လင်္ကာဝီကျွန်း (၁)
၂၈၊ ၉၊ ၂၀၁ဝ အင်္ဂါနေ့ က လင်္ကာဝီကျွန်းကို ခရီးထွက်ဖြစ်တယ်။
ဘာရယ်လို့တော့ မဟုတ်ဘူး။ ဘာမှ အစီအစဉ်မရှိပဲ ခရီးထွက်ဖြစ်တာ။
Petaling Jaya မှာ နေနေတဲ့ ဘုန်းကြီးဦးဥတ္တမ က
သူ့တရုတ်ဒကာ (ဟင်းရွက်ရောင်းတဲ့သူ)
ကားအဟောင်း (Second Hand) တစ်စီးဝယ်ထားကြောင်း
အဲ့ကားလေးနဲ့လင်္ကာဝီသွားမှာဖြစ်ကြောင်း ပြောပါတယ်။
မရောက်ဖူးလို့ ကားအဆင်ပြေမယ်ဆိုရင် လိုက်ချင်ကြောင်းပြောတာနဲ့
အဆင်ပြေတာနဲ့ပဲ လိုက်ဖြစ်သွားတယ်။
ဟင်းရွက်ရောင်းတဲ့သူဝယ်ထားတဲ့ကားက မာစီဒီး ပါ။
မြန်မာပြည်က လုပ်ငန်းရှင်ကြီးများစီးနေတဲ့
ကားထက်တောင် ကောင်းနေသေးတယ်လို့ ထင်မိပါတယ်။
အင်း၊ စဉ်းစားပြီး ကိုယ့်နိုင်ငံကို သတိရမိလို့ မရှိပြုံးပြုံးမိပါသေးတယ်။
မနက် ၈ နာရီ ၁၅ မိနစ်မှာ စထွက်တယ်။
Ipoh မြို့နားက Pandai Remis ဆိုတဲ့
ပင်လယ်ကမ်းခြေရွာဖြစ်တဲ့ တံငှာရွာလေးကို
၁ဝ နာရီခွဲလောက်မှာ ရောက်တယ်။
(Pandai ဆိုတာ မြန်မာလို ကမ်းခြေတဲ့)
အဲ့ရွာမှာ မြန်မာရဟန်းတော်တစ်ပါး သီတင်းသုံးသာသနာပြုနေတယ်။
အဲ့မှာ နေ့ဆွမ်းစားတယ်။
ရွာလေးလို့သာပြောရတယ်၊
အင်တာနက်က အစ ဘာညာ သာရကာ အကုန်ရှိတယ်။
အဲ့ရွာမှာ သီတင်းသုံးနေတဲ့ဆရာတော်လေးက ပြောတယ်၊
မြန်မာပြည်မှာလဲ ဒီနိုင်ငံမှာလို တောရွာလေးတွေမှာရော
အင်တာနက်တို့ ဘာတို့ရရင် အဆင်ပြေမှာတဲ့။
အင်တာနက်တို့ ဘာတို့ရှိရင်
ဘုန်းကြီးတွေ တောရွာတွေမှာ ပျော်လာပြီး
တောရွာတွေရဲ့ ဗုဒ္ဓဘာသာအခြေအနေ
အခုထက် ပိုတိုးတက်လာနိုင်တယ်တဲ့။
အခုတော့ ဘုန်းကြီးတွေ ရန်ကုန်၊ မန္တလေးလို မြု့ိကြီးတွေမှာပဲ ပေါများနေတာတဲ့။
သူ့အဆိုအရ တောရွာတွေမှာ အင်တာနက်သုံးလို့ရအောင်
လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် တခြားတခြားသော
ပညာရေး၊ စီးပွါးရေးတိုးတက်ဖို့ အကြောင်းတရားသက်သက်မဟုတ်ပဲ
ဗုဒ္ဓဘာသာတိုးတက်ဖို့ အကြောင်းတရားလည်း ဖြစ်ကြောင်း
ပြောချင်တာ တူပါရဲ့။
ဒီအိပ်မက်မျိုးတော့ မမက်ချင်သေးပါဘူး။
ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတောင်
အင်တာနက် speed က အတော်နှေးတယ်လို့ သိရတယ်။
ဒီဆရာတော်လေးနေတဲ့ တံငှာရွာလေးက တောရွာလေးဆိုပေမဲ့ အတော်သာယာတယ်။
အဲ့ဒီရွာလေးမှာ ထားဝယ်၊ ကော့သောင်း၊ ရခိုင်ပြည်နယ် ကမ်းရိုးတမ်း
စတဲ့နေရာက လူတွေ ငါးရာလောက်ရှိတယ်တဲ့။
ဒီငါးရာလောက်သောလူတွေအတွက်
သာရေး၊ နာရေးကိစ္စတွေကို သူဆောင်ရွက်ပေးနေရသတဲ့။
သူမရောက်ခင်တုန်းကဆိုရင် မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်ယောက်
ကွယ်လွန်လို့ သရဏဂုံတင်တဲ့အခါ
ငါးပါသီလဆိုတတ်တဲ့သူက ရှေ့ကတိုင်ပေးပြီး မဆိုတတ်တဲ့ ကျန်တဲ့သူများက
နောက်က လိုက်ဆိုပြီး သရဏဂုံတင်ခြင်းအမှုကိစ္စပြုလုပ်ရကြောင်း၊
တခါတလေ ငါးပါးသီလတောင် ဆိုတတ်တဲ့သူ မရှိလို့
တရုတ်နည်းနဲ့ သေဆုံးသူတွေကို သဂြိုဟ်လိုက်ရတာ ရှိကြောင်း
ဆရာတော်လေးက ဆက်လက်ပြောပြပါတယ်။
၁၁ နာရီခွဲလောက်မှာ အဲ့ဒီတောရွာကျောင်းလေးမှာ နေ့လည်စာ ဆွမ်းဘုန်းပေးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ မြန်မာဒကာ ဒကာမတချို့က ကပ်တဲ့ဆွမ်းပါ။
တံငှာလုပ်ရင်း အားရင် အားသလို ကုသိုလ်ယူတတ်တဲ့ ရွှေမြန်မာဗုဒ္ဓဘာသာတွေကို
တွေ့လို့ ကြည်နူးမိပါတယ်။
ဆွမ်းစားပြီး ပီနန်ကို ခရီးဆက်ပါတယ်။
ပီနန် မရောက်ခင် Lunas Hermitage ကို ဝင်ဖြစ်ပါတယ်။
Lunas Hermitage ဆိုတာက
ပီနန်ကျွန်းဘက်ကို မကူးခင် ဒီဘက်ကမ်းမှာ တည်ရှိတဲ့
Butterworth ဆိုတဲ့မြို့လေးက နာရီဝက်လောက် ကားစီးပြီး သွားရတဲ့
Lunas ဆိုတဲ့မြို့မှာ တည်ရှိတဲ့ တရားရိပ်သာတစ်ခုပါ။
မဟာစည်ဩဝါဒခံ ရိပ်သာတစ်ခုဖြစ်တယ်။
မဟာစည်မုခ်ဦးကြီးနဲ့။ အဲ့ဒီမုခ်ဦးဖွင့်ပွဲတုန်းက အင်္ဂလိပ်လို တရားဟောပေးဘို့
အဲ့ရိပ်သာမှာ သတင်းသုံးနေတဲ့ ဆရာတော်က ပင့်လို့ အရင် ရောက်ဖူးတယ်။
အခု တစ်ခေါက် အဲ့ဆရာတော် ဗမာပြည်ပြန်ရောက်နေပြီလို့ သိရတယ်။
ဆရာတော်အသစ်ဖြစ်တဲ့ မဟာစည်သာယာကုန်းဆရာတော်နဲ့
ရုပ်ရှင်မင်းသားရဲအောင်ရဲ့ ယောက်ခမဖြစ်တဲ့ ဆရာတော် တဖြစ်လဲ
ဒေါက်တာ ဦးသုနန္ဒတို့ကို တွေ့ခဲ့ရတယ်။
နာရီဝက်လောက် ဟိုပြောဒီပြော ပြောပြီး
ပီနန်းကို ခရီးဆက်တယ်။ ညနေ ရ နာရီလောက်ရောက်တယ်။
ပီနန်းဆရာတော်ကြီးနဲ့ တန်းတိုးတာပဲ။
ပီနန်းဆရာတော်ကို ၂၀၀ဝ ခုနစ် စာသင်သားဘဝတုန်းက
သီဟိုဠ်ကနေ အလည်သွားခိုက် ပထမဆုံး တွေ့ဘူး စကားပြောဘူးတယ်။
နောက် ၂၀၀၂ ခုနစ်တုန်းက တစ်ကြိမ်။
၂၀၀၄ ခုနစ်က တစ်ကြိမ်။
အဲ့နောက် မတွေ့ဖြစ်တော့ဘူး။
အခုတစ်ကြိမ်တွေ့လိုက်တော့ ဆရာတော်ကြီး အတော်ကျသွားတယ်ဆိုတာ
သတိပြုလိုက်မိတယ်။ သိပ်မသွက်တော့ဘူး။
ပီနန်းကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈နာရီ ၁၅ မိနစ်မှာ
လင်္ကာဝီကျွန်းကို ဘုတ်သင်္ဘောနဲ့ ခရီးဆက်ဖြစ်တယ်။
7 comments
bigcat
December 5, 2010 at 6:25 am
ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်း။
မိုက်ကယ်ဂျော်နီအောင်ပု
December 5, 2010 at 6:43 am
Langkawi ဆိုမှ သတိရတယ်ဗျို ့ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု စွန် ့စားခန်းတွေ အဲ့သည်ကျွန်းမှ ရှိခဲ့ဘူးတယ်
ဟို ဘိလပ်မြေ စက်ရုံအကြီးကြီးရှိတယ်လေ မျောက်တော့ ဘာပေါသလဲ မမေးနဲ ့
အသက်က ဆယ့်ရှစ် ဆယ့်ကိုး
လှေ ကျောက်ချထားတဲ့နေရာကနေ ကမ်းပေါ်ကို (( ဂိုက်ငါးရာကျော်ကျော်) ဂါလံပုံးတစ်လုံးနဲ ကူး တက်ပြီး ကမ်းနားပန်းခြံလိုလေးထဲမှာ မလေးတရုတ်မ စုံတွဲတွေ ကို
အပီ သွားပြီး ဘာလုပ်တယ်လို ့ထင်ကြပါသလဲ ခည?????
bigcat
December 5, 2010 at 7:06 am
အဲဒီတုန်းက ဗီဒီယိုကင်မရာပါတဲ့ ဆဲလ်ဖုံးတွေ မပေါ်သေးတာ နာတာပဲဗျာ။ နို့မို့ရင် ကိုအောင်ပု လက်စွမ်းကမာ္ဘလွှမ်း သွားစေမှာ။
kai
December 5, 2010 at 9:52 am
ပီနန်ဆရာတော်ကြီးနဲ့ .. တော်တော်ကြာကြာ စကားပြောဖူးပါတယ်..။
စကားကြီးကျယ်ပြောရရင် ..တရားမေးလျှောက်တယ်ဆိုလည်း ပြောလို့ရမလားပါ..။ အကြောင်းအရာ အစုံပါပဲ.. ဝိပသနာအကြောင်းတောင်ပါသေး..။
ဆရာတော်ကြီးကို ထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် အင်တာဗျူးလည်း လုပ်ဖူးတယ်..။
့ပြန်ရှာပြီး တင်ပေးမယ်နော…။
မိုက်ကယ်ဂျော်နီအောင်ပု
December 5, 2010 at 6:47 pm
အေးဗျာ
Langkawi ဆိုတာနဲ ့ ကိုယ်ရောက်ဘူးတာလေးကို အမှတ်ရပြီး မဆီမဆိုင် စွတ်ပြောလိုက်မိတာ
ဆရာတော်ကြီးရဲ ့ဂုဏ်ကျေးဇူးကို ဂါရဝ ပြုဘို ့မေ့လျှောသွားတယ်
ဒါလည်း သင်္ခန်းစာ တစ်ခုပါဘဲ
char too lan
December 6, 2010 at 6:44 am
ဓာတ်ပုံလေးတွေပါ ပါရင်ကောင်းမယ်နော်
ashinindaka
December 6, 2010 at 7:28 am
အေးဗျို့၊ အစဆုံး တင်လိုက်တာဆိုတော့ ပုံဘယ်လို တင်ရမှန်းမသိတာနဲ့ စာဘဲ တင်လိုက်တာ။ နောက်ပို့်စ်တွေမှာတော့ ပုံပါတင်ပေးမယ် စိတ်ကူးတယ်။