လွတ်မြောက်နေတဲ့ မြို့ဆီမှာ – အောင်မိုးဝင်း
“ဒီမြို့ကို မင်းတို့သိမ်းပိုက်ကျူးကျော်လို့ ရနိုင်ပါတယ်
ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်တွေကိုတော့ အနိုင်ကျင့်လို့ရမယ်မထင်ဘူး
မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ ငါတို့မြို့သူမြို့သားတွေရဲ့အကြောင်း
သမိုင်းရဲ့နှုတ်ခမ်းလွှာတွေပေါ်မှာ အဆက်မပြတ်စီးဆင်းနေကြပါစေသား”
ကျနော့မြို့လေးဆီကို အကြိမ်ကြိမ်ပြန်ရောက်ခဲ့တယ်။ ၁၉၈ဝ တုံးက ကျနော်တို့နဲ့အတူနာနာကျင်ကျင်ခံစားခဲ့ရတဲ့သူတွေရဲ့မိသားစုတွေ
ဘယ်လိုနေကြသလဲ။ မြို့လေးကရော ဘယ်လိုပြောင်းလဲခဲ့သလဲ။ ကျနော်တို့ စီးနေကျ ဘတ်စ်ကား ပြေးလမ်းတလျှောက် မီးလောင်နေတဲ့ အဆောက်အဦတွေကြားမှာ စူးစူးရဲရဲအော်ဟစ်နေတဲ့ ပြည်သူတွေ၊ အသံလွှင့်ရုံဆီကနေ ဒေါသတကြီး
ခြိမ်းခြောက်နေတဲ့ လူသတ်သမား ချန်ဒူးဝမ် ရဲ့ လူမိုက်ဆန်ဆန်ပုံရိပ်တွေ၊
ဘုရားရေ- ကျနော့သူငယ်ချင်းရဲ့အိမ်ရှေ့မှာ တွဲလွဲချိတ်ဆွဲယိမ်းထိုးနေတဲ့ အရာတခုအောက်ဆီ လူတွေစုရုံးနေကြပါလား။ ကျနော်တွေးထင်ထားသလိုမျိုး မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း ကျနော့ခြေလှမ်းတွေကို တချက်ခြင်းအရှိန်မြင့်လိုက်တယ်။
(က)
၁၈၇၉ မှာ ပတ်ချုံဟီး လုပ်ကြံခံလိုက်ရတော့၊ လူသတ်မှုကို ဦးဆောင်စစ်ဆေးမဲ့သူက ဗိုလ်ချုပ်ချန်ဒူးဝမ်ဖြစ်တယ်။
သူက တောင်ကိုရီးယားဗဟိုထောက်လှမ်းရေး ( KCIA) ကို ရာဇဝတ်မှုတွေမှာ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို တဖြည်းဖြည်း
ချည်နှောင်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံရေးကို ချယ်လှယ်လွှမ်းမိုးနိုင်လာခဲ့တယ်။ ထောက်လှမ်းရေးဒါရိုက်တာ ကင်မ်ဂျေကြူး ကို
ဖမ်းဆီးအရေးယူလိုက်ပြီး သေဒဏ်ပေးလိုက်တယ်။ ဒီမိုကရေစီစံနစ်ကိုတည်ဆောက်မဲ့ အစိုးရတရပ်ပေါ်လာလိမ့်မယ် လို့ ပြည်သူတွေက
မျှော်လင့်ခဲ့ကြတယ်။ ပတ်ချုံဟီးလက်ထက်မှာ ပြည်ပကိုထွက်ပြေးသွားတဲ့ ပညာတတ်တွေလည်း နိုင်ငံဆီကို ပြန်ရောက်လာခဲ့တယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုဖိအားပေးလိုက်ကြတယ်။ ဒါပေမဲ့ ချန်ဒူးဝမ်က ရေးပေါ်စစ်အုပ်ချုပ်ရေးကို သက်တမ်း
တို့မြှင့်ခဲ့သလို၊ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ စစ်အာဏာသိမ်းယူလိုက်ကြောင်း ပြောင်ပြောင်တင်းတင်းကြေငြာလိုက်ပြန်တယ်။
အသံ (၂)
“မေလ တဲ့လေ။ ကျနေက ပူပြင်းလောင်မြှိုက်လွန်းတယ်။ ကျနော့သားက ကျောင်းသားသမဂ္ဂခေါင်းဆောင်သစ်ရွေးချယ်ပွဲမှာ တက်ရောက်ဆွေးဖို့အတွက် တက်တက်ကြွကြွပြင်ဆင်နေခဲ့တယ်။ နိုင်ငံကို ချုပ်ကိုင်တာဝန်ယူထားတဲ့ ချန်ဒူးဝမ် ဟာ ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းပစ်မယ်ဆိုတဲ့ သတင်းတွေက သူတို့တက္ကသိုလ်နယ်မြေထဲမှာ ပျံ့နှံ့နေတယ်။ ကိုရီးယားတက္ကသိုလ်တွေအားလုံးမှာလည်း အဲ့ဒီသတင်းကြောင့် လှုပ်လှုပ်ရှားရှားခါလှိုက်နေကြတယ်။ သိတ်မကြာဘူး။ ချန်ဒူးဝမ် ရဲ့ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးမြှင့်ခြင်း ရာဇသံတွေ၊ ကျောင်းသားအစည်းအဝေးတွေကိုဝင်ရောက်တိုက်ခိုက်ဖမ်းဆီးလိုက်တဲ့အကြောင်းအရာတွေ ၊ လူတွေရဲ့အာရုံဆီကို တခုပြီးတခုလာရောက်
နှောက်ရှက်နေခဲ့တယ်။ ဘယ်လိုဖြစ်ကုန်တာလဲ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်တယောက်သေဆုံးသွားပြန်တော့လည်း သူ့ထက်ဆိုးတဲ့ စစ်အာဏာရှင်တယောက် ပေါ်လာနေတော့တယ်။ ကျနော့သားရဲ့ အဆိုအရ မနက်ဖြန်ကျရင် “ညမထွက်ရ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်း တိုးမြင့် တာကို ဆန့်ကျင်ဖို့အတွက် သူတို့ရဲ့ချွန်နမ် တက္ကသိုလ် ကို သိမ်းပိုက်ပြီး ဆန္ဒပြကြမယ်” တဲ့။
ဗိုလ်ချုပ်ချန်ဒူးဝမ် က ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းပိတ်ပင်ပစ်ရုံတင်မကပါဘူး။ သူ့ကိုဝေဖန်လာတဲ့သူမှန်သမျှကို အပြတ်ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဂွမ်ဂျူးပြည်နယ် ကို လည်း ကွန်မြူနစ်တွေကို စာနာနားလည်တဲ့ဒေသအဖြစ်ဝါဒဖြန့်ခဲ့ပြီး
မငြိမ်သက်မှုတွေကိုနှိမ်နှင်းဖို့ စစ်တပ်တွေကို စေလွှတ်ခဲ့ပါတယ်။ တက္ကသို်လ်ဝင်းအတွင်းမှာ ဆန္ဒပြနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကိုရှင်းလင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ ”
အသံ (၃)
“ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေးခြင်းမရှိပဲ ကျောင်းသားအုပ်တွေဆီကို မျက်ရည်ယိုဗုံးပစ်ခွဲလိုက်တယ်။ သေနတ်သံတွေက ဆက်တိုက်ကြားလာရတယ်။ မကြာဘူး။ ကျောင်းသားလေးယောက်သေဆုံးခဲ့သွားပြီ ဆိုတဲ့ သတင်းတွေက ကျနော်တို့ကို ရင်ကွဲစေတယ်။ တက္ကသိုလ်နယ်မြေတခုလုံးမှာ ယမ်းနံ့တွေဝေနေပြီလေ။ အဖမ်းခံရတဲ့ ကျောင်းသားတယောက်လည်းစစ်ကြောရေးစခန်းမှာ သေဆုံးသွားခဲ့တယ်လို့ဆိုတယ်။ ပြည်သူတွေရဲ့ဒေါသတွေက ကျနေလိုပဲ ပူပြင်းတောက်လောင်နေခဲ့တယ်။
ဂွမ်ဂျုးမြို့လည်ခေါင်ဆီ ချီတက်ဆန္ဒပြခဲ့ကြတယ်။ ဖြစ်ရပ်မှန်သတင်းတွေကို လိမ်ညာထုတ်လွှင့်တဲ့ မူဟန် သတင်းဋ္ဌာန MBC ကို မီးရှို့တိုက်ခိုက်လိုက်ကြတယ်။ တက္ကစီ၊ဘတ်စ်ကားမောင်းသူတွေက သူတို့ရဲ့အလုပ်တွေကို ရပ်ပစ်လိုက်ကြပြီး ဆန္ဒပြပွဲကို ဝင်ရောက်ပူးပေါင်းလိုက်ကြတယ်။”
အသံ (၄)
ချန်ဒူးဝမ် ကလည်း အင်မတန်သဘောထားတင်းမာတဲ့ စစ်ခေါင်းဆောင်လေဗျာ။ ဂွမ်ဂျူးအုံကြွမှုကို ဖြိုခွဲဖို့အတွက် စစ်တပ်တွေကို ပိုမိုတိုးမြှင့်စေလွှတ်ခဲ့တယ်။ ဟောဒီ စိမ်းစိုနေတဲ့ ကွင်းပြင်တွေ၊ လေပြေလေညှင်းတွေအောက်မှာ ပြေးဆော့နေကြတဲ့ ကလေးတွေ၊ ကျနော်တို့ထွန်ယက်ခဲ့တဲ့ သီးနှံတွေနဲ့ တက္ကသိုလ်နယ်မြေဆီက လွတ်လပ်ပေါ့ပါးနေတဲ့ လူငယ်တွေရဲ့ ရင်ခုန်ခြင်းသီချင်းတွေ၊
ဒီ အရာအားလုံးကို ယမ်းနံ့တွေကြားမှာ ပိန်းပိန်းမှောင်ပျောက်ကွယ်သွားလို့မဖြစ်ဘူး။
ကျနော်တို့တတွေကလည်း ကျနော်တို့ရဲ့မြို့လေးကို ကာကွယ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။”
(ဂ)
ဂွမ်ဂျူးပြည်သူတွေက မြို့မျက်နှာဖုံးတွေအပါအဝင် ရှေ့နေတွေ၊ ပါမောက္ခတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို ရွေးချယ်လိုက်ကြပြီး ဂွမ်ဂျူးမြို့ရဲ့အာဏာပိုင်အဖွဲ့အစည်းအဖြစ် တင်မြှောက်လိုက်ပါတယ်။ သူတို့ရဲ့မြို့ကို လွတ်မြောက်ဒေသအဖြစ်ကြေငြာလိုက်ပါတယ်။
ချန်ဒူးဝမ်ကလည်း ဂွမ်ဂျူးအုံကြွမှုကို ရက်ရက်စက်စက်ချေမှုန်းခဲ့ပါတယ်။ စစ်တပ်ရဲ့ဝိုင်းရံပိတ်ဆို့မှုကို ခံလိုက်ရတဲ့ လူပေါင်း (၆၀၀၀) ကျော်
အနက် လူတထောင်ကျော်သေဆုံးခဲ့သလို၊ လူပေါင်း (၁၅၀၀) နီးပါးအဖမ်းခံခဲ့ရပါတယ်။ လူ (၃၀၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။
လူပေါင်း (၄၇၀) ကျော်ကို ကြီးလေးတဲ့ ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတယ်။ အဲ့ဒီထဲက ကင်ဒေးဂျုံအပါအဝင်
ခေါင်းဆောင် (၇) ယောက်ကို သေဒဏ်ပေးခဲ့ပြီး၊ (၁၂) ယောက်ကို တသက်တကျွန်းချမှတ်ခဲ့ပါတယ်။
အသံ (၅)
“သစ်ပင်မှာ တွဲလွဲချိတ်ဆွဲ ယိမ်းထိုးနေတဲ့ အရာက ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ကျနော့သူငယ်ချင်းရဲ့ခန္ဓာကိုယ် ဖြစ်နေတယ်လေ။ ဂွမ်ဂျူးလူသတ်ပွဲရဲ့အဖြစ်ဆိုးတွေက လူတွေကိုခြောက်လှန့်နေဆဲပဲ။ အဲ့ဒီအဖြစ်အပျက်အတွင်းမှာ ဒဏ်ရာရခဲ့ကြတဲ့ လူတချို့ဟာ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့သားသမီးတွေ၊ ချစ်သူ သူငယ်ချင်းတွေ ကို လွမ်းဆွတ်တသမှု၊ ကြောက်ရွံ့ထိတ်လန့်ဘွယ်မြင်ကွင်းတွေရဲ့
လှိုက်စားထိုးနှက်နေမှု–စတဲ့အိပ်မက်ဆိုးတွေကို မခံမရပ်နိုင်တဲ့အဆုံးမှာ ကိုယ့်ဘာသာ အဆုံးစီရင်သွားခဲ့တယ်။ ဂွမ်ဂျူးလူသတ်ပွဲမှာ ပျောက်ဆုံးသွားတဲ့ လူထောင်ပေါင်းများစွာဟာ ဒီကနေ့အထိပြန်လည်ရှာဖွေမတွေ့နိုင်ခဲ့တော့ဘူး။
ဒါပေမဲ့ အထက်မှာ ပြောခဲ့သလိုပဲ။ “မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ ငါတို့မြို့သူမြို့သားတွေရဲ့အကြောင်းသမိုင်းရဲ့နှုတ်ခမ်းလွှာတွေပေါ်မှာ
အဆက်မပြတ်စီးဆင်းနေကြပါစေသား” ဆိုတဲ့အတိုင်း ဂွမ်ဂျူးမြို့ရဲ့ခုခံစစ်ပွဲအကြောင်းကို ဒီကနေ့အထိ လူတွေပြောနေကြရတယ်။ အာဏာရှင်ဟောင်းချန်ဒူးဝမ် ကို ဖမ်းဆီးသေဒဏ်ပေးနိုင်ခဲ့တယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂ ါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်လိုက်တဲ့ ကိုရီးယားဒီမိုကရေစီရေးလှုပ်ရှားမှု ကို ခံစားကြည့်လိုက်ပါအုံး
သောတရှင်များခင်ဗျား
ပတ်ချုံဟီး လုပ်ကြံခံရမှုကို အခွင့်ကောင်းယူပြီး ဗိုလ်ချုပ်ချန်ဒူးဝမ်ဟာ နိုင်ငံတော်ရဲ့ကိစ္စအဝဝကို လွှမ်းမိုးချယ်လှယ်လာခဲ့ပါတယ်။ ကိုရီးယားထောက်လှမ်းရေးအေဂျင်စီခေါင်းဆောင်ကိုရာဇဝတ်မှုကျူးလွန်သူအဖြစ်သတ်မှတ်လိုက်ပါတယ်။
ယာယီ အစိုးရတရပ်ကို ဟန်ပြဖွဲ့စည်းထားခဲ့ပေမဲ့ ၁၉၇၉ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ စစ်အာဏာသိမ်းယူခဲ့ပြန်ပါတယ်။
ပတ်ချုံဟီး လက်ထက်တုန်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ တက္ကသိုလ်ပါမောက္ခတွေ၊ ပညာတတ်တွေ၊ ကျောင်းသားတွေဟာ
သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအသီးသီးဆီကို ပြန်လာခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ကြတယ်။ နိုင်ငံရေးနိုးကြားမှု မြင့်မားလာခဲ့တယ်။
“၁၉၈ဝ မှာ ချန်ဒူးဝမ်ဟာပတ်ချုံဟီးလက်ထက်တုံးက ရေးဆွဲခဲ့တဲ့အခြေခံဥပဒေကို ကာကွယ်ပြောဆိုလိုက်ပြီး သမ္မတသက်တမ်းကို
(၇) နှစ်အထိချဲ့ထွင်လိုက်ပါတယ်။ ပညာတတ်တွေက ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရမယ်။ စာပေလွတ်လပ်ခွင့်
ပေးရမယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာသတ်မှတ်ပေးရမယ်။
ဒီမိုကရေစီစံနစ်ကိုသွားရမဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုကြတယ်။
ဆိုလ်းဘူတာရုံမှာ ဒီမိုကရေစီလိုလားသူအင်အား တစ်သိန်းကျော်ဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့ စုဝေးခဲ့ကြတယ်”
ချန်ဒူးဝမ် အစိုးရ က တောင်ကိုရီးယားနိုင်ငံတခုလုံးအပေါ် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အမိန့်ပေးလိုက်ပါတယ်။ စစ်တပ်တွေကို နိုင်ငံအနှံ့စေလွှတ်ခဲ့တယ်။ တချိန်တည်းမှာပဲ၊ တက္ကသိုလ်ကျောင်း (၅၅) ကျောင်းက ကျောင်းသားခေါင်းဆောင်တွေ
ဦးဆောင်ကျင်းပတဲ့ ကျောင်းသားညီလာခံကို ဝင်ရောက်စီးနင်းလိုက်တယ်။
ကင်ဒေကျုံး အပါအဝင် နိုင်ငံရေးသမား (၂၆) ယောက်ကို ဆန္ဒပြဆူပူလှုံ့ဆော်မှုကို ဦးဆောင်ခဲ့သူတွေဖြစ်တယ်လို့စွပ်စွဲ ဖမ်းဆီးလိုက်တယ်။
“ချန်ဒူးဝမ် ရဲ့အာဏာသိမ်းမှုကို ဒေသအသီးသီးက အာခံငြင်းဆန်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းတွေကိုပိတ်လိုက်တဲ့အတွက် ချွန်နန်အမျိုးသားတက္ကသိုလ်ကျောင်းသား (၂၀၀) ကျော်ဟာ သူတို့ကျောင်းရှေ့မှာ စုဝေးကြပြီး လုံခြုံရေးရဲအရာရှိတွေကို ထိပ်တိုက်ရင်ဆိုင်၊
ခဲ့ကြတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတယောက်ကို သေသည်အထိ နှိပ်စက်ညှင်းပမ်းလိုက်တဲ့ သတင်းကိုကြားတဲ့အခါမှာတော့၊
ပြည်သူအင်အား တစ်သိန်းကျော် ဆန္ဒပြပွဲကို ပူးပေါင်းဆင်နွဲကြတော့တယ်။ တက္ကစီ၊ ဘတ်စ်ကားသမားတွေရဲ့ ရာချီနေတဲ့ကားတန်းကြီး
ကလည်း ဆန္ဒပြပွဲဆီကို ဝင်ရောက်ပါဝင်လိုက်ကြတယ်။။ ချန်ဒူဝမ် ကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ညှိနှိုင်းခြင်းမရှိပါဘူး။ ပစ်ခပ်နှိမ်နှင်းဖို့ အမိန့်ပေးလိုက်တယ်။ မြို့ကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက်ချေမှုန်းခဲ့တယ်။ နိုင်ငံခြားသတင်းထောက်တွေရဲ့
အဆိုအရ၊ လူပေါင်း တစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ သေဆုံးခဲ့တယ် လို့ ဆိုတယ်။ ဂွမ်ဂျူး လူသတ်ပွဲ အဖြစ်နာမည်ဆိုးနဲ့
ကျော်ဇောခဲ့တယ်။ ဆန္ဒပြသူ ထောင်ချီပြီးအဖမ်းခံခဲ့ရတယ်။
ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့သူ (၇) ယောက်သေဒဏ်အပြစ်ပေးခံရပြီး (၁၂) ယောက်သက်တကျွန်းကျခဲ့တယ်။”
၁၉၈ဝ ဂွမ်ဂျူးလူသတ်ပွဲကြောင့် ကိုရီးယားပြည်သူတွေဆီမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေအမြစ်တွယ်လာခဲ့တယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ထောက်ပံ့အားပေးမှုကြောင့် ကိုရီးယားစစ်အာဏာရှင်တွေ အာဏာတည်မြဲခဲ့တယ် လို့
ယုံကြည်ခဲ့ကြတယ်။ ဂွမ်ဂျူးပြည်နယ်မှာ ရှိတဲ့ “အမေရိကန်ယဉ်ကျေးမှုဗဟို” ဟာ ကြိမ်ဖန်များစွာမီးတင်ရှို့ခံရတယ်။ တောင်ကိုရီးယားကျောင်းသားတချို့ဟာ အမေရိကန်သမ္မတ ရော်နယ်ရေဂင် ကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေ ဆန္ဒပြခဲ့ကြတယ်။ ချန်ဒူးဝမ်ကလည်း အညှိုးတကြီးတုန့်ပြန်ခဲ့ပါတယ်။ စောင့်ရှောက်မှု နှင့် စုံစမ်းစစ်ဆေးရေးကော်မတီ ကို ဖွဲ့စည်းပြီး အကျဉ်းထောင်က လွတ်မြောက်လာသူဟာ လူ့အဖွဲ့အစည်းဆီကို ချက်ချင်းပြန်သွားဖို့မသင့်သေးဘူး ဆိုပြီး
စောင့်ကြပ်ထိန်းချုပ်ထားခဲ့ပါတယ်။
ခရစ်ယာန်တရားဟောဆရာများအဖွဲ့ ကလည်း ချန်ဒူးဝမ်ရဲ့ဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုလာကြပြီး တရားမျှတရေးအတွက်
တောင်းဆိုတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြည်သူတွေရဲ့အန်တုမှုကို နေရာအနှံ့ရင်ဆိုင်နေရတဲ့ချန်ဒူးဝမ် ဟာ ၁၉၈ရ မှာ ရွေးကောက်ပွဲ
ကျင်းပမယ် လို့ ကြေငြာလိုက်ပြီး သူ့နဲ့အတူအာဏာသိမ်းစဉ်ကပါဝင်ခဲ့သူ ဗိုလ်ချုပ်“နိုတေဝူး” ကို
“ဒီမိုကရက်တစ်တရားမျှတရေးပါတီ” ( Democratic Justice Party) ရဲ့ ကိုယ်စားလှယ်အဖြစ်ကြေငြာခဲ့တယ်။
“ဆိုးလ်အမျိုးသားတက္ကသိုလ် က ကျောင်းသားတယောက်၊ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပမ်းခံမှုကြောင့်သေဆုံးသွားတယ် ဆိုတဲ့
သတင်းတွေက လူထုကိုဒေါသထွက်စေခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြပွဲတွေ ဆိုးလ်မြို့ရဲ့မြို့လည်ခေါင်ဆီမှာ ပြည့်လျှံနေခဲ့တယ်။လူ တသန်းခွဲကျော် တက်ရောက်ပြီး၊ အစိုးရရဲ့ဖိနှိပ်မှု ကို ဆန့်ကျင်ဝေဖန်ခဲ့ကြတယ်။
ဂျွန်(၁၀)ရက် လူထုလှုပ်ရှားမှုအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ချန်ဒူးဝမ် နဲ့ နိုတေးဝူး ဟာ ဂျွန် (၂၉) ကြေငြာချက် ကို
ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မတ ကို တိုက်ရိုက်ရွေးချယ်တဲ့စံနစ် နဲ့သွားမဲ့ရွေးကောက်ပွဲတခု ကျင်းပပေးမယ်လို့ဆိုတယ်။
လူထုအုံကြွမှုတွေရဲ့နောက်ဆက်တွဲ အဖြစ်၊ အတိုက်အခံခေါင်းဆောင် ကင်မ်ဒေးဂျုံ ကို ဖမ်းဆီးထားရာမှ လွှတ်ပေးခဲ့ရတော့တယ်။”
၁၉၈ရ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ “ကင်မ်ဒေးဂျုံ” နဲ့ “ကင်ယွန်ဆန်”တို့
နှစ်ဦးကြားမှာ မဲအားပြိုင် ပြန့်ကျဲခဲ့တာကြောင့် ချန်ဒူးဝမ်ရဲ့အမာခံလူ“နိုတေဝူး” တယောက် အချောင်အနိုင်ရသွားခဲ့တယ်။
သောတရှင်များခင်ဗျား
လူထုရဲ့နိုင်ငံရေးနိုးကြားမှုဒီရေကို သဘောပေါက်နားလည်လိုက်ကြတဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ
ဖိနှိပ်မှုကို ညီညီညွတ်ညွတ်ဦးဆောင်ဆန့်ကျင် ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ချန်ဒူးဝမ်ရဲ့အမာခံလူနိုတေးဝူးကို ဆက်လက်ဖယ်ရှားကြမဲ့
လှုပ်ရှားမှုတွေကို ဆက်လက်အရှိန်မြင့်လိုက်ကြပါတယ်အစိုးရရဲ့မသမာမှုတွေ ကို သတ္တိရှိရှိဖွင့်ချပြောဆိုကြပြီး ဒီမိုကရက်တစ်
အင်အားစုတွေကို ကြီးထွားလာအောင် ကြိုးစားခဲ့ကြပါတယ်။ ၁၉၉၆ မှာတော့ ဂွမ်ဂျူးလူသတ်ပွဲ ကို ကျူးလွန်ခဲ့သူ
စစ်အာဏာရှင်ဟောင်း၊ “ချန်ဒူးဝမ်” ကို ဖမ်းဆီးသေဒဏ်ပေးခံခဲ့သလို၊ နိုတေဝူး ကို လည်း ထောင်ဒဏ် (၂၂) နှစ်ခွဲ အပြစ်ပေးခဲ့ပါတယ်။
သောတရှင်တို့လည်း စစ်အစိုးရရဲ့ မသမာမှုတွေကို ဖွင့်ချဖေါ်ထုတ်ရင်း ဒီမိုကရေစီနိုင်ငံတော်သစ် ဆီကို အရောက်လှမ်းနိုင်ကြပါစေ။
အောင်မိုးဝင်း
မှတ်ချက်။ ။ ကိုအောင်မိုးဝင်းစာတွေ မန္တလေးဂေဇက်မှာ ပုံနှိပ်ဖေါ်ပြဖူးပါတယ်..။ ဒါကြောင့် အခုစာကိုအီးမေးလ်ကရတာမှာ သီးသန့် ခွင့်မတောင်းထားပါ။