လင်းရောင်စုံည – မုဒိတာလမင်း

kaiDecember 25, 20101min2184

နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ မြို့လေးကနေ ထွက်ခွါသွားဖို့ သေချာနေခဲ့တဲ့ ကိုယ့်အဖို့ ဒီနှစ်မြင်ရတဲ့ ဒီမြို့လေးရဲ့ခရစ်စမတ်ကြိုည မီးရောင်စုံလေးများဟာ နှုတ်ဆက်ခြင်းသင်္ကေတ ပုံရိပ်တွေအလားပါ။ နောင်နှစ်တွေမှာဆိုလျင်ဖြင့် အခြားတနေရာက ခရစ်စမတ်ကြိုညများရဲ့ ရောင်စုံမီးအလှကို တွေ့ကောင်းက တွေ့နိုင်မယ်ဖြစ်ပေမယ့်ဒီမြို့လေးက မီးရောင်လှလှတွေကိုတော့ မြင်ရတော့မယ် မဟုတ်ပေဘူးပေါ့။

ရွေ့လျောမျောလွင့်မှုသဘောရှိတဲ့ ဘဝတစ်ခုရဲ့ဖြစ်စဉ်မှာ ခုလိုပဲ ဆုံတွေ့ခြင်းကနေ ခွဲခွါရ၊ ကွဲကွာရာကနေ ဆုံတွေ့ရတာမျိုးက မဆန်းပြားတဲ့ အရာပဲလေ။ ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ နိယာမတစ်ခုရဲ့ အစိတ်အပိုင်းပဲ မဟုတ်လား။ တွေ့ကြုံဆုံကွဲ၊ ဖြစ်မြဲနိယာမ ဓမ္မသဘာဝမှာ ဘယ်အရာကိုများ ထာဝရတစ်ခုအဖြစ် စွဲယူသိမ်းပိုက်ထားဖို့သင့်ပါမတဲ့လဲ။

နံနက်ခင်းများမှာ အနီးဝန်းကျင်က ရပ်ကွက်စုံအတွင်း မကြာမကြာ လမ်းလျှောက်ဖြစ်ပေမယ့် ညချမ်းအချိန်များမှာတော့ ရပ်ကွက်အတွင်း လမ်းလျှောက်လေ့ မရှိတတ်ပါဘူး။ နေထိုင်ခဲ့တဲ့ နှစ်များစွာအတွင်း အခြားရာသီတွေရဲ့ ညဦးအချိန်မျိုးမှာ လမ်းလျှောက်ထွက်တတ်တဲ့အလေ့ မရှိပေမယ့် ခုလိုဆောင်းဦးလများရဲ့ ခရစ်စမတ်အကြိုညများမှာတော့ အမှတ်တရ လမ်းလျှောက်ဖြစ်တတ်ပါတယ်။ ညဦး လမ်းလျှောက်ဖြစ်ခဲ့တဲ့အကြောင်းထဲမှာ ဖြူစိမ်း နီ ညို ပြာ ဝါ ရောင်စုံမီးလှလှလေးတွေဟာ အဓိကနေရာက ပါဝင်နေခဲ့တယ် ဆိုတာကို သေသေချာချာပြောနိုင်ပါတယ်။

အောက်တိုဘာ လကုန်ပိုင်းရဲ့ ဟောလဝင်းပွဲတော်မတိုင်မီကစလို့ဟောလီဒေးရာသီရဲ့သင်္ကေတအဖြစ် ကိုယ်နေထိုင်ရာမြို့လေးရဲ့ ရပ်ကွက် အတော်များများမှာ ရောင်စုံမီးတွေနဲ့ အလှဆင်သတတ်ကြပါတယ်။ မီးရောင်စုံတွေက အဆောက်အဦးမျိုးစုံနဲ့ သစ်ပင်မျိုးစုံပုံ။ သားကောင်မျိုးစုံ၊ ငှက်မျိုးစုံပုံ၊ ပန်းပွင့်ပန်းဆိုင်ပုံ၊ အစုံစုံမို့ လှလှပပ မြိုင်မြိုဆိုင်ဆိုင်။ ဒါဟာ မြို့လေးရဲ့ သီးသန့်ယဉ်ကျေးမှုလေလား၊ အနောက်တိုင်းရဲ့ ယဉ်ကျေးမှုလေလားတော့ ကွဲကွဲပြားပြား မသိပါဘူး။ အနောက်ကမ္ဘာရဲ့ အခြားမြို့ရွာများဆီမှာရော ကိုယ်နေထိုင်တဲ့ မြို့လေးမှာလိုပဲရောင်စုံမီးလှလှလေးတွေ ထွန်းညှိတတ်ကြလို့ ကိုယ်နေထိုင်တဲ့မြို့လေးလိုပဲ သိပ်လှနေမလား။ ဒီအတွက် သေသေချာချာ မပြောနိုင်ပေမယ့် ကိုယ်နေထိုင်ရာမြို့လေးရဲ့ ညဦးယာမ်အချိန်များထဲမှာတော့ ခုလိုခရစ်စမတ်ကြိုညဦးအချိန်များဟာ အလှပဆုံး ဖြစ်တာကတော့ သိပ်ပြီးသေချာလွန်းပါတယ်။ စိမ့်စိမ့်လေး အေးနေတဲ့ ညဦးယာမ်များရဲ့ မြင်မြင်ရာ အရပ်တိုင်းမှာ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ မီးရောင်စုံလေးတွေနဲ့ ဖွဲ့ယှက်ထားတဲ့ မြို့လေးရဲ့ ပသာဒကတော့ အမှတ်မပြုမိပဲ မနေဖြစ်လောက်အောင်ကိုပဲ လှနိုင်လွန်းပါတယ်။

ခရစ်စမတ်ရက်နီးလာလေလေ။ ရောင်စုံမီးရောင်များရဲ့အလှကလည်းပိုမိုစုံညီလာလေဖြစ်တတ်တာကို သတိထားမိပါတယ်။ ခရစ်ယန်ဘာသာဝင် မဟုတ်ကြတဲ့ အိမ်များဆီကတောင်မှပဲ ခရစ်စမတ်မီးရောင်စုံလေးတွေပေါ်ထွက်လာတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က အိမ်တွေမှာ ရောင်စုံမီးတွေနဲ့ ထိန်ညီးနေတော့လည်းဘာသာရေးသင်္ကေတအနေနဲ့ မဟုတ်တောင် ရပ်ကွက်လေးရဲ့ ညအလှကိုဆင်ရာမှာ ပါဝင်တဲ့အနေနဲ့ မီးရောင်စုံလှလှလေးတွေကိုတော့ နှစ်စဉ်မပျက်ပဲ ကြည်နူးစွာထွန်းဖြစ်ပါတယ်ရယ်လို့ ပြုံးရွှင်စွာပြောပြတဲ့ အမေရိကန်အဖွားအို တစ်ဦးရဲ့စကားက ဘာကြောင့်ခုလို ရောင်စုံမီးတွေ ဒီလောက်လှနိုင်လွန်းနေရတာလဲဆိုတာကို ပိုမိုနားလည်စေခဲ့ပါတယ်။ ဒါပေါ့လေ။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ အလှဆိုတာလည်း အခြားသူတွေကိုပါကူးလူးယှက်နွယ်စေတတ်တဲ့သဘော ရှိတတ်တာမျိုးပဲ မဟုတ်ပါလား။ ပတ်ဝန်းကျင်တစ်ခု လှပလာစေဖို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါကြောင်းဆိုတာကို အမှတ်ထားမိစေပါတယ်။ ကိုယ်ကတော့ မိခင်ကမ္ဘာကို အလှဆင်တဲ့ ဘယ်သူ့ကိုမဆို ကျေးဇူးတင်တာမို့ သူ့ကိုလည်း ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူစကား လှိုက်လှဲစွာပဲ ပြောကြားပေးခဲ့ပါတယ်။

အိမ်ပုပုလေးတွေရဲ့ အိမ်ရှေ့ အမိုးတံစက်မြိတ်တွေမှာ။ စည်းရိုးနိမ့်နိမ့်ေလေးတွေနဲ့သစ်ပင်ပုပုလေးတွေမှာ၊ တွဲလဲခိုနေတဲ့ ခရစ်စမတ်ရောင်စုံမီးလုံးလေးတွေ။ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာတော့ သမင်လေးတွေပျော်မြူးနေဟန်။ စနိုးလူသားတွေရဲ့ အပြုံးနဲ့ မုတ်ဆိတ်ဖြူဖြူ အဖိုးအို စန်တာကလော့ရဲ့ အပြုံးတောက်တောက်က လမ်းလျှောက်နေတဲ့ ကိုယ့်ခြေလှန်းတွေကို တုန့်ရပ်သွားစေလောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ကိုယ်နေထိုင်ရာဝန်းကျင်မှာ အအေး မကဲတာကြောင့် ငွေရောင်စနိုးပွင့်တို့ မကြွေ မဝေတတ်လို့ တခုခုလိုနေသလို ခံစားမိပေမယ့် ဆောင်းဦးညရဲ့ ရွှန်းလဲ့မြ ငြိမ်းချမ်းခြင်းအလှကိုတော့ ပြည့်ပြည့်ဝဝ ခံစားလို့ ရနိုင်ပါတယ်။ ဆောင်းယွန်းလေပြေလေး အဝှေ့မှာ သိမ်းသိမ့်လေး အေးသွားတတ်တာကလည်း ဒီဇင်ဘာညချမ်းကို အလှပိုစေသလိုဖြစ်စေပြန်ပါတယ်။ လက်ချင်းယှက် လမ်းလျှောက်နေသူအချို့အတွက် လည်ပင်းဖက် ဖြစ်ရစေဖို့ လေအေးအေးလေးက တွန်းအားပေးခဲ့သလိုပါပဲ။ ချစ်သူတွေ ပျော်ပါစေပေါ့။

အခြားအချိန်တွေမှာ မြို့ငယ်လေးရဲ့ လမ်းများပေါ်မှာ လူသွားလူလာ မရှိသလောက်ဖြစ်ပေမယ့် ခုလိုမီးရောင်စုံတဲ့ဒီဇင်ဘာ ညချမ်းများမှာတော့ လူတော်တော်များများ လမ်းပေါ်ထွက်လာတတ်တာကိုလည်း သတိပြုမိပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကိုယ်စီနဲ့ မိသားစုတွေ အုပ်စုလိုက်လမ်းပေါ်ထွက်လာတတ်ကြပါတယ်။ သူတို့လဲကိုယ့်လိုပဲ ရောင်စုံမီးလှလှလေးတွေကို လှည့်လည်ကြည့်ရှုဖို့ ထွက်လာကြတာဖြစ်မယ်ထင်ပါတယ်။ လူကြီးတွေထက် ကလေးငယ်တွေက ပိုမိုစိတ်အားထက်သန်စွာ လမ်းပေါ်ထွက်လာတတ်တာကိုက မီးရောင်စုံလေးများရဲ့ထူးခြားစွာ ဆွဲဆောင်လေတဲ့ အနုပညာမှော်တစ်ခုသာပေါ့။

ဒီဇင်ဘာညချမ်းရဲ့ မီးရောင်စုံလှလှလေးတွေက စိတ်ကူးမျိုးစုံကိုလည်း မွေးဖွားခဲ့ပါတယ်။မြင်နေရတဲ့ မီးရောင်စုံလှလှလေးတွေဟာ ခရစ်စမတ်လွန်ညများမှာ အတန်ငယ် လျော့လာရကာနေ နှစ်ကူးပြီးလို့ နှစ်ဦးထဲ ရောက်လာပြီဆိုလျင်တော့ လုံးဝတွေ့နိုင်တော့မယ် မဟုတ်ပေဘူး။ လမ်းတလျှောက်၊ ခြံတသွယ်၊ အိမ်ရှေ့ဝဲယာ၊ အလှစုံဖြာခဲ့တဲ့ မီးလေးတွေမင့် ကွယ်ပျောက်ချိန်ရောက်လျင်ဖြင့် ပျောက်တတ်စမြဲ။ ထာဝရတည်တန့်နေစေလိုပေမယ့်လည်း အချိန်တန်တော့ သူတို့တွေလည်း နှုတ်ဆက်ထွက်ခွါကြရတာပဲပေါ့လေ။ တကယ်လို့ သူတို့တွေ အမြဲတစေ လင်းလက်နေရင်လဲ ကိုယ်အပါအဝင် ခုလမ်းပေါ်မှာတွေ့မြင်နေရသူတွေက ရောင်စုံမီးလေးတွေအလှကိုတခုတ်တရ ခုလိုလာပြီးကြည့်ချင်မှလည်း ကြည့်ဖြစ်ကြမှာ။ လှပတဲ့အရာလေးတွေမှန်သမျှ ကန့်သတ်မှုအချိန်အောက်မှာ ရှိနေတတ်တာဟာ လောကရဲ့ သဘာဝဖြစ်စဉ်တစ်ခုများလားလို့ ဆင်ခြင်မိရပါတယ်။

ဒီလိုလှပတဲ့ ရောင်စုံမီးလှလှလေးတွေ တဖန်မြင်ရဖို့ တစ်နှစ်တာမျှ စောင့်ရပေဦးတော့မယ်။ တကယ်တမ်းဆိုလျင်ဖြင့် ဒီတစ်နှစ်တာကာလဆိုတာက အရာရာကို ပြောင်းလဲစေနိုင်ဖို့ လုံလောက်တဲ့ အချိန်ပမာဏပဲလေ။

ကိုယ်က စောင့်နိုင်တယ်ပဲထားပါဦး။ ဒီရောင်စုံမီးလေးတွေကို ထွန်းညှိမည့်သူများကအကြောင်းတစ်ခုခုကြောင့်ထွန်းညှိဖို့ အခွင့်မသာ ဖြစ်ပါပြီတဲ့။ ဒါမှမဟုတ်လို့ ထွန်းညှိမည့်သူများက ထွန်းညှိနိုင်တယ်ဆိုစေဦး။ ကိုယ်ကကြည့်ရှုဖို့ အခွင့်မသာ ဖြစ်ပါပြီတဲ့။ နှစ်ဦးနှစ်ဖက်က အဆင်သင့်ဖြစ်ခဲ့ကြလျင်တောင် အခြားသောအကြောင်းကြောင်းကြောင့် မီးရောင်မီးလှလှလေးတွေ နောင်နှစ်ဒီအချိန် ဒီနေရာမှာမြင်ရဖို့က မသေချာနိုင်တဲ့အရာပဲလေ။

တကယ်တော့လည်း ရောင်စုံမီးလုံးလေးတွေ ခုလိုလှပစွာလင်းလက်နေစေဖို့ကို လူတွေပဲ ဖန်ဆင်းထားခဲ့တာမဟုတ်လား။ လူတွေဖန်ဆင်းထားလို့ လှပခဲ့တဲ့မီးရောင်စုံတွေ အချိန်တန်လို့ လူတွေက ပြန်လည်ရုပ်သိမ်းသွားတဲ့အခါ ဘာအတွက်ကြောင့် နှမြောတမ်းတနေဖို့ လိုပါဦးမလဲ။ အစက မရှိခဲ့တဲ့အရာကို ရှိလာအောင် တမင်ဖန်တီးပြီး နှစ်သက်စွဲလမ်းစရာ တစ်ခုဖြစ်လာအောင် ဖန်တီးထားခြင်းမှာ ထာဝရဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

တဒင်္ဂ တခဏအတွက် ဖန်တီးထားတဲ့အရာတွေကို ထာဝရတည်တန့်ကောင်းစေရယ်လို့ မျှော်လင်ခဲ့တာကိုကသဘာဝမကျတဲ့ တမ်းတခြင်းတမျိုးပဲလေ။ သဘာဝအကြောင်းတရားတွေ အကြောင်းအပေါင်းသင့်လို့ လူသားတစ်ဦးအနေဖြစ်လာရတဲ့ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ ထာဝရတည်တန့်စေချင်တဲ့စိတ်ထားက အနည်းငယ်ပါးလျသွားတယ်လို့ ခံစားမိတယ်။ မီးရောင်စုံညမှာ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိလို့ အမှတ်မထင် တွေ့လိုက်ရတဲ့အလင်းစက ခရစ်မတ်မီးရောင်စုံများထက် အဆရာထောင်သာလွန်လှပပါတယ်။

အမှန်မတော့ ဘဝခရီးလမ်းမှာ လျှောက်လှန်းသွားလာနေခြင်းဆိုတာကိုက သေချာမှုကင်းကင်းနဲ့ လျှောက်လှန်းနေရခြင်းမျိုးပဲလေ။ ကြံရွယ်မှုတွေနဲ့ မကြံရွယ်မှုတွေဆိုတာ မျှော်မှန်းခြင်းနဲ့ အပြန်ဖြစ်လာတတ်တဲ့အခါလည်း ရှိနိုင်တာပဲဟာ။ အရေးကြီးတာက အပြန်ဖြစ်တတ်တဲ့သဘောမျိုးကို နားလည်လက်ခံတတ်ဖို့သာ လိုတာပါ။ သို့ပေမယ့်လည်း သွားရာခရီးမှာ အားကူပေးတဲ့ ခွန်အားတွေရှိနေစေဖို့အတွက်တော့ စနစ်တကျ စီမံထားတဲ့

ဦးတည်မှုမျိုးတော့ ကြိုတင်ထားရှိဖို့ လိုပေလိမ့်မယ်။ ခရစ်စမတ်အကြိုညရဲ့ မီးရောင်စုံလဲ့လဲ့ကြားမှာ ရောင်စုံပြွမ်းနေတဲ့ ခရီးတစ်ခုရဲ့ အစကို မြင်လိုက်ရသလို ထင်မိတယ်။ နှုတ်ဆက်ပါတယ်၊ ခင်မင်ရတဲ့ မြို့လေးရဲ့ မီးရောင်စုံညများတို့ရယ်။ ။

မုဒိတာလမင်း

Note: email ဖြင့်ပေးပို ့လာသည်ကို တဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။

4 comments

  • manawphyulay

    December 27, 2010 at 3:45 am

    ဘဝခရီးလမ်းမှာ လျှောက်လှန်းသွားလာနေခြင်းဆိုတာကိုက သေချာမှုကင်းကင်းနဲ့ လျှောက်လှန်းနေရခြင်းမျိုးပဲလေ။အရေးကြီးတာက အပြန်ဖြစ်တတ်တဲ့သဘောမျိုးကို နားလည်လက်ခံတတ်ဖို့သာ လိုတာပါ။ Right!

  • etone

    December 27, 2010 at 4:22 am

    သူများပို့မယ်ဆိုတုန်းကဖြင့် ဘာမှလည်း မပြောဘူး ဟွန်း 😛

  • kai

    December 27, 2010 at 11:06 am

    အခု စာကိုပို့လာတဲ့ ကလောင်ရှင်က .. ဦးဇင်းတပါးပါ..။

  • etone

    December 28, 2010 at 8:09 am

    မုဒိတာလမင်းဆိုလို့ မိန်းကလေးမှတ်လို့ ။

Leave a Reply