လင်္ကာဝီကျွန်း (၄)

ashinindakaDecember 9, 20101min2366

တစ်နေကုန် လျှောက်လည်ပြီး ပင်ပင်ပန်းပန်းနဲ့ ဟိုတယ်ပြန်အိပ်လိုက်တာ
မနက် ၈ နာရီခွဲလောက်မှ နိုးတယ်။
ရေမိုးချိုးပြီး ရှိတဲ့ကော်ဖီလေးတွေဖျော်၊ မုန့်လေးတွေကို စားရင်း
ကားဆရာဒကာလေး လာအခေါ် စောင့်နေရတယ်။
မောင်မင်းကြီးသား ကားဆရာဒကာလေးက ၁ဝ နာရီခွဲလောက်မှ ရောက်လာတယ်။

အခုသွားမဲ့ခရီးစဉ်က စားသောက်ဆိုင် သိပ်အဆင်မပြေလို့
ဆွမ်းစားပြီးမှ ဆက်သွားဘို့ ကားဆရာ ဒကာလေးက လျှောက်တယ်။
ဆွမ်းစားဘို့ စောနေသေးတော့ ဆရာတော်တွေ
အင်းမလုပ်၊ အဲမလုပ်။ ဆိပ်ဆိပ်ငြိမ်နေကြတယ်။
အရှင်ဘုရားတို့ လင်္ကာဝီရောက်တုန်း
လင်္ကာဝီငါးကင်လေးလည်း ဘုန်းပေးသွားရအောင်
ငါးကင်ကောင်းတဲ့ဆိုင်ကို ပို့ပေးမယ်လို့ ဆက်လျှောက်တယ်။
ဆွမ်းစားဘို့ စောနေသေးလို့ စိတ်မပါပဲဖြစ်နေတဲ့ဆရာတော်တွေ
ငါးကင်သံကြားတော့ အလိုလို ခေါင်းထောင်လာမိတယ်။
ဆရာတော်တစ်ပါးကဆို ငါးကင်ဆိုလုပ်ပါဟ လို့တောင် အော်ပြောလိုက်မိသေးတယ်။
အော်၊ လျှာကို အမှီပြုပြီး တောင့်တ တတ်မက်တဲ့တဏှာ မလွယ်ပါလား။

ဒါနဲ့စပ်လို့ ငါးခုံဆရာတော်ကြီးကိုတောင် သတိရမိသေး။
မင်းကွန်းမှာနေတဲ့ဆရာတော်ကို မင်းကွန်းဆရာတော်၊
မကွေးမှာနေတဲ့ဆရာတော်ကို မကွေးဆရာတော်
လယ်တီကျောင်းတိုက်မှာနေတဲ့ဆရာတော်ကို
လယ်တီဆရာတော်လို့ ခေါ်သလိုပါပဲ။
ငါးခုံရွာသား ဆရာတော်ကို ငါးခုံဆရာတော်လို့ ခေါ်ကြတယ်။
ငါးခုံကို ငခုံ လို့ အသံထွက်ကြတယ်။

ဒီငါးခုံဆရာတော်ဆိုတာ စာအလွန်တတ်တာ။
စာတတ်ငါးခုံ၊ စာစုံ မကျည်းတော ဆိုလား အဆိုတောင်ရှိသေး။
ဗုဒ္ဓဝင်ကျမ်းစာအုပ်ကိုလည်း အစောဆုံး သူရေးသွားတာ။
စာတတ်တဲ့ငါးခုံဆရာတော်ကြီးကို အခြားသော ဆရာတော်တစ်ပါးက
(မနာလိုစိတ်လေးတွေ အရင်းခံပြီး)
ငါးခုံတို့၊ စာတတ်တယ် တတ်တယ်နဲ့၊
ပိဋကတ်သုံးပုံထဲက လွတ်အောင်တော့ တရားမဟောတတ်ပါဘူးကွာ လို့
မကြာမကြာ မကြားတကြားပြောလေ့ရှိသတဲ့။

တစ်နေ့ ငါးခုံဆရာတော်နဲ့
အဲ့ဒီဆရာတော်တို့ အိမ်တစ်အိမ်မှာ ဆွမ်းစားဆုံကြသတဲ့။
ဆွမ်းဒကာက ငါးခုံဆရာတော်ကို တရားချီးမြှင့်ပေးဘို့လျှောက်ထားတော့
ငါးခုံဆရာတော်ကလဲ ဟောပေးပါမယ် ပြောပြီး
ငါပိဋကတ်ထဲက အလွတ်ဖြစ်အောင် ဟောမယ်လို့ ကြံရွယ်ကာ
ငါးပါးသီလလဲ ယူပြီးရော၊
ငါးခုံဆရာတော်က ဆွမ်းဒကာကို မေးတယ်။
ဒကာကြီး၊ နိဗ္ဗာန်ကို လိုချင်သလား။
မှန်လှပါ။ လိုချင်ပါတယ်ဘုရား။
အိမ်း၊ နိဗ္ဗာန်လိုချင်ရင် ဒကာကြီးမှာရှိတဲ့ အရိုးမရှိတဲ့ အရာနှစ်ခုကို အလိုမလိုက်နဲ့။
အရိုးမရှိတဲ့အရာနှစ်ခုသည် အထက်မှာ တစ်ခု၊ အောက်မှာ တစ်ခု ရှိသတည်း ဆိုပြီး
တရားကို အဆုံးသတ်သွားသတဲ့။
မှတ်ကရော။
ပိဋကတ်သုံးပုံထဲမှာ မပါတဲ့တရားကို ငါးခုံဆရာတော်တို့ ဟောသွားတာ။

အရိုးမပါတဲ့အရာနှစ်ခုကတော့ အားလုံးသိပြီးသားပါ။
အထက်မှာ အရိုးမပါတာ တစ်ခုဆိုတာက လျှာ။
ဒီလျှာကို အလိုလိုက်နေသ၍ နိဗ္ဗာန်နဲ့ဝေးနေကြအုံးမှာပဲ။
အစားအသောက်ကောင်းတာဆို အလွန်ကြိုက်တတ်တဲ့
တနည်းအားဖြင့် ငါးကင်လိုအစားအစာမျိုးဆို ခေါင်းထောင်လာကြတဲ့
ဒို့တတွေ နိဗ္ဗာန်နဲ့တော့ နီးလျက်နဲ့ဝေး ၃ နဲ့ ၄ ပမာ ဝေးကွာနေအုံးမှာပါလားလို့
ဆင်ခြင်အတွေးလေးက ဖျတ်ခနဲ ဝင်လာသေးတယ်။
ဆင်ခြင်နေစဉ် တွေးနေစဉ်
ရောက်ပါဘီ ငါးကင်ဆိုင်၊ မလေးရှား မွတ်စလင်ဆိုင်၊
တောဓလေ့ တောအပြင်အဆင်လေးနဲ့။
ဆရာတော်တစ်ပါးက ငါးကင်ကို ကဗျာဆန်ဆန်စားရအောင်ဆိုပြီး
ဆိုင်ထဲမှာရှိတဲ့ ဝါးတဲလေးထဲကို ဦးဆောင်ခေါ်သွားတယ်။
ငါးကင်ကို ငရုတ်သီးစပ်စပ် မလေးရှားငပိဖုတ်သုတ်နဲ့ တို့စားရတာ။
အတော်ကောင်းသားပဲ။
ကဲလေ၊ နိဗ္ဗာန်နဲ့ဝေးကာမှ ဝေးရော၊
ကြုံတုန်း လွေးလိုက်အုံးမဟဲ့ဆိုပြီး ဘုန်းပေးလိုက်တာ
ငါးကင်ခပ်ကြီးကြီး သုံးကောင်လောက် ကုန်ထွက်သွားတယ်။
ဘုန်းပေးခြင်းကိစ္စပြီးတော့ ကားဆရာ ဒကာလေးက
ပထမဦးဆုံး (Crocodile Show) မိကျောင်းပြပွဲကို ခေါ်သွားတယ်။
မိကျောင်းပြပွဲဆိုတာ မိကျောင်းနဲ့ လူတရင်းတနှီး နေပြတာကို ပြောတာပါ။
မိကျောင်းပြပွဲကြည့်ရတာ သဲထိပ်ရင်ဖိုပါပဲ။
မိကျောင်းပေါ်ကို လူ တက်ပြတယ်၊ လမ်းလျှောက်ပြတယ်၊
တင်ပလ္လင်ခွေထိုင်ပြတယ်။ အိပ်ပြတယ်။
မိကျောင်းပေါ်မှာ တစောင်းလေးအိပ်ပြီး လက်တစ်ဖက်က မေးထောက်ကာ
ကျန်လက်တစ်ဖက်က ကြည့်ရှုနေတဲ့ပရိသတ်ကို ဝှေ့ယမ်းနှုတ်ဆက်ပြတယ်၊
နောက်ဆုံး လူတစ်ယောက်က ဟနေတဲ့မိကျောင်းပါးစပ်ထဲကို လက်နှိုက်ပြတယ်။

မိကျောင်းပြပွဲကြည့်ပြီးတော့ မွန်းလွဲ ၂ နာရီလောက်ရှိသွားပြီ။
Cable ကြိုးနဲ့ တောင်ပေါ်တက်ရမဲ့နေရာကို ကားဆရာလေးက ခေါ်သွားတယ်။
တက်ရမဲ့တောင်အမြင့်က မီတာ ၇၀၅ မီတာလောက်မြင့်တယ်။
Cable ကြိုးကို ချိတ်ထားတဲ့ မှန်လုံခန်းမှာ လူခြောက်ယောက်လောက် စီးသွားရတာ။
တက်လိုက်သွားရုံပါပဲ။
စီးတက်သွားရင်း သွားရင်း ကြာလေ မြင့်လေ ဖြစ်လာတာ။
စိတ်အားငယ်တတ်တဲ့သူဆို အောက်တောင် မကြည့်ရဲဘူး။
အမြင့်ကြီးဆိုတော့ အတော်ရင်ခုံစရာကောင်းတာ။
မန္တလေး၊ သာသနာ့တက္ကသိုလ်တက်တုန်းက ကထိကဆရာတော်တစ်ပါးဖြစ်တဲ့
ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဦးခေမိက ကြီးကို သတိရမိသေးတယ်။
တစ်နေ့
သူက စာသင်သားဦးဇင်းတွေ စာမေးပွဲဖြေခါနီးတော့
မင်းတို့တတွေ၊ စာမေးပွဲဖြေရင် ရင်ခုံလားလို့ မေးတယ်။
အေး၊ ရင်ခုံတယ်ဆိုရင် မင်းတို့တတွေ ချစ်သူရီးစားနဲ့ တွေ့နေရတယ်လို့မှတ်၊
ချစ်သူရီးစားနဲ့တွေ့ရရင်လဲ ဒီလိုရင်ခုံတာပဲ လို့ သူက ဆက်ပြောတယ်။
ဟုတ်မဟုတ်တော့ မသိပါဘူး။ သူလဲ ဘယ်စာအုပ်ဖတ် ပြောတယ်မသိပါဘူး
ဒီကထိကဆရာတော် ဒီ Cable စီးပြီး တောင်ပေါ်တက်ဖူးသွားရင်
ရင်ခုံဘူးသွားမှာ အသေအချာပဲ။
သူရင်ခုံဘူးသွားရင်
စာမေးပွဲဖြေခါနီး စာသင်သား ဦးဇင်းတွေကို
ဘယ်လိုများပြောသွားဦးမယ်မသိဘူး။

Cable လမ်းခရီးတစ်ဝက်မှာ တောင်တစ်လုံးကို ရောက်တယ်။
ခဏနား ဟိုကြည့် ဒီကြည့်လုပ်ပြီး
ဒီထက်မြင့်တဲ့ နောက်တစ်တောင်အတွက် ခရီဆက်ဖို့
Cable ထပ်စီးရတယ်။

တောင်တွေပေါ်မှာတော့ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။
အအေးဆိုင်၊ ရေဆိုင်နဲ့ အသေးအဖွဲ စားဖွယ် သောက်ဖွယ်ရောင်းတာလောက်ပဲ ရှိတယ်။
အောက်ရှုခင်းတွေကို တောင်ထိပ်ကနေ ကြည့်ဘို့ Cable တွေ တပ်ဆင်ထားတဲ့သဘောပဲ။
ကြံကြံဖန်ဖန် ငွေရှာတတ်တဲ့ မလေးရှားအစိုးရကို ချီးကျူးမိတယ်။

မြန်မာပြည်က ကျိုက်ထီးရိုးတောင်ကို သတိရမိတယ်။
လူအတက်များတဲ့ မြန်မာပြည်က ကျိုက်ထီးရိုးတောင်မှာလဲ
ဒီလို Cable ကြိုးတွေ တတ်ဆင်ပေးထားရင် ကောင်းမှာ လို့ တွေးမိတယ်။
ဟယ်၊ မဖြစ်သေးပါဘူး။ မြန်မာပြည်မှာက ၂၄ နာရီမှာ လျှပ်စစ်မီးက ၈ နာရီလောက်လာတာ။
မတော်၊ Cable ကြိုးနဲ့ တောင်ပေါ်တက်နေတုန်း လမ်းခုလတ် (လမ်းတစ်ဝက်) မှာ
မီးပျက်သွားမှဖြင့် ဒုက္ခလို့  ပြန်စဉ်းစားမိရင်း
အတွေးစကို ကိုယ့်ဟာကို ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

Cable ကြိုးနဲ့ တောင်ပေါ်ကဆင်းပြီး လက်ဆောင်ရောင်းတဲ့ဆိုင်တန်းလေးတွေးကိုဖြတ်ကာ
ကားဆရာဒကာလေးထံသွားပြီး ခရီးဆက်ဖို့ပြောရပါတယ်။
သဲမဲတွေရှိတဲ့ သဲမဲကျွန်း၊ သဲဖြူတွေရှိတဲ့ သဲဖြူကျွန်းစသဖြင့်
နေရာတော်တော်များများ လိုက်ပို့ပြီး
မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၂ဝ ကျော် ဝန်ကြီးချုပ်လုပ်သွားခဲ့ဘူးတဲ့
ဒေါက်တာ မဟာသီယာရဲ့ ပြတိုက်ကို ရောက်လာပါတယ်။

www.dhammagarden.com

6 comments

  • ashinindaka

    December 9, 2010 at 2:08 pm

    ပုံမတင်ဘူးဆိုပြီး နှစ်ပုံတော့ တင်ပေးလိုက်တယ်။

  • char too lan

    December 10, 2010 at 4:52 am

    ဘာဖြစ်လို့ပုံမတင်တာလဲဘုရား တပည့်တော်ကတော့ ပုံတွေကြည့်ရတာပိုကြိုက်တယ် 🙂

  • bigcat

    December 10, 2010 at 5:01 am

    မိချောင်းကင်ရော ဘုန်းမပေးချင်ဘူးလားဘုရား။

    • ashinindaka

      December 10, 2010 at 9:32 am

      မိချောင်းကင်ကို ဆွမ်းလွတ်သူ့ချည်းသက်သက်တောင် ဘုန်းပေးလိုက်ချင်သေးဗျာ။
      ပုံလေးတွေ တင်ပေးမယ်ဗျို့

  • kai

    December 10, 2010 at 9:48 am

    မိကျောင်းသားက နံပြီးမာတယ်ဘုရာ့..။ စားမကောင်းပါဘူး..။
    ငါးကင်ပုံလေးတော့ ကြည့်ချင်သား…။ တပည့်တော်တို့လည်း သွားရေယိုရတာပေါ့…။

    ဘုန်းဘုန်းစာတွေက ..ဖတ်ရကောင်းတယ်..။ ဗဟုသုတလေးတွေထဲ.. တွေးစရာလေးတွေပါလို့..။

    • ashinindaka

      December 10, 2010 at 9:53 am

      ကျေးဇူးပဲ kai ရေ။ အခု လင်္ကာဝီကျွန်း (၅) ဆက်တင်လိုက်တယ်။
      ငါးကင်အတွက် သွားရည်ယိုဘို့ (၆) မှာ တင်ပေးမယ်။

Leave a Reply