တရုတ် ပညာရေး တစေ့တစောင်း, China Education

weiweiNovember 21, 20101min3459

ဒီနေ့ည တရုတ်ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာပြိုင်ပွဲကို သွားကြည့်ဖြစ်တယ် … သူတို့တွေ အရမ်းတက်ကြွပြီး ကြိုးကြိုးစားစား ပြိုင်ပွဲဝင်ကြတာကို တွေ့မိတော့ သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကို သိသလောက် ပြန်ပြောပြချင်စိတ်ပေါ်လာတာနဲ့ ဒီပို့စ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

သူတို့တွေရဲ့ အထက်တန်းပညာရေးစနစ်က ကျောင်းသားတွေကို ပင်ပန်းစေပါတယ်။ မဖြစ်မနေဆိုတဲ့ အမိန့်တစ်ခုနဲ့လုပ်နေရသလို သူတို့ကိုယ်တိုင်ကလဲ အပြိုင်အဆိုင်စိတ်ဓါတ်နဲ့ အလွန်ကြိုးစားကြပါတယ်။ မိဘတွေကလဲ တစ်ဦးတည်းသော သားသမီးတွေမို့လို့ အရမ်းပံ့ပိုးကြပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ မေဂျာကောင်းကောင်း ကျောင်းကောင်းကောင်းမရရင် သူတို့နောင်ရေးက ရင်လေးစရာဖြစ်မှာဆိုတော့ အစွမ်းကုန်ကြိုးစားကြရပါတယ်။

အဲဒီလိုနဲ့ တက္ကသိုလ်ရောက်လာရော … နေတဲ့မြို့နဲ့နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကျောင်းသားအားလုံး ကျောင်းဆောင်မှာနေကြရပါတယ်။ တစ်ခန်းကို ၆ ယောက်နေရပြီး ၂ ထပ်ကုတင်တွေနဲ့အိပ်ရပါတယ်။ ပထမနှစ်မှာ စစ်ဝတ်စုံနဲ့စစ်သင်တန်းလိုမျိုး ၃ ပတ်ခန့် လေ့ကျင့်ပေးပါတယ်။ ဘာကြောင့်လဲလို့မေးကြည့်တော့ ကလေးတွေက အိမ်မှာတစ်ဦးတည်းသောသားသမီးတွေမို့လို့ နေထိုင်သွားလာစားသောက်ပုံစနစ်ကျအောင်နဲ့ အားလုံးတစ်သားထဲဖြစ်အောင် လေ့ကျင့်ပေးတာဖြစ်တယ်လို့သိရပါတယ်။

စာစသင်ပြီဆိုတာနဲ့ မနက် ၈ နာရီအတန်းစပါတယ်။ ကျောင်းသားအားလုံး မဖြစ်မနေကျောင်းတက်ရပါတယ်။ အိပ်နေလို့မရပါဘူး။ မနက် ၆ နာရီခွဲမှာ အလှည့်ကျ ကျောင်းသားခေါင်းဆောင်က အားလုံးကို လိုက်နှိုးပါတယ်။ ကျောင်းသားဆောင်တွေအနီးအနားမှာ စားသောက်ဆောင်လဲ အချိန်နဲ့ဖွင့်ပါတယ်။ မနက်စာကို ၆ နာရီခွဲကနေ ၈ နာရီခွဲအထိဖွင့်ပေးတယ်။ ကျောင်းသားကတ်ထဲမှာ ပိုက်ဆံထည့်ထားပြီး မနက်စာတွေကို ကတ်နဲ့ဝယ်စားရပါတယ်။ ပေါက်စီ ကြက်ဥပြုတ်နဲ့ ပဲနို့ရည်ကို စားကြတယ်။ ကျောင်းချိန်မမှီမှာစိုးလို့ စာသင်ခန်းကိုသွားတယ့်လမ်းမှာတင် စားသွားကြတာများပါတယ်။ စာသင်ဆောင်ကြီးထဲဝင်မယ့် အပေါက်မှာ ဆရာတွေက စောင့်နေပါတယ်။ မုန့်ကိုင်ပြီးအတန်းထဲဝင်ခွင့်မရှိပါဘူး။ အတန်းထဲမှာတော့ အိပ်ငိုက်ခွင့်ရှိပါတယ်။ အဓိကကတော့ ကျောင်းခန်းထဲမရောက်ရောက်အောင်လာဖို့ပဲဖြစ်ပါတယ်။

စာသင်ချိန်တွေမှာ ကျောင်းဝင်းထဲမှာ တိတ်ဆိတ်နေပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်ကို အပြင်မှာတွေ့ရင် ဆရာက ခေါ်စစ်နိုင်ပါတယ်။ အတန်းချိန်ရှိလျက်နဲ့အပြင်မှာတွေ့ရင်တော့ ပြသနာတက်မှာဖြစ်ပါတယ်။

နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ နားကြရတယ်။ နေ့လည်စာထမင်းကို စားသောက်ခန်းမမှာ အမြန်စားပြီးတော့ အဆောင်ကို ပြေးပြီး အိပ်ကြပါတယ်။ ၂ နာရီထိုးခါနီးမှာမှ ပြန်ထပြီး ကျောင်းပြန်တက်ကြရတယ်။ ညဘက်အဆောင်တွေမှာ ည ၁၁ နာရီထိုးတာနဲ့ မီးပိတ်ပစ်လိုက်ပါတယ်။ အားလုံးအိပ်ရမယ်ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် ကျောင်းသားတွေက ကွန်ပျူတာကိုခိုးသုံးကြပါတယ်။ သူတို့တွေက ဂိမ်းကစားတာကို အရမ်းဝါသနာပါကြတယ်။ သူတို့ပညာရေးစနစ်မှာ စာမေးပွဲကို သိပ်ပြီးခက်ခဲတဲ့မေးခွန်းမမေးပါဘူး။ ကျောင်းခေါ်ချိန်မှန်ရင် စာမေးပွဲအောင်ဖို့သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက စာကြိုးစားကြပါတယ်။ သူတို့အလုပ်လျှောက်တဲ့အခါ အမှတ်ကလဲ အရေးကြီးတယ်လေ။ မာစတာဆက်တက်ချင်ရင်လဲ နောက်ဆုံးနှစ်မှာ ကိုယ်တက်ချင်တယ့်ကျောင်းနဲ့မေဂျာကို စားမေးပွဲလှမ်းဖြေရပါတယ်။ အဲဒါကလဲ တော်တော်ခက်တော့ သူတို့တွေခဗျာ အမြဲတမ်းကြိုးစားနေကြရတာပေါ့။ စာကြည့်တိုက်မှာ စာကြည့်ခန်းတွေရှိပါတယ်။ အဲဒီမှာလဲ ကျောင်းသားတွေအမြဲပြည့်နေတယ်။ အစောကြီးထသွားပြီး နေရာဦးရပါတယ်။ ရှိုးအပြည့်ဖြင့် ကျောင်းတက်သူများမရှိပါ။ အဝတ်အစားကို ဖြစ်သလိုပဲဝတ်ကြတယ်။ ရည်းစားနဲ့တွဲပြီး အချိန်ဖြုန်းသူများလဲမတွေ့ရပါ။ ထိုင်ပြီးလေကန်လို့ရတဲ့ လက်ဖက်ရည်ဆိုင်လုံးဝမရှိပါ။ ခဏတဖြုတ်ထိုင်ချင်ရင်တော့ ကျောင်းဝင်းထဲမှာ ခုံတန်းလျားတွေ ပန်းခြံအသေးလေးတွေရှိပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြေအောင် ဖန်တီးပေးထားပါတယ်။

အားကစားကိုမေဂျာတစ်ခုအနေနဲ့ မဖြစ်မနေသင်ယူလေ့ကျင့်ရပါတယ်။

တစ်ခုဆိုးတာကတော့ သူတို့တွေက စာမေးပွဲမှာ နည်းမျိုးစုံနဲ့ခိုးချတတ်တဲ့အကျင့်ပါပဲ။ အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ခဲ့ရတာ အကျင့်ပါနေတော့ ဘာမဆိုလောဘလဲကြီးပါတယ်။ သူတို့ကျောင်းသားတွေက ဆရာတွေကို ပြန်ပြောကြပါတယ်။ မကြောက်ကြပါဘူး။ လေးစားမှုအားနဲပေမယ့် ကိုယ်မှန်တာပြောရဲတာကိုတော့ ချီးကျူးပါတယ်။

နောက်တစ်ခုသတိထားမိတာက ဆရာ ဆရာမတွေကို ကျောင်းကနေ တိုက်ရိုက်ခန့်တာပါ။ ကျောင်းနံမည်ကြီးရင်ကြီးသလို ကျောင်းဆရာလစာကလဲကွာပါတယ်။ သူတို့တွေက လစာရင်းအပြင် စာသင်ချိန်အလိုက် ပိုက်ဆံရပါတယ်။ ကိုယ့်စာသင်ချိန်မရှိတဲ့နေ့ ကျောင်းကိုလာစရာမလိုပါဘူး။ သင်တဲ့ဆရာကိုမကြိုက်လို့ တိုင်တာများလာရင်လဲ အလုပ်ပြုတ်ပါတယ်။ အချိန်ကိုတော်တော်လေးစားကြတာကိုလဲ သတိထားမိတယ်။

ကျွန်မအမြင်ကိုတင်ပြရရင်တော့ သူတို့ပညာရေးစနစ်က တစ်နည်းအားဖြင့်ကောင်းပါတယ်။ သူတို့လူမျိုးတွေနဲ့လဲ သင့်တော်တယ်။ ဒါသင် ဒါတတ် ဒါခိုင်း ဒါလုပ် လိုမျိုးတော့ ဖြစ်နေတယ်။ လွတ်လပ်စွာတွေးခေါ်တတ်တဲ့အလေ့အထမှာတော့ အားနည်းနေတာတွေ့ရတယ်။ ဒါပေမယ့်လဲ လူဦးရေအရမ်းများတော့ ထူးချွန်တဲ့သူတွေလဲ ပေါ်ထွက်နေကြတာပဲ။ ကျွန်မအနေနဲ့ ကျောင်းသားဘက်ကကြည့်ပြီးပြောရရင်တော့ အဲဒီလိုတင်းကြပ်တဲ့ ပညာရေးစနစ်ကိုမကြိုက်ပါဘူး။ လူကြီးနေရာကနေပြန်ကြည့်ရင်တော့ အဲဒီလိုလုပ်တာကောင်းတယ်လို့မြင်မိတယ်။

9 comments

  • weiwei

    November 21, 2010 at 5:35 pm

    မြင်မိသမျှ မေးထားမိသမျှ အလွတ်သဘောချရေးထားခြင်းမျှသာဖြစ်ပါတယ် …

  • bigcat

    November 21, 2010 at 5:51 pm

    ကျောင်းတက်တုန်းက နွေရာသီအတန်းတခုမှာ ပရောဖက်ဆာက ပုံမှန်သင်ရမဲ့ကို့စ်ကို ကြားဖြတ်ကာလတိုအတွင်း အတန်းချိန်အရှည်ကြီးပေးပြီး သင်ခိုင်းလို့ စိတ်တိုတိုနဲ့ ကျောင်းအုပ်ချုပ်ရေး မတတ်ပုံ အကြောင်းပြောသင်ပါတယ်။ အတန်းထဲမှာလည်း ငါးမိနစ်ထက် ပိုနောက်ကျရင် ပေးမဝင်၊ အဲဒါလည်း သုံးကြိမ်ထက်မပိုရ၊ ကြားထဲမှာ အားလပ်ချိန်မပေးဘူး၊ အပေါ့အပါးသွားရင်သွား ဒါပေမဲ လက်ချာကိုမရပ်ပေးနိုင်လို့ တင်းကျပ်လှတဲ့ စည်းကမ်းတွေနဲ့ ကိုင်ပါတယ်။ နွေရာသီဆက်ရှင်ဆိုတာ ပြောရရင် ချောင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်သူများပါတယ်။ တကဲ့အရေးကြီးတဲ့ ကို့စ်တွေလည်းမသင်ပါ။ များသောအားဖြင့် ကျောင်းတွေက အားလပ်ရပ် ပိတ်ထားရမဲ့အတူတူ ကျောင်းပိတ်ရက် ခရီးမထွက်တဲ့ ကျောင်းသားတွေကို ဘော်ချက်တာ များပါတယ်။ အတန်းထဲက ကျောင်းသားတွေကလည်း ဘယ်ခံမလဲ၊ ခလေးအတန်း မဟုတ်ဘဲ ကလေးကလားလာ လုပ်ရမလားဆိုပြီး Dean လုပ်သူကို စာရေးတိုင်ကြတယ်၊ အခြား အတန်းမှာဆို နောက်ကျဝင်တဲ့ ကျောင်းသားနဲ့ ပရော်ဖက်ဆာနဲ့ နောင်ဂျိန်ချကြတယ်။ နောက်ဆုံး ပရော်ဖက်ဆာဖက်က အလျော့ပေးရပါတယ်။ ဆရာလုပ်သူကလည်း သူ့ကိုဝိုင်းဆော်မှာ သိလို့ ကို့စ်ပြီခါနီးမှာ သင်ကြားမှုကောင်းမကောင်း အကဲဖြတ်ချက် ဖောင်တွေကို ကျောင်းသားတွေကို မပေးတော့ဘူး။ ရလဒ်ကတော့ စာမေးပွဲမှာ မေးခွန်းအခက်နဲ့ မိကြပါတယ်။ သူ့ဂွင် ကိုယ်ဂွင် ဆိုတာ ရှိစမြဲ မဟုတ်လား။

  • zawana

    November 22, 2010 at 2:52 am

    တက္ကသိုလ် ကျောင်းသားတွေအတွက် သိပ်တင်းကျပ်လွန်းတယ်လို့ မြင်ပါတယ်။
    ဒါပေမဲ့ ပညာရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆက်လက် သင်ယူလေ့လာလိုစိတ်ကို မွေးမြူပေးနိုင်တယ်လို့ ထင်ပါတယ်။
    စာကြည့်ခန်းတွေမှာ အမြဲပြည့်နေတတ်တယ် ဆိုလို့ပါ။
    မြန်မာနိုင်ငံက ကျောင်းသားတွေကတော့ ကျောင်းသာပြီးသွားတယ်၊ စာကြည့်တိုက်ကို တစ်ခါမှ မရောက်ဖူးသူတွေက များနေတာ ဝမ်းနည်းဖို့ ကောင်းပါတယ်။

  • koyinmaung

    November 22, 2010 at 4:01 am

    တရုတ်ပြည်ကအငယ်တန်းခလေးတွေ အလီ သင်တာစိတ်ဝင်စားဘို့ကောင်းတယ် ကျွန်တော်တို့ဆီမှာ၂အလီကနေ၂၄အလီထိရှိတယ်၁၂အလီထိတော့သင်ကြရတယ်ထင်တယ် သူတို့ဆီမှာ၂အလီကနေ၉အလီထိဘဲရှိတယ် ပိုပြီးစိတ်ဝင်စာဘို့ကောင်းတာက ၂အလီဆို၂*၂=၄ ကနေစတယ် ်၃လီဆို၃*၃=၉ကနေစတယ် ၉လီဆို၉*၉=၈၁ တခုဘဲရှိတော့တယ် ဒီသင်တဲ့ပုံစံတော့ကြိုက်တယ်..ကျောင်းမှာဘဲစာပြီးအောင်လုပ်တာများပါတယ် ပုံနှိပ်စာအုပ်ထဲမှာဘဲကွက်လပ်ဖြည့်တာများတယ် အိမ်မှာစာအော်ကျက်တာ တခါမှမတွေ့ဘူးပါ ပုံမှန်တနှစ်တတန်းအောင်တာများပါတယ် အင်္ဂလိပ်စာတော့အထူးညံကြတာတွေ့ရပါတယ် အသံထွက်တွေလဲမှန်ပါ။။

  • weiwei

    November 22, 2010 at 5:28 am

    တရုတ်ကလေးတွေဟာ နွေရာသီကျောင်းပိတ်ရက်မှာ ဂီတနဲ့အကသင်တန်းတွေကို တက်ကြရပါတယ် … စိတ်ဝင်စားရာ တူရီယာတစ်ခုခုကို တီးမှုတ်တတ်အောင်သင်ကြတယ် … ရိုးရာ တေးသီချင်းနဲ့ အကပညာကိုလဲ သင်ယူကြရပါတယ် … အဲဒီ့အပြင် အင်္ဂလိပ်စာအပိုသင်တန်းလဲ တက်ရသေးလို့ ကလေးတွေကျောင်းပိတ်ရက်ကလဲ ပျော်စရာမရှိပါဘူး …

  • လင်းဝေကျော်

    November 22, 2010 at 6:29 am

    တကယ်တော့ တက္ကသိုလ်ဆိုတာ စဉ်းစားတွေးခေါ်မှု ကိုအားပေးတဲ့ နေရာပါ။
    လွပ်လပ်စွာနေထိုင်စေပြီး အသင်းအဖွဲ့များထဲပါဝင်ပတ်သက်စေကာ လူ့အဖွဲ့အစည်းမှာနေထိုင်ပြုမူတတ်အောင်သင်ကြားလေ့ကျင့်ပေးတဲ့နေရာပါ။
    ကျောင်းက လက်ချာဆိုတာ တွေးခေါ်ဖို့ အစလေးပေးရုံပါပဲ။ ကျန်တာ သက်ဆိုင်ရာ ဘာသာရပ်စာအုပ်တွေဆက်ဖတ် လေ့လာ စဉ်းစား။
    နောက် ကျောင်းထဲမှာ လောကငယ်လေးတစ်ခုဖန်တီးပေးထားပြီး လွပ်လပ်စွာနေထိုင်ပြုမူခွင့်ရှိမှ တက္ကသိုလ်ဖြစ်မှာပါ။ မဟုတ်ရင်တော့ သင်တန်းပဲ။ အလုပ်ခွင်ဝင်သင်တန်းမျိုးပဲဖြစ်မှာပါ။

  • weiwei

    November 22, 2010 at 11:21 am

    ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ကိုလင်းဝေကျော်ပြောတဲ့ တက္ကသိုလ်ပညာရေးမျိုးကို အကောင်အထည်ဖော်နေနိုင်ပေမယ့် တရုတ်နိုင်ငံလိုမျိုး တိုးတက်မှုမြန်အောင်လုပ်နေတဲ့နေရာမှာတော့ အမိန့်နဲ့ ပြစ်ဒဏ် (ဥပဒေ)ကို လိုက်နာအောင် အတင်းဇွတ်လေ့ကျင့်တဲ့ ပညာရေးစနစ်နဲ့ပဲ ကမ္ဘာ့အလယ်မှာ အောင်မြင်ဝံ့ကြွားနေနိုင်ကြပြီ …
    သူတို့အသုံးပြုတဲ့ ဆောင်ပုဒ်တစ်ခုရှိတယ် ….
    သူများလုပ်နိုင်တာ တို့လုပ်နိုင်ရမည် … သူများမလုပ်နိုင်သည့်တိုင်အောင် တို့လုပ်နိုင်ရမည်တဲ့ …

  • unclegyi1974

    November 22, 2010 at 3:29 pm

    စိတ်ဝင်စားစရာကောင်းပါတယ် ကောင်းတာတွေလဲ
    တွေ့ပါတယ်မြန်မာမှာလဲလိုက်လုပ်ဖို့ကောင်းနေပြီ
    ထင်ပါတယ်
    တရုတ်ကပညာရေးအရေးကြီးတာကို ၁၉၉၈ ကတည်းကသိပြီး ဦးစားပေးလုပ်လာတာအတော်
    ခရီးရောက်နေပါပြီ
    တရုတ်ကလေးတွေ eng; ညံ့တယ်ဆိုတာမှန်ပေမဲ
    တရုတ်ပြည် နင်ဘိုမြို့မှာရိုတဲ့ နော်တင်ဟမ်
    တက္ကသိုလ်မှာတော့မဟုတ်လောက်ဘူးနော်

  • weiwei

    November 22, 2010 at 3:37 pm

    ကျွန်မတို့ မြန်မာ့ပညာရေးလဲ တရုတ်တွေဆီကနေ အတုယူနိုင်ရင်ကောင်းမှာပဲလို့ စိတ်ကူးရတာနဲ့ ဒီပို့စ်ကိုရေးလိုက်တာပါ … သူတို့အောင်မြင်တာ လက်တွေ့ပဲလေ … အခုခောတ်တရုတ်ကလေးတွေက အင်္ဂလိပ်စာညံ့တာမဟုတ်ပါဘူး … အင်္ဂလိပ်အသံထွက်ကို မှန်အောင်မထွက်နိုင်တာပါ .. အဲဒါကလဲ သူတို့တရုတ်စကားအသံထွက်နဲ့ ဘယ်လိုမှ မနီးစပ်လို့ဖြစ်ရတာဖြစ်ပါတယ် …

Leave a Reply