လင်္ကာဝီကျွန်း (၆)

ashinindakaDecember 11, 20101min1672

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ့ပြတိုက်ကြည့်ပြီးတော့
သင်္ဘောဆိပ် (Jetty) ကို သွားဘို့ တစ်ယောက်က သတိပေးတယ်။
ပီနန်းကို ပြန်ဘို့ သင်္ဘောအချိန်က ညနေ ၅ နာရီခွဲ။
အခုလေးနာရီ ကျော်ကျော်ပဲ ရှိသေးတော့
သင်္ဘောဆိပ်ကို တန်းမသွားပဲ သင်္ဘောဆိပ်နားက စားသောက်ဆိုင်ကို သွားတယ်။
အဲ့စားသောက်ဆိုင်မှာ ပါကြီးဆိုတဲ့ ဗမာဒကာလေးရှိတယ်။
စားသောက်ဆိုင်တစ်ဆိုင်လုံး သူ့ခြေ သူ့လက်ပါပဲ လို့ လျှောက်တယ်။
အဲ့မှာ နာရီဝက်လောက်နားပြီး သင်္ဘောပေါ်တက်ဖို့ အချိန်ကလဲ စောနေသေးတာနဲ့
သင်္ဘောဆိပ်ဘေးမှာ ရှိတဲ့ သိန်းငှက်ရုပ်တုကြီးနားသွားပြီး ဓာတ်ပုံရိုက်ကြတယ်။
ဒီသိန်းငှက်ရုပ်ကြီးက အတော်အသက်ဝင်တာပါကလား။
တကယ့်သက်ရှိ သိန်းငှက်ကြီးကျနေတာပဲ။
သိန်းငှက်ဆိုလို့ အရင်ရေးခဲ့တဲ့အထဲမှာ သိန်းငှက်တွေကို အစာကျွေးတဲ့နေရာကို
လှေသမားက လိုက်ပို့တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပြီ။
ရှေးရှေးတုန်းက ဒီလင်္ကာဝီကျွန်းမှာ သိန်းငှက်တွေ အတော်ပေါခဲ့ပုံပေါက်တယ်။
အခုလဲ သိန်းငှက်တွေကို တွေ့နေရဆဲပါပဲ။
လင်္ကာဝီဆိုတဲ့အမည်ကိုက နီညိုရောင်သိန်းငှက် လို့ အဓိပ္ပါယ်ရတယ်။

မလေးရှားစကားမှာ သိန်းငှက်ကို helang လို့ခေါ်တယ်။
Helang ရဲ့ အတိုကောက်က lang ၊ kawi ဆိုတာက နီညိုရောင်။
နှစ်ရပ်ပေါင်းတော့ lang+kawi (လင်္ကာဝီကျွန်း) ဆိုတာ
နီညိုရောင် သိန်းငှက်တို့ ပျော်စံရာကျွန်းလို့ ပြောရမှာပဲ။

အခုတော့ သိန်းငှက်တို့တင် ပျော်စံရာကျွန်း မဟုတ်တော့ပါဘူး။
အဖြူကောင်တွေရော၊ အမဲကောင်တွေရော ပျော်နေတာ တွေ့ခဲ့ရပါတယ်။
တရုတ်တွေရော ကုလားတွေပါ ပျော်နေတာ တွေ့ခဲ့ရပါတယ်။
ဘုန်းကြီးဖြစ်တဲ့ ဒို့တတွေတောင် ပျော်ခဲ့ကြသေးတာပဲမို့လား။
သိန်းငှက်ရုပ်တုကြီးရှေ့မှာ ဓာတ်ပုံအသီးသီးရိုက်ပြီးတော့
ပီနန်းထွက်မဲ့သင်္ဘောဆီကို သွားခဲ့ကြပါတယ်။

သင်္ဘောက ၅နာရီခွဲတိတိမှာ ကမ်းက ခွါပါတယ်။
မျက်စိအမြင်မှာ လင်္ကာဝီကျွန်းဟာ တဖြေးဖြေး မှုန်ဝါးသွားပေမဲ့
ပင်လယ်ထဲ ဘုတ်စီးပြီး လည်ပတ်ခဲ့ရတာ၊
cable ကြိုးစီးပြီး တောင်ထိတ်တက်ခဲ့ရတာ၊
ငါးကင်စားခဲ့ရတာတွေဟာ
နှလုံးသားထဲမှာတော့ ပိုပြီးထင်ရှားလာသလိုပဲ။
မြန်မာစကားမှာ (မမေ့နိုင်ဘူး) ဆိုတာ
ဒီလို နှလုံးသားထဲမှာ စွဲထင်ရစ်တာကို ပြောတာနေမှာလို့လဲ
ဆက်စဉ်းစားမိလိုက်သေးတယ်။
သင်္ဘောပေါ်မှာ နာရီဝက်လောက်ကြာတော့ အပေါ်ထပ် (အမိုးပေါ်) တက်ပြီး
နေဝင်ခါနီး နေညိုချိန် ပင်လယ်ပြင်တိမ်တောက်နေတာတွေကို
နောက်တစ်ခါ မမြင်ရတော့မည့်အလား
အငန်းမရ အဝကြည့်ဖြစ်တယ်။


မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော့ ဘယ်မှ မသွားပဲ ဗောဓိညောင်ပင်နားမှာ
ခုနစ်ရက် ခုနစ်လီ (၇× ၇=) ၄၉ ရက်ကြာ နေခဲ့တယ်။
၄၉ ရက်ကို ပါဠိစာပေမှာတော့ သတ္တသတ္တာဟ လို့ခေါ်တယ်။
ဒီလိုနေရာမှာ ၇-ရက်ကို ပုံစံတစ်မျိုးစီနဲ့ နေတယ်လို့ဆိုပါတယ်။
၄၉-ရက်ကြာဆိုတော့ မြတ်စွာဘုရား ဗောဓိပင်နားမှာ ပုံစံ (၇) မျိုးနဲ့ နေခဲ့တာပေါ့။
ပုံစံ (၇) မျိုးထဲမှာ တစ်မျိုးက မျက်စိလုံးဝမမှိတ်ပဲ ကြည့်၍နေခြင်း
(မျက်တောင်မခတ်ပဲ ကြည့်၍ နေခြင်း) လို့ဆိုပါတယ်။

မြတ်စွာဘုရားက သူအမှီပြုပြီး တရားကျင့်ခဲ့တဲ့ ဗောဓိညောင်ပင်ကြီးကို
မမှိတ်သောကြည့်ခြင်း (မျက်တောင်မခတ်ပဲကြည့်ခြင်း) နဲ့
(၇) ရက်ကြာ ကြည့်ခဲ့တယ်တဲ့။
ဝမ်းသားလွန်းလို့နေမှာပေါ့။ ကျေးဇူးတင်လွန်းလို့နေမှာပေါ့။

ဒါ့ကြောင့် ကျေးဇူးသိတတ်တဲ့သူတွေထဲမှာ
မြတ်စွာဘုရားကို မှီတဲ့သူ မရှိဘူးလို့ ပြောလေ့ ဟောလေ့ရှိကြတယ်။
သက်ရှိကို မဆိုထားနဲ့၊ သက်မဲ့ဖြစ်တဲ့ ဗောဓိညောင်ပင်ကိုတောင်
ကျေးဇူးသိသိနဲ့ ကျေးဇူးတင်တတ်တဲ့ ဒို့မြတ်စွာဘုရားပါလားလို့ စဉ်းစားပြီး
ကိုယ်ကိုးကွယ်တဲ့ဘုရားကို အားရမိတယ်၊ အားကျမိတယ်။

ဒီနေရာမှာ ပြောချင်တာက ဝမ်းသာလွန်းတဲ့အခါမှာဖြစ်စေ၊
ပီတိဖြစ်လွန်းပြီး သဘောကျစရာတွေကို မြင်ရတဲ့အခါမှာ ဖြစ်စေ၊
မျက်တောင်ခတ်ဖို့ မေ့သွားတတ်တယ်။
(မြတ်စွာဘုရား မျက်တောင်ခတ်ဖို့ မေ့သွားတယ်လို့တော့ မပြောချင်ပါဘူး)
ဒါပေမဲ့
မြတ်စွာဘုရားလဲ သူရခဲ့တဲ့ သဗ္ဗညုတဉာဏ်စတဲ့ ဂုဏ်ထူးတွေကို ပြန်စဉ်းစား အမှတ်ရပြီး
ပီတိဖြစ်သဘောကျကာ မျက်စိတောင် မမှိတ်ဖြစ်အောင် ဖြစ်သွားပုံပေါက်ပါတယ်။
နေဝင်ခါနီး နေညိုချိန် ပင်လယ်ပြင်တိမ်တောက်နေတာတွေကို
သင်္ဘောပေါ်က ကြည့်လိုက်ရတဲ့ ရှုခင်းကလဲ
အတော်ပီတိဖြစ်စရာ ကောင်းတာပါကလား။
အတော်စွဲဆောင်မှု ရှိတာပါကလား။
ကြည့်နေရင်း
ကိုယ်လဲ မျက်တောင်ခတ်ဖို့ မေ့သွားတယ်။
မျက်တောင်မခတ်ပဲ ကြည့်နေမိတာ အချိန်အတော် ကြာသွားတယ်။

ည ၈နာရီခွဲလောက်မှာ ပီနန်း၊ ဆိပ်ကမ်းကို ရောက်တယ်။
ပီနန်းဆရာတော်ကြီးရဲ့ ကျောင်းဖြစ်တဲ့ ဓမ္မိကာရာမမြန်မာဘုန်းတော်ကြီးကျောင်းကို
ည ၉ နာရီလောက်ရောက်ပါတယ်။
ကျောင်းမှာနေနေတဲ့ ဦးဇင်းပညာစာရရဲ့စေတနာကြောင့်
အတော်ကြီးကို စိတ်ချမ်းချမ်းသာသာ တည်းခိုခဲ့ရပါတယ်။

ရောက်ပြီး နာရီဝက်လောက်ကြာတော့
အဲ့ကျောင်းမှာနေနေတဲ့ နောက်ဦးဇင်းတစ်ပါးဖြစ်တဲ့ ဦးဝိစိတ္တ ရောက်လာပါတယ်။
သူက ကထိန်ပင့်စာနဲ့ စာအုပ်ခလေးတစ်အုပ် လက်ဆောင်လာပေးတာ။
ကထိန်ပင့်စာထက် စာအုပ်ကို စိတ်ဝင်စားလို့ စာအုပ်ကို အရင်ကြည့်ဖြစ်တယ်။

စာအုပ်နာမည်က
The Ancient Buddhist Monuments In 22 Countries တဲ့။
စာအုပ်ထဲမှာ စာအုပ်နာမည်နဲ့အညီ
အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊
နီပေါ၊ ဘူတန်၊ တိဘက်၊ မြန်မာ စတဲ့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ (ထွန်းကားဆဲဖြစ်တဲ့)
နိုင်ငံပေါင်း ၂၂ နိုင်ငံက ထင်ရှားတဲ့ ရှေးဟောင်းဖြစ်တဲ့ သမိုင်းဝင်တဲ့
နေရာဒေသတွေကို ရုပ်ပုံပန်းချီကားချပ်တွေနဲ့ ဖော်ပြထားတာတွေ့ရတယ်။
ဒီနိုင်ငံပေါင်း ၂၂ နိုင်ငံက ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ သမိုင်းဝင်ရုပ်ပုံကားချပ်တွေကို
တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း ကြည့်လို့ရအောင်
လေ့လာလို့ရအောင် ဖူးမျှော်လို့ရအောင်ဆိုပြီး
ပီနန်းဆရာတော်ကြီးဦးဆောင်ကာ
ပီနန်း၊ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီးအတွင်းမှာ
Golden Pagoda Bell Tower ဆိုတဲ့အမည်နဲ့
အင်မတန်ခန်းနားထည်ဝါတဲ့ အဆောက်အဦကြီး တည်ဆောက်နေပါတယ်။
အမြင့် ၁၀၈ ပေရှိပြီး သုံးထပ်၊ ဘုံလေးဆင့်ရှိပါတယ်။
၉၀% ပြီးစီးနေပါပြီ။ ဖွင့်ပွဲကို မကြာခင်ပြုလုပ်တော့မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။

အဲ့ဒီအဆောက်အဦကြီးပြီးသွားရင်တော့
နိုင်ငံပေါင်း ၂၂ နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ အထင်ကရ သမိုင်းဝင်နေရာတွေကို
ပီနန်း၊ ဗုဒ္ဓဘာသာမြန်မာကျောင်းတော်ကြီးအတွင်း
တစ်နေရာထဲမှာ လေ့လာခွင့်ရရှိသွားမှာပါ။
ငွေလဲ အကုန်သက်သာ၊ အချိန်လဲ အကုန်သက်သာသွားပြီပေါ့။
ဒီအတွက် ပီနန်းဆရာတော်ကြီးနှင့်တကွ သူ့တပည့်ဦးဇင်းများ၊
သူ့ဒကာ၊ ဒကာမများကို ကျေးဇူးတင်ရမှာပါ။

www.dhammagarden.com

2 comments

  • kai

    December 11, 2010 at 8:44 am

    အဲဒီသိန်းငှက်ပုံက…အမေရိကလင်းယုန်နဲ့တောင်တူနေသေးတယ်..။
    နောက်ပြီး… ငါးကင်နေတဲ့နေရာက ..တော်တော်သန့်သန့်ပြန့်ပြန့်ရှိတယ်နော…ဖုရာ့..။

    • ashinindaka

      December 11, 2010 at 8:51 am

      အင်း။ ငါးကင်နေရာက လင်္ကာဝီကျွန်းတစ်နေရာက ရွာလို နေရာလေးမှာ။

Leave a Reply