ ခွေးကလေးဖြစ်ရတာကတောင် ကောင်းမလားလို့ ……………………………..
ဆူး
November 21, 2010 at 3:32 am
လူဘဝ ရခဲ လှပါဘိ.. အတိတ်ကံ အကျိုးကြောင့် သာတာ ရှိသလို နာလည်းလည်း ကိုယ်ပြုခဲ့ သမို့.. အထက်ကနေ အောက်ကို လှမ်းကြည့်ပြီး ပီတိ မဖြစ်စကောင်း.. ဖြစ်မကောင်း ပါလားနော်.. မုဒိတာ ပွားကောင်းပါ၏
bigcat
November 21, 2010 at 5:14 am
ခွေးဆိုတာ အလကားကောင်၊ ခိုင်းဖတ်အဆင့်ပဲရှိတာ၊ ကြောင်တွေက ကျားဆရာ၊ လူတွေရဲ့ အပြုအစု အယုအယ ခံဖို့လာတဲ့ ဘုန်းရှင်ကံရှင် သတ္တဝါတွေ။ ခွေးအကြောင်းကို ဒီမှာတင်ရပ်ဖို့ မန်းလေးဂေဇက် ကိုယ်စား သတိပေး လိုက်ပါရစေ။
weiwei
November 21, 2010 at 5:34 am
ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဖက်နောက်ကကျော … 🙂 🙂
ဦးကြောင်ကြီးကလဲ ဇာတ်လမ်းက အစပဲရှိသေးတယ် … မလွမ်းစကောင်း လွမ်းစကောင်းလေ … ကြောင်မိသားစုလဲ နောက်ဇာတ်လမ်းတွဲတွေမှာ ပါလာအုန်းမှာမို့ ဆက်ရေးမယ်နော် … နော် …