ကျနော့စိတ်ကလေးရဲ့ဘဝ-၁
အင်း ဒီနေ့ သင်တန်း စတက်ရမယ်ဆိုလို့ ဝမ်းတွေသာလို့ အပြတ် ရွိုင်းသွားတယ်ပေါ့။ ကိုယ်ထင်ထားတာကတော့ သင်တန်းမှာ ဆရာသင်တာ နားထောင် ၊ ခေါင်းရမ်းညိတ်ပြီး စတိုင်နဲ့ပြန်လာမယ်။ ပြီးမှ ဆရာပေးတဲ့ သင်ခန်းစာကို ထုံးစံ အတိုင်း မေးမယ်ဆိုမှပဲ ပြန်ကြည့်တော့မယ်ပေါ့လေ။ ပြီးရင်တော့ သင်ခန်းစာ ပိုင်သည် မပိုင်သည် မသိ၊ သင်တန်းဆင်း လက်မှတ် လေးတော့ ယူလိုက်ချင်သေးတာပေါ့။ ဒါမှပဲ ချမ်းသာရေးလမ်းညွန် သင်တန်း ဆင်းတစ်ယောက်ဆိုတဲ့ အနေနဲ့ စိတ်ပုံအလယ်မှာ ဂုဏ်ယူနိုင်သွားမယ်မ လား။
တကယ်တော့လည်း ကိုယ်ထင်ထားသလို မဟုတ်ပါလား။ ဘာလို့ လည်းဆိုတော့ ဆရာက သင်ခန်းစာ-၁ ကို အလုပ်အပ်ပွဲနဲ့ပါတွဲ ပြီးသင်ပြသွား တာဆိုတော့ ကျနော့ အနေနဲ့ နေ့ရွေ့ညရွေ့ နဲ့ ထွေလီကာလီတွေ များနေလို့ မရတော့ဘူးလေ။ အော်…ချမ်းသာချင်မှတော့ အလုပ်မလုပ်ပဲ နေလို့ ဘယ်ဖြစ် မလဲနော်။ ဒါနဲ့ပဲ ဆရာ သင်ပြသွားတဲ့ ဂိတ်စောင့် အလုပ်ကို စပြီးတာဝန် ထမ်း ဆောင်ရပါပြီ။ စိတ်ထဲမှာ တေးထားတာကတော့ ဆရာ အံ့ဩသွားအောင် တစ်နာရီလောက် စပြီး တာဝန်ကျေအောင် လုပ်ပြလိုက်မယ်ပေါ့လေ။ ဒါပေမယ့် တကယ့်တကယ် အလုပ်လုပ်ရပြီဆိုတော့ ထင်သလို မလွယ်တာ တွေ့ရပါတယ်။ အင်း…ဆရာ့ကို တစ်နာရီလောက် အလုပ်လုပ်ပြဖို့ နေနေသာ သာ ငါးမိနစ်ဆိုတာတောင် မလွတ်အောင် မှတ်ဖို့ တော်တော်လေး ဂရုစိုက်နေ ရပါတယ်။
အင်း ဆရာက တော်တော်တော့ အကွက်စေ့သား ။ အလုပ်သေချာ လုပ်မလုပ် သိရအောင်ဆိုပြီး “သတိ” အစောင့်ကို ခဏခဏ လာကြည့်ခိုင်းနေ တော့ တစ်ခါတလေ ငိုက်မလားလို့ ကြံတုန်း ဒီ “သတိ” အစောင့်က ရောက် လာပြီး “ဝီရိယ” နှင်တံ နဲ့ တို့လိုက်တော့ လွတ်မသွားအောင်ကို မှတ်နေရ တော့တာပါပဲ။ ကြာတော့လည်း ဒီ“သတိ” အစောင့်ရယ်၊ “ဝီရိယ” ဆိုတဲ့ နှင်တံ တွေက ကိုယ့်ရဲ့ လုပ်ဖော် ကိုင်ဖက်တွေတောင် ဖြစ်လာကြပါပြီ။ တစ်ခါ တလေ သူတို့ မရှိရင်တောင် မနေတတ်တော့ သလို ဖြစ်လာပါပြီနော်။ နက်ဖြန် တောင် ဆရာက အလုပ်နဲ့ပတ်သက်လို့ အစည်းအဝေး ခေါ်ထားတာတောင် တက်ရပါဦးမယ်နော်။
ဘာလိုလိုနဲ့ ငါ့ဘဝလည်း နေ့ချင်းညချင်းတောင် ပြောင်းလဲသွားလိုက် တာနော်။ ခုဆို အရင်က အပေါင်းအသင်းဟောင်းတွေဖြစ်တဲ့ လောဘတို့၊ ဒေါသတို့ ၊ မောဟ…စတဲ့ ဒီကောင်တွေနဲ့တောင် မတွေ့ရတာ ကြာပေါ့။ သူတို့ နဲ့က တွေ့သမျှ အာရုံတွေနောက် လိုက်ရင်းက လက်တွဲဖြစ်သွားတာလေ။ အင်း ခုမှ တွေ့ရတဲ့ “သတိ”ရယ်၊ “ဝီရိယ” ရယ်ဆိုတဲ့ အဖော်သစ်တွေ နဲ့ သူတို့တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ တခြားစီပါလားနော်။ ဘာပဲဖြစ်ဖြစ် ငါ့ဘဝကတော့ဖြင့် အရင်နဲ့ ခုနဲ့က တခြားစီ ဖြစ်သွားသလို အရင်လိုလည်း အားမနေပဲ အလုပ်နဲ့ အကိုင်နဲ့ဆိုတော့ ပိုပြီးလည်း တည်ငြိမ်လာတယ်။ အပေါင်းအသင်းကောင်းတွေနဲ့လည်း ဆုံလာရတယ်။ တစ်နေ့ တစ်နေ့ အလုပ်လုပ်ရင်းက ပျော်လာရတာတွေကို နက်ဖြန်ကျမှ ဆရာ့ အစည်းအဝေး မှာ ပြောပြရင်း ဆရာ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောရပါဦးမယ်။
2 comments
ဆူး
December 8, 2010 at 3:23 pm
သင်တန်းခန်းမ ထဲက ထွက်မှ ဘော်ဒါ လောဘ ဒေါသ မောဟ နဲ့ တွေ့ဖို့ ချိန်းထားတာ တွေ့အုန်းမှာ.. ဟော.. သူတို့တောင် ခန်းမ အပြင်မှာ လာစောင့်နေတာကို.. သွားပြီ ဆရာရေ.. နောက်နေ့မှ ထပ်လာခဲ့မယ်
paukpauk
December 8, 2010 at 3:36 pm
မှတ်သားခဲ့သမျှ အနှစ်ချုပ်ကတော့
(၁)သတိနဲ့ သဒါနဲ့ ပညာကိုထိန်းပါ။
(၂)ဝီရိယကို သမာဓိနဲ့ ထိန်းပါတဲ့။
ဥပမာ လေးတွေကတော့ –
သဒါလွန်တော့ တဏှာကျွန်တဲ့။
ပညာရှိ သတိဖြစ်ခဲ တဲ့